ထူးထူး (တောင်ငူ) - နယူးဇီလန်ဆေးရုံ (သို့မဟုတ်) …..


ထူးထူး (တောင်ငူ) - နယူးဇီလန်ဆေးရုံ (သို့မဟုတ်) …..
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄
 
 

အခန်း (၁)
ဘယ်ဘ၀ကရှေးရေစက်တွေရှိခဲ့၊ ပြုခဲ့ဘူးလဲတော့မသိ- မြန်မာပြည်မြေပြန့်တနေရာကသာလှနဲ့ရွှေမိ၊ ရွာလည်ရင်းကမ္ဘာ့တောင်ဝင်ရိုးစွန်းနားကနယူးဇီလန်ဆိုတဲ့နိုင်ငံလေးကိုဘေးမသီရန်မခဘဲရွှေ့ပြောင်း အခြေချနေထိုင်ခဲ့ကြပါတယ်။ ရွှေမိကတော့ရောက်ပြီးမကြာခင်ဘဲအလုပ်ရခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ပျော်နေတဲ့ရွှေမိတယောက် (၂) နှစ်လောက်လုပ်ငန်းခွင်ထဲဝင်ပြီး၊ အားလုံးအစစအရာရာ အဆင်ပြေ ချောမွေ့နေကာမှ သာလှနဲ့ရွှေမိတို့ဘ၀ထဲကိုသမီးလေးတယောက် ရောက်လာခဲ့ပါတယ်။

သမီးကိုယ်ဝန်လရင့်လာတာနဲ့အမျှ ရွှေမိလည်းအလုပ်ကနေအနားယူပြီး၊ အိမ်မှာပဲနားနေရင်း အိမ်တွင်း ပုန်း လုပ်နေခဲ့ပါတယ်။ ကိုယ်ဝန် (၆) လမှာ ရွှေမိတယောက် ဆီးချို၊ သွေးချိုတွေတတ်နေလို့ သားဖွား-ဆရာမက ဆေးရုံကိုလွှဲပါတော့တယ်။ ဆေးရုံကိုသွားရမယ်ဆိုတော့ တောသူတောင်သားတွေဖြစ်တဲ့ သာလှနဲ့ရွှေမိ ခဗျာ ကြောက်လန့်ပြီး စိတ်ပူပင်၊ ဖိစီးမှုအချို့မဖိတ်ခေါ်ဘဲ သူ့အလိုလို ရောက်လာခဲ့ပါ တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ သာလှ ကတော့ဖြစ်ချင်တာဖြစ်ကွာ၊သန်းခေါင်ထက်တော့၊ ညဥ့်မနက် တော့ပါဘူး။ တို့တွေ ဆွေမရှိ၊ မျိုးမရှိနဲ့ဒီအရပ်ကိုရောက်အောင်တောင်လာခဲ့ပြီးမှတော့၊ ဘာမှပို မထူး ခြား တော့ပါ ဘူးလို့ အားတင်းရင်း၊ ၀ိုက်ကာတိုဆေးရုံကိုချီတတ်ခဲ့ကြပါတယ်။
+++++

အခန်း (၂)
တခါတလေတော့လည်းလောကကြီးက ဆန်းသလိုပါပဲ။ အခုလည်းကြည့်လေ၊ ဆေးရုံလူနာတွေထဲမှာ အာရှက လာတာဆိုလို့ သာလှနဲ့ရွှေမိပဲရှိတယ်။ ကျန်တဲ့လူနာတွေကတောဒေသခံလူမျိုးတွေပါ။ ကိုယ် တွေအလှည့်မရောက်ခင်လေးမှာ သူနာပြုဆရာမလေးတယောက်ရဲ့ကျေးဇူးကြောင့်သိလိုက် ရတာက၊ အခုသာလှတို့ရောက်နေတဲ့ဆီးချို၊ သွေးချို ဋ္ဌာန မှာ သာလှနဲ့ရွှေမိအပြင်နောက်ထပ်မြန်မာနိုင်ငံသား တယောက်ရှိနေသေးတယ်ဆိုတာပါပဲ။ အဲ့ဒါကတော့ဆီးချို၊ သွေးချိုဋ္ဌာနက ဆရာဝန်ကြီး ဒေါက်တာ မြတ်မိုးအေးပါ။

မမျှော်လင့်ဘဲရုတ်တရက်မြန်မာဆရာဝန်ကြီးကိုတွေ့လိုက်ရတော့ရင်ထဲမှာဖော်မပြနိုင်အောင် အားတွေ တတ်ခဲ့ရပါတယ်။ ဆရာဝန်ကြီးရဲ့မေတ္တာ၊ စေတနာ၊ ဂရုဏာအပြည့်ဖြင့်ရှင်းပြမှု၊ တိုင်ပင် ဆွေးနွေးမှု တွေကြောင့် အားငယ်စိတ်တွေ ကြက်ပျောက်၊ငှက်ပျောက်အကုန်ပျောက်ပြီး၊ အဲ့ဒီ့စိတ်တွေ အစား၊ ယုံကြည်မှုနဲ့စိတ်ဓာတ်ခွန်အားတွေဖြစ်ထွန်းခဲ့ပါတယ်။

ဆီးချို၊ သွေးချိုဖြစ်တာက ရွှေမိ၊ ဒါပေမယ့်ခေါင်ထိအကုန် ဆိုသလို သာလှ ပါမနေရဘူး။ ဟိုသင်တန်း ပြေးတတ်ရ၊ ဒီဆွေးနွေးပွဲတတ်ရ၊ ဒီစာ-ဟိုစာတွေဖတ်ရနဲ့။ သာလှနဲ့ရွှေမိ ဖြည့်လိုက်ရတဲ့ စာရွက် ပုံစံ တွေ။ နေ့တိုင်းကိုယ်တွေဘာစားလဲ၊ ဘယ်လောက်များများစားသလဲ၊ ဘယ်လိုချက်သလဲ၊ တနေ့ဘယ်နှကြိမ်စားသလဲ။ အကုန်ဆေးရုံကပေးတဲ့မှတ်စုစာအုပ်ထဲမှာရေးမှတ်ရတယ်။ ပြီးတော့အဲ့ဒီ့ အစားအသောက်မှတ်တမ်းကို ဆေးရုံကိုတပတ်တခါအီးမေးလ်ပို့ရတယ်။  ဆေးရုံက သူနာပြုဆရာမ တွေ၊ ဆရာဝန်တွေကအပတ်တိုင်း တိုးတတ်မှုရှိမရှိအချိန်ပြည့်စစ်တယ်။ ရွှေမိ ဆီတပတ် (၂) ခါ ဖုန်းဆက်ပြီး၊ အလစ်အငိုက်လဲမေးတယ်။ အဲ့လိုကြပ်မတ်လိုက်တဲ့ကျေးဇူး ကြောင့်၊ ရွှေမိ လည်းအစား မသောင်းကျန်းရဲတော့ဘူး။
+++++

အခန်း (၃)
မွေးဖို့ (၁) လအလိုမှာဆေးရုံကခေါ်စာရောက်လာလို့၊ စာရွက်မှာပါတဲ့အချိန်အတိုင်းသွားတော့ မွေးဆောင်ကဆရာဝန်ကြီးနဲ့တွေ့ရတယ်။ ဆရာဝန်ကြီးကသိသင့်သိထိုက်တာတွေကိုသေသေချာချာ ရှင်းပြပါတယ်။ သူရှင်းပြတာတွေကိုတကယ်နားလည်မလည်သိချင်လို့ သာလှနဲ့ရွှေမိကို စကား ပြော ရင်း မေးခွန်းလေးတွေကြားညှပ်ပြီးပြောလိုက်၊ မေးလိုက်လုပ်ပါတယ်။ နောက်တော့၊ သူရှင်းပြစရာ၊ ပြောပြစရာတွေကုန်ပြီမို့၊ သာလှနဲ့ရွှေမိသိချင်တာရှိရင်အကုန်မေးပါ။ သူပြော ပြပါ့မယ်တဲ့။

ရွှေမိကတော့ သူသိချင်နေတာတွေကို အကုန်အစင်မေးမြန်းပြီး နောက် ရှင်းရှင်းလင်းလင်း သိရလို့ ၀မ်းသာနေပါတယ်။ သူသိချင်နေတာတွေက၊ သူ့ဗိုက်ထဲက မမြင်ရသေးတဲ့ သမီးရဲ့ကျန်းမာရေးပေါ့။ သူကအိမ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့သက်ဆိုင်တဲ့စာပေတွေ၊ ဆောင်းပါးတွေကိုလေ့လာပြီး၊ အဲ့ထဲက မရှင်းလင်းတာ၊ သူသိချင်တာမှန်သမျှကိုခရေစေ့တွင်းကျမေးပါတော့တယ်။ ဖြေတဲ့ ဆရာဝန်ကြီးကလည်း မငြီးမညူ မေးခွန်းအားလုံးကိုဖြေတဲ့အပြင်၊ မေးခွန်းတခါမေးလိုက်တိုင်း- သူ့ပါးစပ်က အို သိပ်ကောင်းတဲ့မေးခွန်းပဲ၊ မင်းသိသင့်တာပေါ့။ ဟာ ဒါက သိပ်ကိုအဖိုးတန်တဲ့ မေးခွန်းပဲ ဆိုတာချည်းပါပဲ။ ဘေးက သာလှ တယောက်စိတ်တွေပူလို့၊ ထိုင်လို့တောင်မရတော့ဘူး။ ဟုတ်တယ်လေ- ဘယ်အချိန်များ၊ ဆရာဝန်ကြီးက ရွှေမိ ကိုဟောက်လိုက်မလဲပေါ့။ သေချာတယ် မြန်မာပြည်မှာ သားဖွားဆောင်ကဆရာဝန်ကြီးတွေကိုအဲ့လိုမျိုးမေးခွန်းတွေသွားမေးလို့ကတော့ ရွှေမိ တယောက် အဆူ၊ အဟောက်ခံရတော့မှာ မြေကြီးလက်ခတ်မလွှဲပါ။

ဆရာဝန်ကြီးကနောက်ဆုံးအနေနဲ့အကြံပေးတာကတော့ဆေးရုံကို မွေးရက်မစေ့ခင် (၂) ပတ်ကြိုတတ် ဖို့။ နောက်ဘယ်လိုမွေးချင်သလဲပေါ့။ ရွှေမိက ရိုးရိုးပဲအရင်မွေးကြည့်မယ်၊ မရမှခွဲမွေးမယ်ဆိုတော့၊ ဆရာဝန်ကြီးကချက်ချင်းပဲ သဘောတူပြီး၊ ဘယ်နေ့ဆေးရုံစတတ်ချင်ပါသလဲတဲ့။

ဘုရားရေ- သာလှတယောက်ကိုယ့်နားတောင်ကိုယ်မယုံချင်ဘူးဖြစ်သွားလို့၊ သေချာအောင် ပြန်မေး လိုက်ရတယ်။ ကိုယ်ဟာကိုရက်ရွေးလို့ရလားဆိုတော့၊ ဆရာဝန်ကြီးက ရပါတယ်၊ ပြောသာပြောပါ။ မင်းတို့ပြောတဲ့ရက်ကို ငါတို့အဆင်ပြေရင်ပြီးတာပါပဲတဲ့ဗျာ။
+++++

အခန်း (၄)
ဆေးရုံတတ်မယ့်နေ့မှာ၊ နံနက်စောစောလင်မယားနှစ်ယောက်အထုပ်တွေအပိုးတွေနဲ့တပ်ချီသွား တာပေါ့။ ရွှေမိ ဆို ပီအာစာရွက်တွေ၊ အိမ်လိပ်စာ၊ အခွန်နံပါတ်၊ ကွန်မြူနတီကဒ်၊ ရှိသမျှအထောက် အထားတွေယူသွားတာ သူ့ဘေးလွယ်အိတ်ထဲမှာအပြည့်ပဲ။ ဆေးရုံရောက်တော့ အဲ့စာရွက်စာတမ်း တွေဘာတခုမှ မတောင်းဘူး။ နာမည်၊ မွေးသက္ကရာဇ်၊ လိပ်စာနဲ့ ဖုန်းနံပါတ်ပဲမေးတယ်။

တအောင့်နေတော့ ဆရာမနှစ်ယောက်လာခေါ်တယ်။ သူတို့နဲ့လိုက်သွားရတာပေါ့။ ရွှေမိရဲ့အထုပ်တွေ ကိုဆရာမတယောက်ကတွန်းလှည်းပေါ်တင်ပြီးတွန်းတယ်။ နောက်တယောက်ကရှေ့ကနေလမ်းပြ တယ်။ အခန်းတခုကနေတခုကိုဖြတ်သွားရင်၊ လမ်းမှာရှိတဲ့တံခါးတွေကိုအသင့်ဖွင့်ပေးထားတယ်။ ရွှေမိ တယောက် သာလှ ကိုလှည့်ကြည့်ရင်းပြောလိုက်တာက၊ တို့တော့ဗိုလ်ချုပ်တွေကျနေတာပဲ။

အခန်းထဲရောက်တော့ ကလေးနှလုံးခုန်နှုန်းကိုစမ်းတဲ့စက်ကလေးကိုရွှေမိဗိုက်ပေါ်မှာလာတပ်ပေးပါ တယ်။ စစ်ဆေးစရာရှိတာတွေအကုန်စစ်ဆေးပြီးတဲ့နောက်၊ ရွှေမိလက်ခုံမှာအပ်တပ်ပါတော့တယ်။ လိုအပ်ရင် အကြောဆေးသွင်းဖို့နဲ့တူပါတယ်။ အား လို့ ရွှေမိက အော်လိုက်တဲ့အတွက်၊ အပ်ထိုးနေတဲ့ဆရာမက ပျာပျာသလဲ၊ Sorry dear, I’m so sorry ဆိုပြီး တောင်ပန်းတာဗျာ။ သာလှ တယောက်တော်တော်လည်းအံ့သြမိသလို၊ ပါးစပ်ကလည်း အလိုလိုထွက်သွားတာက၊ ရွှေမိ မင်းငြိမ်ငြိမ်နေ တော်ရုံတန်ရုံသည်းခံ၊ အခုမင်းကြောင့် သူတော်တော် တောင်းပန်နေရပြီ ဆိုပြီး ကိုယ့်မိန်းမကိုဆုံးမနေရသေးတယ်။ ဟုတ်တယ်လေ- မြန်မာပြည်မှာသာဆို၊ ရွှေမိတယောက် ကောင်းကောင်းအတုပ်ခံနေရလောက်ပြီ မဟုတ်လား။
+++++

အခန်း(၅)

နာရီဝက်လောက်ကြာတော့၊ ဆရာဝန်ကြီးတယောက်ရောက်လာပြီး၊ လူနာရှင်ဖြစ်တဲ့ သာလှကို သေသေချာချာရှင်းပြပါတော့တယ်။ အခုသူတို့ဘာလုပ်နေတယ်၊ နောက်ဒီအဆင့်တွေပြီးရင်၊ ဘာဆက်လုပ်မယ်။ တကယ်လို့ရွှေမိအခြေအနေက ရိုးရိုးမွေးဖို့မဖြစ်နိုင်ဘူးဆိုရင်၊ လိုအပ်တဲ့ အတွက် အရေးပေါ်ခွဲစိတ်မှုလုပ်မယ်ဆိုတဲ့အကြောင်းတွေပေါ့…..

လိုအပ်တဲ့ဆေးသွင်း၊ ဆေးထိုးမှုတွေလုပ်အပြီး (၂၄) နာရီစောင့်ကြည့်ပါတယ်။ နောက်တနေ့မှာသူတို့ မျှော်လင့်ထားသလိုဖြစ်လာတဲ့အတွက်၊ ကလေးနှလုံးခုန်နှုန်းစမ်းတဲ့စက်ကိုရွှေမိဗိုက်မှာအချိန်ပြည့် တပ်ထားပေးပြီး၊ ဗိုက်အနာကိုစောင့်ပါတယ်။ သွင်းထားတဲ့ဆေးတွေအရှိန်နဲ့ဗိုက်နာလာတော့ ရေမွှာကို ဖောက်ချလိုက်ပါတော့တယ်။ ရေမွှာဖောက်ချပြီး၊ နံနက် (၃) နာရီခွဲ မှာဆေးရုံကနေ သာလှ ဆီဖုန်း ဆက် လာပါတယ်။ သာလှဆေးရုံကိုသွားရာ လမ်းမှာရင်တထိတ်ထိတ်နဲ့၊ အချိန်မဟုတ်အခါမဟုတ်၊ ဘယ်လိုများဆေးရုံစောင့်ကိုပြောရပါ့ မလဲပေါ့၊ လက်ဖက်ရည်ဖိုးပဲပေးရမလားပေါ့လေ …..

ဆေးရုံရောက်တော့၊ ဆေးရုံစောင့်လည်းမတွေ့ရဘူး။ တံခါးတွေလည်းအကုန်ပိတ်ထားတော့၊ တံခါးပေါ်က ခလုတ်လေးကိုနှိပ်လိုက်တာ၊ ဟိုဘက်ကပြန်မေးတယ်- ဘာကူညီရမလဲတဲ့။ အဲ့ဒါနဲ့ သာလှက- ငါ့အမျိုးသမီးရွှေမိ ဗိုက်နာနေကြောင်းဖုန်းဆက်လို့လာတာဆိုတော့၊ ချက်ချင်း အဲ့တံခါး ကြီးကပွင့်သွားတယ်ဗျာ။ သာလှက လက်ထဲမှာ ပိုက်ဆံလေးတောင်လိပ်ပြီးကျစ်ထားပြီးပြီ။ ဟုတ်တယ်လေ ဆေးရုံစောင့်ကို လက်ဖက်ရည်ဖိုးပေးဖို့ …..
+++++

အခန်း(၆)
ရွှေမိကိုတွေ့တော့ မွေးခန်းထဲမှာလှည်းနေတယ်။ သာလှလည်းရွှေမိကိုနှုတ်ဆက်ပြီး၊ ကုတင်ဘေးက ခုံလေးပေါ်မှာထိုင်ရင်း ဟိုကြည့်သည်ကြည့်ပေါ့။ အခန်းစောင့်ဆရာမက အပူပေးထားတဲ့စောင် (၂) ထည်လာပေးတယ်။ တခုကရွှေမိအတွက်၊ တခုက သာလှခြုံဖို့တဲ့။

နံနက် (၄) နာရီလောက်ကနာလိုက် တဲ့ ရွှေမိဗိုက်က နံနက် (၉) နာရီအထိလည်းအခြေအနေက မထူးခြားသေးဘူး။ နောက်တော့၊ ဒရစ်သွင်းသလိုမျိုးအရည်တမျိုးချိတ်တယ်။ သာလှသိသလောက် တော့ သားအိမ်ကိုညစ်ဖို့အားပေးတဲ့ဆေးရည်တမျိုးပေါ့။ အဲ့ဒီ့ဆေးကိုတိုးတိုးပြီးသာသွင်းနေတယ်၊ ကလေးကအောက်ကိုဆင်းမလာဘူး။ နောက်ဆုံး နေ့လည် (၁၂) နာရီအထိမှ အခြေအနေ မထူးခြား ရင်၊ ခွဲမွေးမယ်ဆိုပြီးဆရာဝန်ကြီးကဆုံးဖြတ်လိုက်ပါတယ်။ နေ့လည် (၁၂) နာရီခွဲသာကျော်သွားတယ်၊ ကလေးကအောက်ကိုဆင်းမလာတဲ့အတွက် ခွဲဖို့သေချာသွားပါပြီ။ ခွဲခန်းထဲကိုမသွားခင်၊ ခွဲခန်း(သီရေတာ) က ခွဲမယ့်ဆရာဝန်ကြီးနဲ့မေ့ဆေးဆရာဝန်ကြီးက သာလှနဲ့ရွှေမိဆီလာပြီး၊ အေးအေး ဆေးဆေးအခြေအနေကိုရှင်းပြပါတယ်။ ထုံးစံအတိုင်းပေါ့ သူတို့ပြောပြပြီးသွားတော့၊ မေးချင်တာရှိရင် မေးပါဆိုတော့- ရွှေမိကသူ့ကလေးအခြေအနေကိုသိချင်ပါတယ်။ နံနက် အစောကြီးကတည်းကရေမွှာ ဖောက်ခံထားရတာ၊ အခုချိန်ထိမမွှေးနိုင်သေးဘူးဆိုတော့ ကလေးကိုသူအရမ်းစိုးရိမ်တယ်ဆိုတော့- ဆရာဝန်ကြီးက ဘာမှစိုးရိမ်စရာမရှိကြောင်း၊ ကလေးအခြေအနေကောင်းကြောင်း၊ အားလုံးကို သူ ကောင်းမွန်စွာစီမံခန့်ခွဲနေကြောင်းပြောပြီးရွှေမိကိုအားပေးပါတယ်။ မေ့ဆေးဆရာဝန်ကြီးကလည်း၊ လုံးဝမကြောက်ဖို့၊ မစိုးရိမ်ဖို့၊ သူတို့မှာအတွေ့အကြုံတွေအများကြီးရှိတဲ့အပြင်၊ စက်ကိရိယာတွေဟာ လည်းကမ္ဘာ့အဆင်မီပစ္စည်းတွေဖြစ်ကြောင်း၊ ရွှေမိကိုသူ့လက်မောင်းကကြွက်သားတွေကို ညစ်ပြရင်း၊ တွေ့လားငါတို့မှာအားရှိပါတယ်တဲ့၊ လုံးဝမကြောက်ပါနဲ့လို့ ခင်မင်ရင်းနှီးစွာအားပေးနေပါတယ်။ သမီးအတွက်စိတ်ပူနေတဲ့ရွှေမိကိုနှုတ်အားဖြင့်ကော၊ ကိုယ်အားဖြင့်ပါနှစ်သိမ့်အားပေးနေမှန်း သာလှ သဘောပေါက်နေမိပါတယ်။

နောက်တော့ရှင်လောင်းလှည့်လာသလားအောက်မေ့ရတယ်။ ခွဲခန်းက၀န်ထမ်းအကုန် သာလှနဲ့ရွှေမိ တို့ရှိရာအခန်းကိုလာပြီး တယောက်ချင်းစီမိတ်ဆက်ပါတော့တယ်။ နာမည်၊ လုပ်သက်၊ ရာထူး၊ နှင့် သူတို့တာဝန်တွေကိုပြောပြီးရင်းရင်းနှီးနှီးမိတ်ဆက်ကြပါတယ်။ ရွှေမိကတော့စာရွက်တွေတထပ်ကြီးပဲ လက်မှတ်တွေထိုးလိုက်ရတာဆိုတာ။

ခွဲခန်းထဲကို သာလှ ပါဝင်ရတာဆိုတော့၊ မျက်စေ့ထဲသာမြင်ယောင်ကြည့်ပေါ့ဗျာ။ တောသား သာလှ တယောက်ခွဲစိပ်ခန်းဝတ်စုံကြီးဝတ်ပြီး ရွှေမိဘေးနားမှာ ပျာနေပုံလေး …..
+++++

အခန်း (၇)
ခွဲဖို့စပြီဆိုတာနဲ့ ဘယ်သူတွေဦးဆောင်ပြီးခွဲမှာ၊ ဘယ်သူတွေဒီခွဲစိပ်မှုမှာပါဝင်တယ်ဆိုတာ မှတ်တမ်း တင်တဲ့သူကတင်ပါတယ်။ မေ့ဆေးဆရာဝန်ကြီးကအားလုံးအိုကေဆိုတာနဲ့ ခွဲစိပ်ဆရာဝန်ကြီးကစတင် ခွဲစိပ်ပါတယ်။ (၅) မိနစ်လောက်နေတော့ အူဝဲ … အူဝဲ… ဆိုပြီး သမီး နီတာရဲလေး ထွက်လာပါ တော့တယ်။ မွေးပြီးပြီးချင်းသမီးလေးကိုသူ့အမရင်ညွှန့်ပေါ်တင်ပေးပြီးချက်ချင်းနို့တိုက်ခိုင်းပါတယ်။ သာလှကတော့ကတ်ကြေးကြီးကိုင်ပြီး သမီး အချင်းကိုဆရာဝန်ကြီးပြတဲ့နေရာကဖြတ်လိုက်ပါတော့ တယ်။ ခြေလက်အင်္ဂါစုံမစုံ၊ ခြေတွေလက်တွေသန်မသန်၊ အားလုံးစစ်ဆေးပြီးတာနဲ့ သမီးကိုအပူပေး စက်အောက်မှာခဏထားပါတယ်။ မိခင်ဝမ်းထဲတုန်းကနွေးနေပြီး၊ အခုအပြင်ရောက်တော့အေးသွားလို့၊ သမီးကိုခဏအပူပေးတာလို့သူနာပြုဆရာမတွေကရှင်းပြပါတယ်။ နောက် ခွဲစိပ်ကိရိယာ၊ တန်ဆာပလာတွေကို အရေအတွက်ပြန်စစ်ပြီး သိမ်းဆည်းရေးလုပ်ငန်းစပါတယ်။ အားလုံးစစ် ဆေးပြီး တာနဲ့ ခွဲစိပ် ဆရာဝန်ကြီးနဲ့မေ့ဆေးဆရာဝန်ကြီးကိုယ်တိုင် ရွှေမိလှည်းကိုတွန်းရင်း ခွဲခန်းက ၀န်ထမ်း တွေအကုန် ပိုးသတ်ထားတဲ့နားနေခန်းထဲကိုပို့ပေးပါတယ်။ နားနေခန်းကဆရာမတွေက အခန်းဝ မှာ ထွက်ရပ်ရင်း သာလှတို့မိသားစုလေးကိုနွေးနွေးထွေးထွေးကြိုဆိုကြပါတယ်။ အားလုံးနေရာ ချထား ပေးပြီးတော့ ဆရာဝန်ကြီးတွေအပါအ၀င်၊ ခွဲခန်းက၀န်ထမ်းတွေအကုန်တယောက်မကျန် သမီးလေး၊ ရွှေမိနဲ့သာလှ တို့ကိုနှုတ်ဆက်ရင်း၊ သမီးလေးနဲ့သာလှတို့မိသားစုလေးကို ၀ိုင်းပြီး ဆုတောင်း ပေးကြ ပါတယ်။ ယောက်ျားရင့်မာကြီးဖြစ်တဲ့ သာလှ တယောက်မျက်ရည်တွေဝဲရင်း သူတို့အားလုံးကို တယောက် မကျန် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောနေမိပါတော့တယ်။ ရွှေမိဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေ တသွင်သွင်စီးကျရင်း၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို တတွတ်တွတ်ပြောနေရှာ တယ်။

ဟုတ်ပါတယ်။ ရေခြားမြေခြားမှာ၊ ဆွေမရှိမျိုးမရှိနဲ့ ဆေးရုံတတ်ရတယ်၊ ခွဲရစိပ်ရတယ်ဆိုတာ အလွန် မလွယ်တဲ့ကိစ္စတခုပါ။ အဲ့လိုမျိုးအခြေအနေမှာ၊ မျှော်လင့်မထားတဲ့၊ မေတ္တာဓာတ်အပြည့်ပါတဲ့ ကြင်နာ နွေးထွေးတဲ့ ဂရုစိုက်မှုကို ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ခံစားလိုက်ရတဲ့အခါ- သြော်….. ဒီနိုင်ငံက လူကို လူလို ဆက်ဆံပါလားလို့ ကိုယ်ဟာကိုစဉ်းစားနေမိပါတယ်။

နောက် (၄၈) နာရီကျော်တော့၊ ဆေးရုံကဆင်းခွင့်ရပါတယ်။ Birth centre လို့ခေါ်တဲ့ ကလေးမွေးပြီး၊ မိခင်နဲ့ကလေး အနားယူတဲ့နေရာ(အဆောင်) ကိုသွားမလားလို့ ဆေးရုံကမေးတော့၊ ရွှေမိက အိမ်ပဲ တန်းပြန်မယ်ဆိုတာနဲ့အိမ်ကိုပဲတန်းပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ ရွှေမိကဘယ်လောက် ကုန်သွားလဲလို့ မေးပါတော့တယ်။

သာလှဖြေလိုက်ပုံက၊ တပြားမှ မကုန်ပါဘူးမိန်းမရယ်။ မင်းအလုပ်လုပ်တုန်းကလည်း အခွန်ဆောင် ထားတာပဲ။ နောက်ပြီး တို့ကဥပဒေဘောင်ထဲမှာနေတဲ့ နိုင်ငံသားတွေ ပဲဟာ။ ဒီနိုင်ငံမှာနိုင်ငံသား တယောက်ရဲ့တာဝန်ဟာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဥပဒေကိုလေးစားလိုက် နာဖို့ပါပဲ။ အဲ့တော့- ဘာထပ်ပေးစရာလိုသေးလို့လဲအချစ်ရာလို့ …..

ရွှေမိ ပြန်ပြောလိုက်ပုံက ကွာလိုက်တာနော်တဲ့…..

ထူးထူး (တောင်ငူ)