ရှာဖွေရေး ...

Loading...
PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။ HOME, ၅၈/၆၀ ဗိုလ်အောင်ကျော်အောက်လမ်း၊ ရန်ကုန်၊ ဖုံး (၀၉၂၅- ၄၂၀၀ - ၆၀၆)။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရန်လင်းအောင် - အောက်ခြေမှတ်စု


ရန်လင်းအောင် - အောက်ခြေမှတ်စု
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၅

ဆောင်းရာဇဝင် ငါမသိ
နှင်းသမိုင်း ငါမသိ
သွေးအား ရုန်းသံတွေကိုသာ
ထပ်တူပြင်းရှ  နားစွင့်နေရ၏   ။         ။

(Illustration - Than Htay Maung)

                                    

မောင်ဥက္ကလာ - ရက်စက်တဲ့နှင်း နဲ့ မသိမ်းသင့်၊ မလုပ်သင့် ဝမ်ပေါင် အလုပ်သမားသစ်




မောင်ဥက္ကလာ - ရက်စက်တဲ့နှင်း နဲ့ မသိမ်းသင့်၊ မလုပ်သင့် ဝမ်ပေါင် အလုပ်သမားသစ်
ထွေထွေရာရာ ဤကမ္ဘာ (ဇန်နဝါရီလ ၂၇၊ ၂၀၁၅)

ရက်စက်တဲ့နှင်း အပိုင်း (၂)

နှင်းတွေကို ရုပ်ရှင်တွေ၊ ဓါတ်ပုံတွေထဲ ကြည့်လိုက်ရရင် အလွန်လှပတာ အမှန်။ အပြင်မှာတော့ ဘယ်သူမှ မကြိုက်။ နှင်းမုန်းတိုင်းကျပြီဆို ဒုက္ခအနည်းအများ ရကြတာအမှန်။ ပြီးခဲ့တဲ့အပတ်မှာ ကားအစီးရေ (၁၉၃) စီး တိုက်တဲ့သတင်းကို ပြောခဲ့ပါတယ်။ ဒီတပတ်မှာလည်း ရက်စက်တဲ့ နှင်းမုန်တိုင်းကြောင့် အမေရိကန်အရှေ့ ပိုင်း ပန်စီဗီးနီးယားပြည်နယ် (Pennsylvania) အဝေးပြေးကားလမ်းမ I-76 ပေါ်မှာ ကားအစီးပေါင်း (၅၆) စီး ဆင့်ကဲတိုက်ပြီး လူ (၃) ဦးသေ၊ (၃၁) ဦး ဒဏ်ရာရကုန်ကြတယ်။ ဘယ်လောက် အတွေ့အကြုံရှိတဲ့ ကားမောင်းသမားတွေပဲဖြစ်ဖြစ် တဦးတယောက်က ဒီလို ရေခဲဖြစ်သွားတဲ့ လမ်းပေါ်မှာ ခြေလျှော်လက်လျှော် အမှားလုပ်မိလိုက်ရင် ဒီလို အစုလိုက်အပုံလိုက် ဖြစ်ကုန်ကြတယ်။ ဒါတောင် နှင်းကျပြီးဆို အဝေးပြေလမ်းမကြီးတွေ နဲ့ မြို့ တွင်းလမ်းတွေမှာ အချိန်နဲ့ တပြေညီတဲ့ နှင်းတွေရေခဲတွေကို ရှင်းပေးတဲ့ နှင်းကော်ကားကြီးတွေ၊ နှင်းတွေကို ချက်ချင်းအရည်ပျော်စေတဲ့ ဆားဖြူးပေးတဲ့ ထရပ်ကားကြီးတွေ နေရာအနှံမှာ အဆင်သင့်။ ဒါပေမဲ့ သတိလက်လွတ် မောင်းတတ်တဲ့ တဦးတယောက်ကြောင့် ဒီလို တိုက်ခိုက်မှုတွေ ဖြစ်တတ်တာပေါ့။ 

ဒီလို များစွာသော တိုက်ခိုက်မှုတွေ ဘယ်လောက်ဖြစ်သလဲဆိုရင် မနှစ် ၂၀၁၄ မှာတော့ ဆောင်းတွင်းကာလ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ (၄) ကြိမ် ရှိခဲ့တယ်။ 

ဇန်နဝါရီလ (၂၃) ရက်နေ့မှာ အင်ဒီးယားနားပြည်နယ် (Indiana) အဝေးပြေးလမ်းမ I-94 ပေါ်မှာ ကားအစီးရေ (၄၆) စီးတိုက်ပြီး လူ (၃) ယောက်သေ၊ (၂၀) ကျော် ဒဏ်ရာရရှိကြတယ်။

 ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာတော့ ပန်စီဗီးနီးယားပြည်နယ် (Pennsylvania) အဝေးပြေးလမ်းမ Turnpike ပေါ်မှာ ကားအစီးရေ (၁၀၀) တိုက်ပြီး သေဆုံးသူမရှိ၊ ဒဏ်ရာရသူ (၃၀) ရှိခဲ့တယ်။ 

မတ်လ (၁) ရက်နေ့မှာတော့ ကိုလိုရားဒိုပြည်နယ် (Colorado)၊ ဒမ်ဘားမြို့  (Denver) မြို့ ပတ်လမ်းမကြီး (၂၅) ပေါ်မှာ ကားအစီးရေ (၁၀၄) စီးတိုက်ပြီး လူတဦး (၁) သေ၊ (၃၀) ဒဏ်ရာရရှိကြတယ်။ 

မတ်လ (၁၂) ရက်နေ့မှာတော့ အိုဟိုင်ရိုပြည်နယ် (Ohio) အဝေးပြေးလမ်းမ (၈၀/၉၀) ပေါ်မှာ ကားအစီးရေ (၉၀) တိုက်ပြီး လူ (၃) ဦးသေပြီး၊ လူတော်တော်များများ ဒဏ်ရာရသွားကြတယ်။ ဒီလို ကားတွေအများကြီးတိုက်ပြီး လူအသေအပျောက်တော့ နည်းပါတယ်။ 

အဆိုးဆုံးက ကားတွေအများကြီး တိုက်ပြီဆိုရင် အဲဒီ တိုက်ထားတဲ့ကားတွေကိုရှင်းရ၊ နှင်းတောထဲပိတ်မိသွားတဲ့ လူတွေကိုကယ်ရ၊ ဆေးရုံပို့ရ နဲ့ အဝေးပြေးလမ်းမကြီးတွေကို ရှင်းလင်းဖို့ အနည်းဆုံး (၁) ရက် (၂) ရက်ကြာပြီး ခရီးသွားလာရေးတွေ အတော်အခက်အခဲ ဖြစ်ကုန်ကြတယ်။ 

ရာသီဥတု မဆိုးလှတဲ့ ရွှေပြည်မှာတော့ ဒါမျိုးတွေအတွက် မပူပန်ရဘူး။ ဒါပေမဲ့ (၂၁) ရာစုရောက်ချိန်အထိ မြန်မာပြည်မှာ လမ်းကောင်းကောင်း တလမ်းမှ မရှိသေးဘူး။ ကျွဲခြေရာခွက်ထဲမှာ မာန်တက်ဗိုလ်လုပ်နေတဲ့ စစ်ရှင်တွေကတော့ သူတို့ အဘတို့ဌာနေသွား နေပူတော် အဝေးပြေးလမ်းမကြီးကို စစ်အစိုးရက ဖောက်လုပ်ခဲ့ကြောင်း ကို မရှက်မကြောက် သနားဖွယ် ပြောနေကြရှာတယ်။ ရာသီဥတု အလွန်ဆိုးတဲ့ အမေရိကန်နိုင်ငံမှာ တနိုင်ငံလုံးကို သွားလာဆက်သွယ်နိုင်အောင် ကြီးမားကျယ်ပြန့် ကောင်းမွန်ခိုင်ခန့်တဲ့ လမ်းတွေ၊ တံတားတွေကို ရှေ့ ပဝေသဏီ နှစ်ပေါင်းများစွာကတည်းက ဖောက်လုပ်တည်ဆောက်ခဲ့ကြပြီး အမြဲတမ်း ကောင်းမွန်အောင် ပြင်ဆင်လုပ်ကိုင်ကြတယ်။ ဘယ်အစိုးရ၊ ဘယ်သမ္မတ၊ ဘယ်ခေါင်းဆောင်ကမှ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဆောက်လုပ်ခဲ့တာကို အရှက်မရှိ ကမ္မည်းထိုး ကြွားဝါလေ့မရှိဘူး။ (သတင်း - NBC News)

မသိမ်းသင့်တာ သိမ်းမိတော့

တက်ဆက်ပြည်နယ် (Texas)၊ ဟူစတန်မြို့  (Huston) နေ အသက် (၂၀) အရွယ် ဒန်နီရယ် ဂါဆီရာ (Daniel Garcia) တစ်ယောက် ကုသိုလ်ကံ အတော်ဆိုးလှ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတဲ့ တန်းဖိုးမနည်းလှတဲ့ ဆမ်ဆောင် ဂလက်စီ ဖုန်း (Samsung Galaxy Note) လည်း ပျောက်ရ။ အခုတော့ သံတတိုင်းနောက်ကွယ်ရောက်၊ အာမခံအတွက် ဒေါ်လာ (၉) သောင်း ပေးဖို့ တရားရုံးက ချမှတ်ထားတယ်။ 
သူ့ဖုန်းက မနှစ်က ပျောက်သွားခဲ့တာပါ။ ဘယ်သူဘယ်ဝါ ခိုးယူသွားတယ်ဆိုတာတော့ မသိတော့ လက်လျှော့နေခဲ့တယ်။

 ဒီလိုနဲ့ ၂၀၁၄ ဇူလိုင်လမှာ အမျိုးသမီးတဦးက ဖုန်းဆိုင်တဆိုင်က ဝယ်ယူခဲ့တယ်။ သူမအနေနဲ့ ဝယ်လာတဲ့ ဖုန်းက ခိုးရာပါပစ္စည်းလို့ မသိရှာဘူး။ ဆိုင်ရှင်ကို သူ့ဖုန်းအဟောင်းက လိပ်စာ၊ ဓါတ်ပုံတွေကို ကူးယူခိုင်းပြီး ဝယ်လာတဲ့ ဖုန်းလေးနဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်လို့ ဖုန်းအသစ်လေး (သူ့အထင်ပေါ့) ကို ဟိုကြည့်ဒီစမ်းလုပ်ပြီး ဓါတ်ပုံတွေကို ဖွင့်ကြည့်တော့ သူ့ကိုယ်ပိုင် ဓါတ်ပုံတွေနဲ့အတူ သူမသိတဲ့ ဓါတ်ပုံတွေကိုပါ တွေ့ရတယ်။

 ဖြစ်ချင်တော့ အဲဒီ ဓါတ်ပုံတွေက ဝတ်လစ်စားလစ် ဓါတ်ပုံတွေ။ ပြီးတော့ အရွယ်မရောက် ခလေးငယ်တွေရဲ့  ကိုယ်လုံးတီး ပုံတွေဖြစ်နေတယ်။ ဒါနဲ့ ဖုန်းပိုင်ရှင်သစ် အမျိုးသမီးက သက်ဆိုင်ရာရဲကို အကြောင်းကြားလိုက်တယ်။ အသက်မပြည့် ခလေးသူငယ်များ ဓါတ်ပုံတွေကို ကူးယူသိမ်းဆည်းထားတဲ့ မူလဖုန်းပိုင်ရှင်ကို ရှာဖွေလိုက်တော့ ဖုန်းပိုင်ရှင် ဂါဆီရာ က ဖုန်းပျောက်ခဲ့ကြောင်း၊ တစုံတယောက် ခိုးယူသွားပြီး ပြန်ရောင်းစားခဲ့တာ ဖြစ်နိုင်ကြောင်း၊ ဖုန်းလာပြန်ပေးသူတွေ ပြတဲ့ဖုန်းက သူ့ဖုန်းဖြစ်ကြောင်း ဝန်ခံပြောဆိုတယ်။ 

ဖုန်းပြန်လာပေးသူတွေက သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အမှန်အတိုင်း ထုတ်ဖော်ပြောဆိုပြီး ကံကောင်းလို့ ဖုန်းပြန်ရတဲ့ ဂါဆီရာရဲ့  ကံကြမ္မာက အရွယ်မရောက် အသက် (၁၈) နှစ်အောက် ခလေးငယ်၊ လူငယ်များ ဓါတ်ပုံတွေ ပိုင်ဆိုင်မှုနဲ့ အဆိုးဆုံးက အသက် (၈) နှစ်အရွယ် မိန်းခလေးငယ်တဦးကို သူကိုယ်တိုင် လိင်ပိုင်ဆိုင်ရာ ကျူးလွန်ထားတာကို ရိုက်ထားတဲ့ ဓါတ်ပုံကိုပါ ရှာဖွေတွေ့ရှိတယ်။ သူ့ရဲ့  ယုတ်မာမှုကြောင့် ပြစ်ဒဏ်က အလွန်ကြီးလှတယ်။ ဒီနေ့ ရွှေပြည်မှာလည်း နိုင်ငံပေါင်းစုံ လူပေါင်းစုံ တဖွဲဖွဲဝင်ရောက်လာနေသလို၊ အစဉ်အဆက် ဆိုးဝါးတဲ့ လူကြီးတွေရဲ့  စော်ကားမှုကို ခံနေရတဲ့ ဆင်းရဲလှတဲ့ ခလေးလူမမယ်များ ကာကွယ်စောင့်ရှောက်ရေးကို ဥပဒေပြဌာန်းပြီး တင်းတင်းကြပ်ကြပ် လုပ်ကိုင်ဆောင်ရွက်ဖို့ အရေးကြီးတယ်။ (သတင်း - ABC News)

ဖေဖေ ထုပ်ပေးတဲ့ ထမင်းဘူး

သားသားမီးမီးလေးတွေ ကျောင်းသွားရင် လိုအပ်တာတွေကို ပြင်ဆင်ပေးကြတဲ့အလုပ်ကို အများအားဖြင့် မိခင်တွေ လုပ်ပေးကြတယ် မဟုတ်လား။ ဒီလို မိခင်တွေအလုပ်ကို ကူလုပ်ပေးရှာတဲ့ အင်္ဂလိပ်လူမျိုး အသက် (၂၃) နှစ်အရွယ် ဖခင်ဖြစ်သူ လီဝပ်ဘ် (Lee Webb) တစ်ယောက်၊ အသက် (၃) နှစ်အရွယ် သူ့ချစ်သားငယ်လေး နေ့ကလေးထိန်းကျောင်းမှာ နေ့လယ်စားသောက်ဖို့ မုန့်ဘူးတစ်ဘူး ထည့်ပေးလိုက်တယ်။ 

သားလေး ကျောင်းရောက်ပြီး မုန့်စားဆင်းချိန်မှာ တာဝန်ခံက ကလေးကျောပိုးအိတ်ထဲက မုန့်ဘူးကို ဖွင့်လိုက်တော့ မုန့်နဲ့ သစ်သီးဖျော်ရည်အိတ်ကို မတွေ့ဘဲ မူးယစ်ဆေးဝါးဆေးပြားတွေ နဲ့ ဒါးလေးနှစ်ချောင်းကို ရှာဖွေတွေ့ရတယ်။ 

အဲဒီအချိန်မှာ ဖခင် မစ္စတာ ဝပ်ဘ် (Webb) ကျောင်းကို ပြန်ရောက်လာပြီး ထမင်းဘူးကို ပြန်ပေးဖို့ တောင်းဆိုရှာတယ်။ တာဝန်ရှိသူတွေက ပြန်မပေးဘဲ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အိမ်ကို ချက်ချင်း သွားရောက်ရှာဖွေတဲ့အခါ သိမ်းဆည်းထားတဲ့ ဆေးဝါးမြောက်မြားစွာကို ရှာဖွေတွေ့ရှိတယ်။ ခေသူမဟုတ်တဲ့ ဖခင်ဖြစ်သူက သူ့အနေနဲ့ ဘာအထုပ်တွေဆိုတာ မသိကြောင်း၊ သူပိုင်ပစ္စည်းတွေမဟုတ်ကြောင်း အသိမိတ်ဆွေတစ်ဦးက သိမ်းထားခိုင်းလို့ သိမ်းပေးထားတာဖြစ်ကြောင်း ဆင်ခြေဆင်လက်ပေးရှာပေမယ့် တရားဥပဒေက လက်မခံဘဲ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ အရွယ်မရောက် ခလေးငယ်များကို အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကြောင့် ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ် (၄) နှစ် ချလိုက်တယ်။

 သူလည်း ရွှေပြည်က ရေဒီယိုဓါတ်သင့်နေတယ်လို့ ဗလိုင်ကြီး လန်ကြုတ်လုပ် ဗြောင်လိမ်ဗြောင်စား လုပ်နေတဲ့ ခရိုနီ ဦးတေဇလို မကြောက်မရှက် ပြောရှာတယ်။ ဒါပေမဲ့ သူက ခရိုနီမဟုတ်တော့ ဂိန်တာပေါ့။ (သတင်း - Daily Mail UK)

ဝမ်ပေါင် အလုပ်သမားသစ်

ဒီလူကို ကြည့်ရတာ ရွှေပြည်ပြောင်းပြီး ဦးပိုင် နဲ့ ဝမ်ပေါင်တို့ လုပ်ချင်သလို လုပ်နိုင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေသလားမသိ။ နယူးရော့ခ်ပြည်နယ် မြို့ လယ် (Middletown) မြို့ နေ အသက် (၄၈) နှစ်အရွယ် ဂျိမ်စ် ရိန် (James Rhein) တစ်ယောက် စတုရန်း ပေ ၉၀၀ ကျယ်ဝန်းတဲ့ သူ့မိန်းမအိမ်ကို ဘူဒိုဇာ မြေထိုးစက်နဲ့ ပြားပြားဝပ် မြေလှန်ထိုးဖျက်ပစ်လိုက်တယ်။ 

အိမ်ထဲမှာရှိတဲ့ ပစ္စည်းပစ္စယ အကုန်လုံးလည်း အိမ်တဲ့အတူ ပျက်စီးကုန်တယ်။ အလုပ်ကပြန်လာတဲ့ မိန်းမက အထိတ်တလန့်နဲ့ သူ့အနေနဲ့ ဘာမှ မသိကြောင်း၊ သူတို့လင်မယား စိတ်ဆိုးရန်ဖြစ် စကားများတာလည်း မရှိ။ သူ့လင်ယောက်ျား အပြုအမှု အရူးလုပ်ရပ်ကို နားမလည်နိုင်တာတော့ အမှန်။ 

သက်ဆိုင်ရာကိုလည်း အိမ်ဖျက်ခွင့် ခွင့်ပြုချက်မတင်၊ အကြောင်းမကြား လုပ်ရပ်ကြောင့် အရေးယူခံရတာပေါ့ (ဒီနိုင်ငံမှာ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်သူတွေအနေနဲ့ ကိုယ်အိမ်ခြံအတွင်း အိမ်ပြင်ဆောက်ချင်၊ အခန်းဖွဲ့ချင်၊ ဖျက်ချင်၊ သစ်ပင်ခုတ်ချင် ဘာညာလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာကို လုပ်ခွင့်လျှောက်လွှာတင် ခွင့်ပြုချက်ရမှ လုပ်ခွင့်ရှိတယ်)။ 

သူ့ တုံ့ပြန်ပြောဆိုချက်ကတော့ အိမ်က ပျက်စီးပြိုပျက်နေတာကြောင့် အခုလို ဖြိုဖျက်ရကြောင့် ပြောရှာတယ်။ သူ့လုပ်ရပ်ကို ရွှေပြည်က ဦးပိုင် နဲ့ ဝမ်ပေါင်တို့ ကြားသိရင်တော့ မြေထိုးစက်မောင်းသမား အလုပ်ကို ချက်ချင်းကမ်းလှမ်းပေးမှာ သေချာတယ်။

 ရွှေပြည်သားတွေ သိတဲ့အတိုင်း ဦးပိုင်၊ ဝမ်ပေါင်ရဲ့  အရှင်သခင်တွေ အမိန့်တော်အတိုင်း မရှိဆင်းရဲသား လယ်သမားတွေရဲ့  တောင်ယာမြေတွေကို မြေလှန်ပြစ်နေတဲ့ ဘူဒိုဇာ မောင်းသမားတွေကတော့ ဘယ်သူဘယ်ဝါမှ သူတို့ကို အရေးမယူနိုင်။ ဘာဖြစ်လို့လဲဆိုတာ စာဖတ်သူတွေ သိပါတယ်။  (သတင်း - CNN)



ကိုသန်းလွင် - ခြစားခြင်း


ကိုသန်းလွင် - ခြစားခြင်း
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၅

(၁)

ဝန်ထမ်းများခြစားခြင်းဆိုသည်မှာ မိမိအား ပေးအပ်ထားသော တာဝန် နှင့်နေရာ ကိုအကြောင်းပြုခါမိမိ ကိုယ်ကျိုး အတွက် တစုံတဦးကို ဖေးမအကူအညီပေးခြင်းကိုဆိုသည်၊ ကျွန်တော်တို့နိုင်ငံကြီး အောက်ကျနောက်ကျဖြစ်နေရခြင်းမှာ အုပ်ချုပ်မှု ယန္တရားကြီး တစ်ခုလုံး၏နေရာအနှံ့ခြစားမှု (Corruption) များရှိနေသောကြောင့်ဖြစ်သည်။

(၂)

၁၉၅၁ခုနှစ်၊ အောက်တိုဘာလတွင် လက်နက်ကိုင်လူတစ်ခုကစင်္ကာပူနိုင်ငံ ပန်ဂို ဆိပ်ကမ်းတွင် ဆိုက်ကပ် ထား သောသင်္ဘောတစ်စီးမှ ဘိန်းများကိုအပိုင်စီးမှုတခုဖြစ်ပွားခဲ့သည်။ ဟိုတုံးက စင်္ကာပူသည် ကျွန်တော်တို့သိကြသော စင်္ကာပူ နိုင်ငံလိုမဟုတ်ဘဲတရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဘိန်းကူးသန်းရောင်းဝယ်ကြရာနေရာတခုဖြစ်ခဲ့သည်။ ကိုလိုနီ အစိုးရက စစ်ဆေးသောအခါ အစိုးရပုလိပ်အရာရှိ ရာထူးကြီးသူ အများအပြားပါဝင်ပါတ်သက်နေကြောင်း တွေ့ကြရသည်။
နောင်သောအခါ အင်္ဂလိပ်အစိုးရက CPIB  ( Corrupt Practice Investigation Bureau)  ခေါ် ခြစားမှုတိုက်ဖျက် ရေးအဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။ လွတ်လပ်ရေးရသော် စင်္ကာပူဝန်ကြီးချုပ်ဖြစ်လာသူ မစ္စတာ လီကွမ်းယူး ကသူသည် ၀န်ထမ်း များခြစားပျက်စီးမှုများကြောင့် အထွေထွေ ပျက်စီးယိုယွင်းမှုများကိုလွန်စွာစိတ်ပျက်ရပါသည်။ ဤခြစားမှုတွေ ပပျောက် အောင် ပြုလုပ်ပါမည်ဟု ကတိပေးသည်။

ထို့နောက် ကျွန်တော်တို့သည် သူ၏စင်္ကာပူ  Blue Print  ဟုခေါ်နိုင်သော လာဒ်စားသုတိုက်ဖျက်ရေးလုပ်ငန်းကို မြင်ကြရလေသည်၊ စီပီအိုင်ဘီ အဖွဲ့ကို ပို၍ လုပ်ပိုင်ခွင်အာဏာများပေးအပ်နိုင်ရန် ဥပဒေကိုပြုပြင်ပေးသည်၊ အစိုးရ ၀န်ထမ်းများလာဒ်မစားစေရန် သူတို့၏လစာငွေကို တိုးမြှင့်ပေးသည်။ လာဒ်ယူသူကို အလုပ်မှထုတ်ပယ်၊    ရုံးတင်စစ်ဆေး ပြင်းထန်သောထောင်ဒဏ်၊ ငွေဒဏ် တွေ ပေးခဲ့သည်။ နှစ် အနည်းငယ်အတွင်း အကျင့်ပျက် တိုက်ဖျက်ရေးလုပ်ငန်းမှာ ထိရောက်အောင်မြင် လှကြောင်းတွေ့ကြရပါသည်။ 

ကက်ဘိနက်ဝန်ကြီးဖြစ်သူ  Wee Toon  Boon  သည်ကန်ထရိုက်တာတွေ က စီစဉ်ပေးသော မိသားစုလိုက် အင်ဒိုနီးရှားနိုင်ငံ အလည်အပတ်ခရီးကိုစရိတ်ငြိမ်းသွားခဲ့သည်။ ကာလတန်ဖိုး ဒေါ်လာ ငါးသိန်းခန့်တန်သော ဘန်ဂလို တခုကို လက်ဆောင်ယူခဲ့သည်။ သူ့ကို လာဒ်စားမှုတိုက်ဖျက်ရေးအဖွဲ့က အရေးယူ ရုံးတင်စစ်ဆေးပြီးသော် ထောင်ဒဏ်(၄)နှစ်အပြစ်ပေးခဲ့သည်။

၁၉၈၁/ ၈၂ ခုနှစ်တွင်ဝန်ကြီး Tech Cheang Wan ဆိုသူမှာ သူတပည့်တစ်ဦ်းက မြေတစ်ကွက်လျင် ဒေါ်လာ လေးသိန်း နှုန်းဖြင့် မြေနှစ်ကွက်အတွက်ဒေါ်လာရှစ်သိန်းပေးရပါသည်ဟုတိုင်ကြားခဲ့သည်။ အမှုကိုရဲတွေကစစ်ဆေးနေစဉ် ၀န်ကြီးချုပ်ကိုတွေ့ခွင့်တောင်းသည်၊ အမှုစစ်ဆေးပြီး မှသာ တွေ့နိုင်မည်ဟု လီက အကြောင်းပြန်ခဲ့သည်။ စစ်ဆေးချက် တွေအရ အမှုမှန်ပေါ်ပေါက်လာချိန်တွင်မိမိဖာသာ သတ်သေသွားသည်။ မိမိကိုယ်ကို သတ်မသေမှီဝန်ကြီးချုပ်ထံ  စာရေး ပေးခဲ့ရာ သူ့အမှား လုပ်ရပ်ကို ၀န်ခံစာဖြစ်နေသည်။

အသုဘ သို့ လီ ရောက်သွားသောအခါ ဇနီးဖြစ်သူက ဖုံးဖုံးဖိဖိဖြင့် မိမိယောက်ျားအလောင်းကို သဂြိုလ်ခွင့်ပြုပါရန် တောင်းပန်ခဲ့သည်။ ၀န်ကြီးချုပ်က ဆရာဝန်၏ထွက်ချက်ပေါ်တွင် မူတည်သည် ဟုသာဖြေကြားခဲ့သည်။ နောင်တွင် ဆေးစာ ထွက်ချက်၌  မိမိဖာသာ အဆုံးစီရင်သည်ဟုဆရာဝန်က မှတ်ချက်ပေးသည်။

Phey Yew Kok ခေါ် အလုပ်သမား ယူနီယံ ဥက္ကဌမှာ ဒေါ်လာရှစ်သောင်းကျော် အလွှဲသုံးစားလုပ်ထားပါသည်ဟု စွတ်စွဲခံရသည်။ သူသည် ရုံးတော်သို့တင်ရသော အာမခံကို အဆုံးခံကာ ယိုးဒယားနိုင်ငံသို့  ထွက်ပြေးလေသည်၊ ယိုးဒယား တွင် ၀ရမ်းပြေးအဖြစ် ရဲတွေ၊ တာဝန်ရှိသူတွေက ငွေညှစ်ကြသည်၊ သူသည် ဆင်းဆင်းရဲရဲ ကွယ်လွန်သွားပါသည်။ ထိုဖြစ်ရပ်များကြောင့် အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ဝန်ထမ်းလုပ်နေသူတွေသည်လာဒ်စားရန် အကျင့်ပျက်ရန်အလွှဲသုံးစား လုပ်ရန် မစဉ်းစားရဲကြတော့ပေ။ လခကိုလည်း မက်လောက်စရာပေးထားသည်ဖြစ်ရာ စင်္ကာပူနိုင်ငံသည်နှစ်အနည်းငယ် အတွင်း ခြစားမှုနည်းပါးသောနိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
ကမ္ဘာ့နိုင်ငံများတွင် ထင်သာမြင်သာရှိခြင်း (Transparenay ) တွင် နံပါတ် ရ အဆင့် လိုက်သည်။ သြစတြေးလျ၊ အိုက်(စ်)လန် နိုင်ငံတို့ထက် ပိုပြီးလာဒ်စားမှု ကင်းသည်။ အမေရိကန်နိုင်ငံထက် အဆင့်များစွာကွာသည်။ မိမိရာထူးနေရာ    (Position) ကို အသုံးချ၍ မတရားငွေယူမှု အကျင့်ပျက်မှုများကို စကာင်္ပူနိုင်ငံက တိုက်ဖျက်ပုံ မှာအခြားနိုင်ငံများအတွက် ဘလူးပရင့်  သဘွယ်အတုယူဘွယ်ကောင်းလှပါသည်။ 

(၃)

ကမ္ဘာ့သမိုင်းတွင် ခေါင်းဆောင်သစ်တက်ရန် ဖြစ်လာတိုင်း မိမိရှေ့က အုပ်ချုပ်သွားသူကို အပုတ်ချတတ်ကြပါသည်။ စံနစ်ကြီး ပျက်စီးနေပါသည် ဟု လည်းကောင်း၊ အကျင့်ပျက်ခြစားမှုတွေ ပေါများနေပါသည်ဟုလည်းကောင်း၊ဆိုတတ်ကြပါ သည်။ 

မိမိကိုယ်တိုင်အုပ်ချုပ်သောအခါတွင်မူအခြေအနေသည်ဆိုးမြဲဆိုးကာ မိမိလည်းဘာ မှမတတ်နိုင်သည်ကို နိုင်ငံပေါင်း များစွာ၌ ဥပမာပေါင်းများစွာကို ကျွန်တော်တို့တွေ့ကြရပါသည်။ 

၁၉၈၂ ခုနှစ်တွင် နိုက်ဂျီးရီးယားနိုင်ငံ၏  သမ္မတ ဖြစ်လာသူ ရှာဂါရီက  “ကျုပ်အစိုးရိမ်ဆုံးကတော့ ဒီနိုင်ငံမှာအကျင့် သိက္ခာတွေပျက်စီးနေတဲ့ ကိစ္စဘဲ လာဒ်ထိုးတာတွေ၊ ခြစားတာတွေ၊ တာဝန်ပေါ့လျော့တာတွေ မရိုးသားကြတာတွေ အကျင့်ပျက်နေကြတဲ့ ကိစ္စတွေပါပဲ” ဟု ပြောခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ရှာဂါရီ  အစိုးရက ပြည်သူ့ဝန်ထမ်းတွေလိုက်နာရန် ဟူ၍ ဆောင်ရန် ရှောင်ရန်အချက်တွေကို  National  Guidance  ခေါ် လမ်းညွှန်မှုတွေပေးခဲ့သည်။ ၀န်ကြီးဌာနအသစ်ဖွင့်ပြီး ကိုယ်ကျိုးသုံးတာတွေ ခြစားတာတွေ တိုက်ဖျက်ရန် ကြိုးပမ်းခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ပင် ၀န်ထမ်းတွေလိုက်နာရန် အချက်တွေကို ထည့်သွင်းရေးခဲ့ပါ သေးသည်။ သို့ပါသော်လည်း အများက သိလာကြသည်မှာ ရှာဂါရီ  ၏လက်ထက်တွင် နိုက်ဂျီးရီးယားနိုင်ငံ ၏ အကျင့်ပျက်မှု အခြေအနေမှာပိုပြီးဆိုးရွားလာခဲ့သည်။

သူအစိုးရသက်တန်း တစ်နှစ်ကြာသော် စစ်တပ်က သူ့ထံမှ အာဏာသိမ်းလိုက်သည်။ စစ်တပ်က အကြောင်းပြ သည်မှာ နိုင်ငံတွင် ခြစားမှုတွေများပြားနေသောကြောင့်ဟုဆိုသည်။ ၁၉၈၄ ခုနှစ်တွင်တက်လာသောစစ်အစိုးရက နိုင်ငံနှင့် အ၀ှမ်း အကျင့်ပျက်နေတာတွေကို တိုက်ဖျက်မည်ဟုကြွေးကြော်ခဲ့ပြန်သည်။ 

၁၉၈၄ ခုနှစ်တွင် မိခင်လုပ်ကြံခံရအပြီး ၀န်ကြီးချုပ်ဖြစ်လာသူ ရာဂျစ်ဂန္ဓီ က ခြစားခြင်း၊ မရိုးဖြောင့်ခြင်းတို့ကို အလို မရှိ ဟုကြေငြာခဲ့သည်။ နောက်တစ်ကြိမ်အတွက် အရွေးခံရန် မဲဆွယ်ချိန်တွင်အိန္ဒိယ နိုင်ငံ ကြိုးနီစနစ် နှင့် ခြစားနေတာတွေ ကို တိုက်ဖျက်ပစ်ပါမည်ဟု ကတိပေးခဲ့သည်။ အိန္ဒိယနိုင်ငံကြီး၌ ယခုအချိန်ထိ ထိုပြဿနာတွေရှုတ်ထွေးနေခြင်းမှာအများ သိကြသည့်အတိုင်း ပင်ဖြစ်ပါသည်။

၁၉၈၂ ခုနှစ်တွင် မက္ကစီကိုနိုင်ငံ၌ သမ္မတဖြစ်လာမည့်  Lopez Portillo သည်လွန်ခဲ့သော ၂ နှစ်အတွင်း နိုင်ငံအတွင်း မှ ထွက်သွားသော ငွေပမာဏ သည် သူတို့နိုင်ငံ  ရာဇ၀င်တစ်လျောက်လုံးပြင်ပသို့ထွက်သွားသော ငွေပမာဏ နှင့်တူညီပါ သည်ဟုဆိုခဲ့ပါသည်။
သူ့ထံမှ အာဏာလွှဲပြောင်းယူရမည့်သမ္မတ သစ် Madrid  ကလည်းစံနစ်ကြီး ပျက်စီးနေတာကိုတိုက်ဖျက်ပါမည်ဟု ပြောရပြန်သည်။ ဆိုဗီယက် ရုရှားခေါင်းဆောင်ကြီး  အင်ဒရိုပေါ့၊  မက်ဆာချူးဆက်ပြည်နယ် မိုက်ကယ် ဒူးကားကစ် တို့မှာ လည်းစနစ်ကြီး တစ်ခုလုံး  ပျက်စီးနေပါသည်ဟု သတိပေးကြွေးကြော်ခဲ့ကြပါသည်။ J.S Furnivall  ၏ စာအုပ်တအုပ်တွင် ကိုလိုနီအစိုးရလက်ထက် ဗမာတွေ၏ လူနေမှုစံနစ် တွင် ခြစားမှုတွေရှိနေခြင်း မှာ မြန်မာတွေ၏ ရှေးထုံးစံအတိုင်း နေတတ် ကြသောအကျင့်ကြောင့်ဖြစ်ပါသည်ဟု မှတ်ချက်ပေးခဲ့သည်။ 

ခြစားခြင်း၊ ၀န်ထမ်းတွေ အကျင့်ပျက်ကြခြင်း မှာ မကောင်းဘူးဟုဆိုစေ၊ ထိုအကျင့်ဆိုးတွေ ပပျောက်ရန် ပညာ ပေးနည်း အပြစ်ပေးနည်း နည်းမျိုးစုံအောင် သုံးကာ ကြိုးပမ်းကြသော်လည်း မအောင်မြင်ကြသေးပေ၊  ဤ ပြသနာသည် ကင်ဆာရောဂါနှင့် အတူတူပင်ဖြစ်သည်ဟုဆိုသူကဆိုကြသည်။

တကိုယ်ကောင်းဆန်မှု၊ မိမိကိုယ်ကျိုးကို ဦးစားပေးလေ့ရှိသည့် လူ့အကျင့်ကြောင့် အများကောင်းစားရေးကိစ္စတွေ ကို ဦးစားမပေးနိုင်ကြတာတွေလည်းရှိပါသည်။ ( Conflict of Interest) ဟုလည်း ဆိုကြသည်။ ရောဘတ်ကလစ်ဂါတ် (Robert Klitgaard ) ခေါ်စီးပွားရေးပညာရှင်တစ်ဦးက ခြစားမှုဖြစ်ပွားပုံကို ဖေါ်မြူလာတစ်ခုဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

ခြစားခြင်း  =  အာဏာပိုင်ဆိုင်မှု   +  လုပ်ပိုင်ခွင့် -   တာဝန်သိမှု  ဟုဆိုသည်။ 
လူတစ်ဦးတစ်ယောက်တွင် လုပ်ပိုင်ခွင့်အာဏာနှင့် သူကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိနေလျှင် သော်လည်းကောင်း၊ သူ့လုပ်ရပ် အတွက် ဘယ်သူ့မှာ မှစ၍ စစ်ဆေးပိုင်ခွင့် မေးပိုင်ခွင့် မရှိဘူးဆိုလျင်သော်လည်းကောင်း၊ ခြစားမှုတွေ  မသမာမှုတွေ ရှိနေ ကြအုံးမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။

လီကွမ်းယူး၏ ၀န်ထမ်းများကိုလစာလုံလောက်စွာ ပေးခြင်း၊ ခြစားသူကို ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းတို့မှာ ထိုဖော်မြူလာတွင် ပါပုံမပေါ်၊ တာဝန်သိမှုဟု ဆိုအပ်သော ခြစားမှုဖြစ်ပွားပြီးနောက် မိမိအထက်အရာရှိများက မိမိလုပ်ရပ်ကို စစ်ဆေးနိုင်မှု ရှိမရှိ ဆိုခြင်း မှာချမှတ်ထားသော  နည်းဥပဒေ စံနစ်များ နှင့်သာဆိုင်ပါသည်၊ လုပ်ထုံးလုပ်နည်း ဥပဒေကို တိတိကျကျ ရေးဆွဲထားမှသာ ရှေ့လူက လုပ်ထားသည်ကို နောက်လူတွေက မသမာမှုရှိက ဖေါ်ထုတ် နိုင်ကြပေလိမ့်မည်၊

လူတစ်ယောက်ထဲကို အာဏာတွေစုပုံပေးထားမည်၊ သူ့ဆုံးဖြတ်ချက်ကို ဆန်းစစ်ဝေဖန်သည့် စံနစ်မရှိဘူးဆိုလျှင် တော့ မသမာမှုတွေမှာ မလွှဲမသွေဖြစ်ရပါတော့မည်။ အာဏာရှင်စံနစ်၌ ခြစားမှုတွေဖြစ်ရသည်မှာ ဤအချက်ကြောင့် ပင်ဖြစ်ပါသည်။ ငါးတစ်ကောင်သည် ခေါင်းကပုပ်သိုးနေလျှင် တစ်ကောင်လုံး မကောင်းနိုင်ပါဟု ဥပမာပေးကြပါသည်။

ကျောက်ရောဂါမှာ ကမ္ဘာကြီးမှ ရှင်းရှင်းပျောက်သွားသလို ခြစားမှုသည်  တစ်ချိန်တွင် ပပျောက်ရမည်ဟု ဆိုသူက ဆိုကြသည်။ ကျေးကျွန်စံနစ် ပပျောက်သွားရသည်မှာလည်း တိုးတက်လာနေသော လူ့ယဉ်ကျေးမှုစံနစ် ကလက်မခံတော့ သောကြောင့်ဖြစ်ပါသည်၊ ထိုနည်းတူ မိမိဖါသာထင်ရာလုပ်နိုင်သည့် ဤအာဏာရှင်စံနစ်နှင့်အတူ ခြစားသောအလေ့အကျင့် သည် လူ့ယဉ်ကျေးမှု ကလက်မခံလျင် တဖြည်းဖြည်း ချုပ်ငြိမ်းသွားရမည် ဖြစ်ပါသည်။ 

သို့ပါသော်လည်း ခြစားမှုများ မှာ တကမ္ဘာလုံး နေရာအနှံ့ရှိနေဆဲပင်ဖြစ်ပါသည်။ အာဖရိကနိုင်ငံများတွင် ဂျီဒီပီ ၏ လေးပုံ တစ်ပုံမှာ စံနစ်မကောင်းမှုကြောင့် ဆုံးရှုံးနေကြရသည်ဟုဆိုသည်။ ကုလသမဂ္ဂက  ခန့်မှန်းရာတွင် ကမ္ဘာကြီးတခုလုံး ၏ စီးပွားရေးစံနစ်၏လည်ပါတ်ငွေ ဆယ်ရာခိုင်နှုန်းသည် လာဒ်ယူသူတို့လက်သို့ ကျရောက်ရသည်ဟုခန့်မှန်းကြသည်။

အာဖဂန်နစ်စတန်နိုင်ငံ ထူထောင်ရေးအတွက် အမေရိကန်အစိုးရသည် ၁၀၄ ဘီလီယံ ဒေါ်လာမျှ သုံးစွဲပြီးပြီ ဟုဆို သည်။ သို့ပါသော်လည်း ကြားလူများ၏ အလွဲသုံးစားလုပ်မှုကြောင့် တကယ့်ဖွံ့ဖြိုးရေးလုပ်ငန်းများသို့ရောက်ရသော ငွေ ရာခိုင်နှုန်းကို တွက်ချက်ခန့် မှန်း၍ပင် မရလောက်အောင်နည်းပါးသည်ဟုဆိုသည်။ ဤပမာဏသည် ကမ္ဘာ့စစ်အပြီး ဥရောပ တစ်တိုက်လုံး ဖွံ့ဖြိုးရေးအတွက်သုံးရသည့်  (Marshall  Plan) ဒေါ်လာနှင့် ကာလတန်ဖိုးချင်း ကိုက်ညီသည်ဟုလည်းခန့်မှန်း ကြသည်။ 

သို့ပါသော်လည်း ခြစားမှု လာဒ်ယူမှု အပေးအယူတွေရှိနေသည့်ကြားမှ တရုတ်ပြည်ကြီး၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု ကို ကမ္ဘာကတွေ့ကြရသည်။ အစိုးရတာဝန်ရှိသူ အရာရှိများ နှင့် စီးပွားရေးသမား များ ၏ဆက်ဆံမှုက မူမမှန်ဘူးဆိုစေ အစိုးရက မျက်စိတစ်ဖက်မှိတ်ခါ  မသိဟန်ဆောင်ထားသည်။ ထိုအကျင့်ပျက်မှုတွေကို နှိမ်နှင်းလျင်စီးပွားရေးလည်ပတ် မှုကို ထိခိုက်မည်ဟုဆိုကြသည်၊ တရုတ်အစိုးရသည် ခြစားမှုတွေကို သိသိသာသာတိုက်ဖျက်နေသည်။ ယခင်က အရာရှိကို လာဒ်ထိုးငွေပေးလျင် မိမိလုပ်ချင်ရာလုပ်ခွင့်ရသည်။ အခု လာဒ်ငွေပေးကားပေးစရာမလို၊ အရာရှိကလည်း မိမိလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ချပေးလိမ့်မည် မဟုတ်ပေ။ ဤနည်းဖြင့် လုပ်ငန်းတွေ နှောင့်နှေးကုန်ကြသည်။

(၄)

ခြစားမှုပပျောက်ရေးအတွက် ဖော်မြူလာတွေ အဆင်သင့်ရှိကြပါသည်။ ခေါင်းဆောင်တွေ၌ ထိုအကျင့်ဆိုးကို တိုက်ဖျက်လိုသောဆန္ဒ  (Political Will  ) စိတ်ရှိရန်သာလိုသည်။
ပထမအဆင့်အနေဖြင့် ထင်ရှားသော သူခိုးကြီးများ၊ ပြစ်မှုကျူးလွန်ထားသူများ မသမာမှုဖြင့်ကြီးပွားနေသူများကို ဖော်ထုတ်အရေးယူရမည်။ ဤအကျင့်ဆိုးကို တိုက်ဖျက်ရေးအတွက် ဤအချက် မှာအရေးကြီးသည်။ ကြီးမားသော ငွေ ပမာဏ ကို မတရားသဖြင့် ရယူထားသူတွေကို ထင်ထင်ရှားရှား အပြစ်ပေးလျှင် အောက်က အသေးအဖွဲ  ပြစ်မှုကျူးလွန်မည့် သူများကို သတိပေးရာရောက်သည်။

ခြစားသူကို ပြည်သူတွေက တိုင်တန်းရာတွင် တနေရာထဲမှာပြီးနိုင်သော One Stop Office များကို ဖန်တီးပေးထား သင့်သည်၊ email ကဲ့သို့သော အင်တာနက်မှ တိုင်လိုသူတွေကို တိုင်နိုင်ရန်လမ်းဖွင့်ပေးထားသင့်သည်၊ အရေးယူရေး မယူ ရေး မှာ တိုင်ပုံတိုင်နည်းပေါ်တွင်မူမတည်ဘဲ ကိစ္စ အရပ်ရပ်ကို တခုစီ ခွဲခြမ်းစိတ်ဖြာကြည့်ကြရမည်၊ လျို့ဝှက် ထားရန် လိုအပ်သလို တိုင်တန်းသူ၏လုံခြုံရေးကိုလည်း အကာအကွယ်ပေးထား သင့်သည်၊ အရေးကြီးသည်မှာ အစိုးရက စုံစမ်း အရေးယူ နေပြီဆိုလျင် တိုင်တန်းသူသိသာနိုင်အောင် ဆောင်ရွက်ထားသင့်သည်၊ 

 စစ်ဆေးပြစ်ဒဏ် စီရင်ခြင်းကိစ္စကို အများ မြင်နိုင်ရေး မှာအရေးကြီးသည်။ မြန်မာပြည်တွင် စသုံးလူံး ကဲ့သို့သော ခြစားမှု တိုက်ဖွဲ့ရေးအဖွဲ့များရှိကြပါသည်၊ စသုံးလုံး အဖွဲ့သည် လုပ်ပိုင်ခွင့်များ အလုံအလောက်ရှိရပါမည်၊ ထိုလုပ်ပိုင်ခွင့် ကို အလွဲ သုံးစား မပြုစေရန် စောင့်ကြည့်သူများလည်း ရှိရပါမည်၊ မသမာမှုကို တွေ့ရှိပါက ရေကုန်ရေခမ်း လိုက်ကြရမည်၊ စစ်ဆေးဆဲ အမှု များကို အမှုမှန်မသိရသေးမှီ တတ်နိုင်သမျှ လျှို့ဝှက်ထားသင့်သည်၊

ကျန်းမာရေးကိစ္စများ တွင် မဖြစ်မှီက ကြိုတင်ကာကွယ်ရသည့်နည်းတူ ခြစားမှုများမဖြစ်မှီကာကွယ်နိုင်ရန် ဖြစ်တတ်သော သဘောသဘာဝကို နားလည်ရန် လိုပါသည်။ 
ဝန်ထမ်းများကိုခြစားစရာမလိုဘဲ  လူတန်းစေ့နေနိုင်ရေး ကလေးများကို စာသင် ပေးနိုင်ရေး ရှိစေရမည်၊
နိုင်ငံတိုင်းတွင် မိမိဓလေ့ထုံးတမ်းဆိုင်ရာ အခက်အခဲတွေရှိတတ်ကြပေရာ ပေါ်လစီချမှတ်သူအတွက် မိမိနိုင်ငံတွင် ဘာတွေဖြစ်နေသည်ဆိုခြင်းကို အသေအချာသိရန်လိုပါသည်။ ထိုသို့သိနိုင်ရန်ပြည်သူတွေ၏ Feed back  လိုပါသည်၊ နိုင်ငံတော်အုပ်ချုပ်ရေးတွင် အကြမ်းအားဖြင့် ကဏ္ဍ တွေ ခွဲမည်ဆိုလျင် ဥပမာအားဖြင့်  

(၁) အစိုးရ ပရောဂျက်  Contract များ 
(၂) ရဲနှင့် တရာရုံး၊ 
(၃)ဆေးရုံ နှင့် ကျန်းမာရေး၊ 
(၄)အကောက်ခွန်၊ ဘဏ်နှင့်
(၅) ကုန်သွယ်ရေး၊ နိုင်ငံခြားသို့ ပစ္စည်းတင်ပို့ခြင်း၊ သွင်းယူခြင်းဟူ၍  ခေါင်းစဉ်များခွဲနိုင်ပါသည်၊
 နိုင်ငံတွင်းမှ ထင်ရှားသောစီးပွားရေးသမား ၄၀ (သို့) ၅၀ ခန့်ကို စုစည်း၍ သူတို့ထံ မှ အကြံဥာဏ်တွေ တောင်းခံနိုင်ပါသည်။ ရည်ရွယ်ချက်မှာ မိမိတို့လက်တွေ့အလုပ်လုပ်ကြရာတွင် တွေ့ကြရသော အခက်အခဲနှင့် ၀န်ထမ်းမသမာမှုများ မဖြစ်စေရေး အကာအကွယ်ပေးနိုင်ရန်ဖြစ်ပါသည်၊ 

သူတို့အတွေ့အကြုံများ  အကြံပြုချက်များကိုမူတည်ပြီး လက်ရှိ စံနစ်ကို လိုအပ်ပါက ပြုပြင်နိုင်ရန် ဖြစ်ပါသည်၊ အဖွဲ့အလိုက် အစီရင်ခံစာ ရေးစေ၍ သူတို့အဆို ပြုချက်များကို နားထောင်ရပါမည်၊  ကျွန်တော်တို့ နိုင်ငံ စီးပွားရေးလုပ်ငန်းများတိုးတက်စေရေး အတွက် အစိုးရက အလွန် စိတ်ဝင်စားကြောင်းပြသရပါမည်၊ ထိုအကြံပြုချက်များ အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်၊ အကယ်၍ လိုက်နာဆောင်ရွက်ရန်မဖြစ်နိုင်ပါက မိမိတွင် ခိုင်လုံသော အကြောင်း ပြချက်တွေရှိရပါမည်၊ ဒါငါ့လုပ်ခွင့် မို့ ခွင့် မပြုနိုင်ဆိုသော သဘောမထားရပါ၊

ထိုအရာများ မှာမှန်ပါသည်။ သို့ပါသော်လည်း ထိပ်ပိုင်းခေါင်းဆောင်ကြီးများပါ ခြစားနေလျှင် ဘာလုပ်ရမလဲဟု မေးစရာရှိသည်။ လုပ်ငန်းရှင်များအဖို့ မိမိရည်ရွယ်ချက် အောင်မြင်အောင် အခြားနည်း ဘာနည်းမှ မရှိလျင် တာဝန်ရှိ သူကို  လာဒ်ထိုးရမှာ သေချာပါသည်၊ Prisoner’s dilemma  ဟုခေါ်သည်။ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ လုပ်ငန်းရှင်ကြီးတွေ အပေးအယူမျှပြီး လုပ်ချင်ရာတွေလုပ်နေကြလျင် Corrupt Eqilibricum  ဟုခေါ်ပြီး နစ်နာရသူမှာ ပြည်သူများ ပင်ဖြစ်သည်။

ထိုအခြေအနေတွင် ကျွန်တော်တို့ ဘာတတ်နိုင်သနည်း၊ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါ။ 

မိမိကိုယ်ကျိုးကိုသာ ကြည့်သောခေါင်းဆောင်တွေသည် မိမိထိမ်းချုပ်ထားနိုင်သော အရာကို မိမိကိုယ်ကို  အထိခိုက်ခံ၍ အလွယ်တကူ လွှတ်ပေး ကြမည်မဟုတ်ပေ၊

ကမ္ဘာနှင့် အ၀ှမ်းတွေ့ကြရသော Third  Wave Democratic  Reform  ဆိုသည်မှာ ထိုကဲ့သို့သော အာဏာရှင် ခေါင်းဆောင်များ ကိုပြည်သူလူထုက ပုန်ကန်ဖြုတ်ချနေခြင်းကိုခေါ်ပါသည်၊ ခြစားနေသော စံနစ်သည် သက်ဆိုးမရှည်နိုင်၊ မသမာမှုများနှင့် မိမိကိုယ်ကို ချမ်းသာအောင်လုပ်လျင် တချိန်တွင် မကောင်းမှုသည် မိမိထံ ပြန်ရောက်လာမှာသေချာပါ သည်၊ မိမိ အပြုအမူကို အာဏာဖြင့် ဖုံးကွယ်နိုင်လျင်လည်း ခဏတာအချိန်သာရမည်၊ မိမိ နာမည်ကောင်းတည်တံ့လိုလျင် စည်းကမ်းဥပဒေ ဘောင်အတွင်းနေထိုင်ခြင်းမှာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်၊  


 Xxxx 

ကျော်ဦး - စွမ်းအင်နှင့်ဝန်းကျင်


ကျော်ဦး -  စွမ်းအင်နှင့်ဝန်းကျင်
(မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၂၆၊ ၂၀၁၅

စာအုပ်အမည် - စွမ်းအင်နှင့်ဝန်းကျင်
ရေးသားသူ - ကျော်ဦး
ထုတ်ဝေသူ - ဦးကျော်ဦး
ပါရမီ စာပေ
အမှတ် ၂၀၃ ၂၉ လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်။
၂/၄ ကမ္ဘာအေး စေတီတော်မုခ် ဦးစောင်းတန်း ရန်ကုန်။
၂၉ ၅ ဈေးအရှေ့လမ်း ထားဝယ်။
တန်ဖိုး - ၃၀၀၀ကျပ်။ အုပ်ရေ ၁၀၀၀
ပထမအကြိမ်။ ၂၀၁၄ခုနှစ် ဒီဇင်ဘာ 
မျက်နှာဖုံး ကျော်မင်းမောင် ။ အတွင်း အေးဖြူအောင်
အခန်း - ၁၈ခန်း အပိုင်း ၄ ပိုင်း

စွမ်းအင်အခြေခံ၊ စွမ်းအင်၏မတည်မငြိမ်ခရီးရှည်၊ သမရိုးကျစွမ်းအင်နှင့် အစားထိုးစွမ်းအင်၊ စွမ်းအင်နှင့် အထီးကျန်ကမ္ဘာ ဟူ၍ စိတ်ဝင်စားဖွယ် အပို်င်း၎ ပိုင်းအောက်တွင် အခန်းများ ခွဲရေးသားထားတာတွေ့ ရသည်။ အထူးသဖြင့် စာအုပ်၏ အဓိက စကားလုံးဖြစ်သော စွမ်းအင် ဟူသော အဓိပ္ဗယ်ကို စာရေးသူ၏ အမှာစာတွင် ရှင်းပြထားကာ စွမ်းအင်၏ သဘောသဘာဝများ နှင့် အသွင်အမျိုးမျိုးကို အပိုင်း၁ တွင် မိတ်ဆက်ရေးသားထားပါသည်။ 
ကျွနိုပ်တို့ လူသားများသည် ရှေးဟောင်းဂူလူသားများဘ၀ ကနေ ယနေ့တိုင် အထူးအရေးပါသော စွမ်းဆောင်မူ ကတော့ မီးကိုအသုံးချတတ်ခြင်းဖြစ်ပေသည် ထို့ကြောင့် ထိုမှတဆင့်ဆင့်တိုးတက်လာရာကနေ နျူကလီးယားစွမ်းအင်တိုင် သုံးစွဲတတ်လာကြောင်းဖြင့် စာရေးသူက ဆိုထားကာအခန်းတိုင်းတွင် လူများသည် အသက်ရှင်နေထိုင်ရေးအတွက် အသုံးချလာရာက ထိုမှတဆင့် မိမိတို့၏ ဘ၀မှာ ခြိမ်းခြောက်ခံနေရသော ဘ၀ကို ကြုံနေကြ ရပြီဟူ၍ ယခုအခါဖြစ်ပျက်နေသော သဘာဝကဒ်ဘေးဆိုးများ၊ လေထုညစ်ညမ်းလာမူများ၊ ပင်လယ်ရေမြင့်တက်လာမူများ၊ ရေလွှမ်းမိုးမူများ ဖြစ်လာခြင်းများသည် တကယ်တော့ လူသားများ စည်းကျော်သုံးစွဲမူတွေကြောင့်ဟု ထောက်ပြကာ မိမိတို့ကို ပြန်လည် ဒုက္ခပေးလာသော အခြေအနေရပ်ကိုသုံးသပ်ကြဖို့ စာအုပ်ဖတ်ရင်း အသိညဏ်ရရှိလိမ့်မည် ဟူဆိုရမည် ဖြစ်ပါသည်။
ဓါတ်ငွေ့ အမှူန်၊ ကျောက်မီးသွေး လောင်စာ၊ ရေအားလျှပ်စစ်၊ ဆိုလာစနစ်များ၊ လောင်စာအရည်၊ အဆီ၊ မြစ်ကြောင်းများ ပိတ်ဆို့ခြင်း၊ သဘာဝဓါတ်ငွေ့များ အကြောင်း၊ ရေနံ၊ ဇီဝလောင်စာ အစရှိသော သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေသော အခြေခံ အချက်အလက် ဗဟုသုတဖြစ်ဖွယ်များကို ဓါတ်ပုံများနှ့င့် တကွရှင်းလင်းချက်များ ပါဝင်ထားပါသည်။ 
၂၀၁၄ ၏ ဖြစ်ပျက်နေသော နောက်ဆုံး မှတ်တမ်း မှတ်ရာ သတင်းများကိုလည်း တွေ့ရှိရပါသည်။ နောက်ဆက်တွဲများတွင် စက်ရုံအလုပ်ရုံများကြောင့် လူများကျမ်းမာရေး မည်သို့မည်ပုံထိခိုက် မူများကြုံရပုံများ၊ ကြောက်စရာ အဖြစ်များကို ဓါတ်ပုံများဖြင့် ရှင်းပြထားတာများပါဝင် ထာ်းပါသည်။ ယနေ့ခေတ်ကမ္ဘာတွင် လက်ရှိကြုံတွေ့နေရသော လေကောင်းလေသန့် နည်းပါးလာခြင်း၊ လေထုညစ်ညမ်းခြင်း များကို ကိုယ်တိုင်တနိုင် ကာကွယ်ဖို့ လိုအပ်နေသော အချိန်အခါတွင် ဤသို့သော စာအုပ်ထွက်ရှိလာခြင်းကို ကြိုဆိုရင်း စာဖတ်သူများလည်း သဘာဝပတ်ဝန်းကျင်ကို စတင်စိတ်ဝင်စားလာဖို့ လိုအပ်လာ ပြီဟု၍ စာအုပ်ဖတ်ရင်း စဉ်းစားမိပါသည်။


ငြိမ်းချမ်းအေး - မြင်းခြံ လူထု စစ်တမ်း

ငြိမ်းချမ်းအေး - မြင်းခြံ လူထု စစ်တမ်း
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၅

မြင်းခြံထောင်ထဲမှာ သခင်စိုးက  မကောင်းဆိုးဝါး ဖက်ဆစ်ဝါဒဟာ ကမ္ဘာ့လူသားအားလုံးရဲ့ ဘုံရန်သူဖြစ်တာကြောင့် လစ်ဘ ရယ်အရင်းရှင် နိုင်ငံတွေနဲ့  မဟာမိတ်ဖွဲ့ရမယ် ဆိုပြီး မြင်းခြံစစ်တမ်းထုတ်ခဲ့ဖူးတယ်။

နှစ်ပေါင်း (၇၃) နှစ်အကြာမှာ အခု မြင်းခြံလူထုကလည်း မျက်မှောက် နိုင်ငံရေးစစ်တမ်းတစောင်ကို လူထုအားနဲ့ ထုတ်ပြ လိုက်ပါတယ်။

သံဃာ၊ ကျောင်းသား၊ စစ်သား၊ လယ်သမား၊ အလုပ်သမား၊ နိုင်ငံရေးသမား၊ စာနယ်ဇင်းသမား၊ မြန်မာ၊ မြန်မာမဟုတ်တဲ့ အခြားလူမျိုးစုများ၊ လက်နက်ကိုင်၊ လက်နက်မဲ့ အစရှိတဲ့ တိုင်းပြည်ရဲ့ အုပ်စုအသီးသီး အားလုံးရဲ့ ဘုံရန်သူဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ (၂၀၀၈) စစ်ဖွဲ့စည်းပုံနဲ့ လက်ရှိ အရေခြုံ စစ်တပိုင်းအစိုးရ ဖြစ်ကြောင်းကို မြင်းခြံလူထုစစ်တမ်းက သက်သေပြလိုက်ပါပြီ။

အရောင်အသွေး၊ ယုံကြည်ချက်၊ အယူဝါဒ မတူညီတာတွေ နောက်ထားလိုက်ပါ။  ဘုံရန်သူကို အရင်ဦးတည်ရှင်းပါ။

သံဃာတော်များ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်၊ ကြီးပွားတိုးတက်ချင်သလား စစ်အာဏာရှင်စနစ် အမျိုးပြုတ် အောင် အရင် ၏လုပ်ပါ။

ကျောင်းသား လူ့သိက္ခာရှိ၊ အဆင့်တန်းမီ စာတတ်ချင်သလား တိုင်းပြည်မှာ အနှစ်နှစ် အလလ တက်နေတဲ့ စစ်ဂျိုး ၏ကို ကျွတ်အောင် ခွာချလိုက်ပါ။

စစ်အာဏာရှင်စနစ်ဆိုးရဲ့ ချနင်းခံ သားကောင် စစ်သားငယ်များ လူစဉ်မီ လူတမ်းစေ့တဲ့ လူနေမှုဘဝဖူလုံရေး ခံစားလိုသလား  ငါ့ဘို့ (ဖို့) တခုတည်း အတွက် အမိန့်ပေးနေသူ စစ်အာဏရှင် ဗိုလ်ချုပ် အသစ်၊ အဟောင်းများကို တော်လှန်ပစ်လိုက်ပါ။

လယ်သမား ယာသမား ကိုယ့် လယ် ကိုယ့်ယာ သားစဉ်မြေးဆက် စိတ်အေးချမ်းသာ ချောင်ချောင်လည်လည် လုပ်လိုသလား တိုင်းပြည်မှာ စွဲကပ်နေတဲ့ စစ်သွေး စစ်နံ့တွေကို ကုန်စင်အောင် လျှော်ဖွပ်ပစ်လိုက်ပါ။

အလုပ်သမား ခိုစားမှ နပ်မှန်တဲ့ဘဝက လွတ်ချင်သလား တိုင်းပြည်မှာ မင်းမူ ထောင်လွှားတောက်ပနေတဲ့ စစ်ရောင် စစ်သွေး ကို မှေးမှိန်အောင် လုပ်ပစ်လိုက်ပါ။

စာနယ်ဇင်းသမားများ သတင်းမလိုက်ခင်  သရဏဂုံ တင်နေရတဲ့ ဘဝက လွတ်ချင်သလား တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ စစ်မြစ်ပွားနာ ကို အဆုံးတိုင် သင်းသပ်ပစ်လိုက်ပါ။

လူမျိုးစုငယ်များ မုဒိမ်းကောင်တွေရဲ့ ရမ်းကားမှုကို ခါးစည်းခံနေရတဲ့ ဘဝကလွတ်ဖို့ရာ တိုင်းပြည်မှာ စစ်ဝါဒသာ အရာရာဖြစ် နေတာကို ပပျောက်အောင် လုပ်ရမှာပါ။

နိုင်ငံရေးသမားများ (၂၀၀၈) စစ်ဖွဲ့စည်းပုံ ချုပ်နှောင်ခံအောက် နေ့ခင်းအိပ်မက် (၂၀၁၅) ကနေ ထွက်ခဲ့ပါ။

ဒီမိုကရေစီဟာ စကားအလှ၊ အပွင့်ရွေးစီ၊ အပေါ်ယံ နံ့သာထုံမွှမ်း၊ အရောင်တဖိတ်ဖိတ်လက်တဲ့ ကျတ်ပြေး လွှတ်တော်ခန်းမ မှာ မရှိပါ။

နေပူ၊ မြေပူ၊ ကန္တာရတပိုင်း ဒေသက ချွေးနံ့လှိုင်တဲ့ ရဟန်း ရှင်လူ မိဘ ပြည်သူ ကျောင်းသားကြားမှာပဲ ရှိပါတယ်။

နှစ်ပေါင်း ခြောက်ဆယ်ကျော် အမြစ်တွယ် လှိုက်စား ကုပ်ခွစီးနေတဲ့ တိုင်းပြည်ရဲ့ မကောင်းဆိုးဝါး စစ်အာဏာရှင် စနစ်ဆိုး တစ္ဆေကို မြင်းခြံလူထု စစ်တမ်း နမူနာယူ ဘုံရန်သူအဖြစ် အမြန်ဆုံး တိုက်ထုတ်ဖို့လိုကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
ဇန်နဝါရီ ၂၆၊ ၂၀၁၅

---

ဆက်စပ် ဘီဘီစီသတင်း မြင်းခြံလူထု ဓာတ်ပုံများကြည့်ရန် --
https://www.facebook.com/bbcburmese/posts/784257324963488

ကာတွန်းအောင်မော် - ဇိမ်ခံလေသူ


ကာတွန်းအောင်မော် - ဇိမ်ခံလေသူ
(မိုးမ) ဇန်န၀ါရီ ၂၆၊ ၂၀၁၅

အောင်ပွဲအဆက်ဆက်ခံဦးမည် (ကျောင်းသားသမဂ္ဂ သမိုင်း)


အောင်ပွဲအဆက်ဆက်ခံဦးမည် (ကျောင်းသားသမဂ္ဂ သမိုင်း)
မိုးမခ၊ ဇန်နဝါရီ ၂၆၊ ၂၀၁၅

ဒီမိုကရေစီ ပညာရေး နှင့် လွတ်လပ်ခြင်း အတွက် တိုက်ပွဲဝင် ခရီးရှည်ချီတက်နေကြသည့် မျိုးဆက်သစ် ကျောင်းသားလူငယ်ကလေးများအား ဂုဏ်ပြုလျက် ခေတ်အဆက်ဆက် ရပ်တည်ချက်မှန် တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂ သမိုင်းကို ပုံပေါ်နိုင်စေရန် ဆောင်းပါး အာဘော်၊ သီချင်းအက်ဆေးများဖြင့် မိုးမခ ပရိသတ်အား တင်ဆက်လိုက်ပါသည်။

××××××××××

မိုးမခ ဆောင်းပါးရှင် ငြိမ်းချမ်းအေး ၏ "သမိုင်း လက်ဆင့်ကမ်း" ဆောင်းပါး အာဘော် -- 

“…. ကမ္ဘာ့ နိုင်ငံ အသီးသီးက ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှုတွေ၊ အာဏာရှင် စနစ် ဆန့်ကျင်ရေးတွေကို ကြည့်ရင် “ခေတ်ပညာတတ် ကျောင်းသားလူငယ်များ” ဆိုတဲ့ အခန်းကဏ္ဍ ဟာ အမြဲ အရေးပါခဲ့သလို သူတို့ဟာ အများအားဖြင့် ရပ်တည်ချက်လည်း မှန်ခဲ့တယ်။

ဗမာ့ သမိုင်းကို ပြန်ကြည့်ပါ။

ကိုလိုနီ ကျွန်ဘဝ လွတ်မြောက်ရေးခေတ် ဒိုင်အာခီ၊ (၉၁) ဌာနနဲ့ လူကြီး နိုင်ငံရေး သမား များ ငြင်းခုံ ကောင်းပြီး ငါးထောင်စားနေချိန်၊ တွဲရေးလား၊ ခွဲရေးလား နဲ့ “ကျွန်” နဲ့ “ဒါသ” အတူတူချည်းပဲကို အရေးလုပ် “ဗျာ” များနေချိန် မှာ...

သူခိုးကြီး ငတက်ပြား စကားလုံး “လှံနဲ့ ထိုးသတ်တာလည်း မကြိုက်၊ သံလျက်နဲ့ ခုတ်သတ်တာလည်း မကြိုက်၊ သတိုးမင်းဖျား ဘေးက မိဖုရားခေါင်ကြီး စောဥမ္မာ ကိုသာ ကြိုက်တယ်”

ဆိုတဲ့ သဘော အတိုင်း တွဲရေးလည်း အလို မရှိ၊ ခွဲရေးလည်း အလိုမရှိ “လုံးဝ လွတ်လပ်ရေး”ကိုသာ အလိုရှိသည် ဆိုကာ ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့တဲ့ သခင်ဘသောင်း လမ်းစဉ် ကို ယုံယုံကြည်ကြည် လိုက်ခဲ့၊ တကယ် အကောင်ထည် ဖော် ခဲ့တာဟာ သခင်နု၊ သခင်ဘဟိန်း၊ သခင်အောင်ဆန်း အစရှိတဲ့ အဲဒီခေတ် ကျောင်းသား လူငယ်မျိုးဆက် ဖြစ်တယ်။


၁၉၆၂ ဆိုရှယ်လစ် (အမည်ခံ) ခေတ်ပြောင်းတော်လှန်ရေးကြီး ပုံဖျက် စစ်အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်ကို လူကြီး နိုင်ငံရေး သမား ဝါရင့် များ အငိုက်မိသွားချိန်၊ တချို့ “ခွေးကတက်” က လိုက်ဖို့ ပြင်ဆင်ချိန်၊ တချို့ “ပေါင်းစားဖို့” ကြံစည်နေချိန်မှာ ရဲရဲဝံ့ဝံ့ စတင် ဆန့်ကျင်၊ ကန့်ကွက် ခဲ့တာကလည်း ကိုသက်၊ ကိုဗဆွေလေး အစရှိတဲ့ ဗကသ၊ တကသ ကျောင်းသားလူငယ် မျိုးဆက်ပဲ ဖြစ်တယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ဦးဆောင် ခဲ့တာလည်း လူငယ်မျိုးဆက်ပါပဲ။

ဒါပေမဲ့ (၁၉၈၈) မှာဆံပင်ရှည်ထားရင်းနဲ့ တော်လှန်ခဲ့ရတဲ့ စနစ်ဆိုး ဟာ ကံမကောင်း၊ အကြောင်းမလှစွာနဲ့ Hip Hop သီချင်းဆို ဆံပင် ထောင်၊ နီကြောင်ကြောင် အရောင်ဆိုးကြတဲ့ ခေတ်အထိ သက်ဆိုးရှည်ခဲ့ရတယ်။
ဒီလိုနဲ့ စကားပြောရင် သီချင်းဆိုသလို ပြောပြီး သီချင်းဆိုရင် စကားပြောသလို ဆိုတတ်တဲ့ လူကြီးဆိုသူများ မျက်စိစပါးမွှေးစူးစရာ မျိုးဆက်ရဲ့ ဘောင်းဘီ စကောစက၊ စကတ်တို၊ ဆံပင်ထောင်၊ ဆံပင်ဆိုး လူငယ်လေးတွေဟာ ကျလာတဲ့ သမိုင်းပေး တာဝန်ကို ထမ်းရင်း လမ်းပေါ်ထွက်ကာ စနစ်ဆိုးကို တော်လှန်ခဲ့ကြတယ်။ ရွှေဝါရောင်လူထုလှုပ်ရှားမှုကြီးရဲ့ ဦးဆောင် သံဃာတွေကို ဝန်းရံ အာဏာရှင်ကို ဆန့်ကျင်ခဲ့ရပြန်တယ်။

တနည်းအားဖြင့် (၈၈) မျိုးဆက် ကနေ (၂၀၀၇) မျိုးဆက် ကို ပြောင်း ခေတ်ဝန်ကို ဆက်ထမ်း ခေတ်လမ်းကို ဆက်လျှောက်ခဲ့ကြရတယ်။ ဒီ အချက်ဟာ အခု မြင်နေရတဲ့ ဗမာ့ဒီမိုကရစီ အပြာင်းအလဲလို့ အကောင်းမြင် ဆိုနေကြရတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ လက်ငင်းအကြောင်းကြီး တခုလည်း ဖြစ်တယ်။

ဒီလို ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၂၀၀၇ မျိုးဆက် အဆက်ဆက်ဟာ အနာဂတ်မျိုးဆက်သစ် အတွက် သမိုင်းအမွေကောင်း အဖြစ် တိုင်းပြည်မှာ ‘တရားမျှတမှု၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး’ ဒီမိုကရေစီ တရားတွေ ထွန်းကား၊ စည်ပင်၊ ရှင်သန်စေဖို့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကြိုးစားခဲ့ကြတယ်။ အဆုံးတိုင် အောင်မြင်မှုတော့ အခုအထိ မရသေးပါဘူး။

ဒါပေမဲ့ ဒီလို မျိုးဆက်ဟောင်းတွေ အဆက်ဆက် ပေးခဲ့တဲ့ သမိုင်းအသိ၊ သမိုင်းအမွေ၊ သမိုင်းမှတ်တိုင် စစ်အာဏာရှင်စနစ်ဆိုး ကို မဆုတ်မနစ် ဆန့်ကျင်မှု နဲ့ ရပ်တည်ချက် ခိုင်မာမှုဟာ ခေတ်အဆက်ဆက် က မျိုးဆက်သစ်တိုင်း အတွက် အတုယူစရာ၊ အမွေခံချင်စရာ “စိတ်ဓာတ်လက်ဆင့်ကမ်းမှု” ကောင်းတခု ဖြစ်ခဲ့ရတယ်။

ဒီလို ပုခုံးပြောင်း တာဝန်ယူလိုမှု ဖြစ်ပေါ်လာခြင်းဟာ ခေတ်က တောင်းဆိုလို့၊ လိုအပ်လို့ ဆိုတာ အပြင် နောင်တော် မျိုးဆက်ဟောင်းတွေရဲ့ အတွေးအခေါ်၊ ရပ်တည်ချက်၊ စိတ်ဓာတ် ခိုင်မာမှု ကို ကြည်ညို၊ လေးစား၊ အားကျ၊ အတုယူမှု ဆိုတဲ့ အချက်ကလည်း အဓိက ကျတယ်။

“အတွေးအခေါ်၊ ရပ်တည်ချက်၊ စိတ်ဓာတ်” မှန်ကန်၊ ခိုင်မာမှု ရှိခြင်း ဟာ မျိုးဆက်တိုင်းအတွက် “အသက်” ပါပဲ။

ဒီလို ရပ်တည်ချက် မှန်ခြင်း၊ စိတ်ဓာတ် ခိုင်မာခြင်း ဆိုတာတွေ ဟာ ခေတ်အဆက်ဆက် အတွက် ပုခုံးပြောင်း လက်ဆင့်ကမ်း တာဝန်ယူ စေဖို့ ဖြစ်စေတဲ့ “ကောင်းမွေ” တွေ ဖြစ်တယ်။ ဒါဟာ တော်လှန်ရေး ရည်မှန်းချက် အပြီးပြတ် မအောင်မြင် ခဲ့စေဦး စံနမူနာပြု အတုယူ အမွေခံထိုက်တဲ့ အချက် ဖြစ်တယ်။…..”

×××××××××

ကိုလိုနီ သူ့ကျွန် ဘဝ ကတည်းက အနိုင်မခံ ခဲ့သည့် သမဂ္ဂ စိတ်ဓာတ်

My head is bloody, but unbowed.

ငါ ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။  သို့သော် ညွတ်ကား မညွတ်။
အောင်ဆန်း ၏ အနိုင်မခံ စိတ်ဓာတ် (သို့မဟုတ်)  ကျောင်းသား သမဂ္ဂ စိတ်ဓာတ်

(၁၉၂၀) ပထမ ကျောင်းသားသပိတ် ကြေညာချက်

(အောင်ထွန်း မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ် မှ ယူသည်။)

ကျောင်းသားသမဂ္ဂသီချင်း

တိုင်းပြည်ကို.. ရှေ့ဆောင်ကာ.. ဒို့ကျောင်းသားတွေသည်..
စံနမူနာတင်.. ကျောင်းသား သမဂ္ဂ တို့ဖြစ်သည်..
ကမ္ဘာတ၀ှမ်းမှာ.. ဗမာစွမ်းတာ.. မော်ကွန်းတင်ပါမည်..
ဒို့တတွေ.. သွေးစည်းမည်..

ဗမာပြည်ဆိုင်ရာ.. ကျောင်းသားသမဂ္ဂသည်.. ရာဇ၀င်တွင်လောက်ပေသည်..
တော်လှန်ရာတွင်.. ရှေ့ကပင်.. ဦးထိပ်တင်
သက်စွန့်ကြိုးပမ်း.. ထမ်းရွက်ခဲ့ပေသည်..

ကိုယ်ကျိုးအတွက်ဆို.. မငဲ့ကွက်နိုင်ပါသည်..
ကျောင်းသားများရဲ့.. ကောင်းကျိုးတွေကို.. ထမ်းရွက်မည်..
ညီညီညာညာ.. ဒို့အောင်လံတော်.. အောက်ကို.. ၀င်ကာချီ..
ဒို့ကျောင်းသားတွေ.. ညီကြသည်.. ဟေ့…

တိုင်းပြည်ကို.. ရှေ့ဆောင်ကာ.. ဒို့ကျောင်းသားတွေသည်..
စံနမူနာတင်.. ကျောင်းသားသမဂ္ဂ တို့ဖြစ်သည်..
ကမ္ဘာတ၀ှမ်းမှာ.. ဗမာစွမ်းတာ.. မော်ကွန်းတင်ပါမည်..
ဒို့တတွေ.. သွေးစည်းမည်..

ကျောင်းသားသမဂ္ဂသီချင်း နားဆင်ရန် --
YouTube Music Video URL: http://youtu.be/HbO_nFJbjXY

အင်္ဂလိပ် ကိုလိုနီ မဆလ စစ်တပ် ခေတ်အဆက်ဆက် “အောင်ပွဲအဆက်ဆက်ခံဖူးသည်
မျက်မှောက်မှာလည်း “အောင်ပွဲအဆက်ဆက်ခံဦးမည်”၊ ပြည်သူအပေါင်း ဝန်းရံကြပါ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များ ဦးဆောင်ကြပါ။

အောင်ပွဲအဆက်ဆက်ခံဦးမည် (ဗကသများအဖွဲ့ချုပ်သီချင်း)
ဂီတစာဆို ကိုလေးညွန်

(ကျား) ငါဒို့.. ကျောင်းသားအပေါင်း.. စည်းလုံးညီရမည်..
အမျိုးသားရေးကို.. ကြိုဆိုဖို့ရည်..
ဒီမိုကရေစီ ပညာရေး အတွက်.. ရည်..
ဒို့ အသား.. ဒို့ အသွေး.. စတေး လှူမည်..

(မ) ငါဒို့.. ကျောင်းသားအပေါင်း.. စည်းလုံးညီရမည်..
အမျိုးသားရေးကို.. ကြိုဆိုဖို့ရည်..
လွတ်လပ်ခိုင်မြဲ.. အဓွန့်ရှည်ဖို့.. အတည်..
ပြည်ချစ်စိတ်ဓာတ်..  မွေးစို့.. ညီ..

(ကျား) ဟေ.. ညီညီညာညာ.. လွတ်လပ်ရေး.. ထိန်းသိမ်းမည်..

(ကျား) ဟေ.. အောင်ပြီ.. အောင်ပြီ..
ငြိမ်းချမ်းရေး .. ထိန်းသိမ်းမည်..
ဖက်ဆစ်ဝါဒီ.. တိုက်ဖျက်မည်..

ဟေ.. အောင်ပြီ.. အောင်ပြီ..
လွတ်လပ်ရေး.. ထိန်းသိမ်းမည်..
နယ်ချဲ့ရန်ကို.. တွန်းဖြိုမည်..

(ကျား + မ) ကျောင်းသား.. အသိနှင့် ကျောင်းသား အခွင့် တင်ပြမည်..
သွေးစည်းလို့ပင် ရာဇာဝင်.. အခန်းဆက်ရှည်
ဗကသများအဖွဲ့ချုပ်.. ဦးဆောင်..
အောင်ပွဲအဆက်ဆက်ခံဦးမည်..

အောင်ပွဲအဆက်ဆက်ခံဦးမည်.သီချင်း နားဆင်ရန် --

YouTube Music Video URL: http://youtu.be/XCQ-OJIobs4

Le-Skin Skin Care Product ၏ ရွှေသားကံထူးရှင် ရွေးချယ်ပွဲ ကျင်းပ




Le-Skin Skin Care Product ၏ ရွှေသားကံထူးရှင် ရွေးချယ်ပွဲ ကျင်းပ
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၅

Le-Skin Skin Care Product ၏ ရွှေသားကံထူးရှင်ရွေးချယ်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ချပ်ထရီယမ် ဟိုတယ် တွင် ဇန်နဝါရီလ (၂၃) ရက်နေ့ နေ့လည်(၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။




အစီအစဉ်အရ မန်နေဂျင်းဒါရိုက်တာ MR.Visit Sae-Seng နှင့် Mr.Chokchai Chanthasa Ti Ian  တို့က အမှတ်တရ စကားများပြောကြားခဲ့ကြသည်။ အထူးဆု ရွှေ(၁) ကျပ်သား (၁) ဆုနှင့် ရွှေငါးမူးသား (၁)ဆုတို့အား ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ယုသန္တာတင်မှ ကံစမ်းမဲနှိုက်ပေးခဲ့ပြီး ရွှေငါးမူးသားဆု နှင့် တမတ်သားဆုများကို ဒါရိုက်တာမမြတ်ဆုပိုင်မှလည်းကောင်း ၊ရွှေငါးမူးသား (၂) နှင့် ရောင်းချပေးသောဆိုင်များ ရွှေတမတ်သားဆုကို အနယ်နယ်အရပ်ရပ် မှ ကိုယ်စားလှယ်တော်ကြီးများမှ ကံစမ်းမဲ နှိုက်၍ ရွေးချယ်ပေးခဲ့ကြသည်။

တေးသံရှင် သားသား နှင့် နန်းချစ်နဒီဇော် တို့မှ တေးသံသာများဖြင့် ဖျော်ဖြေခဲ့သလို Jade Dragon Dancer အဖွဲ့မှလည်း အကများဖြင့် ဖြေဖျော်ခဲ့ကြပြီး  တက်ရောက်လာသော ဧည့်သည်တော်ကြီးများအား T.V, Fan , EVD   စက်များအား ကံစမ်းမဲ နှိုက်ပေးခဲ့သည်။

သစ်ကောင်းအိမ် - ကမ္ဘာနှစ်ခြမ်း


သစ်ကောင်းအိမ် - ကမ္ဘာနှစ်ခြမ်း
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၅

 မချစ်ခင်မနှစ်သက်သူတွေနဲ့ ပြန်မဆုံချင်လို့
 နောက်ဘဝကို မယုံဘူး 
ချစ်ခင်နှစ်သက်သူတွေနဲ့ ပြန်ဆုံစရာရှိသေးတော့လည်း
 နောက်ဘဝကို ယုံမိပြန်တယ်…

 နောက်ဘဝ နောက်ကမ္ဘာကို 
တယောက်အခြမ်း တယောက် 
စိတ်နဲ့တောင် ပြစ်မှားမရတဲ့ နံရံထူထူကြီးနဲ့ ကာထားမယ်

 နောက်ဘဝ နောက်ကမ္ဘာမှာ
 နေလည်း ဆတူ 
လလည်း ဆတူ
 လေလည်း ဆတူ 
ပင်လယ်ရေလည်း ဆတူ 
စံပယ်ပန်းရနံ့လေးတွေ မွှေးပျံနေတာကအစ 
အရာရာ သာတူညီမျှ… 

တာတေတွေ... ယုတ်ချင်သလောက်သာ ယုတ်
 ကန်းချင်သလောက်သာ ကန်း
 ကိုယ့်ဘက် အခြမ်းပဲဟာ 
ကိုယ့်အစွမ်း ကိုယ့်ရုံမှာသာ ရုံတင်... 
ကိုယ်တို့တွေလည်း ကိုယ်အလွမ်းနဲ့ကိုယ် 
ရှင်သန်ခြင်းကို ခုံမင်မယ်။ 

(၂၆။ ဇန်နဂါရီ။ ၂၀၁၅) 

(တိမ်းရှောင်သူ သိဏ်းသိဏ်းအတွက် …..)
(ဓာတ်ပုံ - နီဂျူလိုင်)

ငြိမ်းချမ်းအေး - နေမြင့်လေ အရူးရင့်လေ လူထု နာလေ


ငြိမ်းချမ်းအေး  - နေမြင့်လေ အရူးရင့်လေ လူထု နာလေ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၅

ဗမာပြည်ကကောင်းဘွိုင်က သေနတ်တွေ လမ်းပေါ်ပစ်မရရင် ခြောက်ဗုံးတွေ လှည့်ခွဲတတ်ပါတယ်။

အခု မဘသ ဥက္ကဋ္ဌ ကျောင်း ဗုံးလန့်တာက အစရယ်ပါ။  ဒီမိုကရေစီ အင်အားစုနဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ NLD နဲ့ ဘုန်းကြီး လှည့်ရန်တိုက်ပေးရာမှာ ကြားက မွတ်ဆလင်က လောင်စာပါ။

ဒီမိုကရေစီ အရောက် သာသနာ အပျောက်ပဲ ဆိုတဲ့ လမ်းကြောင်းမှုမှာ သားမယား ပြုကျင့်မှု လန်ကြုတ်ဇာတ်လမ်းတွေ ရှိသလို၊ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ ရှိသလို၊ ကိုယ့်ဘာသာ ထောင်တဲ့ လုပ်ဗုံးတွေလည်း ရှိပါတယ်။  ပြီးရင် ဆုံးသွားရှာပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်လို မြေဇာပင် တရားခံတယောက် ရှာပါမယ်။

အရင်တုန်းကဆိုရင်တော့ ဗုံးခွဲပဟေ့ (ဗုံးကွဲ မဟုတ်ပါ) ဆိုရင် လွယ်လွယ်ကူကူ ပြည်သစ်ညွန်ဝေ တို့ ဘာတို့ ဆိုပြီး လက်ညှိုးထိုးနိုင်တယ်။  အခုတော့ တော်လှန်ကြောင်တွေကိုယ်တိုင် ပြည်တွင်းရောက်နေပြီဆိုတော့ ကုလား အပြင် အခြား ဖိထောင်းစရာ မရှိပါ။

နေမြင့်လေ အရူးရင့်လေ ဆိုသလို (၂၀၁၅) ရောက်လေ အာဏာရူးများ မိုက်သွေးရင့်လေပါပဲ။

အာဏာကို ဆုပ်ကိုင်ထားလိုသူများရဲ့ လှည့်ကွက်အစုံစုံမှာ အပွင့်ဆိုင် အရေအတွက်နဲ့ အတိုက်အခံကို အလုပ်ပေးထားတာ၊ မျိုးစောင့်ဥပဒေနဲ့ လွှတ်တော်မှာ ပွဲထိန်းတာမျိုးကအစ၊ လူထု အပေါ် ခေါင်းလောင်းရှာခိုင်းတာ အလယ်ကနေ ဗုံးခွဲမှုတွေ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးတာအထိ အမျိုးမျိုး အဖုံဖုံ ပါ ပါတယ်။

လူထု နဲ့ ကျောင်းသား ပူးပေါင်း လှုပ်ရှားမှုတွေ ရေချိန်ပိုမြင့်လာလေ အာဏာရူးများ အရူးမီးဝိုင်းပြီး သားကောင်ချနင်း မိုက်ကန်းတဲ့ အလုပ်တွေ ပို လုပ်လာကြဦးမှာပါ။

ရင်လေးဖွယ်ပါ။

ခေါင်းဆောင်များ ဒါတွေကို ကြိုမြင် လူထုနဲ့ ပူးပေါင်း၊ သံပူတုန်း ထုနှက်ဖို့ ကြိုးစားပါ။  လူထု ကို တကယ် မနာစေချင်ဘူးဆိုရင် လူထုနဲ့ ပူးပေါင်းပါ။  ဒီအတိုင်းလွှတ်ထားပြီး လွှတ်တော်မှာ တိုးလျလျနဲ့ ဘယ်နှစ်ပွင့်တွေ့မယ် တောင်းဆိုမယ် ဘယ်လောက်လုပ်လုပ် အာဏာရူးများက တချက်လှည့် တနည်းနည်းနဲ့ တိုင်းပြည်ကို သွေးချောင်းစီးစေဦးမှာပါ။

လှည့်ကွက်တွေ၊ ထောင်ခြောက်တွေက အဖန်တရာတေ ရိုးပေမဲ့ ဒါကိုပဲ မကျော်နိုင်၊ မလွှားနိုင်ခံနေရတာ ရင်နာစရာပါ။  တဖက်က လုပ်စရာရှိတဲ့ အလုပ်တွေကို တနေ့တမျိုး မရိုးရအောင် လုပ်ပြနေတာပါ။

ခေါင်းဆောင်များ ခေါင်းရှောင်မဟုတ်ကြောင်း သက်သေပြု လူထုကို ဦးဆောင်ဖို့ သင့်ပါပြီ။ 

နေမြင့်လေ အရူးရင့်လေ လူထု နာလေ ဆိုတာ သတိပြုသင့်နေပါပြီ။

ငြိမ်းချမ်းအေး

ဇန်နဝါရီ ၂၄၊ ၂၀၁၅