ဇာနီကြီး - ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်များလောက်တောင် ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ မရှိတော့ဘူးလား

ဇာနီကြီး - ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်များလောက်တောင် ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ မရှိတော့ဘူးလား
(မိုးမခ) မေ ၄၊ ၂၀၁၅

စာရေးသူ ၂၀၁၂ တနှစ်လုံး ဗီယက်နမ်နိုင်ငံ၊ ဟိုချိမင်းမြို့မှာ နွားနို့စက်ရုံတခု တည်ဆောက်ခြင်းကို ဂျာမဏီ GEA ကုမဏီရဲ့ ကန်ထရိုက်တာအဖြစ် လုပ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကို ရင်းနှီးမြှုတ်နှံတဲ့နိုင်ငံတွေကိုကြည့်လိုက်တော့ အရှေ့တောင်အာရှ နိုင်ငံတွေချည်း အများစုဖြစ်ပါတယ်။ အနောက်နိုင်ငံများက တိုက်ရိုက်ရင်းနှီးတာတွေရှိပေမဲ့၊ အများစုက စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံများမှာ ရှိနေပြီးသား သူတို့ကုမ္ပဏီများကနေတဆင့် ရင်းနှီးမြှုတ်နှံကြပါတယ်။ ပြဿနာဖြစ်ရင် အရှေ့ တောင်အာရှနိုင်ငံအချင်းချင်း ပြောဆိုဖြေရှင်းတော့ စကားပေါက်ပါတယ်။ အဖြူကောင်၊ အမဲကောင်လို့ခေါ်ကြတာ အ နောက်တိုင်းသားတွေနဲ့ ဗီယက်နမ်နိုင်ငံသားတွေ ယဉ်ကျေးမှုမတူတော့ ဆက်ဆံရခက်ပါတယ်။ အခုတော့ ဥရောပလူမျိုး များက ဖက်ရမ်း၊ ပါးကိုနမ်းကြရင်လည်း ကိစ္စမရှိသေးပါဘူး။ အဲ..မြန်မာနိုင်ငံမှာတော့ အခုမှ အစပဲရှိပါသေးတယ်။ မြန်မာ အစိုးရလူကြီးမင်းကတော် စကတ်ဝတ်ပြီး ရန်ကုန်မှာ ဈေးဝယ်ထွက်တာ မီဒီယာထဲရောက်သွားရင်တော့ အစိုးရလူကြီးမင်း (စစ်ဗိုလ်ဟောင်း) အောင်ဖျာလိပ်သွားနိုင်ပါတယ်။

တနေ့က နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ၂၀၀၄ မှာ စုစုပေါင်း ကန်ဒေါ်လာ ၈ ဘီလျှံ ရရှိပြီး၊ မနှစ်ကထက် နှစ်ဆ တိုးတက်လာတယ်။ ဒါပေမဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့တော့ လုံးဝမယှဉ်နိုင်သေးပါဘူးလို့ သမ္မတရဲ့ စီးပွားအကြံပေး ဦးဇော်ဦးဆိုသူက ပြောပါ တယ်။ နိုင်ငံတကယ်တိုးတက်ဖို့ အလုပ်အကိုင်ရရှိဖို့၊ စက်မှုကုန်ချောစက်ရုံ ရင်းနှီးမှုတွေ ဝင်လာမှဖြစ်မှာ၊ ၂၀၁၄ မှာတော့ စက်မှုကုန်ချောစက်ရုံတွေ ကန်ဒေါ်လာ ၁ ဘီလျံလောက်ဝင်လာလို့ အခြေအနေကောင်းလာတယ် ..ပြောပါတယ်။

စာရေးသူ ဗီယက်နမ်မှာ အလုပ်လုပ်နေစဉ် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ၊ အထူးသဖြင့် အတိုက်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲ နေရာ ၈ ရာခိုင်နှုန်းလောက်မှာ အနိုင်ရသွားတာတွေ၊ နိုင်ငံခြားကုမဏီကြီးတွေ တသဲသဲ မြန်မာ ပြည်ကို သွားလေ့လာနေတာ၊ ဗီယက်နမ်သတင်းဌာနတွေမှာ တွေ့ရပါတယ်။ မြန်မာများနဲ့ တွေ့ထိနေတဲ့ အလုပ်ထဲက လူငယ်များက မြန်မာလူမျိုးဖြစ်တဲ့ စာရေးသူတို့အုပ်စုကိုမြင်တဲ့အခါ အားရကြပါတယ်။ မင်းတို့မြန်မာနိုင်ငံကတော့ ငါတို့ ဗီယက်နမ်ကို ကျော်သွားတော့မယ်။ ငါတို့နိုင်ငံ ဗီယက်နမ်ကတော့ အစိုးရသိပ်မကောင်းလို့ မတိုးတက်ဘူး.. လို့ အားငယ် သံနဲ့ ပြောကြပါတယ်။ ဒါက လွန်ခဲ့တဲ့ ၃ နှစ်က အခြေအနေပါ။

၃ နှစ်လောက် သမ္မတဦးသိန်းစိန်အစိုးရသစ်အုပ်ချုပ်ရာ မှာ ပြုပြင်ပြောင်းလဲရေးကိုလက်မခံတဲ့ နောက်ကွယ်ကြိုးကိုင်တဲ့ စစ်ဗိုလ်ဟောင်းအုပ်စုက ဘာသာရေးအဓိရုဏ်တွေ ဖန်တီးပါတော့တယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲကြီးတွေ လေယာဉ်၊ တင့်ကားတွေနဲ့ ကာကွယ်ရေးတပ်မတော်ကြီး ကချင်လက်နက်ကိုင်တွေကို တဖက်သတ်တိုက်ပါတယ်။ အခုတော့ ငြိမ် သွား ကြပါပြီ။ တိုင်းပြည်လည်း ၃ နှစ်အတွင်းမှာ ထင်သလိုဖြစ်မလာပဲ.. ဗီယက်နမ်က ညီအစ်ကို၊ အစ်မများကို ဟစ်သာ အော် ပြောလိုက်ချင်ပါတော့တယ်.. မင်းတို့ဗီယက်နမ်ကို မှီဖို့မပြောနဲ့၊ လာအိုနိုင်ငံကိုတောင် မမှီသေးဘူးဟေ့..လို့ ဝမ်းနည်းစွာနဲ့ ပြောလိုက်မိမှာပါ။

● ဘာကြောင့်လဲ ...
စာရေးသူကိုယ်တိုင် အကျင့်ဟောင်းမပြောင်းနိုင်လို့ ဖြစ်ပါတယ်။ မြန်မာစကား “လ”  “စ” ဆိုတာ အင်္ဂလိပ်စကာ “f” နဲ့ တူပါတယ်။ စစ်တပ်နဲ့ သင်္ဘောသားတွေမှာ ဒါမျိုးစကားလုံးတွေ များများသုံးပါတယ်။ အစိုးရအုပ်ချုပ်သူ လူတန်းစားက ဒါမျိုးတွေ မသုံးသင့်ပါဘူး။ ငါးစိမ်းသည်စကားမျိုးတွေ အုပ်ချုပ်သူများ မပြောသင့်တော့ပါဘူး။ ပြည်သူလူထုကလည်း ဒါမျိုး ခပ်ကြမ်းကြမ်းပြောလည်း  ခပ်ပြုံးပြုံးပါပဲ။ ဝန်ကြီးတွေက စစ်ဗိုလ်ဟောင်းတွေ၊ ညွှန်ချုပ်၊ ညွှန်မှူးတွေလည်း စစ်ဗိုလ်ဟောင်း တွေ၊ အထူးသဖြင့် တိုင်းပြည်လက်ရှိအုပ်ချုပ်နေတဲ့ အထွေထွေဦးစီးမှုတွေ အားလုံးနီးပါးက စစ်ဗိုလ်ထွက်တွေချည်းပါပဲ။ ရွေးကောက်ခံရလို့ လွှတ်တော်အမတ်ဖြစ်နေတဲ့ ကြံခိုင်ရေးပါတီဝင်အမတ်က ပြောပါတယ်။ အေးကွာ..ငါ့တို့မြို့နယ်မှာ အ ထွေထွေဦးစီးမှူး မပြောနဲ့၊ ဆောက်လုပ်ရေးမြို့နယ်မှူးတောင် ငါ့စကားကို လုံးဝဂရုမစိုက်ဘူး.. လို့ ပြောပါတယ်။ ဒီတော့ ရွေးချယ်ခံရတဲ့ လွှတ်တော်အမတ်ဆိုတာ ဘာမှအာဏာမရှိမှန်း သေချာနေတဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လက်ရှိအခြေ အနေပါ။

● စကားလုံးကြမ်း၊ လူကြမ်း၊ စစ်အုပ်ချုပ်ရေး
တနေ့ကပဲ စင်ကာပူရောက် အနှစ် ၂၀ ကျော် ပြည်ပရောက် ငယ်သူငယ်ချင်းမိတ်ဆွေတဦးက ရင်းနှီးစွာနဲ့ပြောပါတယ်။ မြန်မာနိုင်ငံအုပ်ချုပ်သူ “လ” တွေ သူတို့အကျင့် “စ” တွေ မပြောင်းသေးတော့ ..ဘာညာနဲ့ပြောတော့ ..အေးကွာ၊ မင်းတို့ ငါတို့တောင် ဒီစကားလုံးတွေ အသက်ကြီးတာတောင် ကျင့်သုံးနေဆဲဆိုတော့ ငါတို့သားသမီးတွေကြားရင်၊ ငါတို့စကား ဘယ်နားထောင်ပါ့မလဲ။ စိတ်ကြမ်းဒေါသဝင်လာရင်၊ အပြောကြမ်းလာတယ်။ နောက်တော့ အော်ဟစ်ရိုက်နှက်၊ အိမ်က ပုလင်းတွေကွဲကုန်တယ် ..လို့ ရယ်စရာပြန်ပြောကြပါတယ်။

ဒါကိုဘယ်လိုပြုပြင်မလဲ  .. ဆိုတော့၊ နိုင်ငံအကြီးအကဲမှာ တာဝန်ရှိပါတယ်။ အခုတော့ သမ္မတဦးသိန်းစိန်လက်ထက်မှာ အမျိုးသမီးဝန်ကြီး ၂ ဦး ခန့်ထားပါပြီ။ ပညာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးတွေ ဖြစ်ပါတယ်။

အမျိုးသားတွေအသုံးမကျရင် အမျိုးသမီးတွေကိုပဲ အားကိုးရပါတယ်။ အမျိုးသမီးအုပ်ချုပ်တာတော့ ဘယ်သူမှ မခံချင်ကြ ပေမဲ့၊ အမေရိကန်နိုင်ငံမှာ အမျိုးသမီး ဟီလာရီကလင်တွန် သမ္မတဖြစ်လာရင်လည်း ဘယ်သူမှ အံ့သြမှာမဟုတ်သလို၊ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင်လည်း အံ့သြစရာမရှိ။  အမျိုးသားများ ညံ့ဖျင်းစွာအုပ်ချုပ်လို့ ပျက်စီးလာတဲ့နိုင်ငံကို အမျိုးသမီးများ မကျေမနပ်ဖြစ်တာလည်း မဆန်းပါဘူး။

တိုင်းပြည်ကိုအုပ်ချုပ်သူ စစ်ဗိုလ်ဟောင်းတွေ သူတို့မလုပ်တတ်ပါဘူး။ သူတို့က နောက်တက်မယ့်အစိုးရအတွက် ဥပဒေ ကောင်းတွေ ပြဌာန်းပေးနေပါတယ်..လို့ ပြောကြပါတယ်။ ဒါပေမယ့် အခုလက်တွေ့မှာတော့ အာဏာရပါတီမှာ သမ္မတ ဦးသိန်းစိန်အဖွဲ့နဲ့ ဦးရွှေမန်းအဖွဲ့တို့ အားပြိုင်နေပါတယ်။ သူတို့ပဲ အာဏာယူချင်တာ မဆန်းပါ။ ဦးသိန်းစိန်အဖွဲ့မှာ ကာချုပ် မင်းအောင်လှိုင်ပါဝင်နေပြီး၊ ဦးရွှေမန်းအဖွဲ့ကတော့ အင်အယ်ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပုံစံ စစ်တုရင် အခင်းအကျဉ်း ဖြစ်ပါတယ်။

အခုတော့ စာရေးဆရာ ဦးဘုန်း (ဓါတု) ပြောသလို ပညာရှာဖို့ မျက်စိ၊ နား၊ ခြေထောက်တွေနဲ့ စာဖတ်ရတယ်လို့ ပြောပါတယ်။ အခု ခြေထောက် ပြည်ပခရီးသွားရင်းနဲ့ စာဖတ်နေတဲ့ နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးများ၊ ကာ/ချုပ်နဲ့ စစ်ဗိုလ်ချုပ်များ၊ လွှတ် တော်ဥက္ကကြီးနှစ်ဦး၊ အခု မေလ-၂၀၁၅ မှာ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း အမေရိကန် နှစ်ပတ်ခရီးစဉ်၊  ဦးခင်အောင်မြင့်က တရုပ်ပြည်မှာ၊ .. သူတို့ ပြောစကားများက အားရှိစရာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တရားမျှတစွာ ပြိုင်ခွင့်ပေးဖို့ သူတို့ လိုလားကြောင်း ပြောကြပါတယ်။ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီပါတီခေါင်းဆောင်များ၊ ရှစ်လေးလုံး ခေါင်းဆောင်များလည်း နိုင်ငံခြားခရီးစဉ်များ ထွက်ကြပါတယ်။ ငြိမ်းချမ်းရေး ဝန်ကြီးဦးအောင်မင်း ဂျပန်နိုင်ငံမှာ ကရင်မျိုးချစ် တဦးက ရင့်သီးစွာမေးမြန်း၊ နှုတ်နဲ့တိုက်ခိုက်ခံရပြန်ပါတယ်။ မြန်မာနိုင်ငံသားတွေ စကားလုံးကြမ်းတွေနဲ့ အော်ဟစ်၊ သုံးစွဲ နေဆဲ ဖြစ်ပါတယ်။

● နိဂုံး (Myanmar Good Attitude)

အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်ချိတ်မယ်ဆိုရင် နံပါတ်(၁) .. ဆိုင်းဘုတ်ချိတ်တဲ့လူတွေ ကိုယ်တိုင်က လိုက်နာရပါမယ်။ နံပါတ် (၂) လူတွေလိုက်နာနိုင်အောင် အမှိုက်ပုံးတွေ ထားပေးရပါမယ်။ ရန်ကုန်မြို့လယ်ရောက်စဉ် ည၂နာရီမှာ သန့်ရှင်းရေး အလုပ်သမားများစွာ လှည်းကျင်း၊ သန့်ရှင်းရေးလုပ်ပြီး မနက်ပိုင်းဆို အမှိုက်တွေရှင်းနေတာတွေ့ရပါတယ်။ ရန်ကုန် စည်ပင်ဌာနမှာ ဝန်ထမ်းပေါင်း ၇၀၀၀ လူအားနဲ့ ရှင်းရပါတယ်။ တည ကျပ် ၅၀၀၀ လောက်ပေးပါတယ်။ ဧရာဝတီတိုင်းက လူတွေပဲ ဒီအမှိုက်လုပ်ငန်းကို လာလုပ်ကြပါတယ်။ အမှိုက်ပုံးအကြီးကြီးတွေလည်း ထားပေးပါတယ်။ ဒါပေမယ့် ညနေ ၃ နာရီလောက်ရောက်ရင် အဲဒီအမှိုက်ပုံးကြီးတွေလဲ ပြည့်လျှံနေပါတယ်။ လမ်းမဘေးမှာလဲ အမှိုက်တွေတပုံကြီးပါပဲ။ ရန်ကုန် ရောက်ကာစ အမှိုက်လမ်းဘေးလွှင့်ပစ်နေတာကြည့်ပြီး ငါတော့မပစ်ဘူး ဆုံးဖြတ်တယ်။ ကိုယ့်အမှိုက်ကို အိမ်ထဲထည့်ပြီး အမှိုက်ပုံးတွေ့မှ ပစ်ပါတယ်။ နှစ်ပတ်လောက်နေတာကြာလာတော့ .. ကိုယ်တိုင်လဲ အမှိုက်ပစ်ဖို့ ဝန်မလေးတော့ဘူး။ အမှိုက်ပုံးကြီးတွေ တွေ့ရင်လည်း အမှိုက်တွေ ပြည့်နေတာကိုး ...။

ဥပမာ ဆိုရှယ်လစ်လူ့ဘောင်၊ ဒို့အရေးတာဝန် (၃) ပါး.. ဒါတွေဖြုတ်ပစ်လိုက်ဖို့ ကောင်းပါတယ်။ နိုင်ငံသားများ တိုးတက် ကြီးပွား၊ သာယာဖွံ့ဖြိုးတဲ့ ဗြဟ္မစိုရ်လ်တရားလွှမ်းမိုးတဲ့နိုင်ငံဖြစ်အောင် မဖြစ်နိုင်တဲ့နိုင်ငံရေးရည်မှန်းချက်တွေ၊ လူမှုရေးရည် မှန်းချက်တွေ လုပ်မနေတာပဲ ကောင်းပါတယ်။ ကိယ့်မိသားစု၊ ကိုယ့်အိမ်ဝန်းခြံ၊ ကိုယ့်လမ်း၊ ကိုယ့်ဘုရားပတ်ဝန်းကျင်မှာပဲ ..စည်းကမ်းထိမ်းသိမ်းရေး ပုဂ္ဂလိကပဲ လိုက်နာကျင့်သုံးရင်းတာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်မိပါတယ်။

မြန်မာနိုင်ငံ အုပ်ချုပ်သူ အစိုးရထိတ်တန်းလူကြီးများ မွှေးကြိုင်၊ သန့်ရှင်းအစိုးရဖြစ်ဖို့လူငယ်များကို ကျောင်းများမှာ သင်ကြားနိုင်ပါပဲ။ ဆရာများ လစာနဲ့ သူတို့မိသားစု စားဝတ်နေရေး မလောက်ငှရင် ကျောင်းဆရာလည်း ကျောင်းဆင်းချိန် ကွမ်းယာရောင်းနေရမယ်၊ ကျူရှင်ပြစားနေရပါဦးမယ်။

ဒါကြောင့် အစိုးရအရာရှိကြီးများနဲ့ အစိုးရစစ်ဗိုလ်များ ဟိုး ..ဂျပန်၊ ဂျာမဏီ၊ အမေရိကန် ..သွားပြီး ကြည့်မနေသင့်ပါ။ တရုပ်၊ ရုရှားစစ်တပ်ကို သွားလေ့လာ၊ပစ္စည်းဝယ်ခြင်းတွေ ကောင်းပါတယ်။ ပိုကောင်းတာကတော့ တဦးချင်းမိတ်ဆွေတွေ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ပဲ သွားရောက်လေ့လာ၊ ဟော်တယ်မှာမနေပဲ၊ မြန်မာအိမ်တွေ လိုက်သွားလေ့လာ မေးမြန်း၊ ဗဟု သုတယူဖို့ပါပဲ။ စင်ကာပူလာ လေ့လာမယ့် မြန်မာမိတ်ဆွေများကို  မိုးမခ အဖွဲ့သားများက ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

ဇာနီကြီး