ဖိုးထက် - ရွေးကောက်ပွဲမမှန်ရင် ကွဲမယ့်စုံတွဲ

ဖိုးထက် - ရွေးကောက်ပွဲမမှန်ရင် ကွဲမယ့်စုံတွဲ
(မိုးမခ) မေ ၁၇၊ ၂၀၁၅
 
“လူတယောက်ရဲ့ ကောင်းကွက်ချည်းဘဲ.. လိုချင်လို့တော့ မရဘူးရယ်… ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်.. အံဝင်ဂွင်ကျ ဘယ်ဘုရားမှ မတတ်နိုင်ဘူး… နီးစပ်တာနဲ့ ရောင့်ရဲတတ်ကြရတာလဲ မင်းအသိပါဘဲ” တဲ့။ ဆရာကြီး စိုင်းခမ်းလိတ်ရေးပြီး ကွယ်လွန်သူ အဆိုတော်ကြီး စိုင်းထီးဆိုင်ဆိုသောသီချင်းသည် ၎င်းတို့စုံတွဲအတွက် အလွန်မှန်သည်။ အဘယ်စုံတွဲ ရှိရမည် နည်း။ ကိုသောင်းမြင့်နှင့် မသူဇာတို့ လင်မယားစုံတွဲတည်း။

ထိုလင်မယားတွင် ကိုယ်စီ ကိုယ်စီ ကောင်းကွက် ဆိုးကွက်လေးများ ရှိကြသည်။ ကောင်းကွက်လေးများကို ရှာကြံပြောရလျှင် ကိုသောင်းမြင့်က မသူဇာကို သိပ်ချစ်သည်။ မသူဇာကလည်း ကိုသောင်းမြင့်ကလွဲ ကျန်တာ ဖွဲ၊ ဆန်ကွဲလို့ ထင်ရလောက် အောင် စိတ်ထားရှာသည်။ ဘယ်လောက် စိတ်ဆိုးဆိုး၊ ဘယ်လောက် စကားအခြေအတင်ဖြစ်ဖြစ် ဒီလင်မယားမှာ အချိန် တန်တော့ နွားပိန်ကန်သလို တဦးကောင်းကျိုးကို တဦးကလိုလားသည့် စုံတွဲဖြစ်သည်။ မေတ္တာအစစ်အမှန်ဖြင့် လူနှစ်ဦး ချစ်ခင်ကြပြီဆိုလျှင် စိတ်အဆိုးကြီး ဆိုးကြစေအုံးတော့ တဦးနစ်နာစေမည့်ကိစ္စ ကျန်တဦးက မကျူးလွန်ကြသလို သူတို့ နှစ်ဦးက မပြုလုပ်ရက်နိုင်ကြ။

အခုလည်း ကိုသောင်းမြင့်နှင့် မသူဇာတို့နှစ်ဦး စကားအကြီးအကျယ် များထားသည်။ အဘယ်ကိစ္စပေါ်မှာ စကားများသနည်း။ ကိုသောင်းမြင့်ကလည်း ကိုသောင်းမြင့်။ မသူဇာကလည်း မသူဇာ။ ကိုသောင်းမြင့်က ဆရာကြီးပုံစံဖြင့် မနေလျှင်၊ မပြောလျှင် ပြီးသည်။ သို့တည်းမဟုတ် မသူဇာကလည်း သူ့ဘာသာ ဆရာကြီး ဘယ်လိုလုပ်နေလုပ်နေ မသိကျိုးကျွံပြုနေလိုက်လျှင် ပြီး သွားမည့်ကိစ္စ။ သို့သော် မသူဇာကလည်း သူ့ရှေ့မှာ နကန်းတလုံးမှ ကောင်းကောင်းမွန်မွန်မသိပါဘဲ လေဖမ်းဒန်းစီး၊ ပြော ချင်တိုင်းပြောနေသော သူ့ချစ်လင်တော်မောင် ကိုသောင်းမြင့်၏လေသံများကို နည်းနည်းမှသည်းမခံဘဲ ပြန်ပြန်ထောက် သည်။ ပြန်ပက်သည်။ ယောက်ျားဆိုတာမျိုးက၊ အထူးသဖြင့် မြန်မာယောက်ျားတွေဆိုတာက သူ့ဘာသာ ဘယ်လောက်ဘဲ အချိုးမပြေ၊ အသုံးမကျသောသူဖြစ်နေစေဦးတော့ မိန်းမတွေ ခွန်းတုန့်မကျန် ပြန်ပြောတာ ဘယ်လိုမှမခံချင်ကြ။

အခုတော့ ကိုသောင်းမြင့်၏ လူမှုကွန်ယက်စာမျက်နှာပေါ်ရှိ အတွင်းသိ ၊ အဆင်းသိဆိုသည့် ဆရာမကြီးတယောက်ရဲ့မှတ်ချက်များကိုဖတ်ပြီး မသူဇာရှေ့မှာ ဆရာကြီးလေသံဖြင့် ပြောမိပြန်သည်။ မသူဇာကလည်း ငြိမ်နေလိုက်လျှင် ပြီးမည်။ ကိုသောင်းမြင့်၏ တောင်စဉ်ရေရေမရ စကားများ၊ ပါမောက္ခလေသံများကို မခံဘဲ ပြန်ပက်၊ ပြန်ပြောတော့ စကားများကြရ သည်။ ရန်ဖြစ်ကြရသည်။ ဖြစ်ပုံက….

ကျောင်းသားလေးတွေကို လမ်းဘေးရန်ဖြစ်သလို ၀င်ရိုက်ကြသောရဲတွေကိုကြည့်ပြီး ကိုသောင်းမြင့်၏ ဖေ့ဘုတ်ခ် ဆရာမ ကြီးက ပြည်ထဲရေးက သမ္မတကို ချောက်တွန်းသည်။ ပြည်ထဲရေးဆိုတာ တပ်ချုပ်ရဲ့အောက်။ တပ်ချုပ်ဆိုတာ သမ္မတ၊ လွှတ်တော် နာယကကြီးတို့နှင့်အပြိုင် နေရာလုနေသူ။ ရာထူး၊ အာဏာလုနေသူတဲ့။ အတွင်းရေး ပြိုင်ဆိုင်မှုတွေတဲ့။ ဒါ ကြောင့် တပ်ချုပ်က ပြည်ထဲရေးဝန်ကြီးကို အမိန့်ပေးပြီး သမ္မတခေါင်းကိုက်အောင်လုပ်တာတဲ့။ ကိုသောင်းမြင့်က ဆိုရှယ် နက်ဝပ်ဆရာမကြီး၏စကားကိုလိုက်ပြီး မသူဇာရှေ့မှာ ပြည်ထဲရေးတွေကော၊ အခွင့်အာဏာတွေရော၊ မင်းတို့မသိနိုင်တဲ့ ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခတွေရောရှိနေတယ် မသူရဲ့ဟုပြောတော့ ဟိုက မခံ။ “ဆိုရှယ်နက်ဝပ်မှာ ဆရာကြီး၊ ဆရာမကြီး လုပ် နေကြသလို လေသံနဲ့ ကျွန်မကို ဆရာလာမလုပ်နဲ့ ကိုသောင်း။ အကုန်လုံးက ဒီပုပ်ထဲက ဒီပဲ။ ပဲငါးပိတွေချည်းဘဲ။ နံတာမှ ချာတူးလန်တွေ။ ဒီသမ္မတတွေ၊ တပ်ချုပ်တွေ၊ လွှတ်တော်နာယကတွေ အကုန်လုံးဟာ ဒီလူတွေချည်းဘဲ။ အကုန်လုံး တကျိတ်ထဲ တဉာဏ်ထဲ ချည်းဘဲ။ သူတို့ စည်းစိမ်အာဏာထိပါးမယ့်သူ၊ မာန်မာနကိုထိပါးမယ့်သူဆိုရင် ကျောင်းသား မပြောနဲ့ ဘုရားသားတောင် ရိုက်ရဲ၊ ဆောင့်ကန်ရဲတဲ့သူတွေ။ အရေမရ အဖတ်မရစကားတွေနဲ့ ကျွန်မကိုလာမပြောနဲ့” ဟု ဘုတောသည်။

မြန်မာယောက်ျားကြီး ကိုသောင်းမြင့်မှာ ယမ်းပုံပေါ်မီးပွားကျသလို ဒေါသအခိုးအလျှံများ အလျှံငြီးငြီး တောက်လောင်တော့ သည်။ မင်းဘာသိလဲ။ မင်းဘာနားလည်လဲ။ မင်းတို့လို လက်ရှိနိုင်ငံရေးကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာမှုမလုပ်ဘဲ တချိန် လုံး မေစု၊ မေစု လုပ်နေသူတွေနဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးကွ။ ဘာ ညာဆိုပြီး တိုက်ပွဲခေါ်သောအခါ မသူဇာကလည်း ကြိုးဝိုင်းထဲသို့ ထမိန်စွန်တောင်စွဲ၊ လက်ပမ်းခပ်ပြီး ၀င်လာသည်။
“ဒီမယ် ကိုသောင်းမြင့်..ရှင်လဲ ဆရာတော်ဦးဇောတိက တရားတွေ နာဘူးတာဘဲ။ ဆရာတော်ပြောတာ သိမှာပါ။ လူဆိုတာ ကိုယ့်ကို တော်လိုက်တာ၊ တတ်လိုက်တာ၊ မှန်လိုက်တာ၊ ကောင်းလိုက်တာလို့ အမှန်ဘဲ ဖြစ်ဖြစ်၊ မြှောက်ပြောတာဘဲ ဖြစ်ဖြစ် အပြောခံရရင် သိပ်သာယာကြတယ်။ သိပ်ကျေနပ်ကြတယ်။ ကြာတော့ ကိုယ်မမှားဘူးချည်း ထင်လာတော့တယ်တဲ့။ ရှင့်လို စာလေး မတောက်တစ်ခေါက်ဖတ်၊ ဖေ့ဘုတ်ခ်ပေါ်မှာ စာထဲက ကောင်းတာလေးတွေချည်းဘဲ ခေါင်းထဲ အရင်မထည့်ဘဲ စာအရင်စီပြီး တင်နေသူအတွက် ရှင့်ပရိတ်သတ်က ကိုသောင်းမြင့်ကြီး တော်လှချည့်၊ တတ်လှချည့်၊ တွေးခေါ်တတ်လှချည့် ဆိုပြီးလုပ်နေတော့ ရှင့်ကို ရှင် ဘ၀င်မြင့် မြင့်လာတာ ရှင်က သတိမထားမိဘူး။ ကျွန်မက မြင်နေ၊ ခံနေရတယ်တော့။ အခုလဲ ဒီလူတွေအကုန်လုံး အတူတူနဲ့ အနူနူမှာ ဟိုကဖြင့် ဒီလို။ ဒီကဖြင့် ဒီလိုဆိုပြီး လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ အာဖျံကွီး လုပ်နေတာ ရှင့်ပရိတ်သတ်ဘဲသွားပြော။ ကျွန်မ လက်မခံဘူး” ဟု ကိုသောင်းမြင့်လို ဖေ့ဘုတ်ခ်ပေါ်မှာ ဆရာကြီး လုပ် နေသူ၏မာနကို ထိပါးစေမည့်စကားကို ဘရိတ်မအုပ်ဘဲ လီဗာကုန်နင်းပြီး ၀င်တိုက်တော့သည်။

“မသူဇာ..မနာလိုမဖြစ်နဲ့လေ။ ဟဲ ဟဲ ဟဲ။ မင်းတို့ မေစုကိုလည်း မင်းတို့က သူဘာလုပ်လုပ် တော်၊ တတ်၊ မှန်ဆိုပြီး လုပ် နေကြတော့ အခု သူ့ခမျာ လူတချို့ရဲ့ လက်ညှိုးထိုးစရာ ဖြစ်နေတာ မင်းသိပါတယ်။ ဟဲ ဟဲ ဟဲ။ ငါက သာမန်လူပါဗျာ။ ငါပြောတဲ့ စကား၊ ငါတင်တဲ့ စတေးတပ် like ရရင် အလွန်အကျွံ တစ်ရာကျော်ပေါ့။ မင်းတို့ မေစု ဘ၀င်ကိုင်ပြီး ငါဘာလုပ်လုပ် မှန်တယ်၊ ပြန်မပြောနဲ့ဆိုတဲ့အချိုးမျိုးနဲ့ အလုပ်လုပ်ရင်တော့ ငါးပါးတင်မက၊ အကုန်မှောက်မှာဗျား..ဟဲ..ဟဲ..ဟဲ” ဟု မသူဇာ ၏ အသဲစွဲ ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်ပြီး ပြန်ပက်လေသည်။

မသူဇာက အဘယ်မှာခံပါမည်နည်း။ “တော် …ကိုသောင်းမြင့် မေစုက အဲဒီလိုလူစားမျိုးလားဆိုတာ အတိတ်ကိုလေ့လာ။ ပစ္စုပ္ပန်ကိုကြည့်။ သူ့ရပ်တည်ချက်က ရှင်းတယ်။ ပြည်သူလူထုအတွက်ဘဲလေ။ ပြည်သူလူထုကောင်းစားဖို့၊ ဒီမိုကရေစီရဖို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့သွားဖို့ အဓိက အလုပ်လုပ်နေတယ်ဆိုတာ ရှင်လည်း သတင်းတွေဖတ်နေသူဘဲ။ သိမှာပါ။ သူ့လမ်း ကြောင်း၊ သူ့ဦးတည်ချက်၊ သူ့ပန်းတိုင်က ရှင်းတယ်။ သူမသေခင် ဒီနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးခဲ့ချင်တာ တခုဘဲ သူလုပ်နေတာ။ သူ့လိုလူအတွက် သူ့အသက်က မငယ်တော့ဘူးဆိုတာ သူ့ဘာသာသူ အသိဆုံး။ အဲဒီပန်းတိုင်ကို သွားရာလမ်းမှာ လမ်းဘေးခွေးကိုက်တာလည်း ရပ်မကြည့်နိုင်အားဘူး။ ခွေးဟောင်တာလည်း မမှုနိုင်ဘူး။ ချော်တော့ ငေါ့စေမယ့် လမ်းဆုံ လမ်းခွတွေမှာလည်း ရပ်ပြီးစဉ်းစားဖို့ အချိန်မရဘူး။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလည်း မလုပ်တတ်ဘူးဆိုတဲ့ဆရာကြီးတွေအသံကို စိတ်ထဲထည့်နေရင်လည်း သူ့ပန်းတိုင်ကို ဘယ်လို မြန်မြန်ရောက်မလဲ။ ဒါကြောင့်မို့  ဒီ ၂၀၁၅ ရွေးကောက်ပွဲကို သူကိုယ်တိုင် သေသေချာချာ လေးလေးနက်နက် လုပ်နေတာပေါ့တော်။ ရှင့်လို လေဖမ်း ဒန်းစီး မူးနေတဲ့သူတွေစကားကို နားထောင်ဖို့ အချိန်မရှိဘူးရှင့်။ တော်ပါ ကိုသောင်းမြင့်ရယ် လေကုန်တယ်၊ မောတယ်၊ နွားပလာ တာကျွေး၊ ဖာလူဒါတိုက်သလို ဖြစ်နေပါတယ်..ဟဲ ဟဲ ဟဲ” ဟု ကိုယ့်ယောက်ျားကိုယ် နွားနဲ့နှိုင်းမိလောက်အောင် ဒေါသများ ဖြင့် သတိမကပ်ဘဲ စကားတွေကျွံကုန်သည်။

ထိုအိမ်တွင်းတိုက်ပွဲကြီး ပြီးဆုံးတော့ ဟိုလူကြီးများလို နောက်ရက်မှာ တစားပွဲထဲ ထမင်းအတူစားနေနိုင်ကြသလိုမျိုး အနှီ လင်မယား အတူတူ မထိုင်နိုင်။ တယောက်နဲ့ တယောက် တမိုးတည်း၊ တအိမ်တည်း၊ တအိပ်ယာတည်း အိပ်နေကြသော်လည်း မလိုတဲ့ စကားမပြောနိုင်လောက်အောင် တယောက်နှင့် တယောက် နာနေကြသည်။ ဒေါသ အဆိပ်သင့်နေကြလေသည်။

မြန်မာ့နိုင်ငံရေးမှာ လင်မယားခြင်း၊ သားအမိခြင်း၊ မောင်နှမခြင်း သဘောထားကွဲစေမည့်ကိစ္စများ ရှိခဲ့ကြသည် မဟုတ်ပါလား။ အင်္ဂလိပ်အစိုးရခေတ်က အိန္ဒိယနှင့် ခွဲရေး တွဲရေး။ လွတ်လပ်ရေး ရခါနီးတော့ တောင်တန်းနဲ့ ပြည်မကြီးများ ခွဲရေး၊ တွဲရေး။ အတော်အငြင်းသန် ဆရာလုပ်ချင်ကြသည့်လူမျိုးလို့ သတ်မှတ်လို့ရမည်လား။ သို့မဟုတ် ကုသိုလ်ကံအကျိုးပေး မကောင်း သောနိုင်ငံနှင့် ပြည်သူပြည်သားများလို့ သတ်မှတ်ကြမည်လား။ အခုလဲ မဘသကိစ္စနှင့်ပတ်သက်ပြီး ကိုသောင်းမြင့်နှင့် မသူဇာ သဘောကွဲသလို မြန်မာပြည်သူလူထုတချို့ သဘောထားကွဲကြသည်။ ၅၉ (စ) ကို ပြင်သင့် မပြင်သင့် သဘောကွဲကြ သည်။ ရိုဟင်ဂျာနှင့် မွတ်ဆလင် အတူတူဘဲ၊ မတူဘူးဟု သဘောကွဲကြသည်။ ပညာရေး ဥပဒေ ပြင်သင့် မပြင်သင့်ကိစ္စမှာ ကျောင်းသားတွေ လွန်တယ်၊ မလွန်ဘူးဟု သဘောကွဲကြသည်။ ကိုသောင်းမြင့်ကတော့ ဆိုရှယ်နက်ဝပ်ခ်တွေပေါ်မှာ အချိန်ကုန်နေသူပီပီ အရာရာတိုင်းသော ငြင်းခုံ၊ ၀ါဒတိုက်ပွဲတွေမှာ ဦးဆောင်သည်။ နောက်လိုက်လုပ်သည်။ မသူဇာကတော့ မေစုနောက်လိုက်ပီပီ ဒီမိုကရေစီရဖို့ အဓိက။ မြန်မာစစ်တပ် လမ်းကြောင်းမှန်ပေါ် ရောက်ပြီး ရှိသင့် ရှိထိုက်သည့်နေရာမှာ ရောက်စေဖို့ အဓိက။ ကျန်တာတွေ ခေါင်းထဲမထည့်။ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူ့အခွင့်အရေး ဒါတွေအကုန်လုံးက စစ်မှန်သောဒီမိုကရေစီရလျှင်တောင်မှ တဖြည်းဖြည်းချင်း မျိုးဆက် နှစ်ဆက် သုံးဆက် ပြင်သွားရမယ့် ကိစ္စလို့ သတ်မှတ်ထားသောသူ။ ဒီလို နေရာတကာပါချင်၊ ဆရာလုပ်ချင်သော ကိုသောင်းမြင့်နှင့် မေစုမှ မေစုလုပ်နေသော မသူဇာတို့နှစ်ဦး အဆိုပါ ထိတွေ့တိုက်ပွဲ ကြီး၊ ငယ်ဖြစ်တာ ဆန်းသောကိစ္စတော့မဟုတ်။

အသွင်မတူ အိမ်သူမဖြစ်ဆိုသော မြန်မာစကားသည် ဘယ်လောက်ထိမှန်မည်မသိ။ ကိုသောင်းနှင့် မသူမှာလည်း အနုပညာ ကို ချစ်သူခြင်း၊ စာအုပ်စာပေ မြတ်နိုးသူခြင်း၊ ဒီမိုကရေစီရလိုသူခြင်း၊ နိုင်ငံအပေါ်မှာ စိတ်စေတနာကောင်းများရှိကြခြင်း ကိစ္စတွေမှာ အသွင်တူသောစုံတွဲ ဖြစ်သည်။ သို့သော် ဆရာကြီးအလွန်လုပ်ပြီး ဘ၀င်ကိုင်မိတတ်သော ကိုသောင်းမြင့်နှင့် နိုင်ငံရေးကို ရှုပ်ရှုပ်ထွေးထွေးမတွေးဘဲ ဖြောင့်ဖြောင့်ကြီးတွေးသော မသူဇာတို့နှစ်ယောက်မှာ ၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံ ရေးအလှည့်အပြောင်း ကြီးကြီးမားမားမဖြစ်ကြလျှင် ကွဲကြဖို့သာရှိသည်။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲကို မှန်မှန်ကန် ကန်ဖြင့် အကြံအဖန်မလုပ်ဘဲ နိုင်ငံကို ရှေ့ဆက်သွားကြဖို့ ထိုစုံတွဲ မကွဲကြဖို့အရေး ရှေးရှုပြီး စာရေးသူ ကျွန်တော်က တောင်းဆိုလိုက်ရပါသည်။

ဖိုးထက်