ကစားကွင်းနေရာ ကြံ့ခိုင်ရေးပါတီ ကွန်ဒိုဆောက်နေခြင်း ရပ်ဆိုင်းပေးရန် ကိုကိုကြီးပြော

ကစားကွင်းနေရာ ကြံ့ခိုင်ရေးပါတီ ကွန်ဒိုဆောက်နေခြင်း ရပ်ဆိုင်းပေးရန် ကိုကိုကြီးပြော
ဟန်သစ်နိုင်၊ မိုးမခ
 မေ ၂၆ ရက်၊ ၂၀၁၅

တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက် သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အားကစားကွင့်နှင့် ပန်းခြံနေရာ ပြန်လည်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ရက် ၂၀၁၄ခုနှစ်က ဆန္ဒထုတ်ဖော်ခဲ့သော ဦးဆောင်သူ ဦးကိုကိုကြီး၊ ဒေါက်တာဇော်နိုင်၊ ကိုမျိုးခင်၊ ကိုနိုင်ကိုလင်း၊ ကိုအောင်မော်တို့ကို ပုဒ်မ ၁၉ဖြင့် တောင်ဥက္ကလာ မြို့မရဲစခန်းက တရားဆွဲထားခဲ့သည်။ ဒေါက်တာဇော်နိုင်၊ ကိုမျိုးခင်၊ ကိုနိုင်ကိုလင်း၊ ကိုအောင်မော်တို့ကို ခံဝန်ဖြင့် လွှတ်ထားခဲ့ပြီး ဦးကိုကိုကျန်နေသဖြင့် မေလ ၂၂ရက်နေ့ တွင် တောင်ဥက္ကလာမြို့မရဲစခန်းမှ (ပ)၅၂၈/၁၄ငြိမ်း/စု/စီ ပုဒ်မ ၁၉ ဖြင့် တရားဆွဲထားသောကြောင့် ထိုအမှုကိုစစ်ဆေးရန်အတွက် ရဲစခန်းမှ လူတွေ့စစ်ဆေးခဲ့သည်။
          
ကိုကိုကြီးနှင့် ဇနီး
 ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦကိုကိုကြီးက “ဒီနေရာဟာ ကျနော်တို့ ကိုယ်တိုင်ငယ်ငယ်လေးကတည်းကဆော့ခဲ့ပြုခဲ့တဲ့ကလေးကစား ကွင်းနေ ရာ ဖြစ်တယ်၊ နောက်ဆုံး ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့စစ်တပ်ကလည်း ဒန်းတွေ၊ လျှောတွေ၊ ပန်းခြံတွေနဲ့ ကလေးကစားကွင်းအဖြစ် အာဏာသိမ်းပြီးတာတောင်ဆက်ရှိနေသေးတယ်၊ ကျနော်ထောင်ကျပြီးပြန်ထွက် လာတော့ ဒီနေရာက ကြံ့ခိုင်ရေးပါတီပိုင်ဖြစ်သွားပြီ ကွန်ဒိုဆောက်နေတယ်  သိရတဲ့အတွက်ကြောင့် ဒီကဒေသခံမြို့မိမြိဖတွေက ဒါကိုဆန္ဒဖော်ထုတ်ချင်တယ် ကျနော်လည်း မြို့ခံဖြစ်တဲ့အတွက်ကြောင့် ဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ် အဓိကက ဒီကလေးကစားကွင်းကို ပုံမှန်တိုင်းပြန်ပြီးဖော်ထုတ်စေချင်တယ်၊ အားလုံးသိထားတဲ့အတိုင်း အများပိုင်မြေနေရာ၊ ကလေးကစားကွင်းကို ရုပ်ပျက်ဆင်းပျက်ကြီးမတရားအနိုင်ကျင့်တာမလုပ်ပါနဲ့ ကလေးတွေကစားဖို့ ပြန်ပေးပါ ရိုးရိုးသားသားလေးပြန်တောင်းတာပါ” ဟုပြောပြခဲ့သည်။
 
                          ကစားကွင်းရှေ့တွင် ရှင်းပြနေပုံ
ဆက်လက်၍ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းကို ပုဒ်မ ၁၉ဖြင့်တရားစွဲဆိုနေခြင်းနှင့်ပတ်သက်ပြီး ဦးကိုကိုကြီးက “ဆန္ဒဖော်ထုတ်တယ်ဆိုတာ မြင်စေချင် ကြားစေချင်လို့ဖော်ထုတ်တာ၊ ခွင့်ပြုတယ် သတ်မှတ်ပေးတဲ့နေရာဟာ အများပြည်သူ တာဝန်ရှိတဲ့အရာရှိတွေ ပုဂိုလ်တွေ မြင်နိုင်ကြားနိုင်တဲ့ နေရာဖြစ်ရမယ်၊ အခုကျနော်တို့ကို ခွင့်ပြုတဲ့နေရာဟာ နံရံလေးဘက် အုတ်ရိုးခတ်ထားပြီး ကျနော်တို့နေခဲ့တဲ့ ထောင်လိုပဲ အထဲမှာဘယ်သူတွေ ဆန္ဒပြလို့ ဘာတွေပြောနေမှန်းမသိ အပြင်ကမကြားနိုင် မသိနိုင်တဲ့နေရာ၊ လိုင်းကားမရှိဘူး လူစည်ကားတဲ့ နေရာမဟုတ်ဖူး၊ အဲဒီလိုနေရာမျိုးမှာ သွားပြီးဆန္ဒပြဆိုပြီး သတ်မှတ် ပေးတာ ကိုက ဆန္ဒဖော်ထုတ်မှုကို မမြင်အောင် မကြားအောင် ဟန့်တားထားနတဲ့သဘောပဲ၊ ဒါ့ကြောင့် အခင်းဖြစ်တဲ့ နေရာမှာ ကျနော်တို့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။
ဌာနဆိုင်ရာမှတာဝန်ရှိသူများမှ အခင်းဖြစ်နေသော မြေရာဇဝင်များကို ထုတ်ပြမပေးခဲ့ခြင်းများ၊ ကလေးကစားကွင်းနေရာပြန်လည်ရရှိရေးအတွက် လွှတ်တော်များ၊ တရားရုံးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီများကိုလည်း တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးကိုကိုကြီးမှ ပြောပြသည်။

ကစားကွင်းကို ကွန်ဒိုဆောက်ရာနေရာ