ဇင်လင်း - ၂၀၁၅ မှာ တကျော့ပြန် အလိမ်မခံကြစေလို

ဇင်လင်း - ၂၀၁၅ မှာ တကျော့ပြန် အလိမ်မခံကြစေလို
(မိုးမခ) မေ ၂၁၊ ၂၀၁၅

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ရှုမြော် သုံးသပ်ကြည့် တဲ့အခါ၊ စိတ်ကြည်လင်စရာ အခင်းအကျင်းမျိုး မမြင်မိ။ လက်ရှိအစိုးရ ၄ နှစ်သက်တမ်းမှာ လူထုအတွက် နိုင်ငံသားတို့အတွက် ဥပဒေအကာအကွယ်ရဖို့တောင် လုပ်ပေးနိုင်တာ မတွေ့ရ။ မြန်မာလူထုဟာ တကျော့ပြန် အလိမ်ခံနေရသလားလို့တောင် ထင်စရာ မြင်စရာတွေ ကြုံနေရတယ်။  လွန်ခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ပြီး ကျောင်းသားကျောင်းသူ အများအပြားကို သားသမီးချင်းမစာမနာ ဖမ်းဆီးအကျဉ်းချခဲ့တယ်။ နောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ဥပဒေမဲ့လူစုလူဝေးမှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ ပဲခူးတိုင်းဒေသကြီး  သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့  ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်။ မေလ (၁၂) ရက်နေ့က ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း  ၇၂ ဦးအမှုကို  သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်။

ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဆန္ဒထုတ်ဖေါ်ခဲ့တဲ့ နိုင်ငံ့အနာဂတ်လူငယ်ကျောင်းသားကျောင်းသူတွေကို ဒီမိုကရေစီအမည်ခံယူချင်တဲ့အစိုးရက ထောင်ချဖို့တရားစွဲတာဖြစ်တယ်။ အစိုးရကိုယ်စားလှယ်တွေနဲ့ ကျောင်းသားကိုယ်စား လှယ်တွေ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အတော်အသင့် ပြေလည်မှုရရှိခဲ့ရုံမက သပိတ် လှန်ဖို့အထိ အပေးအယူလုပ်ခဲ့ကြတာလည်း သတင်းတွေမှာဖေါ်ပြခဲ့တာ တွေ့ခဲ့ရတယ်။ ဒါပေမယ့် အစိုးရဘက်က ရုတ်တ ရက်လုပ်ဟန်ပြောင်းသွားပုံက မယုံနိုင်စရာပါပဲ။ စစ်အစိုးရ အဆက်ဆက်လုပ်ဟန်အတိုင်း ကျောင်းသားတွေနဲ့ မူလသဘော တူချက်ကိုဖျက်ပြီး၊ ရန်ကုန်အထိဆက်သွားခွင့်မပေးတော့ဘဲ၊ အကြမ်းဖက်ဖြိုခွင်းမှု စတင်ခဲ့ပါတယ်။ ဗီဒီယိုသတင်းမှတ် တမ်းတွေအရ ရဲဝတ်စုံနဲ့လူတအုပ်က မင်းမဲ့ဆန်ဆန် ကျောင်းသူ ကျောင်းသားတွေကိုရိုက်နှက်တိုက်ခိုက် အကြမ်းဖက်ခဲ့ပုံဟာ ကမ္ဘာသိဖြစ်ခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ဆယ်တန်းကျောင်းသား ကိုအောင်မင်းခိုင်ကို ရဲသားအုပ်စုက အငြိုးတကြီး ၀ိုင်းဝန်းရိုက်နှက်နေတဲ့ Reuters သတင်းထောက်ရဲ့ဓါတ်ပုံဟာ ကမ္ဘာကျော်သွားပါတယ်။ ရဲသားတွေက ရည်ရွယ်ချက်ရှိရှိ စတင်အကြမ်းဖက် ရိုက်နှက်ခဲ့တာ ထင်ရှားပါလျှက် (ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ဥပဒေမဲ့လူစုလူဝေးမှာပါဝင်မှု) စတဲ့ စွဲချက်တွေကို အသုံးချလာပုံက၊ စစ်အာဏာရှင်စနစ် ဆက်လက်ကျင့်သုံးနေတာကို ပေါ်လွင်စေပါတယ်။ နိုင်ငံသားတွေ အတွက် ဥပဒေအကာအကွယ် မဲ့နေဆဲဖြစ်တာကိုလည်း ဖေါ်ပြနေပါတယ်။

အဆိုးဆုံးကတော့ သတင်းမီဒီယာသမားတွေကိုပါ ပြောင်ကျကျ ကြွေးကြော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်ဖမ်း ဆီးခံရသူတွေဟာ ရန်သူတွေ မဟုတ်ကြပါဘူး။ ပြည်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီလို့ ဟစ်အော်နေတဲ့ အစိုးရ က ဆန္ဒပြသူများအပေါ် ဥပဒေစည်းကမ်း ကျင့်ဝတ်နဲ့အညီ မဆက်ဆံရုံမက၊ ရိုင်းပြစော်ကားမှုတွေ အမျိုးမျိုး ကျင့်သုံးခဲ့ကြပုံကို ကာယကံရှင်တွေကိုယ်တိုင် ပြန်ပြောပြတာသိခဲ့ ကြားခဲ့ရပါတယ်။ ဒါဟာ အစိုးရရဲတပ်ဖွဲ့က နိုင်ငံသားတို့ရဲ့အခြေခံအခွင့်အရေး၊ လူ့အခွင့်အရေးကို မြင်သာထင်သာ ချိုးဖေါက်ခြင်း ဖြစ်ပါတယ်။ ဒီ အခြေအနေကို ကြည့်ရင် ပြည်သူတွေ တကျော့ပြန် အလိမ်ခံရပြန်ပီဆိုတာ ထင်ရှားနေပြီပေါ့။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းများ ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် လိုက်နာမှုမရှိတာ တွေ့ရတယ်။

ရဲအဖွဲ့နဲ့ ရဲအရာရှိတွေဟာ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းများနဲ့အညီ ၀တ္တရားဆောင်ရွက်ဖို့ထက် အာဏာရှိသူတွေ ခိုင်းတာကိုပဲ လုပ်နေကြသလား။ ပြည်သူ့ရဲဆိုရင် ပြည်သူကို ဥပဒေအရ ကာကွယ်ပေးဖို့လိုပါတယ်၊ ဥပဒေကို လက်နက်အဖြစ်ကိုင်စွဲပြီး ပြည်သူကို နှိပ်စက်နေရင်တော့ အာဏာရှင်စနစ်ရဲ့ ကျေးကျွန်ဖြစ်နေဆဲလို့ဆိုရပါလိမ့်မယ်။ ဒီလို အပြောအဆို မခံရလေ အောင် ရဲအရာရှိတွေဟာ ပြည်သူကို အမှန်တကယ် ကူညီမယ် ကာကွယ်မယ်ဆိုတဲ့ စိတ်နှလုံးသွင်းဖို့လိုပါတယ်။ လက်ရှိ အခြေအနေအရ အများစုက အာဏာရှိသူတို့ကို ကာကွယ်ဖို့ ဖြစ်နေဆဲဆိုတာ တွေ့နေရတယ်။ အစိုးရသက်တမ်း (၄) နှစ်ပြည့်ခဲ့ပေမယ့် အပြောင်းအလဲက မဆိုစလောက်သာရှိပါတယ်။ အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးခံနေရဆဲ။ ရာဇ၀တ်ပြစ်မှု ကျူးလွန်သူတွေ တိုင်းပြည့်အကျိုးဖျက်ဆီး နေသူတွေကတော့ ဥပဒေစည်းဝိုင်းပြင်ပမှာ လွတ်နေဆဲပါပဲ။ ဒါကြောင့် မြန်မာ လူထုဟာ တကျော့ပြန် အလိမ်ခံနေရပြီလား…ဆိုတဲ့သံသယက ပိုကြီးမားလာပါတယ်။

ဒါကို သေချာစေတဲ့ အထောက်အကူပြုချက်တခုကတော့ မြန်မာနိုင်ငံအပေါ်ဆက်လက်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု တွေကို တနှစ်သက်တမ်းတိုးဖို့ အမေရိကန်သမ္မတအိုဘားမားက ဆုံးဖြတ်ခဲ့ကြောင်း  AP သတင်းအရ သိရှိရခြင်းပါပဲ။ မြန်မာ နိုင်ငံမှာ  ပြုပြင်ပြောင်းလဲမှုအချို့တိုးတက်မှုများရှိပေမယ့်၊ လူမှုပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိ နေသေးတဲ့အပေါ် စိုးရိမ်နေရဆဲဖြစ်တာကြောင့်၊ မေ ၁၅ ရက်နေ့ ကွန်ဂရက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ် ဆို့မှုသက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သမ္မတအိမ်ဖြူတော်ကထုတ်ပြန်ခဲ့တာကိုကြည့်ရင် ပြောင်းလဲမှုဟာကျေနပ်လောက် ၏ဖွယ်မရှိလို့ ဆိုရမယ် ထင်တယ်။

နောက်ထပ် ဥပဒေရဲ့အကာအကွယ်ကို နိုင်ငံသားတို့မရရှိတဲ့ဖြစ်ရပ်ကတော့ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေနတ် ထိမှန်သေဆုံးရတဲ့ ကိစ္စပါပဲ။ ကျေးရွာသူ ဒေါ်ခင်ဝင်း (၅၆ နှစ်) ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုအပါအ၀င် ကျေးရွာပြည်သူ လူထုကို ရဲတပ်ဖွဲ့က တရုတ်ဝမ်ပေါင်ဝန်ထမ်းများနဲ့အတူ အကြမ်းဖက်ဖြိုခွဲခဲ့မှုဟာ ရှက်ဖွယ်လိလိ ဖြစ်ရပ်ပါပဲ။ ဒီဖြစ်ရပ်ကြောင့် မြန်မာပြည်သူ လူထုအနေနဲ့ မိမိတို့ရဲ့အချုပ်အချာအာဏာကို တိုင်းတပါးက ထိပါးနေပြီလားလို့တောင် တွေးကြရတဲ့ အခြေအနေပါပဲ။ မိမိပြည်သူကိုကာကွယ်ရမယ့် မြန်မာရဲတပ်ဖွဲ့က မိမိပြည်သူတဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းကိုပစ်သတ်တဲ့ အဖြစ် ဟာ မယုံနိုင်စရာပါပဲ။

ဒေါ်ခင်ဝင်းအမှုမှန် ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲခံကြရတဲ့ နော် အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသန်းဆွေတို့ကို ၀တ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၄ ခုနဲ့ ဒဂုံမြို့နယ် တရားရုံးက မေလ (၁၅) ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ်နဲ့၎ စီချမှတ်လိုက်တဲ့ကိစ္စဟာလည်း ဥပဒေကို အလွဲသုံးစား လုပ်ခြင်းပါပဲ။ ၂၀၁၄ ဒီဇင်ဘာလအတွင်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ ရဲအဖွဲ့ပစ်တဲ့ သေနတ်ကျည် ထိမှန်သေဆုံးရတဲ့ဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်း ပေးရေးတို့အတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။ အစိုးရရဲ့တုန့်ပြန်ပုံကတော့ မယုံနိုင်စရာပါပဲ။ တရုတ် အစိုးရကို ကြောက်ရွံ့ရိုသေလွန်းတဲ့ကိစ္စ ဘာမှမပြောလိုပေမယ့်၊ ကိုယ့်နိုင်ငံသားတွေအပေါ် အလွန်အကျွံ ပြစ်ဒဏ် ချမှတ် တာကရော ဘာသဘောလဲလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ တရားမျှတမှုကိုတောင်းဆိုတာ အပြစ်ကြီးတခုလား။ ကိုယ့်နိုင်ငံ သယံဇာတကို ကာကွယ်လိုမှုဟာ ရာဇ၀တ်မှုထိုက်သင့်သလား။ အစိုးရအဖွဲ့တာဝန်ရှိသူတို့ လေးလေးနက်နက် စဉ်းစား ကြဖို့ပါ။

လက်ရှိ မြန်မာပြည်အနှံ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၇ ဦး၊ အမှုရင်ဆိုင်နေရသူ ၄၅၃ ဦးရှိပြီး အများစုဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တွေနဲ့ တရား စွဲဆိုခံနေရတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP-B) က အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။ ဒီအခြေအနေက လက်ရှိအစိုးရဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်လားရာဆီ ဦးတည်နေကြောင်း ဖေါ်ပြနေတယ်။ လက်ရှိအစိုးရရဲ့ တခြား ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ အများအပြားရှိပါသေးတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် တနေ့တခြား နိမ့်ကျလာခြင်းဟာလည်း အရေးကြီးကိစ္စပါပဲ။ နိုင်ငံတကာ သတင်းထောက်များကာကွယ် စောင့်ရှောက် ရေးအဖွဲ့ (CPJ) က ၂၀၁၄ ခုနှစ်အတွင်း သတင်းထောက်များကို ဖမ်းဆီး ထောင်ချ ဖိနှိပ်မှု အဆိုးဆုံး (၁၀) နိုင်ငံမှာ မြန်မာ နိုင်ငံကို ထည့်သွင်းဖေါ်ပြခဲ့တာ တွေ့ရပါတယ်။

အလွတ်သတင်းထောက် အောင်ကျော်နိုင် (ခ) ကိုပါကြီးကို ဥပဒေမဲ့ပစ်သတ်ခဲ့တာလည်း လူ့အခွင့်အရေးချိုးဖေါက်မှု ဖြစ်ပါ တယ်။

ဒိအပြင် အဓမ္မမြေသိမ်းယူတာတွေ လောဘမသတ်နိုင်သေးမှု၊ အလုပ်သမား လယ်သမား ပြည်သူအများရဲ့အခွင့်အရေးများကို ကာကွယ်ရန်ပျက်ကွက်မှု၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ကန့်သတ်ခံရမှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့လည်း အပစ်အခတ်ရပ်စဲရေးသောင်မတင် ရေမကျဖြစ်နေဆဲ ပါပဲ။ ဒါတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာတွေဖြစ်တာကြောင့် ပြည်သူတွေ အလိမ်ခံနေရတာ ပိုမိုပေါ်လွင်လာပါတယ်။ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ပါမယ်လို့ သမ္မတဦးသိန်းစိန်က ကြိမ်ဖန်များစွာ ပြောခဲ့ပေမယ့်၊ လက်တွေ့မှာ အလုပ်လက်မဲ့ဦးရေ တိုးပွားလာနေပါတယ်။ အိုးမဲ့ အိမ်မဲ့လူဦးရေတိုးများလာနေပါတယ်။ အိမ်နီးချင်းနိုင်ငံ တွေမှာ သွားရောက်အလုပ်ရှာသူ ပိုမိုများပြားလာပါတယ်၊ အခွန်အကောက်များလူထုအပေါ် ၀န်ပိလာနေပေမယ့်၊ အခွန် ရှောင်သူ လုပ်ငန်းရှင်များကို အရေးယူမှု မရှိတာ…အစရှိတဲ့ အချက်တွေဟာ ဒီမိုကရေစီနဲ့ လွဲချော်နေကြောင်း ပြသနေပါ တယ်။ ဒီအချက်တွေကိုထောက်ရှုရင် အစိုးရဟာ လူထုဆန္ဒ ဒီမိုကရေစီကို ဆန့်ကျင်တာတွေ့နေရပါတယ်။ လူထုကို ဒီမို ကရေစီဆိုတဲ့ စကားလုံးနဲ့ လှည့်စားတာ ထင်ရှားပါတယ်။

ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီဖွဲ့စည်းပုံမဟုတ်တာ ကမ္ဘာသိ ကိစ္စဖြစ်ပေမယ့်၊  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေးအတွက် ပြည်သူ ငါးသန်း က လက်မှတ်ရေးထိုး တင်ပြခဲ့တာကို ပယ်ချခဲ့တယ်။ ဒီဖွဲ့စည်းပုံကြီးကို မပြင်သမျှ မြန်မာနိုင်င်ငံရဲ့  ဖွံ့ဖြိုးတိုးတက်ရေး အစ ငြိမ်းချမ်းရေးအဆုံး အားလုံး သုညကနေ ရှေ့ဘာမှ တိုးတက် ဖြစ်ထွန်းစရာ မရှိနိုင်ဘူး။

ဒီအချက်ကို တပ်မတော်၊ အာဏာရအစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ တွေ အကုန်လုံး သိရှိကြပြီးဖြစ်မယ် ထင်ပါတယ်။ ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ၊ တိုင်းပြည်နဲ့လူထုအကျိုးကို ရှေးရှုကြ စေချင်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ တိုင်းပြည်ရှေ့ရေးအတွက် ဒီဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ချထားကြစေချင်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန့်ကျင်နေသူတိုင်းဟာ ကိုယ်ကျိုးရှာသူတွေပဲ ဖြစ်လိမ့်မယ်။ ပြည်သူလူထုကို ဒီမိုကရေစီဆိုတဲ့ဝေါဟာရ မက်လုံးပေးပြီး လိမ်လည်နေသူတွေသာဖြစ်တယ်လို့ မထောက်မညှာ ဝေဖန်ရ မှာပဲ။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ကတော့ နောက်ထပ်တကြိမ် အလိမ်မခံရရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲကို မိမိရရ အသုံးချကြဖို့ပါပဲ။ ရွေးကောက်ပွဲအတွင်း မဲခိုး မဲလိမ် မခံရရေးအတွက်လည်း နိုးကြားသတိရှိနေကြဖို့ လိုပါတယ်။ ဒါကြောင့် လူထုအကျိုး အမှန်တကယ် သယ်ပိုးရွက်ဆောင်မယ့် လူထုကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ကြရေးအတွက် ပြည်သူအများ မျက်စိဖွင့် နားစွင့်ပြီး တကျော့ပြန် အလိမ် မခံရအောင် နိုင်ငံရေးသတိ နိုးနိုးကြားကြား ရှိနေကြစေလိုကြောင်းပါ။  ။။