သားကြီး မောင်ဇေယျ - ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ

သားကြီး မောင်ဇေယျ - ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ
အကြမ်းဖက်ခံကျောင်းသားများ (၇) ကြိမ်မြောက် ရုံးထုတ်
(မိုးမခ) မေ ၂၅၊ ၂၀၁၅
 
x x x ကျဉ်းကျဉ်းကြပ်ကြပ် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဟာ တရားခွင်နဲ့ အမှုသည်နဲ့ ရှေ့နေနဲ့ လွပ်လွပ်လပ်လပ် စစ်ခွင့်ရရင် ကျေနပ်ပြီx x x

ဆံပင်ဖြူဖြူ အသက် ၆၀ ကျော် ရှေ့နေကြီးဦးအောင်သိန်းက သူ့ရှေ့မှာရှိတဲ့ ကျောင်းသားမိဘတွေ၊ မီဒီယာတွေကို သာယာ ၀တီတရားရုံးရှေ့မှာ ရှင်းပြနေတာပါ။ မနက် ၉ နာရီလောက်သာရှိသေးပေမယ့် နေပူရှိန်က အတော်ကလေးမြင့်နေပါပြီ။ ကျနော်နဲ့  ဒီဗွီဘီသတင်းထောက် ကိုထွန်းကျော်တို့က ရှေ့နေဦးအောင်သိန်းရဲ့ပြောစကားတွေကို ဗီဒီယိုမှတ်တမ်း ရသ လောက်ရိုက်ယူနေပါတယ်။ ရှေ့နေဦးအောင်သိန်းဆိုတာ ကျနော်နဲ့ရော ကိုထွန်းကျော်နဲ့ပါ သူစိမ်းတွေမဟုတ်ပါဘူး။ ကျ နော်တို့ကို မီဒီယာအမှုနဲ့ တရားစွဲခံရတုန်းကလည်း ရှေ့နေလိုက်ပေးခဲ့ရသူက ဒီဦးအောင်သိန်းပဲဖြစ်ပါတယ်။ တနည်းပြော ရရင် ကျနော်တို့ရဲ့ ဖောက်သည်ဟောင်းကြီးပေါ့။

ရှေ့နေဦးအောင်သိန်းနဲ့ မလှမ်းမကမ်းမှာ မျက်နှားဝိုင်းဝိုင်း ကတုံးကေနဲ့ မန္တလေးက ရှေ့နေဦးသိန်းသန်းဦးကလည်း ဒီဗွီဘီ သတင်းထောက် ကိုဉာဏ်ကြီးကို ခုလိုပြောလိုက်ပါတယ်။

x x ဥပဒေအရ ကန့်သတ်ချက်မရှိရင် အများပြည်သူတွေရှေ့မှောက်မှာ တရားစီရင်ရမယ် open court ပေါ့။ အခုဆွဲထားတဲ့ ပုဒ်မတွေက ၁၄၃ ၁၄၅ ၁၄၇ ၆၀၅ (ခ) ပါ တံခါးပိတ်စစ်ရမယ်လို့ မပါဘူး x x

ရှေ့နေတွေရဲ့စကားကိုထောက်ရင်  မြန်မာနိုင်ငံရဲ့တရားစီရင်ရေးဟာ လွပ်လပ်မျှတမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ အားနည်း နေပြီး စိုးရိမ်ဘွယ်အခြေအနေတခုမှာ ရှိနေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ရှေ့နေဦးသိန်းသန်းဦးဟာ စစ်အစိုးရကိုအာခံခဲ့တဲ့ ကျောင်းသားဆိုးတယောက်အဖြစ် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ ထောင်အ ကြိမ်ကြိမ်ကျခံခဲ့ရတဲ့ ဆေးကျောင်းသားဟောင်းတယောက်ပါ။ ခု သူက သပိတ်မှောက်ကျောင်းသားတွေဖက်က လိုက်နေတဲ့ ရှေ့နေ။ တနည်းပြောရရင် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဥပဒေ အောက်မှာ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရသူ။ ဥပဒေ လက်နက်ကိုဆွဲကိုင်ပြီး စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဥပဒေကို အာခံနေသူ။ ဥပဒေ စစ်မြေပြင်ရောက် လူတယောက်။

သူလိုပဲ သပိတ်မှောက်ကျောင်းသားတွေဖက်က ရှေ့နေလိုက်နေသူ  ကျောင်းသားဆိုးတဖြစ်လဲ ရှေ့နေတယောက်လည်း ရှိပါသေးတယ်။ သူက ဦးရောဘတ်စန်းအောင်ပါ။

သူဟာ လွယ်အိပ်ပြာကြီး လွယ်ရင်း မျက်မှန်ကြီးတ၀င့်တ၀င့်နဲ့ ဒီဗွီဘီသတင်းထောက် ကိုရန်နိုင်ကို တရားရုံး ၀င်ပေါက်ဝနားမှာ ရပ်ရင်း ရှင်းပြနေပါတယ်။

ပြင်သစ်သံရုံးက နိုင်ငံရေးအရာရှိရယ်၊ အီးယူသံမှူးရယ်၊ ဂျာမန်သံရုံးကရယ် လာကြတယ်ပေါ့နော်။ လာပြီးတော့လေ့လာ တယ်ဆိုတာက  ဒီမှာစစ်ဆေးစီရင်နေတဲ့ စစ်ဆေးစီရင်ပုံဟာ တရားမျှတတဲ့ စစ်ဆေးစီရင်ပုံ ဖြစ်/မဖြစ်ဆိုတာ လေ့လာ ဖို့လာကြတာပါ။

ဒီနေ့တရားခွင်အနေအထားရဲ့ ထူးခြားချက်တခုရှိပါတယ်။

အဲဒါကတော့ သတင်းထောက် ကိုဉာဏ်ကြီးရဲ့ သတင်းထောက်တွေ တရားရုံးတွင်း ၀င်ရောက်သတင်းယူခွင့် တောင်းဆိုတာ ကို တရာသူကြီးက ခွင့်ပြုလိုက်တာပါ။

ဒီလိုထူးထူးခြားခြားခွင့်ပြုလိုက်တာကို မီဒီယာသမားတွေက ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးလမ်းကြောင်းပေါ်ရောက်ဖို့ ပထမခြေလှမ်း အဖြစ်ရှုမြင်လိုက်ကြပါတယ်။ ကျောင်းသာခေါင်းဆောင် ကိုသီဟ၀င်းတင်ကတော့ ခုလိုမြင်ပါတယ်။

သဘောရိုး စေတနာနဲ့ခွင့်ပေးတာမဟုတ်ဘူး၊ နိုင်ငံတကာက လေ့လာသူတွေလည်းပါတယ်။ ဒီလိုအနေအထားမျိုးမှာ သူတို့ အနေနဲ့ ဖွင့်ပေးတာဖြစ်တယ်။ နောက်တချက်ကတော့ အကုန်လုံးကို  ၁၀ ယောက်တသုတ်စီ ပေးဝင်မယ်ပြောတယ်။ ဒါကို ကြည့်ရင် အစိုးရအနေနဲ့ မပြောပဲနဲ့ မရဘူး၊ မတိုက်ပဲနဲ့ မရဘူး။ တကယ်ဆို အစိုးရအနေနဲ့ ပုံမှန်သာဆိုရင် ကျနော်တို့ ပြောစရာမလိုဘူး တိုက်စရာမလိုဘူး။ အစောကြီးကတည်းကဖြစ်ရမယ်ကိစ္စလို့ မြင်တယ်။

ကျောင်းသားတွေရဲ့အမြင်ဟာ သမိုင်းအဆက်ဆက် ပွင့်လင်းစူးရှခဲ့ကြတာ ခုထက်ထိပါပဲ။ တိတိကျကျပြောရင် ကျောင်းသား သမဂ္ဂပေါ်ပေါက်ခဲ့တဲ့ လွန်ခဲ့သော ၇၉ နှစ်ကတည်းကပါ။

ဗကသအနေနဲ့ နယ်ချဲ့အစိုးရ၊ ဖက်စစ်အစိုးရ၊ စစ်အစိုးရ၊ အစိုးရအဆက်ဆက်ကိုတော်လှန်ခဲ့တာ ရ၉ နှစ်ရှိပြီ။ ကျောင်းသား သမဂ္ဂ ၇၉ နှစ်ပြည့်ဟာ ဒီမိုကရေစီပညာရေး တိုက်ပွဲဝင်နေတဲ့ကာလလည်းဖြစ်တယ်။

ကျောင်းသားခေါင်းဆောင် ကိုမိုးထက်နေက လွပ်လပ်ရေးတိုက်ပွဲ၊ ဖက်စစ်တော်လှန်ရေးတိုက်ပွဲ ဒီမိုကရေစီတိုက်ပွဲတွေနဲ့ ကျောင်းသားတိုက်ပွဲသမိုင်းဟာ ချိတ်ဆက်မှုရှိနေကြောင်းကို လိုတိုရှင်း ပြောပါတယ်။ ဒီလိုချိတ်ဆက်မှုတွေရှိတယ်ဆိုတာသိတဲ့ အုပ်ချုပ်နေသူတွေဟာ ပညာရေးကို လုံခြုံရေးရှုထောင့်ချည်းကပ်ကာ ပြင်းပြင်းထန်ထန်ဖိနှိပ်ရင်း အာဏာကို ကျစ် ကျစ်ပါအောင် ဆုပ်ထားလေ့ရှိပါတယ်။

ဒါကြောင့်လည်း မြန်မာပြည်ပညာရေးဟာ ကိုလိုနီကျွန်ပညာရေး၊ စစ်ကျွန်ပညာရေးဆိုတဲ့  ကျွန်ပညာရေးနွံထဲက ရုန်းမထွက် နိုင်တာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ပညာရေးကို လုံခြုံရေးရှုထောင့်က  ကြည့်နေသမျှကာလတလျှောက်လုံး ပိုပြီးဆိုးဝါးသွားဖို့ပဲရှိပါတယ်လို့ အသားဖြူဖြူ ပါး ဖေါင်းဖေါင်းနဲ့ ကျောင်သူကလေး အိသဉ္ဇာမောင်ကဆိုပါတယ်။

ဒီလို လုံခြုံရေးရှုထောင့်ဖက်ကသာ ချည်းကပ်လုပ်ဆောင်ခဲ့တာကြောင့်  ကျောင်းသားတွေကို ရန်သူလိုသဘောထားပြီး ရိုက်နှက်ဖမ်းစီးခဲ့တာဖြစ်တယ်လို့ အများက ယူဆထားကြပါတယ်။

 ခုတော့ ကျောင်းသားတွေ ရုံးတင် တရားစွဲခံနေရပြါပါပြီ။

ဒီဖြစ်စဉ်မှာ ကျနော်ကိုယ်တိုင် အနီးမှာရှိနေပါတယ်။ ကိုယ်တိုင်လည်း တာဝန်ရှိသူတယောက်အနေနဲ့ ကြီးကြပ်လုပ်နေရတဲ့ လုပ်ငန်းတွေပါ။ မျက်မြင်တကယ့်ဖြစ်တဲ့ ဖြစ်စဉ်တွေကို ထွက်ဆိုတာပါ။

ပုခုံးပေါ်မှာ ငွေရောင်တလိုင်း တပွင့်နဲ့ တရားလို ရဲအရာရှိက  xxx  အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် သတိကြီးကြီး နဲ့ သတင်းထောက် ကိုဉာဏ်ကြီးမေးသမျှကို ဖြေဆိုပါတယ်။

ဖမ်းစီးခံထားရတဲ့ ဥပဒေကျောင်းသူ မဟန်နီဦးကတော့

ကျမတို့ကို ရိုက်နှက်ပြီး ဖမ်းစီးတဲ့ရဲတွေက ကျမတို့ကိုပြန်ပြီး တရားဆွဲတယ်ဆိုတဲ့အချက်ဟာ လက်ရှိအချိန်မှာ တရားဥပဒေ စိုးမိုးမှုရှိမရှိဆိုတာ အထင်အရှားပြနေတာပါ။

 ဥပဒေသမားကောင်းတွေဟာ ဥပဒေအကြောင်းကောင်းကောင်းသိကြပါတယ်။

မြင်မြတ်တဲ့ဥပဒေသမားတွေကတော့ အမှန်တရားနဲ့ သစ္စာတရားကိုပိုပြီး ကောင်းကောင်းသိကြပါတယ်။

မြင့်မြတ်နှလုံးသား ပိုင်ရှင်တွေကတော့ စွန့်လွှတ်ရင်း၊ အနစ်နာခံရင်း၊ သစ္စာတရားဖက်က ရပ်တည်ရင်း.သူတို့ဘ၀သက်တမ်း ကို ကုန်လွန်ခဲ့လေ့ရှိပါတယ်။

ညနေစောင်းတော့ ကျောင်းသားတွေကို တရားရုံးနောက်ပေါက်ကထုတ်ကာ ထောင်ရှိရာဖက်ကို အချုပ်ကားတွေနဲ့ တင်ခေါ် သွားပါတယ်။

ကျနော်နဲ့ ကိုထွန်းကျော်တို့က တရားရုံး နောက်ပေါက်ကထွက်လာတဲ့ ကျောင်းသားအချို့ကို အမိအရ မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးပါတယ်။ ၀န်းရံသူတွေနဲ့ ကျောင်းသားတွေဟာ ကြွေးကြော်သံတွေ အပြန်အလှန်တိုင်ရင်း လက်ပြနူတ် ဆက်ကြ ပါတယ်။

ကျောင်သားအချို့ကတော့ ထောင်သွားရာလမ်းတလျှောက် ခွပ်ဒေါင်းအလံတွေ တလူလူလွှင့်ရင်း အချုပ်ကားကိုပြေးလွှား ၀န်းရံ လိုက်ပါသွားကြပါတယ်။

ကိုဉာဏ်နဲ့ ကိုရန်နိုင်တို့က ကင်မရာခလုပ်ကိုဖွင့်ရင်း အပြေး အလွှား ။

သားကြီးမောင်ဇေယျ
၂၄-၀၅-၂၀၁၅