မောင်ရစ် - ရွေးကောက်ပွဲလားဟေ့ … သူဖျားနေတယ်


မောင်ရစ် - ရွေးကောက်ပွဲလားဟေ့ … သူဖျားနေတယ်
(မိုးမခ) မေ ၁၅၊ ၂၀၁၅

၂၀၁၅ နိုဝင်ဘာမှာ မြန်မာပြည်ရဲ့ ပါတီစုံရွေးကောက်ပွဲ လုပ်မယ် ပြောတယ်။ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ NLD က တမြန်နေ့လောက်ကမှ မီဒီယာတွေကတဆင့် ၂၀၁၅ ရွေးကောက်ပွဲကို နေရာအပြည့် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ပြောလိုက်ပါတယ်။ ဒါကလည်း အတိအကျ လက်ခံလို့ မရသေးဘူး ဆိုလား၊ ပထမအဆင့်က ရွေးကောက်ပွဲကို အစိုးရနဲ့ အာဏာပိုင်များက အမှန်တကယ် (ဖရီးနဲ့ ဖဲယား) ကျင်းပပေးရန် အာမခံဖို့၊ ဒုတိယကျမှ ပါတီများက ၀င်ရောက်ယှဉ်ပြိုင်ရန်၊ တတိယကျတော့ လွှတ်တော်အသီးသီးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများ စာရင်း အတည်ပြု ထွက်ရှိရန်၊ ရွေးကောက်ပွဲ အောင်နိုင်ရေး (မဲဆွယ်ပွဲများ) လှုပ်ရှားကြရန်၊ မဲဆန္ဒရှင်ပြည်သူများက လေ့လာ သုံးသပ် ရွေးချယ် ဆုံးဖြတ်ကြရန် … စတဲ့ အဆင့်ဆင့်တွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောတဲ့သူတွေက ပြောကြပါတယ်။ ရွေးချယ်ခံ အမတ်တွေ လွှတ်တော်တက်ပြီး လွှတ်တော်သစ်ဖွဲ့၊ အစိုးရဖွဲ့ဖို့ သမ္မတအဆင့် ခေါင်းဆောင်များ ရွေး၊ ပြီးတော့ အစိုးရသစ်တရပ် လွှဲပြောင်း ဖော်ဆောင် ဆိုတာတွေမှာလည်း ပွဲကြီးပွဲကောင်းတွေ ဆက်နေမှာပဲလို့လည်း ပြောကြပါတယ်။

သည်လို စိတ်လှုပ်ရှားစရာတွေ အဆင့်ဆင့်ရှိနေတဲ့ ရှေ့ ၆လ အတွက် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေသူ ပြည်သူတွေအတွက် ဘယ်လိုများ သဘောထားရှိနေသလဲလို့ အကဲခတ်ကြည့်မိတဲ့အခါ သူတို့တတွေမှာ လေ့လာစောင့်ကြည့် အကဲခတ်သူတွေလောက် တက်တက်ကြွကြွ မရှိကြသေးဘူးလို့ ဆိုရပါမယ်။ မဲပေးကြမယ်ဆိုရင်လည်း အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံမဲ ပေးလိုက်ကြမှာ ဆိုတဲ့ သက်တောင့်သက်သာဖြစ်တဲ့ သဘောထားကို ယေဘူယျ တွေ့နေရပါတယ်။

အမေရိကန်ပြည်လို ရွေးကောက်ပွဲနဲ့ တိုင်းရေးပြည်ရေး ပြည်သူ့အရေးကို အဆုံးအဖြတ်ခံတဲ့ အာဏာလွှဲကြတဲ့ တိုင်းပြည်ဆိုရင် ၂၀၁၆ နိုဝင်ဘာမှာ ကျင်းပတဲ့ သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲအတွက် အခု ၁ နှစ်ခွဲလောက်ကို ကြိုပြီးတော့ (၂၀၁၅ မေလကတည်းက) ပါတီကြီး ၂ ခုက သမ္မတလောင်းတွေ အသီးသီး ထုတ်ပြန်ကြေညာနေကြပြီ။ အချင်းချင်းတွေကြား ပြိုင်ဆိုင်နေကြပြီ။ အထွေထွေရွေးကောက်ပွဲ ၀င်ပြိုင်မယ့် အမတ်လောင်းတွေကလည်း နာမည်စာရင်းတွေ တင်သွင်းနေကြပြီ။ ပါတီတွင်း အမတ်နေရာ စကာတင်နိုင်ဖို့ ပါတီတူအမတ်ပြိုင်တွေကလည်း အကြိုရွေးကောက်ပွဲအဆင့် ကိုယ့်ပါတီထောက်ခံသူ မဲဆန္̔ဒရှင်တွေကြားထဲ မဲဆွယ်နေကြပါပြီ။ သူတို့တွေကတော့ ခုနင်ကဆိုထားတဲ့ ရွေးကောက်ပွဲစနစ် အာမခံမှုမှာ အားလုံးက သက်ဝင်ယုံကြည်ကြတဲ့အတွက် လေ့ကျင့်သားရနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေလို့ လက်ခံရမှာပါ။ သည်ဖက် မြန်မာပြည်မှာကတော့ ရွေးကောက်ပွဲစနစ် အာမခံမှုကို မပြောနဲ့ဦး လက်ရှိမြန်မာနိုင်ငံရေးဖြစ်စဉ်ထဲက အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိတ်အပိုင်းကိုယ်တိုင်ကို အားလုံးက သက်ဝင်ယုံကြည်မှု မေးခွန်းထုတ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ၀င်ကြဖို့ကိုတောင် နောက်ဆုံးမိနစ်အထိ အတိုက်အခံတွေ ပြည်သူတွေအားလုံးက ရပ်ကြည့်နေကြဆဲလို့ ဆိုရမှာပါ။

ရွေးကောက်ပွဲ ဟေ့ လို့ ဘယ်လောက်ပဲ အားခဲ မျော်လင့် ၀င်ရောက် ဆင်နွှဲ မဲပေး ဖြတ်သန်းကြမယ်ဆိုသော်လည်း မြန်မာပြည်က စစ်အုပ်စု၊ ကာလုံ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ခရိုနီတွေ၊ သူတို့နောက်လိုက် အပေါင်းအပါ ဆွေတော်မျိုးတော်အပေါင်းကို အကာအကွယ်ပေးထား အလုပ်အကျွေးပြုထားတဲ့ ကျောထောက်နောက်ခံ ၂၀၀၈ အခြေခံဥပဒေ အမိုးအကာကြီးအောက်မှာ ဖြစ်နေတာကြောင့် ရွေးကောက်ပွဲ၊ လွှတ်တော်၊ အစိုးရ၊ အမတ်၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အစိတ်အပိုင်းအသီးသီးဟာ တကယ်ကော အပေါ်ကစီးမိုးထားတဲ့ ဖလ်သားမျက်နှာကြက်ကြီးကို ဖောက်ထွက် ပြုပြင်နိုင်ကြမှာတဲ့လား ဆိုတာကလည်း သံသယအကျိုးဖြစ်စေတဲ့ မေးခွန်းပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲဖြစ်စဉ်ကနေ တက်လာတဲ့ သမ္မတ၊ အစိုးရနဲ့ လွှတ်တော်ဟာ သူတို့သက်တမ်းမှာ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရေးတွေကို ကတိပြုထားတဲ့အတိုင်း ကြိုးပမ်း ဆောင်ရွက်ကြပါတယ်။ အိုဘားမားလက်ထက်မှာ စီးပွားရေး နလံထူအောင် ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ရေးတွေ ဆောင်ရွက်တယ်၊ အရေးယူတယ်။ အခွန်တော် လျော့ပေါ့မှုတွေ လုပ်တယ်။ စစ်ပွဲတွေ ရပ်ဆိုင်းနိုင်အောင် ကြိုးပမ်းပါတယ်။ ပြည်တွင်းရေး ပေါ်လစီတွေထဲက အသားအရောင် လူမျိုးခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေ၊ အလုပ်သမားများ တန်းတူညီမျှမှုအရေးတွေ ဥပဒေအရ ပြောင်းလဲမှု ကာကွယ်မှုတွေ ပြုလုပ်ပါတယ်။ ပထမ ၄ နှစ် သက်တမ်းမှာ လူကြိုက်များလို့ ထောက်ခံလို့ သမ္မတအိုဘားမားတယောက် ဒုတိယအကြိမ် သမ္မတသက်တမ်းရွေးချယ်ခံလိုက်ရပါသေးတယ်။ သည်မှာဖက် မြန်မာပြည်ကြီးမှာကတော့ အခြေခံဥပဒေပြင်ဆင်ရေး လူထုတောင်းဆိုမှုတွေကို လက်ရှိ သမ္မတနဲ့ လွှတ်တော်က အကောင်အထည် မဖော်နိုင်သေး။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတာကို အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး အတွင်းစည်းဘောင်ထဲကအပြင် လွှတ်တော်ပြင်ပနဲ့ “ကာလုံ” သဘောထားမူဘောင်အတွင်းမှာ ဆောင်ရွက်နေတာ ခုချိန်ထိ မပြီးစီးသေး။ ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက ဘယ်နေရာမှာဖြစ်ဖြစ် ဘာပဲလုပ်လုပ် ရင်ခံနေသလို ဖြစ်နေပါတယ်။ အမေရိကန်က အခြေခံဥပဒေရဲ့ အာမခံမှု သက်ရောက်မှု တရားမျှတမှုတွေကြောင့်မို့လို့ အမေရိကန်ကရွေးကောက်ပွဲကနေ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲတွေကို သွားနိုင်သော်လည်း မြန်မာပြည်က ၂၀၀၈ အခြေခံဥပဒေကတော့ မြန်မာပြည်ရဲ့ အထွေထွေအကြပ်အတည်းတွေ အဖြေရှာနိုင်ဖို့ကို ပေးနိုင်ပါ့မလား ဆိုတာ သံသယဖြစ်စရာ။

ယူချင် ယူစရာ သင်ခန်းစာကတော့ ၂၀၁၅ ဖြစ်ရပ်ဆန်းများပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေး၊ မြေသိမ်း ယာသိမ်း အရေး၊ အလုပ်သမားတောင်သူလယ်သမားများအရေး၊ ခရိုနီတို့ လက်ဝါးကြီးအုပ် ပရိုဂျက်ကြီးများအရေး၊ ပြည်ပနိုင်ငံသြဇာခံ လုပ်ငန်း ပရိုဂျက်များအရေးတွေမှာ အစိုးရနဲ့ လွှတ်တော်မှာလည်း ပြည်သူလူထုရဲ့ စကားက မပေါက်ရောက်။ တရားစီရင်ရေးမှာကလည်း လမ်းကပိတ်။  ပေါက်ရောက်လာပြန်တော့လည်း တမတ်သား စစ်အုပ်စုကို မကျော်လွှားနိုင်။ ဘယ်လို ကျော်ကျော် ကာလုံဆိုတာကြီးရဲ့ အရေးပေါ် စွက်ဖက်မှုတွေနဲ့ ရင်ဆိုင်တိုးနေရတယ် မဟုတ်ပါလား။ အထင်ရှားဆုံးကတော့ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ကျောင်းသားသပိတ်လှုပ်ရှားမှု ဖြစ်ပါတယ်။ “မည်သို့ပင်ဖြစ်စေကာမူ” နောက်ဆုံးတော့ အစိုးရနဲ့ လွှတ်တော်အပေါ်က ကာလုံ ဆိုတဲ့ စစ်အုပ်စုရဲ့ အဆုံးအဖြတ်နဲ့ပဲ အကြမ်းဖက် ဖြိုခွင်း ဖမ်းချုပ် နင်းချေ ဖြေရှင်းလိုက်ကြတာပဲ။ ပြည်သူတွေနဲ့ ပွဲကြည့်ပရိသတ်တွေက အတိုက်အခံတွေ၊ NLD တွေ၊ အတိုက်အခံခေါင်းဆောင်ကြီးတွေ၊ ၈၈ ပွင့်လင်းမျိုးဆက်တွေအပေါ်ကို အားမလို အားမရဖြစ်ကြ၊ ဝေဖန် ပြစ်တင်ကြ၊ ကျောင်းသားလူငယ် ၀န်းရံပြည်သူတွေအပေါ်ကို ကြိတ်မနိုင် ခဲမရ ဂရုဏာမိုးတွေ သွန်းဖြိုးရွာနေကြချိန်မှာ “ကာလုံ” အဆုံးအဖြတ်ဆိုတာဟာ “၂၀၀၈ အခြေခံဥပေဒ” ကနေ ပေါက်ဖွားလာတဲ့ ထာဝရ ရလာဒ် ဖြစ်နေတယ်ဆိုတာ မျက်ခြေမပြတ်ကြစေလိုပါ။

သည်လိုနဲ့ ၂၀၁၅  ရွေးကောက်ပွဲကို ဖြတ်သန်းကြမယ်သာ ဆိုရင်တော့ … တချို့တွေကတော့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကိုပါ ထည့်သွင်း စဉ်းစားကြပါတယ်။ အဲသည်လိုစဉ်းစားကြတဲ့နေရာမှာ သူတို့ကို အထင်ကြီးတာထက် ကိုယ့်လူအချင်းချင်းအပေါ်မှာ အထင်သေး၊ စိတ်ပျက်ကြတဲ့ လက္ခဏာတွေ ပါလာပါတယ်။ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကိုယ်တိုင် စိတ်လက် ကိုယ်ပါ ပြုပြင် ပြောင်းလဲ ပြင်ဆင်ကြမှာသာ အပြောင်းအလဲကို ဖြစ်ပေါ်နိုင်မယ်လို့ ယူဆကြကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ကြားလာရပါတယ်။ တချို့ကျတော့လည်း အတိုက်အခံဒီမိုကရေစီ အင်အားစုတွေချည်းရဲ့ စုစည်းမှုတွေ၊ အားထုတ်မှုတွေနဲ့ပဲ ပြုပြင်ပြောင်းလဲရေးကို သွားကြမယ်လို့လည်း ပြောတဲ့သူတွေ ရှိပါတယ်။ တပါတီ တအုပ်စုတည်း တင်းပြည့် ကြပ်ပြည့် ရွေးကောက်ပွဲဝင်၊ အောင်နိုင်ရေးကို အားထုတ်၊ တဖက်စစ်အုပ်စု အပေါင်းအပါတွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ အပြောင်းအလဲကို ဖော်ဆောင်ကြမယ်ဆိုတဲ့ လမ်းလည်း ရှိပါတယ်။ ဘက်ထရီနဲ့ ဓာတ်ဆီပေါင်း မောင်းတဲ့ Hybrid ကားလိုမျိုး နေမှာပေါ့နော်။ ဘယ်လိုပဲ ဖြတ်ဖြတ်ပါ … နောက်ကွယ်က လောင်းရိပ်သဖွယ် မိုးထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးကို အဆင့်ဆင့် ပြင်ဆင် ပြုပြင် ပြောင်းလဲနိုင်ရေးသာ အဓိကပါ။ (၂၀၁၀ - ၂၀၁၅) ၅ နှစ်ကာလအတွင်း ပြုပြင်ပြောင်းလဲရေး ပွင့်လွင်းလွတ်လပ်ရေး အလင်းရောင်ဟာ ၂၀၁၂ ကျမှ မြင်လာခဲ့ရတာမို့ ရွေးကောက်ပွဲဖြစ်စဉ်က မျှော်လင့်ချက်ဆိုတာ ခပ်ရေးရေးပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တန်း စဉ်းစားကြည့်ရင် စစ်အုပ်စုနဲ့ အပေါင်းအပါတွေကိုပါ ရွေးကောက်ပွဲဖြစ်စဉ် ဒီမိုကရေစီဖြစ်စဉ်တွေထဲ အတူတူပါကြဖို့ ထည့်သွင်းစဉ်းစားကြမယ်သာဆိုရင် သူတို့တွေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာ သူတို့ကိုယ်တိုင်လည်း အတူတူဝင်ပြင်ကြဖို့ကိုသာ အတိုက်အခံတွေ ဒီမိုကရေစီအင်အားစုတွေက အင်နဲ့အားနဲ့ တစုတစည်း ဖိအားပေး ဆွဲခေါ် လိုက်ပါစေကြရေးပဲ ဖြစ်ပါတယ်။ သူ့အလိုလိုက် ပြင်ဆင်ပြောင်းလဲရေးဆိုတာထက် ကိုယ့်အလိုလိုက်ပြုပြင်ပြောင်းလဲရေးကို အင်အားစုံ ဘက်စုံ ဖိအားစုံ နည်းလမ်းစုံ သုံးကြပြီး ၂၀၁၅ ရွေးကောက်ပွဲမှတ်တိုင်ကို ဖြတ်ရမယ်လို့ တွေးနေမိပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဥပမာတခု ပြောရရင်တော့ မြန်မာစာဖတ်သူတွေ စွဲလန်းကြတဲ့ တရုတ်သိုင်းဝတ္ထုထဲက ဇာတ်ကွက်တခုလိုမျိုး ဖြစ်ပါတယ်။ အသူတရာနက်တဲ့ ကျောက်ဂူ ခြောက်ကမ်းပါးကြီးထဲ လိမ့်ကျ ပိတ်မိနေတဲ့ သိုင်းသမားဇာတ်လိုက်ဟာ မမျှော်လင့်ပဲ လျို့ဝှက်သိုင်းကျမ်းတွေ ရရှိပြီး ကျင့်စဉ်ပေါက်မြောက်လို့ တမဟုတ်ချင်း အဆင့်နိမ့် သိုင်းသမားအဖြစ်ကနေ ဆရာကြီးဖြစ်သွားပါသတဲ့။ အားကြီးတဲ့ ရန်သူတွေကို တန်ပြန်နိုင်တဲ့ အားပြောင်းအားလွှဲသိုင်း၊ အတွင်းအားမြင့်တဲ့ ပြိုင်ဖက်တွေဆီက အတွင်းအားတွေကို စုတ်ယူအမြတ်ထုတ်နိုင်တဲ့ အတွင်းအားစုတ်သိုင်းတွေနဲ့ အောင်မြင်မှု သရဖူ ဆောင်းသွားပါသတဲ့။ အခုအချိန် မျက်မှောက်ခေတ်မှာ ဒီမိုကရေစီ အတိုက်အခံတွေဆီမှာ အားပြောင်းအားလွှဲသိုင်းတွေ အတွင်းအားစုတ်သိုင်းတွေ မရှိကြသေးတာလား။ ထုတ်မသုံးဘဲ ချိုထားနေကြလို့လား။ တဖက်အုပ်စုကတော့ ကျင့်စဉ်တွေအောင်မြင်ပြီး အားပြောင်းအားလွှဲသိုင်းတွေ အတွင်းအားစုတ်သိုင်းတွေနဲ့ ကျနော်တို့ကို အနိုင်ယူ၊ သရဖူကို လုယူနေကြပြီလား …။

ဟုတ်ကဲ့ … တတ်ထားတဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ ရွေးကောက်ပွဲလားဟေ့ … ။ သူ ဖျား နေတယ်။