ဖိုးထက် - ပေတိုးနဲ့ သူတို့ ကြိုးတွေ


ဖိုးထက် - ပေတိုးနဲ့ သူတို့ ကြိုးတွေ
(မိုးမခ) မေ ၄၊ ၂၀၁၅


အလုပ်သမားနေ့အတွက် မြန်မာနိုင်ငံ၏ လက်ရှိသမ္မတ ဘဘကြီး ဦးသိန်းစိန်၏ သ၀ဏ်လွှာဆိုပြီး လူကြီး တစ်ယောက်က ဖတ်ပြသွားတာကို သတင်းတစ်ပုဒ်မှာ ကျွန်တော် နားထောင်လိုက်ရသည်။ သတင်းကို နားထောင်ပြီးသကာလ အလယ်တန်း ကျောင်းသား ဘ၀က မျောက်ကလေး ပေတိုးကို သတိရမိသည်။ သမ္မတနှင့် မျောက် ဘာမှ မဆိုင်ပါ။ လူသည် မျောက်က ဆင်းသက်သည်ဟု ဆိုကြသော်လည်း ကျွန်တော့်ကို မျောက်နှင့် နှိုင်းယှဉ်လျှင် မကြိုက်သလို လူကြီး လူကောင်း နိုင်ငံ့ခေါင်းဆောင်ကြီးကို မျောက်နှင့် ယှဉ်ပြောလိုခြင်း မဟုတ်ပါ။ စော်ကားလိုစိတ်ဖြင့် မဟုတ်ရပါ။ ဆက်ပါဦးမည်။ ဖတ်ပါဦးလော့။

          မျောက်ကလေး ပေတိုး အကြောင်း အရင် ပြောပါမည်…

ကျွန်တော်တို့ ခြောက်တန်းနှစ်က နေ့ခင်း ထမင်း စားချိန်က တစ်နာရီ တိတိနားသည်။ ကျွန်တော်တို့က ထမင်းကို ၁၀ မိနစ်အတွင်း စားလိုက်ကြသည်။ ပြီးလျှင် ကျောင်းရှေ့ရှိ ရေမြောင်းမကြီးဘက်ကိုထွက်ပြီး ရေခိုးဆင်းကူးကြသည်။ ဒါကို သိသော ဆရာ၊ ဆရာများက လိုက်ဖမ်းသည်။ ရိုက်သည်။ အပြစ်ပေးသည်။ ရေနစ်သေ၊ မာလကီးယားသွားကြလျှင် မခက်ပါလား။ ဒါပေမယ့် ကျွန်တော်တို့က အလွန် ကမြင်းကြောထသော အကြောမာသည့် အကောင်တွေဘဲ။ မိကာမှ မိ။ ဆော်ပလော်တီးခံရမှ တီးခံရပါ့စေ။ ထမင်းစား ကျောင်းဆင်းချိန်တိုင်း ရေဆင်းခိုးကူးရန် ကျောင်းထောင့် ချောင်ကျကျမှာရှိသော ကုက္ကိုလ်ပင်ကြီးအောက်သို့ ချီတက်ကြတော့သည်။

တစ်နေ့တော့ ကျွန်တော်တို့အဖွဲ့ စတည်းချရာ နေရာသို့ သတ္တ၀ါ နှစ်ဦး ရောက်နှင့်နေသည်။ လူတစ်ဦး နှင့် မျောက်တစ်ကောင်။ သေချာအောင် ထပ်ပြောရပါလျှင် ခြေတစ်ဖက် မသန်သော အသက်ခပ်ကြီးကြီး လူကြီး တစ်ယောက်နှင့် သံကြိုးကို ခါးမှာ ချည်ထားပြီး လူကြီး၏ ခြေထောက်နှင့် တွဲပြီး ချည်တွဲထားသော မျောက်တစ်ကောင်။ အဘိုးကြီးက သူ့မျောက်ကို ကျွန်တော်တို့အား ဖြေဖျော်စေသည်။ ကပြစေသည်။ ဂျွမ်းထိုးပြစေသည်။ ဖိုးစိန်ကြီးဟန် ခြေတစ်ဖက်ကို ရှေ့ထိုး ဟန်ပါပါ ရပ်ပြစေ၏။ ပြီးလျှင် ထိုလူကြီးက “မင်းတို့ ညီလေး ပေတိုးနဲ့ ဦးလေး ထမင်းဖိုးလေး တတ်နိုင်သလောက် လှူကြပါ ငါ့တူတို့ရာ” ဟု အလှူခံတတ်သည်။ ခြောက်တန်းကျောင်းသား၊ ခုနှစ်တန်း ကျောင်းသား၊ တောကျောင်းသားများ ကျွန်တော်တို့အတွက် ထိုလူကြီး လိုချင်သော ပိုက်ဆံ၊ ငွေကြေး ဘယ်မှာ များများ ပေးနိုင်ပါမည်နည်း။ သို့သော် အိမ်မှာ ပေါချင်း သောချင်း ရှိနေသော ပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ထန်းလျက်၊ ငှက်ပြောသီးများ ပိုထည့်လာကြသည်။ လိုချင်သလောက် ရနိုင်သည်။

ကျွန်တော်တို့ ထမင်းစားချိန် ဆင်းပြီဆိုလျှင် ပေတိုးခမျာ ဘာမှ စားရသေးဟန်မရှိ။ ငှက်ပြောသီး ယူလာသော သူရှေ့တွင် လက်ပိုက်ရပ်သည်။ လက်ဝါး ဖြန့်သည်။ ငှက်ပြောသီး ရလျှင် သူ့သခင်ကို သွားပေးသည်။ သူ့သခင်က လှမ်းယူပြီး သူ့ကို ပြန်ပေးလိုက်သည်။ ပေတိုးခမျာ အငမ်းမရ စားရှာသည်။ ထို့နောက် နောက်တစ်ယောက်၏ ထန်းလျက်။ နောက်တစ်ဦး၏ ပေါက်ပေါက်ဆုပ်။ တစ်ခါတစ်ရံ သူမကြိုက်သော ထိုးမုန့်၊ လမုန့်များဆိုလျှင်တော့ သူ့သခင် ပြန်အပေးကို စောင့်မနေတော့ဘဲ ကျွန်တော်တို့ ဘက်ကို သံကြိုးကြီး တန်းလန်းဖြင့် ပြန်ပြန်ပြေးလာပြီး လက်ပိုက်ရပ်ပြန်သည်။ မျောက်ပါးဝသော ပေတိုးလေးကို ကျွန်တော်တို့က ချစ်လို့ မကုန်။

လူကြီးကတော့ ကျွန်တော်တို့ ပေးကမ်းသော အစားအသောက်များကို ဟက်ဟက်ပက်ပက် ရှိပုံမရ။ သို့သော် ပေတိုးကတော့ အူမြူးသည်။ ခုန်သည်။ မြူးသည်။ ပိုပြီး လိမ္မာလာသည်။ သို့သော် မျောက် သည် မျောက်သာ ဖြစ်သည်။ ထို့ကြောင့်လည်း လူ့စိတ်သည် မျောက်စိတ်လို့ မတည်ငြိမ် ဖောက်ပြန်တတ်သော လူ့စိတ်မနောကို မျောက်၏ စိတ်နှင့် နှိုင်းယှဉ်ခဲ့ခြင်းသာ ဖြစ်ပေမည်။ ပေတိုးလဲ ဘာထူးသနည်း။ သူဗိုက်ဝသွားလျှင် သော်လည်းကောင်း၊ လူကြီးက သံကြိုးကို ခပ်တင်းတင်း ဆောင့်ဆွဲလိုက်လျှင် သော် လည်းကောင်း ပေတိုး စိတ်ဖောက်လေတော့သည်။ သူစိတ်ဖောက်ပုံက လူကိုတော့ ရန်မမူ။ ကလဲ ကမပြ။ သို့သော် သူ့ရဲ့ မတော်တလျော်ကြီးကို ကိုင် ကိုင်ပြီး ရိုင်းပြလာတော့သည်။ ကျွန်တော်တို့က သူ့ကို စိတ်မဆိုးပါ။ ထိုလူကြီးကိုတော့ မုန်းသွားကြသည်။

အခုလဲ အဘက သူ့သ၀ဏ်လွှာတွင် အခြေခံ အလုပ်သမား လစာ တိုးတောင်းတာလဲ တောင်းကြပေါ့တဲ့။ ဒါပေမယ့် ထုတ်ကုန်တန်ဖိုးတွေ တက်လာပြီး ကုန်ဈေးနှုန်းတွေ ကြီးလာတတ်တယ်တဲ့။ အလုပ်ရှင်တွေက အလုပ်သမားတွေကို စိတ်ညစ်ပြီး စက်ပစ္စည်းတွေ အစားထိုး သုံးလာရင် အကုန်လုံး အလုပ်လက်မဲ့တွေ ဖြစ်သွားနိုင်တာလဲ တွေးကြပါတဲ့။ ဖြတ်ကနဲ့ နားထောင်လိုက်လျှင် အဘစကားများသည် ဝေဖန်စရာမရှိ။ မှန်သည်လို့ ထင်စရာ ရှိသည်။

သို့သော် အလုပ်သမားစရိတ်တွေ တက်လို့ ကုန်ဈေးနှုန်းကြီးရပါသည့် ဆင်ခြေ ဆင်လက်များသည် သူများနိုင်ငံတွေမှာ မှန်နိုင်ဖွယ် ရှိသည်။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ မမှန်ပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံနေသော နိုင်ငံခြားသားများ အလုပ် လုပ်နေသည့် စက်မှုဇုန်မြေများ၊ နေရာ အကွက်အကွင်းကောင်းသော မြေနေရာများ အားလုံးသည် မည်သူတွေ၏ လက်ဝယ်မှာ အများစုရှိနေသနည်း။ လှိုင်သာယာ၊ ရွှေပြည်သာ ၊ ရွှေလင်ပန်း စက်မှုဇုန်တွေရှိ မြေတွေကို ဘယ်သူတွေ ပိုင်ဆိုင်ပါသနည်း။ စစ်မျိုး စစ်နွယ် စစ်ညီအစ်ကို စစ်မောင်နှမ များပိုင်သည်။ ကိုးကန့်လိုလို၊ ရှမ်းလိုလို ပုံစံဖမ်းထားသည့် တရုတ်များ ပိုင်ကြတာ များသည် မဟုတ်ပါလား။ စစ်မျိုး စစ်နွယ်များက မြေကြီးက ရွှေသီးသည့် ပမာ စက်မှုဇုန်က မြေတွေကို တစ်လ တစ်လ မြေငှားခ သိန်းရာချီ၊ ထောင်ချီ အခယူကာ ငှားစားသည်။ မြေငှားခ ဈေးတွေ ကြီးလိုက်တာဆိုသည့် ညည်းသံများကို နိုင်ငံခြားသား လုပ်ငန်းရှင်များ မကြာခဏ ပြောနေသည်။ ဖိုးထက် ကြားသည်။ သမ္မတကြီး ကြားဟန် မတူ။ သိဟန် မတူ။ ထို့အပြင် ငွေမည်းတွေကို ငွေဖြူဖြစ်စေသည့် မြေအရောင်းဝယ် ကိစ္စတွေမှာ ငွေရလမ်း ပြစရာ မလိုဘဲ အခွန် အခတွေတောင် လျှော့ပေါ့ပေးခဲ့သေးသည်။ ရှိပါစေတော့။

ပြီးတော့ စက်တွေ သုံးလို့ အလုပ်လက်မဲ့ ဖြစ်ကုန်ကြမယ်နော်ဆိုသည့် အဘစကားကို ထောက်ခံကြည့်ကြအုံးစို့။ အိမ်တွေကို ရေစက်တွေနှင့် ရေမတင်ပေးပါနှင့်။ ရေထမ်းသမားများ ခန့်ထားသင့်သည်။ သွားရာ လာရာတွင် ကားမသုံးစေနှင့်။ ကျောပိုးခိုင်းသင့်သည်။ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားများ အေးစေဖို့ လေပန်ကာများ တပ်ထားသည်ကို ဖြုတ်ချစေပြီး အင်္ဂလိပ်ခေတ်ကလို လေယပ်ဆွဲသူများ ခန့်ထားသင့်သည်။ လယ်ထွန်ရာတွင် အလုပ် အကိုင်အခွင့် အလမ်းများ ပိုမိုများလာစေဖို့ စက်မှုလယ်ယာမှ လက်မှုလယ်ယာသို့ ပြန်သွားကြပါစို့။ ကုန်ကုန် ပြောရလျှင် ထမ်းပိုးက နွားနှစ်ကောင်ကို ထုတ်ပြီး ထိုနှစ်နေရာကို လူအစား ထိုးသင့်သည်။

ကလေးကလား အရူးစကား “စကားကပ်” ပြောသည်လို့ ကျွန်တော့်ကို ထင်မြင်ကြမှာလား။ ကျွန်တော့်ကို စကားကပ် ပြောသည်လို့ ထင်မြင်လျှင် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်ကြီး တစ်ယောက်အနေနှင့် လုပ်ငန်းရှင်တွေ စိတ်မရှည်လို့ စက်တွေ သုံးကုန်ရင် အလုပ်လက်မဲ့ ဖြစ်ကုန်မယ် ဆိုသည့် စကားကို ပြောသင့်သလားလို့ ကျွန်တော်ကလဲ ပြန်မေးချင်သည်။ အပ်တစ်ချောင်းတောင်မှ ဖြောင့်အောင် မလုပ်နိုင်သော နည်းပညာဆင်းရဲသည့် နိုင်ငံသို့ အဘယ်လုပ်ငန်းရှင်က နောက်ဆုံးပေါ် နည်းပညာမြင့် စက်ကြီးများကို ယူလာလိမ့်မည်ဟု မျှော်မှန်းလို့ ရနိုင်ပါ့မလား။

အခု ကျွန်တော်တို့ အခြေခံ အလုပ်သမားများ တောင်းဆိုသည့် တစ်နေ့စာ လုပ်ခလစာက လေးထောင်။ မြန်မာငွေ ကျပ်လေးထောင်။ နေမကောင်း မဖြစ်ပါမှ။ ကျန်းမာရေး မကောင်းလျှင် ကွမ်းရွက်ပုံဖြင့် ၉၆ ပါး ရောဂါ ကို ကုပါမှ။ လူတွေနှင့် မဆက်ဆံဘဲ၊ သာရေး နာရေး လူမှုရေး မရှိဘဲ နေပါမှ ထို မြန်မာငွေ လေးထောင် တစ်နေ့စာ လစာက အဆင်ပြေပေမည်။

အလုပ်ရှင်များဘက်က စဉ်းစားကြပါအုံးစို့။ တစ်ယောက်ကို နှစ်ထောင်တိုးသည်ထား။ အယောက်တစ်ရာဆို ဘယ်လောက်။ အယောက် တစ်ထောင်ဆို ဘယ်လောက်။ အချိန်ပိုကြေး တစ်နာရီမှာ တိုးသွားမည့် ငွေပမာဏ။ အလုပ်ရှင်ဘက်က ရွံ့မယ်ဆိုလဲ ရွံ့စရာ။ ပေးချင်သည့် စိတ်ရှိစေအုံးတော့ မြေငှားခ၊ မီးမလာလို့ မီးပျက်လျှင် မီးစက်ကြီးတွေ မောင်းနှင်ရသောကြောင့် အပိုကုန်ကျခ။ ပြီးတော့ ကိုယ့် ထုတ်ကုန် ပစ္စည်းများကို နိုင်ငံခြားကို တင်ပို့ဖို့ ဟိုဟို၊ ဒီဒီ ဖို့ကြ၊ ဆို့ကြရသော အခကြေးငွေများ။ အလုပ်ရှင်ဆိုတာ အမြတ်မှ မရလျှင် ဘာကြောင့် ဦးဏှောက်အခြောက်ခံပြီး ရင်းနှီးမြုပ်နှံမည်နည်း။ အင်တာနက်က မကောင်း။ မီးက မမှန်။ မြေဈေးကြီး။ အပိုကုန်ငွေတွေ အများကြီး။ ယိုပေါက်တွေ အများကြီး။ ဒီတော့ အလုပ်သမားတွေ၏ လစာတွေကို လူတန်းစေ့သော်မျှ မပေးနိုင်ကြတော့။ မပေးချင်ကြတော့။

အခုတော့ သူတို့ ဆိုင်ရာ ဆိုင်ရာ လူများ ချုပ်ကိုင်ထားသော မြေတွေ၏ မြေဈေးတွေ ကြီးနေတာကိုကျတော့ နည်းနည်းမှ ထည့်ပြောမသွား။ အခြေခံ အဆောက်အဦး ပြည့်စုံပြီး စရိတ်စက သက်သာစေဖို့ အစိုးရက အလုပ်ရှင်တွေဖက်ကို ဖြည့်ဆည်းမပေးနိုင်ပါဘဲ “အလုပ်သမားတွေ ကြည့်လုပ်ကြနော်။ အလုပ် လက်မဲ့ ဖြစ်ကုန်မယ်” ဆိုသည့် အပြောတွေ ပြောသည့် သမ္မတကြီးနှင့် လူကြီး (လူချီး) တွေ၏ စကားကို နားထောင်ပြီး ကျွန်တော်က မျောက်ကလေး ပေတိုးကို သတိရလာသည်။ အစာဝတော့ လူကို စော်ကားသည့် အပြုအမူကို ပြုသည့် မျောက်ကလေးရဲ့ အပြုအမူနှင့် ဘာများ ကွာပါသနည်း။

သို့သော် မျောက်ကလေး ပေတိုးနှင့် ဒီလို စကားတွေ ပြောသည့် လူကြီးတွေ တူတာ တစ်ခုတော့ ရှိသည်။ ကျွန်တော်တို့ အချစ်တော် မျောက်ကလေးက ကျွန်တော်တို့နှင့် ပရောပရီ ချစ်ခင်နေလျှင် ထိုလူကြီးက သံကြိုးကြီးကို မျောက်ကလေး၏ ခါးလေးနာအောင် အားကြီးနှင့် ဆောင့်ဆောင့် ဆွဲသည်။ ဒီလူကြီးတွေမှာလဲ ဒီလို မစာမနာ ရှေ့မတွေး နောက်မတွေး စကားတွေ ပြောစေဖို့ အားနှင့် ဆောင့်ဆွဲနေသော ကြိုးများရှိနေသည် မဟုတ်ပါလား။ ထိုကြိုးများကတော့ လောဘကြိုးတွေ။ မောဟကြိုးတွေ။ အပိုင်စီးလိုသည့် ကြိုးတွေ။ အလုပ်မလုပ်ဘဲ ပိုက်ဆံရလိုသည့် စိတ်အပုတ်၊ စိတ်အယုတ် ကြိုးတွေ။

ပေတိုး ကောင်းရာသုဂတိ လားပါစေ။ နောင်ဘ၀တွေမှာ ကြိုးတွေနဲ့ လွတ်ကင်းပါစေသား။

အဘတို့ကတော့ ဒီကြိုးတွေနဲ့ ပျော်နေဆဲ။ အချည် အနှောင်ခံထားရဆဲ။ ရုန်းထွက်ဖို့ ခက်ခဲနေဆဲ။

ဖိုးထက်