ဇင်လင်း - အစိုးရ ဘတ်ဂျက်လိုငွေပြတိုင်း ပြည်သူတို့အပေါ် အခွန်တိုးကောက်သင့်သလား?

ဇင်လင်း - အစိုးရ ဘတ်ဂျက်လိုငွေပြတိုင်း ပြည်သူတို့အပေါ် အခွန်တိုးကောက်သင့်သလား?
(မိုးမခ) မေ ၂၈၊ ၂၀၁၅

နိုင်ငံတနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေသလား၊ ဆုတ်ယုတ်ကျဆင်းနေသလားဆိုတာကို သိရှိလိုတဲ့အခါ အဲဒီနိုင်ငံရဲ့ ရသုံးမှန်း ခြေ ငွေစာရင်း (ဘတ်ဂျက်) ကို မကြည့်မဖြစ် ကြည့်ရပါတယ်။ ယေဘုယျအားဖြင့် ဘတ်ဂျက်သုံးမျိုးရှိပါတယ်။ ပိုငွေဘတ်ဂျက်၊ လိုငွေဘတ်ဂျက်နဲ့ ဘက်ညီ ဘတ်ဂျက် စသဖြင့် ဖြစ်တယ်။ လက်ရှိအစိုးရက လိုငွေ ဘတ်ဂျက်ပုံစံနဲ့ အမြဲသွားနေတာ တွေ့ ရတယ်။ ဘတ်ဂျက်လိုငွေပြမှုဟာ ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ကျပ်ဘီလီယံ ၇၂၀ဝ ကျော်ရှိတယ်လို့ စီးပွားရေး ပညာရှင်များက ပြောကြပါတယ်။ အဲဒီကိန်းဂဏန်းဟာ များပြားတဲ့ပမာဏဖြစ်တာကြောင့် အဲဒီငွေပမာဏ ပြည်သူလူထု အတွင်း လည်ပတ်သုံးစွဲ စီးဆင်းသွားခဲ့ရင်၊ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်မယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း၊ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖေါ်ပြပါရှိခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ဘတ်ဂျက်ငွေစာရင်းကိစ္စဟာ အလွန်အရေးကြီးပြီး နိုင်ငံသားတိုင်းနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အာဏာရှင်အစိုးရအဆက်ဆက်က ရသုံးမှန်းခြေ ငွေစာရင်း (သိုမဟုတ်) နိုင်ငံတော်ဘတ်ဂျက်ဆိုတာ အုပ်ချုပ်သူ အစိုးရမင်းများနဲ့သာဆိုင်ပြီး သာမန်ပြည်သူတို့နဲ့ ဘာမှမပတ်သက်သယောင်ဖြစ်အောင် လုပ်ထားခဲ့ပါတယ်။ တကယ်တော့ အစိုးရတိုင်းရဲ့တာဝန်ဟာ လူထုကပေးဆောင်တဲ့အခွန်ငွေကိုသုံးစွဲပြီး နိုင်ငံနဲ့လူထု ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် တာဝန်ထမ်းရွက်ရတာဖြစ်တယ်။ လူထုရဲ့ ပညာရေး ကျန်းမာရေး လူနေမှုဘ၀ မြင့်မားတိုးတက်စေရေးအတွက် ဘတ်ဂျက်ကို စနစ်တကျ စီမံရေးဆွဲသုံးစွဲရခြင်းဟာ အစိုးရတာဝန်ပဲ။ အစိုးရရဲ့ ဘတ်ဂျက်စီမံခန့်ခွဲပုံ ညံ့ဖျင်းရင် ကုန်ဈေးနှုန်း တက်မယ်။ ကုန်ထုတ်လုပ်မှုကျဆင်းမယ်။ အလုပ်လက်မဲ့ပြဿနာပေါ်မယ်။ ပြည်ပအကြွေး ထူပျောလာမယ်။ ငွေကြေးဖေါင်း ပွမယ်။ အလုပ်သမား လယ်သမားတွေ ဆင်းရဲမွဲတေမယ်။ နိုင်ငံရဲ့လူသားအရင်းအမြစ်တွေ တခြားနိုင်ငံတွေဆီ ရွှေ့ပြောင်း ရောက်ရှိသွားမယ်။ ဒုစရိုက်မှုတွေလည်း စံချိန်တင် များပြားလာမယ်။ အကျိုးဆက်က နိုင်ငံရေးမတည်မငြိမ်ဖြစ်မယ်။

ဒါကြောင့် ဘတ်ဂျက်အရေးကိစ္စဟာ အာဏာရပါတီတရပ် အာဏာရအစိုးတရပ်က ငါကြိုက်တာ ငါလုပ်မယ်ဆိုတာမျိုး မလုပ်သင့်ပါ။ ဘတ်ဂျက် ဘဏ္ဍာငွေများဟာ ပြည်သူလူထုထံကကောက်ယူထားတဲ့ အခွန်ငွေအရပ်ရပ်က လာတာဖြစ်လို့သုံးစွဲ တဲ့အခါ ပြည်သူ့ကိုယ်စားလှယ်များနဲ့တော့ အနိမ့်ဆုံး အကျေအလည်ညှနှိုင်းဖို့ လိုပါတယ်။ လမ်းဖေါက်ဖို့၊ တံတားဆောက်ဖို့၊ ကျောင်းဆောက်ဖို့၊ ဆည်ဆောက်ဖို့ စသဖြင့် ချပေးလိုက်တဲ့ ဘတ်ဂျက်ရံပုံငွေဟာ အမှန်တကယ် ရည်မှန်းချက် ပေါက် မြောက်အောင် အသုံးပြုရဲ့လားဆိုတာ သေချာဖို့လိုပါတယ်။ ဒီတာဝန်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုဖြစ်စေ၊ အစိုးရမဟုတ်တဲ့ လူထုလူတန်းစား အဖွဲ့အစည်းများကို ဖြစ်စေ၊ မီဒီယာကိုဖြစ်စေ ဆက်လက်စောင့်ကြည့်ခွင့်ပေးဖို့ လိုပါ တယ်။ ဒါပေမယ့် ဒီလိုစောင့်ကြည့်ခွင့်ကို လွှတ်တော်ကိုယ်စားလှယ်များကိုတောင် ခွင့်မပြုဘူးလို့ လွှတ်တော်ကိုယ်စားလှယ် တဦးကပြောပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပါပဲ။ ကိုယ်ကျင့်တရားပျက်ပြားစေဖို့ (Corruption) အားပေးရာ ရောက်ပါ တယ်။ တကယ်တော့ ဘတ်ဂျက်ရေးရာကိစ္စတွေမှာ ပြည်သူလူထု စိတ်ပါဝင်စားစွာပါဝင်လာအောင် အစိုးရက ပညာပေးသင့် ပါတယ်။ လူထုရဲ့အသံနဲ့ ထင်မြင်ယူဆချက်တွေကို အစိုးရက နားထောင်ဖို့လိုပါတယ်။

၂၀၁၅ မေလ၂၄ ရက်၊ တနင်္ဂနွေနေ့က ၀မ်းသာစရာ ဘတ်ဂျက်ဆွေးနွေးဝိုင်း တခုကျင်းပတာတွေ့ရပါတယ်။ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကြံပေးအဖွဲ့ (National Economic and Social Advisory Council - NESAC) ၊ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် ActionAid Myanmar တို့ ပူးပေါင်းစီစဉ်ကြတဲ့ မြန်မာနိုင်ငံ ရသုံးဘတ်ဂျက် စားပွဲဝိုင်း ဆွေးနွေးပွဲ UMFCCI ခမ်းမမှာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စီးပွားရေးပညာရှင်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စား လှယ်တွေ၊ လွှတ်တော်အမတ်တွေ၊ အရပ်ဘက်အဖွဲ့ အစည်းများနဲ့ သတင်းမီဒီယာက ပုဂ္ဂိုလ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ စာရေးသူလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

Post Budget Consultation on Myanmar 2015 - 2016 လို့ခေါင်းစဉ်တင်ထားတဲ့ ဆွေးနွေးပွဲမှာ  လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကျောင်းရဲ့ သင်တန်းမှူးချုပ် ဦးဇော်ဖေဝင်း၊ အသုံးချဘောဂဗေဒ ပညာရှင် ဦးစောနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေါ်စန္ဒာမင်း၊ စီးပွားရေးပညာရှင် ဦးမင်းခင်၊ ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ ပြည်သူ့လွှတ်တော် ငွေကြေးပူးပေါင်းကော်မတီ အတွင်းရေး မှူး ဦးမောင်တိုး၊ နယ်စပ်ကုန်သွယ်ရေးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးမြင့်အောင်၊ အမျိုးသားစီးပွားရေး နှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) ဒါရိုက်တာ ဦးဇီဝနိုင်တို့က တက်ရောက်ဆွေးနွေးခဲ့ကြတာ မေးခွန်းတွေကို ဖြေကြားခဲ့ကြတာ တွေ့ရပါတယ်။ မဇ္ဈိမမီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

တကယ်တော့ နိုင်ငံတခုရဲ့ ဘတ်ဂျက်ငွေစာရင်းဆိုတာ နိုင်ငံရဲ့အခွန်ငွေအရပ်ရပ်ကို စီမံခန့်ခွဲ သုံးစွဲရတာဖြစ်လို့၊ အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုအပြည့်နဲ့၊ တိုင်းပြည်နဲ့လူထုအကျိုးကို ရှေးရှု ရေးဆွဲရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင် အစိုးရအဆက်ဆက်မှာ တိုင်းပြည်ရဲ့ဘတ်ဂျက်ငွေစာရင်းကို ဘယ်လိုရေးဆွဲပြီး ဘယ်သူတွေက ဘယ်လို သုံးစွဲခဲ့ ကြမှန်း လုံးလုံးမသိခဲ့ကြပါ။  အခု ဦးသိန်းစိန် အစိုးရ စီမံခန့်ခွဲတဲ့ ဘတ်ဂျက်ငွေစာရင်းကိုလည်း လူထုက ဘာမျှ ဂဃနဏ သိခွင့်မရကြပါဘူး။ သန်းငါးဆယ်ကျော် ပြည်သူတဦးချင်းစီမှာ အကြွေး ၅ သိန်းကျော်စီ် တင်ရှိ နေတယ်လို့ပဲ သတင်းတွေအရ ကြားသိနေရပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်း (ဘတ်ဂျက်)ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကျမှ သိလိုက်ရတာက သမ္မတဦးသိန်းစိန်ရဲ့ ၄ နှစ်တာ အုပ်ချုပ်မှုကာလ အတွင်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ တသောင်းကျော်အထိ မြင့်တက်လာတယ် ဆိုခြင်းပါပဲ။ ဒါဟာ အစိုးရအနေနဲ့ လူထုပုခုန်းပေါ် အလွန်ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးကို မညှာမတာ တင်ပေးလိုက်တဲ့သဘောပါပဲ။

ဆွေးနွေးပွဲမှာ စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက “ဒီအစိုးရရဲ့ ၄ နှစ်တာမှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ တသောင်းဆို တော့ တိုင်းပြည်စီးပွားရေး အခြေအနေနဲ့ကြည့်ရင် အတော်ကိုစိုးရိမ်စရာပါ။ ကုန်သွယ်မှုလည်း အရမ်းကြီးရှိသေးတာ မဟုတ်ဘူး၊ အခွန်ကလည်း အရမ်းကြီးမရသေးဘူး” လို့ ဝေဖန်တာတွေ့ရပါတယ်။ အရပ်သားအစိုးရ လေးနှစ်တာဘတ်ဂျက် ရေးဆွဲချမှတ်သုံးစွဲပုံဟာ  လိုငွေပြဘတ်ဂျက်တွေဖြစ်နေတာကြောင့် နောင်အနာဂတ်အစိုးရတွေအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ် လာနိုင်တယ်လို့ ဦးဇော်ဖေ၀င်းက သုံးသပ်ပြပါတယ်။ ဒီအခြေအနေက ဘာကိုပြသနေသလဲဆိုရင် လက်ရှိအစိုးရ သက်တမ်း တလျှောက်လုံးမှာ ရရှိငွေထက် သုံးစွဲငွေက အလွန်အကျွံ ပိုမိုများပြားနေတယ်ဆိုတာ သက်သေပြနေပါတယ်။ ဒီလိုဖြစ်ရတာ ကလည်း ပြည်သူ့ဘဏ္ဍာငွေကို ခန့်ခွဲသုံးစွဲရာမှာ ပြည်သူတွေ ပါဝင်စောင့်ကြည့်ခွင့်မရအောင် ကန့်သတ်ထားတဲ့အတွက် ကြောင့်ပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေသည်ပင်လျှင် လွှတ်တော်ကျင်းပစဉ်ကာလအတွင်းမှာသာ ဝေဖန်ထောက်ပြခွင့် ရတယ်လို့ဆိုပါတယ်။ ဝေဖန်သုံးသပ်ဖို့ လုံလောက်တဲ့ အချိန်မပေးတဲ့သဘောပါပဲ။ တနည်းအားဖြင့် ပွင့်လင်းမြင်သာမှု၊ တာ ၀န်ယူမှု၊ တာဝန်ခံမှုမလုပ်လိုတဲ့သဘောဖြစ်ပါတယ်။

ရသုံးဘတ်ဂျက် စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော် ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင် တိုးက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘတ်ဂျက်ကော်မတီဆိုပြီး သီးခြားဖွဲ့စည်းနိုင်တာမရှိတဲ့အတွက် လွှတ်တော်က ဘတ်ဂျက်စိစစ်မှု အပြည့်အ၀မလုပ်နိုင်တာ တွေ့ရှိပါတယ်။ အရင်ထက်စာရင်တော့ ပွင်လင်းမြင့်သာမှုပိုတိုးလာတယ်ဆိုပေမယ့် အားရတဲ့အခြေအနေတော့ မရှိသေးပါဘူး” လို့ ဆိုပါတယ်။

ဘတ်ဂျက်ကိစ္စက နိုင်ငံ့အရေးအရာအရပ်ရပ်ရဲ့ ဆုံချက်ဖြစ်နေတာကိုလည်း သတိပြုသင့်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပမာ တချို့ကို ကြည့်ပါ။ အစိုးရနဲ့ တပ်မတော်တို့ရဲ့သဘောထားတွေ ဟန်ချက်မညီမှုကြောင့်၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ အခုထိ မရေရာ မသေချ ဖြစ်နေပါတယ်။ ဒီတော့ ကာကွယ်ရေးစရိတ်က ဘတ်ဂျက်မှာ အမြင့်ဆုံးဖြစ်လာတယ်။ GDP ရဲ့ လေးပုံတပုံလောက်ဖြစ်လာတယ်။ ဒီတော့ လူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာတယ်။ တဖက်မှာ ပညာရေး ကျန်းမာရေး အသုံးစရိတ်ကို တိုးမပေးနိုင်ဖြစ်ရတယ်။ အမြော်အမြင်ရှိတဲ့ အစိုးရတိုင်းဟာ ပညာရေးနဲ့ကျန်းမာရေးကို မြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ကြတယ်။ တိုင်းပြည်မှာ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်တဲ့ လူသားအရင်းအမြစ်တွေရရှိဖို့အတွက် ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ကို ဘတ်ဂျက်မှာ အလုံအလောက်သတ်မှတ်ပေးဖို့လိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံနဲ့ပြည် သူရဲ့ အနာဂတ်ကောင်းဖို့ မလုပ်မဖြစ် လုပ်ရမယ့်အလုပ်လည်းဖြစ်ပါတယ်။

အစိုးရဘတ်ဂျက်ရေးဆွဲမှု မျှတခြင်း မမျှတခြင်း ကောင်းခြင်း ဆိုးခြင်းတို့ရဲ့သက်ရောက်မှုဟာ ပြည်သူလူထုနဲ့နိုင်ငံရဲ့ ကံကြမ္မာ အကောင်းအဆိုးကို ဖန်တီးပါတယ်။ ဘတ်ဂျက်မှာ ကာကွယ်ရေးစရိတ် မြင့်နေသမျှ ပြည်သူလူထု ဆင်းရဲဖို့ပါပဲ။ ဒါထက်ဆိုးတာက ဘတ်ဂျက်ငွေကြေးတွေကို ၀န်ကြီးဌာနတွေအတော်များများမှာ အလွဲသုံးစားမှုတွေ ရှိနေခြင်းပါပဲ။ ဒီလို ငွေကြေးယိုဖိတ်နေတဲ့ အမှုအခင်းတွေကို အစိုးရက မြန်မြန်ဆန်ဆန်အရေးယူဖို့ လက်တွန့်နေခြင်းဟာလည်း လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အကြီးအကျယ် ထိခိုက်စေပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရရဲ့ လေးနှစ်တာဘတ်ဂျက်ရေးဆွဲမှုဟာ တလျှောက်လုံး လိုငွေပြဘတ်ဂျက်သာဖြစ်နေတာကြောင့် ပြည်ပချေးငွေတွေ မတန်တဆအတိုးတွေနဲ့ ချေးယူနေတာတွေ့နိုင်တယ်။ နောက် ပြည်သူလူထုဆီက အခွန်ငွေ တိုး ကောက်တာတွေ လည်း မြင်နေရတယ်။ အခု နောက်ဆုံး လူထုအကြားမှာ ဂယက်ရိုက်ခတ်နေတဲ့ တယ်လီဖုံးသုံးစွဲမှုအပေါ် အခွန်  ၅ ရာခိုင်နှုန်းကောက်မယ့်ကိစ္စဟာ  ထင်ရှားပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အဖက်ဖက်က အများကြီးလို အပ်နေဆဲကာလမှာ တယ်လီဖုံးဆက်သွယ်ရေးအတွက် အခုလို အခွန်ကောက်ယူခြင်းဟာ သမ္မတဦးသိန်းစိန်ပြောလေ့ရှိတဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံချက်နဲ့ လွဲချော်နေတာလည်း တွေ့မြင်နေရပါတယ်။ ခရိုနီသူဌေးတွေနဲ့ သာမန်ပြည်သူတွေကို တန်းတူ အခွန်ဆောင်ခိုင်းသလိုလည်းဖြစ်နေပါတယ်။ အမှန်တော့ ဆင်းရဲချမ်းသာကွာဟမှုအပေါ် တွက်ချက်ချိန်ဆပြီး အခွန်ကောက် သင့်ပါတယ်။

အစိုးရဘတ်ဂျက် လိုငွေပြတဲ့အခါတိုင်း အခွန်တိုးကောက်တာကလည်း အစဉ်အလာဖြစ်နေပါတယ်။ ဘတ်ဂျက်လိုငွေ ပြတိုင်း လူထုကိုပဲ လည်ပင်းညှစ်တာကတော့ မလုပ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။ လက်ရှိအစိုးရရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် ဖေါင်းပွလွန်းနေတယ်။ ၀န်ကြီးဌာနက ၃၆ ခုလောက်ရှိနေတာကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လျှော့ချခြင်းအားဖြင့်လည်း ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်ပါတယ်။ အရှုံးပေါ်နေတဲ့ဝန်ကြီးဌာနတွေကို ဖျက်သင့်ရင်ဖျက်၊ ပေါင်းသင့်ရင်ပေါင်း လုပ်သင့် ပါတယ်။ အလုပ်သင့်ဆုံးအလုပ်ကတော့ တပ်မတော်လက်ဝယ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တကယ်လုပ်ငန်းကျွမ်း ကျင်နားလည်သူတွေ လက်ထဲလွှဲပြောင်းပေးခြင်းဖြင့် နိုင်ငံအတွက် အခွန်တော်ငွေ တိုးတက်ရရှိအောင်ဆောင်ရွက်သင့်ပါတယ်။ တပ်မတော်အနေနဲ့ စီးပွားရေးလုပ်နေတာ ဘယ်လိုပဲကြည့်ကြည့် မသင့်တော်ပါဘူး။ အကျိုးစီးပွားပဋိပက္ခ (Conflict of Interests) လည်း ဖြစ်စေပါတယ်။ သိက္ခာရှိတဲ့ တပ်မတော်အနေနဲ့ ကာကွယ်ရေးကိုပဲ စံချိန်စံညွှန်းအပြည့်နဲ့ အာရုံစိုက်လုပ်သင့်ပါတယ်။ တပ်မတော်က မလိုအပ်ဘဲ လယ်ယာမြေတွေသိမ်းယူထားတဲ့အတွက်လည်း စိုက်ပျိုးရေးကုန် ထုတ်လုပ်မှု ကျဆင်းစေပါတယ်။ လယ်ယာလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်စေတယ်။ တပ်ဖက်မှာ မြေယာပိုင်ဆိုင်လိုမှု လောဘတွေကြောင့် တပ်ရဲ့စည်းလုံးညီညွတ်မှုနဲ့ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးမှုလည်းဖြစ်စေတယ်။ လက်ရှိ သတင်းတွေအရ တပ်ဖက်ဆိုင်ရာက လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက အခွန်ငွေမှန်မှန်ကန်ကန် ပေးသွင်းမှု ရှိ/မရှိ ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အဆိုးဆုံးအချက်ကတော့ မြန်မာနိုင်ငံမှာ အစဉ်အဆက် ယုံကြည်အားထားကိုးကား လောက်တဲ့ စာရင်းအင်းဆိုင်ရာ သုတေသနနဲ့ မှတ်တမ်းဆိုင်ရာ မော်ကွန်းတိုက်တွေ မရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မခိုင် လုံတဲ့ စာရင်းအင်း အချက်အလက် တွေကို မဏ္ဍိုင်ပြုပြီး ဘတ်ဂျက်ရေးဆွဲတာ၊ လူထုကို အခွန်ကောက်ခံနေတာဟာလည်း တိုင်းပြည်ကို အလွန်ထိခိုက်နစ်နာစေပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ရဲ့ အဆိုအရ ပြည်ထောင်စု အဆင့်မှာ ပြည်သူ့ငွေစာရင်း ကော်မတီဆိုတာ ရှိတယ်။ နောက် စာရင်းစစ်ချုပ်အစီရင်ခံစာဆိုတာကလည်း ၆ လ တကြိမ်ထွက်နေတယ်။ ဒါပေမယ့် တိုင်း နဲ့ပြည်နယ် ၁၄ ခုစလုံးမှာ စာရင်းစစ်ချုပ် အစီအရင်ခံစာမထွက်ဘူး။ အခု လက်ရှိ ရန်ကုန်တိုင်းဆိုရင် ၂၀၁၁-၁၂ ဘဏ္ဍာ ရေးနှစ် အစီရင်ခံစာနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အစီရင်ခံစာ (၂) ခုပဲ ထွက်သေးတယ်။ အဲဒီတော့ ၂၀၁၃-၁၄ နဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ၆ လစာ (၂) ကြိမ်ဆိုတော့ (၄) ကြိမ် အစီရင်ခံစာ မထွက်သေးဘူးလို့ဆိုတယ်။  လွှတ်တော်က နောက် တကြိမ် နှစ်ကြိမ်ဆိုရင် ပြီးပြီဆိုတော့၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲမှာ ရန်ကုန်တိုင်းက သုံးသွားတဲ့ ကျပ်ငွေ ဘီလျံ ၄၀၀ ကို ဘယ်လိုသုံးသွားတယ်ဆိုတာကို သိခွင့်မရှိတော့ဘူး လို့ပြောပါတယ်။ နောက် တိုင်းဒေသကြီးအဆင့် ပြည်သူ့ငွေ စာရင်း ကော်မတီရှိသင့်ကြောင်း လွှတ်တော်မှာတင်ပြတိုင်း ၀န်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းအစိုးရက ကန့်ကွက်တာခံရကြောင်း ဒေါ်ညို ညိုသင်းက ပြောပါတယ်။ ဒီဖြစ်စဉ်အရ ၀န်ကြီးဌာနအသီးသီး၊ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်မှာ  ဘတ်ဂျက်ငွေ သုံးစွဲမှုနဲ့ ပတ်သက်လို့ Check and Balance အပြန်အလှန်ထိန်းကျောင်းမှုမရှိတာ ပေါ်လွင်ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ ၄ နှစ်တာကာလအတွင်း “ဘတ်ဂျက်ယိုဖိတ်ငွေ” ကျပ်ဘီလီယံ တသောင်းကျော်အထိရှိခဲ့တဲ့အတွက် ပြည်သူတွေ နစ်နာလွန်းလှပါတယ်။

အစိုးရတရပ်ရဲ့ ကောင်းခြင်း ဆိုးခြင်း အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းဆိုတဲ့ပုံရိပ်တွေဟာ ဘတ်ဂျက်စီမံခန့်ခွဲမှု နည်းနာတွေရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ အစိုးရကို လူထုက ထောက်ခံမှုပေးရာမှာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုမျှတခြင်းကို ကြိုက်နှစ်သက်ခြင်း ကလည်း အရေးကြီးတဲ့ အကြောင်းတခုပါပဲ။ ပြည်သူ့အခွန်ဘဏ္ဍာ ယိုဖိတ်လေလွင့်အောင် ဘတ်ဂျက်စီမံခန့်ခွဲခဲ့တဲ့ အစိုးရ မျိုးကို လူထုက ဆက်လက်ထောက်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။ ဦးသိန်းစိန်အစိုးရက ဘတ်ဂျက်လို ငွေပြတိုင်း လူထုဆီကပဲ အခွန်တိုးကောက်နေပါတယ်။ အထူးသဖြင့် ဆင်းရဲသားပြည်တွေဆီကပဲ အခွန်အမျိုးမျိုးကောက် ယူနေပါ တယ်။ ဒါဟာ လူထုပုခုံးပေါ်ကို ၀န်ထုပ်ဝန်ပိုး အထပ်ထပ်တင်ပေးနေတဲ့သဘောပါပဲ။

ဝန်ကြီးဌာနတွေ ၀န်ကြီးအရေအတွက်တွေ လျှော့ချသင့်ပါလျှက် မချနိုင်တာ ဘာကြောင့်ပါလဲ။ ပြည်ပခြိမ်းခြောက်မှုမရှိပါ ဘဲနဲ့ စစ်အင်အား လျှော့မချနိုင်တာကလည်း ဘာကြောင့်ပါလဲ။ တိုင်းပြည်ရဲ့ အဓိက ကုန်ထုတ်လုပ်နိုင်စွမ်းဟာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖြစ်ပါလျှက် စိုက်ပိုးရေးကုန်ထုတ်လုပ်မှုမလုပ်တတ်တဲ့ တပ်မတော်ကို မြေယာ ဧကပေါင်းသိန်းချီ သိမ်းယူ ခွင့်ပေးထားတာကလည်း ဘာကြောင့်ပါလဲ။ အကျိုးဆက်က လယ်သမားတွေ မြေမဲ့ ယာမဲ့ဖြစ်ရပြီး အိမ်နီးချင်နိုင်ငံတွေဆီမှာ မျက်နှာအောက်ချ ကျွန်ခံကြရတယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာ ထိခိုက်ရတဲ့အထိ ဖြစ်ရတယ်။ ဒီကိစ္စတွေဟာ အစိုးရရဲ့ ဘတ်ဂျက် ရေးဆွဲရာမှာ လိုငွေပြနေခြင်းနဲ့ တကြောင်းမဟုတ် တကြောင်း ဆက်စပ်ပတ်သက်နေပါတယ်။ ဒေသတွင်းမှာ မြန်မာနိုင်ငံ အောက်တန်း နောက်တန်းကျရောက်ခဲ့ရခြင်းရဲ့ ပဓာနအကြောင်းဟာ ဘတ်ဂျက်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်လို့ ကောက် ချက်ချနိုင်ပါတယ်။  ဒါကြောင့် နောင် အစိုးရများအနေနဲ့ ခါးသီးလေးလံလှတဲ့ ဘတ်ဂျက်ဝန်ထုပ်ဝန်ပိုးတွေကို လူထုပုခုံးပေါ် ဇွတ် အဓမ္မထိုးတင်တာမျိုး မလုပ်မိကြဖို့ ဇွတ် အဓမ္မ အခွန်ငွေကောက်ခံတာမျိုး မလုပ်မိကြဖို့ လေးလေးနက်နက် စဉ်းစား ကြစေချင်တယ်။ အစိုးရကောင်းဖြစ်ချင်ရင်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးကို ထူထောင်ချင်ရင်၊ လူထုအကျိုးဖော်ဆောင်မယ့် ဘတ်ဂျက်၊ လူထုအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေမယ့် ဘတ်ဂျက်မျိုးကိုသာ ရေးဆွဲကြစေလိုကြောင်းပါ ...။။