ငွေကျပ်သန်းပေါင်း (၅၅) ဘီလီယံ အရှုံးပေါ်နေတဲ့ စက်မှုဝန်ကြီးဌာန

ရန်နောင်(ဗိုလ်တထောင်) - ငွေကျပ်သန်းပေါင်း (၅၅) ဘီလီယံ အရှုံးပေါ်နေတဲ့ စက်မှုဝန်ကြီးဌာန
(မိုးမခ) မေ ၂၁၊ ၂၀၁၅

ဦးသွင်မြင့်မောင် ( အမြဲတမ်း အတွင်းဝန်)

ဝန်ထမ်းလစာ ၊ပင်စင်လစာများကြောင့် ငွေကျပ်သန်းပေါင်း (၅၅) ဘီလီယံ  ၂၀၁၄ -၁၅ ဘဏ္ဍာရေးနှစ်အတွင်း အရှုံးပေါ်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသွင်မြင့်မောင်က ၁၉-၅- ၂၀၁၅နေ့က နေပြည်တော်၌ ကျင်းပသည့်  စက်မှုဝန်ကြီးဌာန  ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနလုပ်ငန်းများ  အုပ်ချုပ်မှု အသွင်သဏ္ဍာန်ပြောင်းလဲဖွဲ့စည်းခြင်း နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


စက်မှုဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စက်ရုံများ အများစုသည် အရှုံးပေါ်ပါတယ်။ ဝန်ထမ်းလစာမြင့်တက်မှု၊ ပင်စင်လစာ မြင့်တက်မှု၊ ပင်စင်လစာပေးချရတဲ့ ပမာဏတွေ များမှုတွေကြောင့်  အရှုံးပမာဏများသွားတာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာ လက်ရှိအရှုံးပမာဏ ထက်နည်းနိုင်သမျှ နည်းအောင် ချွေတာရေး အစီအစဉ်တွေ၊ အသေးစားစက်ရုံတွေကို တင်ဒါနဲ့ အညီ ပုဂ္ဂလိက ကို လွှဲပြောင်းတာတွေနဲ့ စီမံသွားမှာဖြစ်ပါတယ်။


စက်မှုဝန်ကြီးဌာနသည် လေးနှစ်အတွင်း သုံးကြိမ်ဖွဲ့စည်းပုံပြောင်းလဲသည့် ဝန်ကြီးဌာနဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနအဖြစ်ခွဲခြားကာ ဌာနပေါင်း( ၁၃) ခုရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဌာနပေါင်း ၁၂ ခုသို့လျှော့ချခဲ့ကြောင်း ၊ ၂၀၁၄ ခုနှစ်တွင် ဌာနပေါင်း ၁၀ခုသို့ ထပ်မံလျှော့ချပြီး ၂၀၁၅ ခုနှစ်  တွင် ဌာန (၇) ခုဖြင့်သာ ဖွဲ့စည်းဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း လည်း အမြဲတမ်းအတွင်းဝန်က ပြောကြားခဲ့သည်။


စက်မှုဝန်ကြီးဌာနသည် စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်သောကြောင့်  ဝန်ထမ်းလစာများ ၊ပင်စင်လစာများ၊ဌာနပိုင်စီးပွားရေးလုပ်ငန်းများမှရရှိသည့် ဝင်ငွေများဖြင့် ပေးချေနေရခြင်းဖြစ်ပြီး ဝန်ထမ်းအင်အားသုံးသောင်းကျော်ခန့်ကို လစာပေးနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည်။

“စက်ရုံတွေ အရှုံးပေါ်နေတယ်ဆိုတာကလည်း လိုအပ်တဲ့ထောက်ပံ့မှုတွေ အပြည့်အဝမရလို့ ဖြစ်တာပါ။ ထောက်ပံ့မှုတွေ အပြည့်အဝရခဲ့ရင် တခြားနိုင်ငံက ပစ္စည်းတွေ နဲ့အရည်အသွေးတူတဲ့ ကုန်ပစ္စည်းတွေနဲ့ အပြိုင်ထုတ်နိုင်တယ်ဆိုတာ အာမခံပါတယ်။ ဒီလိုမေးခွန်းမျိုးကို လွှတ်တော်မှာလည်း ဒီလိုပဲ ဖြေခဲ့ပါတယ် ” ဟု စက်မှုဝန်ကြီးဌာနဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးသောင်း က ပြောကြားခဲ့သည်။




အမြဲတမ်းအတွင်းဝန်များ ကို ဧပြီလ (၉) ရက်နေ့တွင် စတင်ကာခန့်အပ်ခဲ့ပြီး ယင်းတို့သည် နောက်တက်လာမည့် အစိုးရသစ်လက်ထက်တိုင်  ဝန်ကြီး၊ဒုတိယဝန်ကြီးများ အပြောင်းအလဲကြားတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အမြဲတမ်းအတွင်းဝန် ဦးသွင်မြင့်မောင် က ထပ်မံပြောကြားခဲ့သည်။