ဖိုးထက် - စိတ်ဖြောင့်စွာ စာဖတ်ပါရစေ

 ဖိုးထက် - စိတ်ဖြောင့်စွာ စာဖတ်ပါရစေ
(မိုးမခ) မေ ၂၄၊ ၂၀၁၅

ကျွန်တော့် စာဖတ်ဝါသနာက မနက်ခင်းစောစောမှာ စိတ်ပါ လက်ပါ လမ်းထလျှောက်တာနဲ့ တူသည်။ လမ်းစပြီး လျှောက် ခါစမှာ စိတ်ရှိပေမယ့် သွေးလေး၊ လူလေး၊ အိပ်ချင်မူးတူး။ ခဏကြာတော့ ခြေလှမ်းသွက်လာပြီး အိပ်ချင်စိတ်များ ပျောက် သည်။ နောက်တော့ လေကိုအားရပါးရ ရှူပြီး ချွေးတွေစို့လာအောင် လက်နှစ်ဖက်ကို ကားကားကြီးလွှဲကာ လမ်းလျှောက် သလိုမျိုး။ စာဖတ်တာအရှိန်ရလာလျှင် ခပ်သွက်သွက် ဖတ်သွားလို့ရသည်။

စာဖတ်နည်းတာ ကြာခဲ့သည်။ စာဖတ်နည်းလာတာ အပြစ်ကြီးတခု ကျူးလွန်မိနေသလို ခံစားနေရသည်။ “စာဖတ်၊ စာဖတ် နင့်ဘ၀မှာ ဒါလေးတခုဘဲ ကောင်းတာရှိတော့တာ” လို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း စာကို ဖိဖိစီးစီး ပြန်ဖတ်ပြန်တော့ စာ မသွား။ စာမသွက်။ စာဖတ် ဦးဏှောက်ကို ပြန်နှိုးဖို့ စာအုပ်ကောင်းကောင်းတအုပ်တော့ လိုလေပြီ။ လမ်းလျှောက်အရှိန် ရလာလျှင် ပြေးလွှား၊ ခုန်ပေါက်ချင်လာသလိုမျိုး စာဖတ်ဉာဏ်ကို မြူးတူးရွှင်ပြလာစေဖို့ စိတ်ဝင်စားမည့်စာအုပ်တအုပ် တော့ လိုပြီ။ စာအုပ်စင်ပေါ်က စာအုပ်တွေ ပြန်ထုတ်ကြည့်မိသည်။

ဆရာမ ဂျူး ညွှန်းလွန်းသဖြင့် ၀ယ်ထားမိပြီး တလအတွင်း ငါးမျက်နှာထက် ပိုပြီးမဖတ်မိသည့် “To Kill A Mockingbird” စာအုပ်ထွက်လာသည်။ အပျိုကြီး ဆရာမညွှန်းတာ အလကားတော့ ဖြစ်ဟန်မတူဆိုသည့်စိတ်ဖြင့် ကြိုးစားဖတ်သော်လည်း စာလုံးတိုင်း၊ ၀ါကျတိုင်း၊ ဇာတ်ကောင်တိုင်း၊ နာမည်တိုင်း၊ ဗန်းစကားတချို့ကို သိချင်သည့်စိတ်ဖြင့် Google လုပ်ရင်း ဖတ် ရတာ ဇွဲကောင်းလွန်းသဖြင့်သာ ငါးမျက်နှာပြီးသည်။ တကယ်ဆို ကျွန်တော့်အင်္ဂလိပ်စာအရည်အချင်းနှင့် စာအုပ်ကို ပိုက် ဆံပေးဝယ်တာကိုဘဲ လွန်လှပြီ။ ကြည့်ပါအုံး။ စာအုပ်ခေါင်းစီး Mocking bird ကိုဘဲ ရှာကြည့်ရပြီ။ Google မှာ ပုံတွေ့တော့ သပိတ်လွယ်ငှက်လိုလို ဘာလိုလို။ အဘိဓာန်လှန်ကြည့်တော့ အမေရိကမှာတွေ့ရတတ်တဲ့ မြေလူးငှက်တဲ့။ အသံအမျိုးမျိုးကို တုပတတ်တဲ့ငှက်တဲ့။ ခက်တော့နေပြီ။ အမေရိကန် မြေလူးငှက်နှင့် မြန်မာမြေလူးငှက် ဘာကွာသနည်း။ မြန်မာ မြေလူး ငှက်ကတော့ ရွှံ့ပိုပေမှာ သေချာပြီ။ လူးစရာမြေမှ သူ့မှာ ကောင်းကောင်းရှိပါတော့မလား။ အမေရိကန် မြေလူးငှက်ကတော့ ကာလီဖိုးနီးယားနယ်သားတွေ ဖြစ်လေမလား။ “မြေလူးငှက်တကောင်ရဲ့ အဆုံးသတ်” လို့ ခပ်တည်တည်နှင့် ဘာသာပြန်၊ ငါးမျက်နှာလောက် အားတင်းဖတ်ပြီး ဖြေးဖြေးပေါ့။ “ဒီတောင်ကို မောင်ဖြိုမယ် မြင့်မိုရ်မို့လား” ဆိုသည့် အတွေးဝင်လာပြီး ချောင်ထိုးထားခဲ့ခြင်းဖြစ်သည်။

လာစမ်း နောက်တအုပ်။ ဆရာ သိန်းဖေမြင့်၏ “သပိတ်မှောက် ကျောင်းသား”။ လေးစားရသည့် ဆရာတယောက်ဆီက ခပ်တည်တည်ဖြင့် ငှားတာလိုလို၊ ဘာလိုလိုလုပ်ပြီး ယူလာပေမယ့် မတို့ မထိရသေး။ လွန်ခဲ့သော ငါးနှစ်ခန့်က ဖတ်ဖူးသည်။ ဒါကြောင့်သွေးက ခပ်အေးအေး။ ပြန်ဖတ်ကို ဖတ်ရမည့်စာအုပ်ဆိုတာ သိပေမယ့် အေးဆေးပေါ့။ ဘ၀က တိုတိုလေးရယ်လို့ တွေးပြီး စမထားမိသေး။ စာအုပ်ငှားလိုက်သည့်ဆရာကတော့ ကျိန်ဆဲနေရော့မလား။ ဆဲကာမှ ဆဲ။ အေးအေး ဆေးဆေး နောက်မှဖတ်ပြီး တောင်းပန်တော့မည်။

နောက်ထပ် တအုပ်ဆွဲချလိုက်ပြန်သည်။ သူလှိုင်ရေးသည့် မှန်နန်းဆောင်က လမ်းမျက်ရည် (သို့မဟုတ်) မဟေသီတပါး၏ ရင်ဖွင့်သံ။ ဒီစာအုပ်က ဘော်ဒါတယောက်ကိုပေးဖို့ရည်ရွယ်ထားခြင်း ဖြစ်သည်။ စုဖုရားလတ်နှင့်ပတ်သက်လျှင် အတော်ကြီး စုတ်စုတ်ပဲ့ပဲ့ဝေဖန်တတ်ပြီး စစ်အစိုးရက မဆိုးပါဘူးလုပ်တတ်သည့်သူ့ကို ကျွန်တော်က စာတအုပ်ဖြင့် ချေချွတ်အံ့ပေါ့။ စုဖု ရားလတ်လို သက်ဦးဆံပိုင်တယောက်မှားတာကိုကျတော့ ရစရာမရှိအောင်ဝေဖန်ပြီး ၂၁ ရာစုခေတ်မှာ ပုံ အမိန့်အရ အာဏာရှင်အစိုးရကိုကျတော့ လုပ်နည်းလုပ်ဟန် မှားနေတာ။ စေတနာကတော့ ရှိကြပါတယ်ဟုလုပ်တတ်သည့်သူ့ကို ပေး ဖတ်အံ့ပေါ့။ သေချာပြန်စဉ်းစားကြည့်တော့ သက်သက်မဲ့ မိတ်ပျက်မယ့်အကွက်ပါလေ။ မင်းက ဘယ်လောက် Educate ဖြစ်နေလို့ သူများကို Educate လုပ်မှာလဲ။ ကိုယ့်ဘာသာပျင်းရင် ပြန်ဖတ်ပေါ့လို့တွေးမိပြီး ချောင်ထိုးထားမိဖြင်း ဖြစ်ဟန် တူသည်။ နောက်တအုပ်က တမလွန်ဘ၀မှ ဖြစ်ရပ်ဆန်းများတဲ့။ ဘယ်ကောင် ငါ့စာအုပ်စဉ်ပေါ်လာတင်ထားပါလိမ့်လို့ တွေး မိပြီး ဖယ်ထားလိုက်သည်။ နောက်ထပ်စာအုပ်တွေကြည့်ပြန်တော့ ဆရာဖေမြင့်၏စာအုပ် ကမ္ဘာ။ ဆရာနေ၀င်းမြင့်၏ အေး အေးလူလူ အတွေးများ။ တအုပ်မှ မဖတ်ချင်။ ခက်တော့ နေပြီ။ ဒီအတိုင်းသာဆို ခုန်ပေါက်ချင်စိတ်မပေါက်ဘဲ လမ်းဘေးမှာ အိပ်ပျော်မယ့်အပေါက်။

ကျောပိုးအိတ်ထဲမှာ စာအုပ်လေးတအုပ် တွေ့မိသလိုလို။ ထကြည့်တော့ ကျော်ကိုကိုရေးသည့် “ကျောင်းသားသမဂ္ဂနှင့် ဒီမို ကရက်တစ် လူ့အဖွဲ့အစည်း” စာအုပ်။ ဟုတ်တာဘဲ။ သူငယ်ချင်းတယောက် မြန်မာနိုင်ငံအပြန်မှာ ဘာမှာမလဲမေးလို့ “စာ အုပ်တအုပ်လောက် ကြိုက်ရာဆွဲခဲ့ကွာ။ နိုင်ငံရေးဖြစ်ဖြစ်၊ ရသဖြစ်ဖြစ် တခုခုပေါ့။ ရသဆိုလို့ ဟင်းချက်နည်းတစ်ရာတော့ မလုပ်နဲ့ပေါ့ကွာ။ နိုင်ငံရေးထဲကဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒေါ်အောင်ဆန်းစုကြည်မျက်နှာဖုံးတွေနဲ့ဆို လုံးဝ မ၀ယ်နဲ့ကွာ။ ကျန်တဲ့နိုင်ငံရေးစာအုပ် ကြိုက်တဲ့ကလောင်ရေးတာ ဆွဲခဲ့။ ငါဖတ်မယ်။ ဦးခင်ညွှန့်စာအုပ်ထွက်နေတယ် ပြော တယ်ကွ။ တွေ့ရင်ဝယ်ခဲ့ပေါ့ကွာ။ မတွေ့လည်း ခုနက ငါပြောသလိုဝယ်ခဲ့” ဟု ရှည်ရှည်လျားလျားမှာလိုက်ရာမှာ သူဝယ်ပေး လာသည့်စာအုပ်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ အထ္တုပ္ပတ္တိစာအုပ်တွေ ဒုတိယအရွယ်စနေပြီဖြစ်သည့် ကျွန်တော်မဖတ်ချင် တော့ ရိုးအီလှပြီ။ ဦးထွန်းကြည်၊ ဦးခင်ညွှန့်တို့စာအုပ်တွေကတော့ စစ်တုရင်ထိုးနည်းစာအုပ်ကို ဖတ်သလိုမျိုး ဖတ်လိုခြင်း သာ။ ဘယ်ကမ္ဘာကျော်စစ်တုရင်သမားမှ သူတို့၏တိုက်ကွက်အကုန်ကို စာအုပ်ထုတ်မရေးခဲ့သလို ဒီလူကြီးတွေဆီက စိတ် ကောင်း စေတနာကောင်းများဖြင့် သမိုင်းအမှန်တွေကို အိတ်သွန်ဖာမှောက် ပြောပြ၊ ရေးပြမည်လို့ နည်းနည်းမှ ကျွန်တော် မထင်။ အသွေးထဲ အသားထဲမှာ မြန်မာလူကြီးပိုင်း စစ်ခေါင်းဆောင်တွေ၏ သွေးတွေရှိနေအုံးမှာ သေချာသည်။ ကောက်ကျစ် သည့် သွေးများ၊ ရက်စက်သည့်သွေးများ၊ မိုက်မဲသည့် သွေးများ၊ သူရဲဘောကြောင် လက်သီးပုံးထိုးတတ်သည့် သွေးဆိုးများ၊ အတ္တမာန်မာနကြီးမားသည့် သွေးဆိုးများ၊ ထိုသွေးတွေက သူတို့ အသွေး၊ အသား၊ ရိုးတွင်းချဉ်ဆီထဲအထိ လှည့်လည်ပတ် နေမည့် သွေးဆိုးများ၊ အတုယူ ဂုဏ်ယူဖို့ သူတို့စာအုပ်တွေ ဖတ်လိုခြင်းမဟုတ်။ အိုနာကျ ကျားဆိုးကြီးတွေ၏ လေချဉ် တတ်တာတွေကို ထိုင်ကြည့်ချင်သည့်သဘော။ ဒီထက် မပို။ အခု သူငယ်ချင်းဖြစ်သူက သူတို့စာအုပ်ရှာမရဘူးဟုဆိုကာ ကျော်ကိုကို၏စာအုပ်ဆွဲလာတော့ စိတ်ဒုံးဒုံးချဖတ်တော့မည်ဟုတွေးပြီး ဇိမ်ယူဖတ်နေမိသည်။

စာအုပ်ကို စလှန်လှောစဉ်မှာ ကျော်ကိုကိုနှင့်ပါတ်သက်ပြီး အကြောင်းအရာနှစ်ခုက ခေါင်းထဲသို့ ရောက်လာသည်။ မိုးမခမှာ နိုင်ငံကျော် စာရေးဆရာကြီးတယောက်က (ဆရာကြီး မောင်စွမ်းရည်ဟုထင်။ သိပ်မသေချာ) ဒီစာအုပ်ကို ညွှန်းထားတာ ဖတ်လိုက်ရတာ သတိရသည်။ နောက်တခုက လောလောလတ်လတ် ပူပူနွေးနွေးဖြစ်ပျက်နေသည့် ကျောင်းသားသပိတ်မှာ ကျော်ကိုကိုအား ဒီမိုကရေစီဘက်တော်သားတချို့က အစာမကြေတာကို သတိရသည်။

ကျောင်းသားသပိတ်မှာ ကိုကျော်ကိုကို၏ သူ့ရဲဘော်တွေ အရိုက်ခံရ၊ ခွေးဆွဲသလို အဆွဲခံရခြင်းတွေကြောင့် လူငယ်ပီပီ အားမလို အားမရဖြစ်ကာ သူ၏ နောင်တော်ကြီးတွေကို ဝေဖန်မိသည့်စကားတွေ ပါလာဟန်တူ၏။ လူထု၏ (ကျွန်တော့်၏) သဲသဲလှုပ် ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တာ ပါလာဟန်တူသည်။ ကျော်ကိုကို ဒီလိုစကားတွေပါလို့ စန်းစန်းတင့် (sensitive) ဖြစ်ကြပြီး ကျော်ကိုကိုဆိုလျှင် ငါတို့ အားမပေးဆိုသည့်လူတွေ ဖြစ်ကုန်ကြသည်။ စစ်အစိုးရကတော့ ငါးခူပြုံး လေး ပြုံးနေမည်လား မသိပါ။ ကျွန်တော်ကတော့ ကြေကွဲရပါသည်။ ခေါင်းဆောင်တွေဆိုတာ ကျွန်တော်တို့လို နိုင်ငံရေး စိတ်ဝင်စားသည့် သာမန်ပြည်သူလူထုတွေကြောင့် ခေါင်းဆောင်ဖြစ်လာရတာ မဟုတ်ဘူးလား။ ကျွန်တော်တို့က ကျော်ကို ကိုလို ထောင်မကြောက် တန်းမကြောက် ဒုတ်မကြောက် ဓားမကြောက် စစ်ဘီလူးတပိုင်းအစိုးရကို ရဲရဲကြီး စိန်ခေါ်ရဲသည့် လူတွေလည်း မဟုတ်။ သို့သော် သူတို့ကို ဘယ်လိုအားပေးရမလဲ။ စိတ်အားဖြင့်၊ လူအားဖြင့်၊ မူအားဖြင့် အားပေးသည်။

ကျောင်းသားသပိတ်မှာ ကျော်ကိုကို၏ဝေဖန်ရေးစကားတွေကြောင့် ကျွန်တော်လည်းဘဲ သိပ်မကြိုက်တာတော့အမှန်။ သို့ ပေသိ စစ်အစိုးရ၏ ငါးနှစ်နီးပါး ဟန်ဆောင်နေသည့်မျက်နှာဖုံးကို ဆွဲခွာချပေးသည့်သူနှင့် ကျောင်းသားတွေ၏ ကျေးဇူးဖြင့် ယှဉ်လိုက်လျှင် ဘာမှပြောပလောက်သောကိစ္စမဟုတ်။ နိုင်ငံရေးမှာ သဘောကွဲနိုင်ကြသည် မဟုတ်ပါလား။ ပြီးတော့ သူက လူငယ်သာ ရှိသေးသည်။ မာနတွေ တလူလူတက်လို့ ကောင်းဆဲ။ အားအင်တွေ ပြည့်ဖြိုးဆဲ။ ကိုယ်ယုံကြည်ရာကို တုံးတိုက်တိုက် ကျားကိုက်ကိုက် တိုးမည့်အမျိုး။ ဒါကြောင့်လည်း မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်ဖြစ်လာဖြင်း ဖြစ် သည်။ သမိုင်းကြောင်းလှခဲ့သောလူငယ်၊ အညွှန့်တလူလူတက်နေသော လူငယ်၊ နိုင်ငံရေးလမ်းကြောင်းမှန်ပေါ်မှာ ရှိနေ သော လူငယ်၊ ပြည်သူလူထုအတွက် တိုက်ပွဲဝင် စဉ်းစားပေးသောလူငယ်၊ ကျောင်းသားထုတရပ်လုံးအတွက် အလုပ်တွေ အများကြီးလုပ်မည့် လူငယ်။

တစုံတဦးက ဒေါ်စုကိုထိလျှင်၊ ဝေဖန်မိလျှင် နိုင်ငံရေးမှာ ခေါင်းဖော်လို့မရလောက်အောင် အဘွားကြီးက နိုင်ငံရေး သြဇာအာဏာ ကြီးလှသည်။ ပြည်သူလူထု ကျွန်တော်တို့က နည်းနည်းမှ မကြိုက်။ ဘယ်ကြိုက်မှာလဲ။ ဒေါ်စု ရပ်တည်ချက်ကို ကျွန်တော်တို့က သိသည်။ အားပေးသည်ဘဲ။ ကျွန်တော်တို့ခေါင်းဆောင်ပေဘဲ။ ဒါပေသိ အဘွားကြီးကိုဝေဖန်တာ ဘယ်လို အရောင်တွေနဲ့ဝေဖန်သလဲ၊ ဘယ်လိုဆူးတွေပေါက်နေသလဲဆိုတာ ခဏလောက် အသက်ရှူအောင့်ပြီး ရပ်ကြည့်သင့်သေး သည် မဟုတ်ပါလား။

အာဃာတကြီးကြီးဖြင့် ဒေါ်စု ဘာလုပ်လုပ် ဖဲ့တိုက်ဝေဖန်နေသည့် ဆရာ့ ဆရာကြီးလူတွေလား။ ဒေါ်စုဆိုလျှင် ဆင်ဖြူ မျက်နှာ ဆင်မည်း မကြည့်ဝံ့ကြသလို သူတို့ စည်းစိမ်အာဏာတွေလုယူသွားတော့မယ့် မိန်းမကြီးလို့ထင်ပြီး တိုက်ခိုက်ဝေဖန် နေသည့် လူတွေလား။ သို့တည်း မဟုတ် ဒီမိုကရေစီလမ်းကြောင်း ဦးတည်ချက် လားရာတူသွားကြရာမှာ အဘွားကြီးသွားတာ မြန်လွန်းတယ်၊ စောင့်ပါအုံးဆိုသည့်သဘောဖြင့် ဝေဖန်ချင်တာလား ခွဲကြည့်ဖို့ မသင့်ပေဘူးလား။

ကျော်ကိုကို စာအုပ်မဖတ်ခင်မှာ ကျွန်တော်တွေးမိသမျှ ဖြစ်သည်။ စာမဖတ်ခင် ကျွန်တော်စိုးရိမ်စိတ်များနေခြင်းသာ။ ပြည် သူလူထု၏ရန်သူ၊ အာဏာကို လက်မလွှတ်ချင်ဘဲ ဂုပ်ခွစီးနေချင်သည့် စစ်အရာရှိများကို ယှဉ်ပြိုင်ကြရာမှာ ကျွန်တော်တို့ အချင်းချင်း သွေးကွဲနေလျှင်ဖြင့် မြေခွေးတွေက အမှောင်ထဲကစောင့်ကြည့်နေမှာ စိုးရိမ်သည်။ အခုအထိ ကိုကျော်ကိုကိုကို ဖမ်းလို့ မမိသေးတဲ့။ ဒီလောက် သူတို့စစ်ထောက်လှမ်းရေးယန္တရားကြီးကောင်းနေတာကိုမှ ဖမ်းလို့မမိတာကဖြင့် ကျော်ကိုကို တော်လို့ မဖြစ်နိုင်။ သူ့အသံတွေလည်း ရေဒီယိုတွေမှာ ကြားနေဆဲမဟုတ်လား။ အက်ကြောင်းကို မကြီးကြီးအောင်များ မြေခွေးစုတ်တွေက စောင့်ဆိုင်းနေကြသလားလို့ ကျွန်တော် အတွေးခေါင်မိသည်။

အတွေးတွေရပ်။ ဖတ်စရာရှိတာ ဖတ်မှပါလို့ ကျွန်တော်တွေးပြီး စာအုပ်ကိုစာဖတ်မိတော့သည်။ မြန်မာပြည်နိုင်ငံရေးမှာ ကျောင်းသားတွေ ခေတ်အဆက်ဆက် ဆက်စပ်ပါတ်သက်ခဲ့တာတွေမှန်သမျှ တိုတို ရုံးရုံး သူက ရေးထားသည်ပဲ။ တစစီ ပြန့်ကျဲနေသော ကြယ်လေးများကို တခုနှင့် တခု အဆက်အစပ်ရှိအောင် သူက တွဲသီထားသည်ဘဲ။ သူ့စာတွေဖတ်ရတာ သူကိုယ်တိုင်လည်း ရှင်းရှင်းပြတ်ပြတ်ရှိတယ် ထင်သည်။ အတွေးရှင်းတော့ အရေးလည်း ရှင်း၊ အကြောင်းအရာလည်း ရှင်း၊ နိုင်ငံပေါ်မှာထားသည့် သူ့စေတနာက သူလို လူငယ်တယောက် အယောက်တသိန်းနေလို့ တယောက်လောက်တောင် တွေ့ရပါ့မလားလို့ ကျွန်တော်သံသယ၀င်လျှင် ကျန်သည့်လူငယ်တွေကို အထင်မြင်သေးခြင်းမဟုတ်။

အခုတော့ စာဖတ်တာ ကျွန်တော် ချွေးစို့လာလေပြီ။ ခုန်ပေါက် မြူးတူးချင်လာပြီ။ လက်ကြီးနှစ်ဖက်ကို အားရပါးရလွှဲပြီး လမ်းလျှောက်ရသလို ကျွန်တော် သူ့စာအုပ်ကို ဆက်ဖတ်နေမိသည်။ သို့သော် လေရှူရတာတော့ သိပ်မကောင်း။ သွေး ကွဲနံ့တွေ ကျွန်တော်ရနေသည်။ လမ်းချော်သည့်အနံ့တွေ ကျွန်တော်ရနေသည်။ ဒီအနံ့ဆိုးတွေပျောက်စေဖို့ အားလုံး စိတ်တူ ကိုယ်တူ မဖြစ်ကြလျှင်တောင်မှ ဒီမိုကရေစီစစ်စစ်ကြီးရမှ ရန်ထပ်ဖြစ်စေချင်သည်။ အခုတော့ စာဖတ်ရတာ သိပ်တော့စိတ် မဖြောင့်။

ဖိုးထက်