လှကျော်ဇော - တရုတ်တပ်မတော်အတွင်းရေးများ


လှကျော်ဇော -  တရုတ်တပ်မတော်အတွင်းရေးများ
(မိုးမခ) မေ ၅၊ ၂၀၁၅


        တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အတွင်းအကျင့်ပျက်ခြစားတဲ့အရာရှိများတဦးပြီးတဦးဖေါ်ထုတ်ဖွင့်ချအရေးယူခြင်း ခံနေရပါတယ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌဟောင်းကအစ အဆင့်အသီးသီးက အရာရှိများပါဝင်တဲ့ စာရင်းက အရှည်ကြီးပါ။ ဒါကိုတချို့လူတွေကဒီလိုဆိုလာပါတယ်။--ဒီလိုလုပ်နေတာတွေဟာတပ်မတော်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်တဲ့။ --တကယ်တော့ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်တည့်မတ်ပေးဖို့ဖြစ်တယ် ဆိုတာ -- မသိလေရော့သလား။ စဉ်းစားလဲကြည့်ကြပါအုံး။ အကျင့်ပျက်ဗိုလ်ချုပ်ကြီးများ တပ်ထဲဆက်လက်ရှိနေမယ် ဆိုရင် ဒီတပ်ကြီး ဘာဖြစ်သွားမလဲ။ ဘယ်လောက်အန္တရာယ်ကြီးလဲ။
   

 သတင်းမီဒီယာများအဆိုအရဒီအကျင့်ပျက်အရာရှိကြီးတွေစားကြ၀ါးကြတဲ့--ငွေကြေးပမာဏဟာမကြုံစဖူး မကြားစဖူး များပြားလှတယ်-တဲ့။ဒါကြောင့်သူတို့ကိုကျားကြီးများလို့ ခေါ်ပါတယ်။ (စကားချပ်။ တရုတ်ပြည်မှာ အခုခေတ်စားနေတဲ့ စကားလုံးတွေပါ။အကျင့်ပျက်ရာထူးကြီးသူများကို“ကျား”လို့ခေါ်ပြီး ရာထူးငယ်သူများကိုတော့“ခြင်”လို့ သညာပြုထားပါတယ်။) သူတို့လာဘ်စားတဲ့ နည်းနာများကလဲ-- အဓိက ရာထူးနေရာများအတွက် လေလံတင်သလို လုပ်တာမျိုး တည်ဆောက်ရေးလုပ်ငန်းများအတွင်း ခြစားမှုတွေ-ငွေနဲ့အာဏာ ဗြောင်အလဲအလှယ်လုပ်မှုတွေ စတာတွေပါဝင်ပါတယ်။တိုင်းပြည်ရဲ့ ထိပ်ဆုံးခေါင်းဆောင်များကလဲ လာဘ်ယူလာဘ်စား အမှုများကို လူမှုအဖွဲ့အစည်းအားလုံးက အမြစ်ပြတ်အောင် လုပ်မယ်လို့ ဂတိပြုထားတာဖြစ်ပေမဲ့ တပ်ထဲက“သိုးမဲ”များကိုတော့ အယင်ရှင်းဖို့လိုပါတယ်။
     

တပ်တွင်း အကျင့်ပျက်လာဘ်စားမှုများဟာ အလွန်အန္တရာယ်ကြီးပါတယ်။ ဒါက တပ်မတော်သားများရဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ပြီး သူတို့တတွေရဲ့ လုပ်ငန်းအပေါ်ထားရှိရမဲ့ သစ္စာတရားကိုလဲ လျော့ပါးစေနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးများက အာဆီယံ ခြစားနေပြီးအောက်ခြေစစ်သားများ၏ မလုံတလုံစခန်းများမှာ နေနေရရင် တိုင်းပြည်အရေးရယ်၊ အကြောင်းရယ်၊ ကြုံလာရင် ဘယ်သူကအသက်ပေးပြီး တိုင်းပြည်ကိုကာကွယ်မှာလဲ။  ဒါ့အပြင်-လာဘ်ပေးနိုင်တဲ့သူတွေက ရာထူးတွေ တဆင့်ပြီးတဆင့်တိုးပြီး ရိုးသားကြိုးစားသူများက ဘေးဖယ်ခံနေရရင် တပ်မတော်ထဲမှာ ဘယ်သူကများသစ္စာခံ-သစ္စာရှိနေတော့မှာလဲ။
   

 သမိုင်းကိုကြည့်ရင် စစ်တပ်ကြီးများ ရှုံးနိမ့်သွားရတဲ့အကြောင်း အတော်များများဟာ ရန်သူကြောင့်မဟုတ်ဘဲ ကိုယ့်အတွင်း အကျင့်ပျက်ခြစားမှုများကြောင့် ဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်-ပင်လယ်ကွေ့စစ်ပွဲအတွင်း အီရတ်တပ်များ အချိန်တိုအတွင်း အချေမှုန်းခံလိုက်ရတာဟာ -အမေရိကန်တပ်ရဲ့ အဆင့်မြင့်သေနင်္ဂဗျူဟာ -လက်နက်ဆန်းများကြောင့်သာမဟုတ်ဘဲ အဆင့်မြင့် အီရတ်စစ်အရာရှိကြီးများ လာဘ်စားထားပြီး တာဝန်ကျရာစခန်းများကအလွယ်တကူ ဆုတ်ပေးလိုက်ကြလို့လဲ ဖြစ်တယ်။
    

တရုတ်ခေါင်းဆောင်များကတော့-- တရုတ်တပ်ကြီး ဒီလိုကံကြမ္မာနဲ့ ကြုံမှာကို ဘယ်လိုမှ အဖြစ်ခံမှာမဟုတ်ပါဘူး။ တရုတ်ပြည်မှာ လူအများလက်ခံထားတဲ့ စကားတရပ်ရှိပါတယ်။ “တရုတ်ပြည်သူ့လွတ်မြောက်ရေး  တပ်မတော်ကြီးဟာ သံမဏိမဟာတံတိုင်းကြီး” တဲ့။ အခုပြုလုပ်နေတဲ့ “လာဘ်ယူလာဘ်စားတိုက်ဖျက်ရေး” လှုပ်ရှားမှုကြီးဟာ အဲဒီမဟာတံတိုင်းပေါ်က သံချေး-ချေးညှော်တွေကိုတိုက်ချွတ် ဆေးကြော နေတာဖြစ်ပြီး ခေါင်းဆောင်များအနေနဲ့ကတော့ဒီတံတိုင်းကြီး ထာဝစဉ်သန့်ရှင်းနေရေးအတွက် နည်းလမ်းပေါင်းစုံရှာဖွေလုပ်ဆောင်ပါလိမ့်မယ်။သေချာတာကတော့ -တရုတ်တပ်အနေနဲ့ အာဏာသုံးစွဲမှုများအပေါ် ကြီးကြပ်မှုများ ပိုမိုအားဖြည့်လုပ်ဆောင်တာ အဓိက အရေးကြီးဌာနများကို ကိုင်ထားတဲ့အရာရှိကြီးများ လာဘ်မစားနိုင်အောင် ယန္တရားများ စနစ်တကျတည်ဆောက်တာ အရာရှိများကို
ဖြောင့်မတ်သန့်ရှင်းရေးကိုထိမ်းသိမ်းဖို့ပညာပေးတာစတာတွေလုပ်ရမှာပါ။
    

 စစ်တပ်အတွင်း လာဘ်ယူလာဘ်စားကာကွယ်ရေးအတွက် ထွက်လာမဲ့စည်းကမ်းသစ်များမှာ -အဓိကထားရမဲ့နေရာတွေကတော့ လာဘ်စားမှု အများဆုံးဖြစ်တတ်တဲ့နေရာများပါ။ ဥပမာ--စခန်းတည်ဆောက်ရေးလုပ်ငန်းများ နေ့စဉ်သုံးရံပုံငွေအသုံးအစွဲများ အောက်ခြေအဆင့်များကို ရာထူးတိုးပေးတဲ့အခါများ--စတာတွေဖြစ်ပါတယ်။
    

 ဒီလိုနေရာမျိုးတွေမှာ အထူးကြပ်မတ်ထိမ်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါမှသာ“ကျား”တွေကိုဖမ်းနိုင်ပြီး “ခြင်” တွေကိုလဲရိုက်နိုင်မှာဖြစ်ပါတယ်။ တခြားသူများလဲ ဒီလမ်းမလိုက်အောင် တားဆီးပညာပေးပြီးဖြစ်လိမ့်မယ်။ သမတရှီကျင့်ဖင် အခုတိုက်တွန်းလုပ်ဆောင်နေတဲ့ “စစ်တပ်ကြီးခေတ်မှီတိုးတက်ရေး”လုပ်ငန်းစဉ်ကြီး အောင်မြင်ဖို့ရာအတွက်လဲ ဒါတွေဟာ ရှေးဦးလိုအပ်ချက်တွေပါ။သန့်ရှင်းတဲ့စစ်တပ်သာလျှင် ပြည်သူလူထုတရပ်လုံးရဲ့ တခဲနက်ထောက်ခံမှုကို ရရှိနိုင်မှာဖြစ်ပြီး ဒါဟာခေတ်မှီတိုးတက်ရေးကို တွန်းတင်ဖို့ လိုအပ်ချက်လဲဖြစ်ပါတယ်။ အခွန်ထမ်းလူထုကြီးအနေနဲ့ မိမိတို့ရဲ့ငွေတွေဟာ တိုင်းပြည်ကာကွယ်ရေးအတွက် စနစ်တကျ သုံးစွဲနေတာဖြစ်ကြောင်း ယုံကြည်စိတ်ချနေဖို့လိုပါတယ်။
    

လာဘ်ယူလာဘ်စားတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်ကြိုးပန်းချက်များဟာ တကယ့်စစ်မြေပြင်တိုက်ပွဲအတွက်ပြင်ဆင်ရတဲ့ အချက်များနဲ့ မတိမ်းမယိမ်း အတူတူနည်းပါးပါဘဲ။ ဒါ့အပြင်ဒီလာဘ်ယူလာဘ်စား တိုက်ဖျက်ရေး လှုပ်ရှားမှုကြီးဟာ တရုတ်တပ်မတော်အတွက် မနိုင်နိုင်အောင် တိုက်ရမဲ့တိုက်ပွဲပါ။
ဒီလိုခြစားမှုများကြောင့်တော့ တရုတ်တပ်မတော်ကြီးအပေါ် အဆိုးချည့်မမြင်သင့်ပါဘူး။ နိုင်ငံအများအပြားက စစ်တပ်တွေထဲမှာ ခြစားမှုများ အနည်း၊ အများရှိပါတယ်။ တရုတ်တပ်က ဒီလိုအမှုတွေကို လိုက်လံဖေါ်ထုတ် အရေးယူနေတယ် ဆိုတဲ့အချက် တရုတ်တပ်အနေနဲ့ မိမိတို့ကိုယ်မိမိတို့ သန့်စင်ဆေးကြောနေတယ်ဆိုတာ ပြသနေတာပါ။ ဒီလိုအကျင့်ပျက်ခြစားအရာရှိဆိုးများကြောင့်တော့ တပ်မတော်ကြီးရဲ့ကျန်းမာသန်စွမ်းမှု ဖွံ့ဖြိုးတိုးတက်မှုများကိုဟန့်တားနှောင့်ယှက်နိုင်မှာမဟူတ်ပါဘူး။
     

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကြီးဟာ ခေတ်မှီတိုးတက်ရေးလမ်းကို ဆက်လျှောက်မြဲ လျှောက်မှာဖြစ်ပြီးတိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်ဖို့အချိန်မရွေး အဆင့်သင့်ဖြစ်နေပါတယ်။

                                                                                   ၂၄-၄-၂၀၁၅

ကိုးကား။

China Daily (18-12-2014)PLA has to win the anti-graft war(Xu Guangyu)