ဇာနီကြီး - အေရှားဝေါ

ဇာနီကြီး - အေရှားဝေါ
(မိုးမခ) မေ ၂၁၊ ၂၀၁၅

ဒီနေ့တော့ မြန်မာနိုင်ငံက ဇောတိက ဦးခင်လှိုင်အကြောင်း ဖတ်မိလို့ရှယ်လိုက်ပါတယ်။ စိတ်ဝင်စားရခြင်းအကြောင်းကတော့
၁။ နံရံကိုခေါင်းနဲ့တိုက်သလို အေရှားဝေါပရိုဂျက်ကို အပြုသဘောပြောရဲတဲ့၊ လုပ်ငန်းရှင်တဦး
၂။ ရန်ကုန်မြို့တော်စည်ပင်ကော်မတိ အမှတ် (၇) အဖြစ် အရွေးခံရပြီး အင်ဒိုနီးရှားက ဂျိုကိုဝီဆိုတဲ့ပုံစံ အပြုသဘောပြုပြင် ပြောင်းလဲမှုနဲ့ထင်ရှားလာသူတဦး ..အဖြစ်စိတ်ဝင်စားမိပါတယ်။

မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်ကြီးတဦး ၂၀၁၂ စင်ကာပူရောက်တုန်း အေရှားဝေါနဲ့ တေဇတို့ စီးပွားရေး အင်အားပြိုင် ဆိုင်မှု ကောလဟာလ ပြောပြပါတယ်။ ဗိုလ်သန်းရွှေအာဏာလွှဲအပ်ပြီး ကန့်လန့်ကာနောက်ကွယ် ဝင်သွားပြီးတဲ့နောက် အဲဒီပြိုင်ပွဲ အပြင်းအထန်ဆင်နွှဲကြတယ်လို့ ပြောပါတယ်။ မက်ဇော်ဇော်ကတော့ မြန်မာ့ဘောလုံးကို ဝါသနာလည်းပါလို့ ပြိုင်ပွဲကြည့်ပရိတ်သတ်ပါ။ ဘာကြောင့် ဒီနှစ်ဦး အပြင်းထန်ပြိုင်ကြသလဲဆိုတော့ တရုတ်နိုင်ငံကြီးပါဝင်နေတဲ့ ကချင်ပြည်နယ် စိမ်းလန်းစိုပြေရေးနဲ့ အဲဒီနေရာမှာ ထာဝရပိုင်ဆိုင်မှုကို နှစ်ဦးစလုံးမျှော်မှန်းကြလို့ဖြစ်မှာပါ။ တရုတ်ပြည်ကြီး အလျှင် အမြန်တိုးတက်လာတော့ ကချင်ပြည်နယ်စပ်က ယူနန်တရုတ်နိုင်ငံသားတွေရဲ့ဝင်ငွေဟာ၊ မြန်မာပြည်အောက်ပိုင်းက ထိုင်း နိုင်ငံသားများနဲ့ အတူတူနီးပါးအထိ တိုးတက်လာပါတယ်။ အကျိုးရလဒ်ကတော့ ရွှေ့ပြောင်းလုပ်သားများ ရေကြည်မြက်နုရာ ကချင်ပြည်နယ်ကို ရွှေ့လာကြပါတော့တယ်။ အထင်ရှားဆုံးရွှေ့ပြောင်းချက်ကတော့ မြန်မာစစ်တပ်ကြီး ဖြစ်ပါတယ်။ ၂၀၁၁ ဗိုလ်သိန်းစိန်ကနေ ဦးသိန်းစိန်ပြောင်းသွားပြီး၊ အရပ်သားအစိုးရဖြစ်လာချိန်မှာတော့ ပထမဆုံး ငွေ၊ အာဏာ စီးပွားပြိုင်ဆိုင် မှုက ကချင်ပြည်နယ်မှာ အပြင်းအထန ဖြစ်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို ဗိုလ်တင်အောင်မြင့်ဦးဘဝကနေ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးအဖြစ်ပြောင်းလာသူက တရုတ်ပြည်အထိ သွားရောက်လက်မှတ်ထိုးပြီး ကန်ဒေါ်လာ ၈ ဘီလျံ ပရိုဂျက်ကြီးစတင်တာ ၄ နှစ်လောက်ရှိနေချိန်ပါ။ တနိုင်ငံလုံး မြစ်ဆုံ ဆန္ဒပြမှုမဖြစ်ခင် အေးရှားဝေါရဲ့စီးပွားရေးပြိုင်ဆိုင်မှုမှာ ငွေကြေးနောက်ခံနည်းပါးတဲ့ သူဌေးကြီးဦးတေဇ ကချင်ပြည်စိမ်းလန်း စိုပြေရေး၊ ခါကာဘိုရာဇီ အရှေ့တောင်အာရှအမြင့်ဆုံးရေခဲတောင် ...စတဲ့ လုပ်ငန်းများအပြင်၊ အရေးကြီးဆုံးဝင်ငွေဖြစ်တဲ့ တရုတ်-မြန်မာ ကူသန်းသွားလာရေးကိုထိန်းချုပ်တဲ့ စစ်တပ်နဲ့ ကေအိုင်အေတို့ နယ်စပ်ကုန်သွယ်၊ လမ်းနှစ်သွယ်၊ မူဆယ် လမ်း၊ လိုင်ဇာလမ်းတို့ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ဟာ တရုတ်နိုင်ငံမှာ စီးပွားတိုးတက်မှု အနိုမ့်ဆုံးပြည် နယ်ဖြစ်ပေမဲ့၊ မြန်မာပြည်အတွက်တော့ အလွန်စီးပွားကောင်းတဲ့ နယ်စပ်ပြည်နယ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များက ယူနန်ပြည်နယ်ကတဆင့် ဗီယက်နမ်စီးပွားရေးကို ထိန်းချုပ်ဖို့ကြိုးစားပေမဲ့ အခု ဗီယက်နမ်ပြည်သူများက အပြင်းထန်ဆန့်ကျင်လို့ သိပ်မဟန်တော့ပါဘူး။ အခု မြန်မာပြည်ပြုပြင်ပြောင်းလဲချိန်မှာတော့ တရုတ်ပြည်တွင်းက ဝိသမ လုပ်ငန်းရှင်များ ယူနန်ပြည်ကတဆင့် မြန်မာပြည်ကိုဝင်လာပါတယ်။

အေရှားဝေါနဲ့ တေဇတို့ ပြိုင်ဆိုင်မှုမှာ ကောလဟာလသတင်းကတော့ ဒေဝါလီခံရလုမတတ် ငွေကြေးလိုငွေ အရမ်းပြနေတဲ့ ဦးတေဇ၊ အရင်ဆို ငွေလိုရင် တပ်ချုပ်ကြီးအားကိုးရသလို .. အနားယူသွားတဲ့ တပ်ချုပ်ကြီးဆီ သွားရောက်တွေ့ဆုံတယ်လို့ ဆိုပါတယ်။ တပ်ချုပ်ကြီးက ငါလည်းအနားယူပြီ၊ လက်ရှိဥပဒေဘောင်နဲ့ လက်ရှိခေါင်းဆောင်များနဲ့ပဲ ကြည့်လုပ်လိုက်ပေ တော့လို့ ပြောလိုက်တယ် ဆိုပါတယ်။ ဒါပေမဲ့ အကြံဉာဏ် ဘာလုပ်ရမလဲဆိုတာတော့ သူဌေးကြီးဦးတေဇ သိသွားမှာပါ။ ကောလဟာလသတင်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းတော့ မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန် ရွှေ့ဆိုင်းနိုင်လိုက်ပြီး၊ ဒုသမ္မတ တင်အောင်မြင့်ဦးလည်း သမ္မတ ရုံးထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာ ထိုင်ခုံလွတ်နဲ့ မြင်လာရပါတယ်။ နောက်လအနည်းငယ်မှာ ဒုသမ္မတဦးတင်အောင်မြင့်ဦး အနားယူသွားပါတယ်။ ဒီအချက်က အေရှားဝေါကို သူဌေးကြီးဦးတေဇ အနိုင်ယူတာမဟုတ်ပါဘူး။ ထိုနှက်ချက်ကို တောင့်ခံနိုင်လိုက်ခြင်းဖြစ်ပါတယ်။ အေရှားဝေါဆိုတာ နယ်နယ်ရရ ကုမ္ပဏီမဟုတ်ပါ။ အလွန်ကြီးမားတဲ့ တရုတ်အစိုးရ ရှယ်ယာ အများစုပိုင်တဲ့ တရုတ်ကုမ္ပဏီကြီးကကြိုးကိုင်ထားတာ လူတိုင်းသိပါတယ်။ အခုတော့ မသိသလိုပဲနေလိုက်တာ ကောင်း ပါတယ်။

• အေရှာဝေါ အကြောင်း
မသိသူ လူငယ်များအတွက် ရေးရမယ်ဆိုရင်၊ တခါက တရုတ်ဖြူ ကျူးကျော်တပ်တွေနဲ့အတူ ဝင်လာတဲ့ လောစစ်ဟန်ဆိုသူ၊ တရုတ်ဖြူတွေ တရုတ်ပြည်မကြီးမှာ စစ်ရှုံးပြီး၊ မြန်မာပြည်ကို ထွက်ပြေးလာပြီး ရှမ်းပြည်တခုလုံးကို သိမ်းပိုက်ထားပါတယ်။ ဝန်ကြီးချုပ်ဦးနုရဲ့ မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ အမေရိကန်ကိုတိုင်တန်းပေမဲ့ ဘာမှမတတ်နိုင်ပါ။ နောက်ဆုံး ဦးနုက ဗိုလ် မှူးချုပ်ကျော်ဇောကို အင်အားမမျှပေမဲ့ တိုက်ခိုက်ဖို့တာဝန်ပေးပါတယ်။ စစ်ဗျူဟာကျွမ်းကျင်လှတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော က တရုတ်ဖြူတပ် စစ်ဌာနချုပ်ကိုပဲ သံလွင်မြစ်ကို အမြောက်တပ်တွေနဲ့ တိတ်တဆိတ်ဖြတ်ကျော် အလစ်ဝင်တိုက်သိမ်းပိုက်လိုက်ပါတယ်။ ခေါင်ကိုဖြိုလိုက်တော့ သိန်းနဲ့ချီတဲ့ တရုတ်ကျူးကျော်သူ စစ်တပ်ကြီး ဖရိုဖရဲ ဖြစ်သွားပြီး၊ ရှုံးနိမ့်လို့ နောက်ဆုံး ခေါင်းဆောင်တွေ၊ စစ်သားတွေကို ကုလသမဂ္ဂနဲ့ အမေရိကန်တို့က သူတို့ထိန်းချုပ်တဲ့ တိုင်ဝမ်နိုင်ငံကို ပြန်ပို့ပေးမှ ရပ်သွား ပါတယ်။ နောက်ပိုင်းတော့ မြန်မာပြည်မှာ စစ်အာဏာသိမ်းခံရပြီး ဗိုလ်နေဝင်း စစ်အစိုးရတက်လာတာ ၂၀၁၁ ဗိုလ်သန်းရွှေ ရွှေဝါရောင်နဲ့ နာဂစ်အရေးခင်းအပြီး တရုတ်သြဇာမခံနိုင်လို့ အာဏာလွှဲ၊ အနားယူသွားရှာပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်တဦးဖြစ်သူ လောစစ်ဟန်က ဝိသမစီးပွားရေးအကြံရှိတော့ ဘိန်းဖြူထုတ်လုပ်ရေးလုပ်ငန်းနဲ့ မြန်မာ ပြည်မှာ ချန်နေခဲ့ပါတယ်။ ဘိန်းတွေစိုက်ပြီး၊ ဘိန်းဖြူတွေ အမေရိကန်နိုင်ငံကိုတင်ပို့၊ လူငယ်တွေပျက်စီးတော့ အမေရိကန် အစိုးရက လောစစ်ဟန်ကို အဝေးရောက်တရားစီရင်ပြီး သေဒဏ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေ ချွတ်ခြုံသွားတဲ့ မြန်မာ စစ်အစိုးရက လော်စစ်ဟန်ကို ဗိုလ်ခင်ညွန့်က တိုင်းချစ်ပြည်ချစ် သူဌေးကြီးအသွင်နဲ့ ရန်ကုန်မြို့မှာ အခန့်သားနေထိုင်စေပြီး၊ အေရှားဝေါကုမ္ပဏီကု သူ့ရဲ့သားဖြစ်သူ စတိဗင်လော (လက်ရှိ စင်ကာပူမှာနေထိုင်သူ) ထိန်းချုပ်မှုနဲ့ စီးပွားရေးအင်ပါယာ စတင်ခဲ့ပါတယ်။

အခုတော့ အေရှားဝေါ ဘိန်းလုပ်ငန်းမလုပ်တော့ပဲ ဘိန်းလုပ်ငန်းရှင်ကြီးများတဖြစ်လဲ စီးပွားရေးလုပ်ငန်းရှင်များဖြစ်နေကြပါတယ်။ စိတ်သဘောထားကောင်းတဲ့ မြန်မာများကို ရာထူးကြီးတွေ လခစားအဖြစ်ခန့်ထားရင်း၊ မြန်မာနိုင်ငံတခုလုံးက စီးပွား ရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီများ လက်ဝါးကြီးအုပ်ကြတာ အေရှာဝေါ၊ လောစစ်ဟန်ကနေ စတင်ခဲ့ပါတယ်။ လောစစ် ဟန်ကတော့ တနှစ်က ရန်ကုန်မှာ သေဆုံးသွားပေမယ့် ဒီအေရှားဝေါ မြန်မာပြည်မှာ ကြီးစိုးနေသရွေ့ မြန်မာ့စီးပွားရေး နလံ ထူနိုင်ဖို့ မလွယ်ပါဘူး။


ဇောတိက ဦးခင်လှိုင်ပြောသလို နံရံကို ခေါင်းနဲ့ဆောင့်ရမဲ့အလုပ်ကတော့ စင်ကာပူက လောစစ်ဟန်သား စတီဗင်လောရဲု့ စီး ပွားရေးလုပ်ငန်းများကို ဘယ်လိုနည်းနဲ့ မူးရစ်ဆေးဝါးလုပ်ငန်း ဆက်စပ်နေသလဲဆိုတာ သက်သေပြဖို့ပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနယ်စပ်များမှာ လောစစ်ဟန် တပည့်တပန်းတွေ ဘိန်းစိုက်၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့စက်ရုံများစွာ နဲ့ အာဖကန်နစ္စ တန်ပြီးရင်၊ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယဘိန်းအစိုက်ပျိုးဆုံးနိုင်ငံဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးခြင်းကို လူများရပ်နားဖို့က စက်မှုလုပ်ငန်းထွန်းကားရေး တနည်းပဲရှိပါတယ်။ စက်မှုလုပ်ငန်းကို ထွန်းကားရေး အေရှားဝေါ လုပ်နေတယ်ဆိုပေမဲ့ .. ကြက်မှာအရိုး၊ လူမှာ အမျိုး ..ဆိုစကားအတိုင်း အမျိုးမစစ်တဲ့ အေရှားဝေါ ရှယ်ယာပိုင်ဆိုင်သူများကို မြန်မာပြည်က ထွက်ခွာ သွားရင် မြန်မာပြည်စီးပွားရေးလမ်းကြောင်း ပိုပြီးမှန်ကန်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများ ဇောတိက ဦးခင်လှိုင်လို လူမျိုးများရဲ့ ကြိုးစားအားထုတ်မှုနဲ့၊ ဆင်းရဲတွင်းနက်ခြင်းကလွှတ်မြောက်ဖို့ လမ်း မဝေးတော့ပါ။