ဟန်သစ်နိုင် - သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်း ၁နှစ်ပြည့် မြင်ကွင်း


 
ဟန်သစ်နိုင် - သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်း ၁နှစ်ပြည့် မြင်ကွင်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၅


သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်တင် ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အောက် မေ့ဖွယ်ဂုဏ်ပြုခြင်းအခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီခမ်းမတွင်ဧပြီ ၂၁ရက်နေ့က ကျင်းပပြု လုပ်ခဲ့သည်။


    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးက ...
 “ဆရာကြီးဦးဝင်းတင်သည် အကျဉ်းကျနေစဉ်ဒုက္ခတွေအတွင်းမှာပင်လျှင် မိမိရဲ့ခိုင်မြဲတဲ့ မယိမ်းမယိုင်တဲ့စိတ်ဓာတ်နဲ့ ရည်ရွယ်ချက် ရည်မှန်းချက် အောင်မြင်အောင် ကျန်သူတွေလုပ်နိုင်အောင်လို့သူ့ရဲ့သဘောထားတွေကိုသိရှိအောင် စွန့်စွန့်စားစား အားလုံးကျရောက်တဲ့အပေါင်းအပါတွေနဲ့ပေါင်းစုပြီး လုပ်ကိုင်ပေးခဲ့တာတွေဟာ အင်မတန်မှပဲစံယူဖွယ်ဖြစ်ပါတယ်၊ အချိန်များစွာ အကျဉ်းကျခံရတဲ့ဝေဒနာဟာ မနည်းပါဘူး၊ ဆရာကြီးဦးဝင်းတင်ဟာ အင်မတန်ဒုက္ခကြီးမားစွာဖြင့် ကျန်းမာရေးချို့နဲ့စွာဖြင့် တော်တော်ကိုခံစားပြီးတော့ စိတ်ဓာတ်ကြံ့ကြံ့ခိုင်နဲ့နေခဲ့တဲ့ပုဂ္ဂိုလ် ရပ်တည်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတာ အင်မတန်မှ ထူးခြားပါတယ်” ဟု ပြောကြားခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားရာတွင်
“လူတိုင်းဟာ သတင်းစာဆရာကြီးမဖြစ်နိုင်ပါဘူး၊ လူတိုင်းဟာလည်း ဆရာ့လို စာရေးဆရာကြီးဖြစ်နိုင်မှာမဟုတ် ပါဘူး၊ လူတိုင်းဟာလည်း ဆရာ့လောက် အနစ်နာခံနိုင်မှာမဟုတ်ပါဘူး။ သို့သော်လည်း ဆရာ့ရဲ့စံနမူနာတွေ ကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဒီမိုကရေစီရဲဘော်ဖြစ်အောင် ကြိုးစားနိုင်တယ်” ဟုပြောသည်။
    ဆက်လက်ပြီး
“ဒီအခမ်းအနားမှာ ဆရာကြီးဦးဝင်းတင်ကို ဒီမိုကရေစီရဲဘော် တစ်ယောက်အနေနဲ့ဂုဏ်ပြုချင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့မဟုတ်ဖူး ရဲဘော်တစ်ယောက်အနေနဲ့၊ ခေါင်းဆောင်နဲ့ ရဲဘော်ဟာမတူဘူး၊ ခေါင်းဆောင်ဆိုတာထိပ်ကနေပြီး လုပ်မယ်အမိန့်ပေးမယ်၊ ရဲဘော်ဆိုရင် နေ့တဓူဝအလုပ်တွေကို အောက်ခြေသိမ်းလုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေကို ကျမက ရဲဘော်လို့သတ်မှတ်ပါတယ်၊ တကယ်တော့ခေါင်းဆောင်တွေဆိုတာ ရဲဘော်တွေမရှိပဲ မရှိနိုင်ပါဘူး၊ အိမ်တစ်ခုဆိုတာ ခေါင်းမိုးကြီးပဲ ရှိနေလို့ရတာမဟုတ်ဖူး၊ ခေါင်မိုးက လေပေါ်ပျံနေလို့ရတာမဟုတ်ဖူး၊ ခေါင်မိုးကိုထောက်ထားတဲ့ အထောက်တွေရှိမှသာ ခေါင်မိုးဆိုတာ ရှိနိုင်မှာပါ၊ ခေါင်းဆောင်ဆိုတာ ခေါင်မိုးပါ အောက်ကအထောက်တွေမရှိပဲနဲ့ ရဲဘော်တွေမရှိပဲနဲ့ ခေါင်းဆောင်ဆိုတာ မရှိနိုင်ပါဘူး၊ ဆရာကြီးဦးဝင်းတင်ဟာ ကျမတို့ရဲ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သလို တကယ့်ကိုအားကိုး ရတဲ့ တကယ့်ကိုအင်အားပြည့်ဝတဲ့ ဒီမိုကရေစီရဲဘော်တစ်ယောက်ဖြစ်ခဲ့ပါတယ်” ဟု ဂုဏ်ပြုစကားပြော ကြားခဲ့သည်။
  

    ၈၈မျိုးဆက် ငြိမ်းချမ်းရေးနင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်ကပြောကြားရာတွင်
“ဘဘဦးဝင်းတင်ဆို ဟိုတုန်းကအာဏာရှင်ကြီး တစ်ပါတီစနစ်ကအာဏာရှင်ကြီးနဲ့ သူနဲ့တွေ့ဆုံခန်း ... ကျနော်စပြီးတော့ ပထမဆုံးမှတ်မိတာ၊ အာဏာရှင်ကြီးဟာ အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်ကြီး အာဏာအကြီးဆုံးလူဖြစ်နေတာတောင် ဘဘဦးဝင်းတင်နဲ့ တစ်ယောက်ချင်းတွေ့တဲ့အခါမှာတောင် ပစ္စတိုသေနတ်ကို စားပွဲပေါ်တင်ပြီးတော့စကားပြောခဲ့တယ်၊ အာဏာရှင်ကြီးကိုယ်တိုင် သေနတ်ကိုင်ပြီးတော့မှ ရင်ဆိုင်ခဲ့ရတဲ့ သတင်းစာဆရာကြီးပါလားဆိုပြီး ကျနော်စသိခဲ့ရတဲ့ သတင်းစာဆရာသူရဲကောင်း” ဟု ပြောခဲ့သည်။




    ထိုဂုဏ်ပြုပွဲတွင် သံမဏိသူရဲကောင်းကြီး ဟံသာဝတီဦးဝင်းတင်အား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်အလေးပြုခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ နိုင်ငံရေးအင်အားစုများ၊ စာပေမိတ်ဆွေအပေါင်းအသင်းများ၊ ဘာသာပေါင်းစုံက ဘုန်းကြီးများ၊ ရဟန်းသံဃာများနှင့် ပြည်သူများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှလည်း ဟံသာဝတီဦးဝင်တင်ဖောင်ဒေးရှင်းသို့ ဟံသာဝတီဦးဝင်းတင်ပုံတူပန်းချီကားချပ်ကို ပေးအပ်ခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်ဟံသာဝတီဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်အမာတို့မှ ၁၉၃၀ပြည့်နှစ်၊ မတ်လ ၁၂ရက်နေ့တွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၃ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ဆရာကြီးဦးဝင်းတင်သည် ၂၀၁၁တွင် ဒီလှိုင်းစာဆောင်အား ဦးဆောင်ဦးရွက်ထုတ်ဝေခဲ့ပြီး၊ ၂၀၁၂ နှစ်ဦးပိုင်းတွင် နိုင်ငံရေးအ့ကျဉ်းသားများအား အကူအညီပေးရန် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကိုထူထောင်ခဲ့ပြီး ၂လတစ်ကြိမ်ထောက်ပံ့ငွေများ ပေးအပ်ကူညီ ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုစားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေးတို့အတွက်စေတနာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ထပ်မံတိုးချဲ့ပံ့ပိုးပေးခဲ့သည်။ ဆရာကြီးဦးဝင်းတင်သည် စစ်အာဏာရှင်ကို ထာဝရဆန့်ကျင်သူ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် စွန့်လွှတ်ပေးဆပ်တိုက်ပွဲဝင်သူ၊ တော်လှန်ရေးစာပေသမားကြီး ဟံသာဝတီဦးဝင်းတင်သည် အသက်(၈၅)နှစ်အရွယ်တွင် ၂၁.၄.၂၀၁၄ (တနင်္လာနေ့) နံနက် ၆နာရီုခွဲ ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။