တူမောင်ညို - “အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး” မေးဒေးနေ့ တောင်းဆိုချက်



တူမောင်ညို  - “အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး” မေးဒေးနေ့ တောင်းဆိုချက် 
မိုးမခ ။ (၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်)

အလုပ်ရှင်သည် ကုန်ထုတ်ကရိယာများရှိနေရုံမျှဖြင့် ကုန်ထုတ်လုပ်နိုင်မည်မဟုတ်ချေ။

  ထို ကုန်ထုတ်ကရိယာများချည်းသက်သက်ဖြင့် သူမျှော်မှန်းသော အမြတ်ကို ယူဆောင်လာနိုင်လိမ့်မည်မဟုတ်။ သူ၏ ကုန် ထုတ်ကရိယာများကို ကျွမ်းကျင်စွာမောင်းနှင် လုပ်ကိုင်နိုင်စွမ်းရှိသော အလုပ်သမားနှင့်လုပ်အားလိုသည်။

 ထိုလုပ်အားဖြင့် ထိုကုန်ထုတ်ကရိယာများကို လည်ပတ်ခုတ်မောင်းစေမှသာလျှင် အလုပ်ရှင်မျှော်မှန်းသော အမြတ်တည်းဟူ သော ရွှေရောင်သစ်သီးကို ရရှိပေလိမ့်မည်။ သို့ပါ၍ အကျိုးအမြတ်ကို သယ်ဆောင်လာသည့်အရာမှာ အလုပ်ရှင်ပိုင်ဆိုင်သည့် ကုန်ထုတ် ကရိယာများမဟုတ်၊ အလုပ်သမား၏ လုပ်အားပင်ဖြစ်သည်။ 

 အလုပ်ရှင်ပိုင်ဆိုင်သော ကုန်ထုတ်ကရိယာများသည် အလုပ်သမား၏လုပ်အားဖြင့် မပေါင်းစပ်လျှင် ပိုမိုမြင့်မားသော အမြတ် အစွန်းကိုမည်သို့မျှ ယူဆောင်လာမည်မဟုတ်ချေ။ သို့ဖြင့်အလုပ်ရှင်သည် သူ၏ကုန်ထုတ်ကရိယာများကို အလုပ်သမား၏လုပ်အားဖြင့် အကြိမ်ကြိမ်အဖန်လည်ပတ်ခုတ်မောင်းစေတော့၏။ လည်ပတ်မှုအရှိန်မြင့်သလောက် အလုပ်အထွက်နှုန်းလည်း မြင့်လာမည်။ အလုပ် အထွက်နှုန်းမြင့်သည့် နှုန်းထားနှင့်လျှော်ညီစွာပင် သူ၏အမြတ်တည်းဟူသော ငွေအိတ်သည်လည်း တကြိမ်ထက်တကြိမ်ပိုမိုမို ဖောင်း ကား လာပေတော့သည်။ အလုပ်သမားသည်လည်း ပိုမိုမောပန်းစေတော့၏။ 

 သို့ဖြင့်အလုပ်ရှင်သည် သေနေသောသူ၏ကုန်ထုတ်ကရိယာများအပေါ်အလုပ်သမား၏ ရှင်သန်နေသောလုပ်အားကို အကြိမ် ကြိမ်အဖန်ဖန် သွန်းလောင်းစေခြင်းဖြင့်(အလုပ်သမားထံမှ လုပ်အားတည်းဟူသော သွေးကို စုပ်ယူ၍) အမြတ်အစွန်းကို ညှစ်ထုတ်ယူငင် လေ၏။ 
သို့ပါ၍ အမြတ်ကို ဖန်တီးသည်မှာ အလုပ်ရှင်ပိုင်သည့် ကုန်ထုတ်ကရိယာများမဟုတ်ဘဲ။ အလုပ်သမား၏ လုပ်အားဖြစ်သည် ဆိုသည့်အချက်မှာထင်ရှားလာသည်။ အလုပ်ရှင်သည် အလုပ်သမား၏ လုပ်အားကိုသွေးမစုပ်ဘဲ သူ၏အမြတ်အစွန်းကို မဖန်တီးနိုင်ဟူ သော အချက်မှာလည်း ရှင်းလင်းသွားလေတော့သည်။ 
အလုပ်သမား၏ လုပ်အားဆိုသည်မှာ ကာယနှင်ဉာဏပေါင်းစပ်ထားခြင်းပင်ဖြစ်သည်။ အလုပ်သမားသည် သူ၏ လုပ်အားစွမ်း ပကားအသုံးပြုနိုင်ရန် တစုံတရာသော အတတ်ပညာကို တတ်မြောက်ထားရမည်၊ အစာ စားရမည်၊ အနားယူရမည်၊ ကျန်းမာရမည်။ 

အလုပ်သမားတစ်ယောက်၏ နေ့စဉ်လိုအပ်ချက်ကို တွက်ချက်ရာ၌ တည်ရှိနေသောကုန်ဈေးနှုန်းကိုအခြေခံ၍ လူတစ်ယောက် မရှိမဖြစ်လိုအပ်သော လိုအပ်မှုများကို ဝယ်ယူစားသုံးနိုင်မည့်ပမာဏဖြစ်ရန် အထူးလိုအပ်သည်။ ယခုအခါ အလုပ်ရှင်များပေးထားသည့် /ပေးချင်သည့် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားမှာ အလုပ်သမားသည် သူနှင့်သူမိသားစုအတွက် မသေရုံ၊ မငတ်ရုံသာဖြစ်နေတော့သည်။ ယခုအခါ မြန်မာအလုပ်သမား၏ အနိမ့်ဆုံးလုပ်ခသတ်မှတ်ပေးရေးတောင်းဆိုသံသည် ကျယ်လောင်မြည်ဟီးလာပြီဖြစ်သည်။ သို့ပါ၍ အလုပ်သမားထု တောင်းဆိုနေသည့်နှုန်းထားအတိုင်း အမြန်ဆုံးဖြစ်မြောက်စေချင်ပါသည်။

 နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခု သို့ ကွင်းဆင်းလေ့လာခဲ့သည့် စစ်တမ်းများ အရလည်းကောင်း၊ အလုပ်သမားများဘက်မှ ထုတ်ဖော်ပြောဆိုနေမှုများအရလည်းကောင်း ဆောလျှင်စွာ သတ်မှတ်ပေးရမည့် အဆင့်သို့ ရောက်ရှိနေပြီလည်းဖြစ်ပါသည်။ 

ယေဘုယျနှုန်ထားတစ်ခုအနေဖြင့် အလုပ်သမားများဘက်မှ တစ်ရက်အနည်းဆုံး ကျပ် ၄၀၀၀ မှ ၆၀၀၀ ကျပ်အထိ တောင်းဆို ထားသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ပမာဏဖြစ်သည်ဟု ယူဆပါသည်။ 
အလုပ်ရှင်များကဘက်က အနိမ့်ဆုံးလုပ်ခကို ကျပ် ၁၅၀၀ သာပေးနိုင်မည်ဟုခပ်တင်းတင်းပြောဆိုနေသံကြားရပါသည်။ ဤ ပမာဏသည် အဝစားထမင်းတစ်နပ်ဖိုးပင်မရှိချေ။ ဤပမာဏနှင့်ဤသတ်မှတ်ချက်သည် အလုပ်ရှင်များ၏ လူမဆန်သောသဘောထား နှင့် တစ်ဖက်သတ်ကိုယ်ကျိုးကြည့်မှုကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေပါသည်။ 

အလုပ်သမားဝန်ကြီးဌာနမှ ကောက်ယူထားသည့် အိမ်ထောင်စုကုန်ကျစရိတ်စစ်တမ်းအရ မိသားစုလေးဦးရှိ အိမ်ထောင်စု တစ်ခု၏ တစ်ရက်စားစရိတ်ကုန်ကျငွေမှာ အနည်းဆုံးကျပ် ၃၀၀၀ ရှိပြီး၊ ယင်းငွေပမာဏထဲတွင် ကျန်းမာရေး၊ လူမှုရေးနှင့်အခြားကုန်ကျ စရိတ်များမပါဝင်ဟုဆိုပါသည်။ ထို့အပြင် အလုပ်သမားသမဂ္ဂများဘက်မှလည်း ၎င်းတို့ကောက်ယူခဲ့သော စစ်တမ်းများကို အခြေပြု လျက် “လူတစ်ယောက်ဟာ မငတ်ရုံ စားသောက်ဖို့၊ အသက်ရှင်နေထိုင်ရဖို့အတွက် လိုအပ်တဲ့ ငွေကြေးဟာ အနည်းဆုံးတစ်လကို ၆၀၀၀၀ လိုပါတယ်” လို့ အခိုင်အမာပြောဆိုနေပါသည်။ 

အနိမ့်ဆုံးလုပ်ခသတ်မှတ်ရာ၌ အလုပ်သမားထုအမြောက်အများစုစည်းထားရာ (ရန်ကုန်၊ မန္တလေးအစရှိသော) မြို့ကြီးပြကြီး များ၏ကုန်ဈေးနှုန်းနှင့်သွားလာရေးစရိတ်စကများပါကို ထည့်သွင်းတွက်ချက်သတ်မှတ်ခြင်းကသာလျှင် အလုပ်သမားထု၏ လိုအပ်ချက် နှင့် ကိုက်ညီစေနိုင်ပေလိမ့်မည်။ 

ထို့အပြင်အလုပ်သမားတောင်းဆိုနေသည့် နှုန်းထားအတိုင်းသတ်မှတ်ခဲ့မည်ဆိုလျှင် “အချိန်ပိုနာရီ၊ အချိန်ပိုကြေး၊ ရက်မှန် ကြေး၊ ကျွမ်းကျင်မှုဆုကြေး၊ ထုတ်လုပ်မှုဆုကြေး၊ လုပ်သက်ဆုကြေး၊ ထောက်ပံ့ ကြေး” တို့ကို မပေးတော့ဘဲ၊ ဖြတ်တောက် ပစ်မည်ဟု အလုပ်ရှင်များဘက်က ပြောနေပါသည်။ 

အချိန်ပိုနာရီ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်မှုဆုကြေး၊ ထုတ်လုပ်မှုဆုကြေး၊ လုပ်သက်ဆုကြေး၊ ထောက်ပံ့ကြေး စ သဖြင့်  ခေါင်းစဉ်လှလှကလေးများဖြင့်ပေးနေသည့် ငွေကြေးများမှာ အလုပ်ရှင်က မေတ္တာဂရုဏာသက်သက်ဖြင့် ပေးနေခြင်း မဟုတ်ပါ။ တကယ်တော့အလုပ်သမား၏ အလုပ်အထွက်နှုန်းကို မြင့်နိုင်သမျှမြင့်တင်နိုင်ရန်၊ ထုတ်လုပ်မှုနှုန်း ပိုမိုမြင့်တက်လာစေရန်၊ အလုပ်သမား များ၏ လုပ်အားကို ညှစ်နိုင်သမျှ ညှစ်ထုတ်နိုင်ရေးအတွက် အသုံးပြုနေသည့် ကရိယာတန်ဆာပလာများသာ ဖြစ်သည်။

 အလုပ်သမား၏လုပ်အားခကို အမည်လှလှပြောင်း၍ အလုပ်ရှင်၏ မေတ္တာဂရုဏာဖြင့်ပေးလေဟန် ပုံဖျက်ထားခြင်းသာဖြစ် သည်။ အလုပ်ရှင်သည် အမြတ်အစွန်းမရှိလျှင် ဘာကိုမျှ မလုပ်သော လူစားမျိုးဖြစ်သည်။ သူ့၌ အမြတ်တည်းဟူသော ကိုယ်ကျိုးသာ လျှင်ရှိ၏။ကြည်၏။ အခြားဘာကိုမျှ မကြည့်။ ကုန်ပိုမိုထုတ်လုပ်နိုင်လေလေ၊အလုပ်ရှင်အတွက်အမြတ်ပိုမိုများပြားလေလေသာဖြစ်သည်။ လုပ်အားခ ဈေးနိမ့်နိမ့်ပေးရလေလေ၊ သူတို့က နှစ်ခြိုက်လေလေပင်ဖြစ်သည်။

အကျိုးအမြတ်မရှိလျှင် အလုပ်ရှင်သည်လုပ်အားခလျှော့ချခြင်း၊ အလုပ်သမားအရေအတွက်လျှော့ချခြင်း၊ လိုအပ်လျှင်စက်ရုံ ကို ယာယီပိတ်ခြင်း သို့တည်းမဟုတ် လုံးဝပိတ်သိမ်းခြင်းတို့ဖြင့် အကြင်နာကင်းစွာ  ဖြေရှင်းမည်သာဖြစ်သည်။

ယခုလည်း စစ်တမ်းကောက်ယူချက်များအပေါ်အခြေခံ၍ ရရှိထားသော အနိမ့်ဆုံးလုပ်ခကို  သတ်မှတ်လိုက်လျှင် “အလုပ်ရုံ စက်ရုံ တွေပိတ်သိမ်းသွားမည်”၊ “နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေတွန့်ဆုတ်သွားမယ်”၊ “စက်ရုံအလုပ်ရုံအငယ်စားလေးတွေ ပိတ်သိမ်းသွား လိမ့်မည်” စသဖြင့်  ဟန်ဆောင်ပန်ဆောင် ခြိမ်းချောက်ပြောဆိုနေသည်။ 

အာစီယံနိုင်ငံများ၊ ဘင်းစတက်နိုင်ငံများအနက် မြန်မာနိုင်ငံသည် လုပ်အားခ ဈေးအချိုဆုံး၊ ဈေးအပေါဆုံး တိုင်းပြည်ဖြစ်သည် ကိုပြည်ပရင်းနှီးမြှုပ်နှံသူတိုင်းကသိပါသည်။ စက်ရုံအလုပ်ရုံကလေးတွေပိတ်သိမ်းသွားရခြင်းမှာ ငါးကြီးကငါးကလေးကို ဝါးမျိုစားသောက် နေသည့်အရင်းရှင်စနစ်၏ ဖြစ်ရိုးဖြစ်စဉ်တရားအတိုင်းသာဖြစ်နေခြင်းဖြစ်ပါသည်။ ဘာမျှမဆန်းကျယ်ပါ။ လုပ်အားခဈေးတက် သွားခြင်း ကြောင့် အလုပ်ရုံ၊စက်ရုံပိတ်ရခြင်း လုံးဝမဟုတ်ပါ။ အရင်းရှင်အချင်းချင်းလွတ်လပ်စွာပြိုင်ဆိုင်မှု စည်းဝိုင်းထဲတွင် အမြတ်အစွန်းအတိုင်း အတာကြီးမားသည့်လုပ်ငန်းက အတိုင်းအတာသေးငယ်သည့် လုပ်ငန်းငယ်ကလေးများကို ဝါးမျိုးပစ် လိုက်ခြင်းသာဖြစ်သည်။ 

အလုပ်သမားထုကတောင်းဆိုနေသည့် အနိမ့်ဆုံးလုပ်ခသတ်မှတ်ပေးရေးတောင်းဆိုချက်နှင့် အဆိုပြုထားသည့်နှုန်းထားသည် တရားမျှတပြီးသင့်တင့်သည့် နှုန်းထားလည်းဖြစ်ပါသည်။ ထိုတောင်းဆိုချက်အတိုင်း အလုပ်ရှင်များက ကျေကျေနပ်နပ် လျှင်လျှင်မြန်မြန် လက်ခံကြဖို့လိုသည်။ တကယ်တော့ အလုပ်ရုံ စက်ရုံပိုင်ရှင်များမှာ အခြားသူများမဟုတ်  ကြံ့ဖွံ့အစိုးရ၏ စီးပွားဖက်ခရိုနီများ (သို့မဟုတ်)  မိမိတို့သားသမီးများအမည်ဖြင့် ပိုင်ဆိုင်ချုပ်ကိုင်ထားသော လုပ်ငန်းကိုင်ငန်းများသာဖြစ်ပါသည်။ သို့ပါ၍ထိုအလုပ်ရုံစက်ရုံပိုင်ရှင်များကို အလုပ် သမားထုကတောင်းဆိုနေသာ နှုန်းထား အတိုင်းလက်ခံရန် နားချသင့်သည်။

 ယင်းသို့မဟုတ်လျှင် လွှတ်တော်အမတ်ချုပ်ကြီး သူရ(ဗိုလ်) ဦးရွှေမန်းပြောသလို  “အလုပ်သမားပြဿနာများဖြစ်ပေါ်အောင် မီးမွှေးနေခြင်း”သာဖြစ်လိမ့်မည်။ ထိုမီးကိုမွှေးနေသူမှာ စက်ရုံအလုပ်ရုံပိုင်ရှင်များနှင့်အစိုးရကိုယ်တိုင်ပင်ဖြစ်ပြီး  ထိုမီးသည် စက်ရုံအလုပ် ရှင်များကိုသာမက အစိုးရနှင့်လွှတ်တော်ကိုပါ ကူးစက်လောင်မြိုက်ပါလိမ့်မည်။


အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေးသည် “ ၄ ပွင့်ဆိုင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ” များကဲ့သို့ အစိုးရနှင့်လွှတ်တော်က စိတ်ကြိုက်ခေါ်ချင် သည့်အချိန် ထခေါ်နိုင်သည့်ကိစ္စမျိုးမဟုတ်ပါ။ နှောင့်နှေးကြံ့ကြာနေမည်။ စက်ရုံအလုပ်ရုံပိုင်ရှင်များအလိုကျ နှုန်းထားအတိုင်း တစ်ဖက် သတ်၊ သတ်မှတ်မည်ဆိုလျှင် “အလုပ်သမားသပိတ်”ကို ပင့်ဖိတ်ခေါ်ယူကြသူများမှာ စက်ရုံအလုပ်ရုံပိုင်ရှင်များနှင့်ကြံ့ဖွံ့အစိုးရသာဖြစ်ပါ လိမ့်မည်။ “ပြင်ပက သွေးထိုးလှုံ့ဆော်မှုများကြောင့်၊ နောက်ကွယ်မှကြိုးကိုင်မှုများကြောင့်၊ အချုပ်အခြာအာဏာထိခိုက်ရသည်၊ တည်ငြိမ် မှုနှင့်အေးချမ်းသာယာမှုပျက်ပြားရသည်” ဟု ပြောမည်ဆိုလျှင် လူရယ်စရာဖြစ်လိမ့်မည်။