အော်ရီဂွန်၊ ပို့ လန်းမြို့ က မြန်မာမိသားစုများရဲ့ နှစ်သစ် သင်္ကြန်ပွဲ ကျင်းပ
ကျော်ဟုန်း ၊ မိုးမခ၊ ဧပြီ၊ ၂၆၊ ၂၀၁၅ ။
အော်ရီဂွန်ပြည်နယ် ပို့ လန်းမြို့ နေ  မြန်မာမိသားစုများက ဧပြီ ၊ ၁၈၊ ၂၀၁၅ မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို 3955 SE, 112th Ave ရှိ Ron Russell Middle School ခန်းမဆောင်ထဲတွင် မနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ် ကျင်းပခဲ့ကြပါတယ်။
ဒီသင်္ကြန်ပွဲတော်မှာ အခမ်းအနားမှူးအဖြစ် ကိုလှစိုးမှဆောင်ရွက်ပြီး အစီအစဉ်များကို ကြေညာပေးပါတယ်။ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့ ကိုယ်စား ဦးဆောင်သူတဦးဖြစ်သူ ကိုနိုင်မှ ပွဲတော်ကျင်းပခြင်းရည်ရွယ်ချက်များ၊ ဦးဆောင်ပါဝင်သူများ အားလုံးကို ကျေးဇူးတင်စကားပြောကြားခြင်းအပြင် အခက်အခဲများနဲ့ အချိန်နီးကပ်စွာစီစဉ်လိုက်ရသဖြင့် လိုအပ်ချက်များရှိခဲ့လျှင် ခွင့်လွတ်ကြဖို့  ကြွရောက်လာသူ ဧည့်ပိရိသတ်များကိုပန်ကြားအပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ပါတယ်။
ပထမပိုင်း ကာရာအိုကေ အစီအစဉ်မှာ ဒေသခံများအပြင် ချင်းတိုင်းရင်းသားလူငယ်များ၊ ကနေဒါနဲ့ ဆန်ဖရန်စစ္စကိုမြို့ မှ မြန်မာမိသားစုတို့ က သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်သီချင်းများနဲ့  ပဏာမ ဖြေဖျော်ကြပါတယ်။ တဆက်တည်းမှာပဲ ကြွ ရောက်လာကြသူများအတွက် မြန်မာထမင်းဟင်း၊ မြန်မာ့ရိုးရာမုန့် ပဲသရေစာများ၊ အချိုရည်များနဲ့  နေ့ လည်စာကျွေးမွေး ဧည့်ခံပါတယ်။
ဒုတိယပိုင်းမှာ အိပ်မက်တေးဂီတအဖွဲ့ မှ ကိုနိုင်(လိဒ်)၊ ကိုထွန်းထွန်း(ဘေ့စ်)၊ ကိုဝိုင်းမော်(ရစ်သမ်)၊ ကိုစိုးမြင့်(ဒရမ်)တို့ က ပါဝင် သီဆို ကခုန်ကြသူများအတွက် တာဝန်ယူ တီးခတ်ပေးကြပါတယ်။ သင်္ကြန်ပွဲနဲ့ အလိုက်ဖက်ဆုံး သီချင်းများကိုတော့ ဆန်ဖရန်မှ လာရောက်ပါဝင်ကူညီကြတဲ့ ကိုမောင်မောင်သိန်း၊ မရွှေလီဝင်းတို့ ကလည်းကောင်း၊ ကနေဒါမှ ကိုခိုင်စိုး၊မသူသူ ပို၊ ပို့ လန်းမှ ကိုကျော်လွင်စိုး၊ကိုဘိုဘို၊ ကိုထွန်းထွန်း၊ ကိုလှစိုး၊မသော်နဲ့ ကလေးငယ်များတို့ က တဦးချင်းအပြင်အုပ်စုလိုက် ပါဝင် ဖြေဖျော်ခဲ့ကြပါတယ်။
ညနေစာအဖြစ် ကိုမောင်မောင်သိန်း၊ မစန္ဒာသန်းမိသားစုတို့ က အလွမ်းပြေ ပဲပြုပ်နဲ့ နံပြားကိုလည်း စတုဒီသာအဖြစ် ကျွေး မွေး ဧည့်ခံဒါနပြုခဲ့ကြပါသေးတယ်။ ဒီသင်္ကြန်ပွဲမှာ မြန်မာပြည်တွင်းမှ မိဘမဲ့တိုင်းရင်သားကလေးငယ်တို့ အတွက် ပညာရေး ကူညီထောက်ပံ့ရန်ရည်စူးထားတဲ့ ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက ရွှေ ကဗျာစာအုပ်ကိုလည်း ရောင်းချပေးကာ ဒါနမျှဝေခဲ့ ပါတယ်။
၂၀၁၅ ပို့ လန်းသင်္ကြန်ပွဲမှာ ကနေဒါ၊ ဗန်ကူးဗားဘီစီ၊ ဆီယက်တဲလ်မြို့ ၊ ဆန်ဖရန်စစ္စကိုမြို့ နဲ့ ဒေသခံ အော်ရီဂွန်- ပို့ လန်းမှ မြန်မာ၊ ချင်း၊ ထားဝယ်၊ ကရင် တိုင်းရင်းသားများလည်း ပါဝင် ဆင်နွှဲခဲ့ကြပြီး လူပေါင်း ၂၀၀ နီးပါး  လာရောက်ခဲ့ကြကြောင်း သိရပါတယ်။       ။