မောင်တူး - တောထဲမှာ ကဗျာရေးသူ

ရဲဘော်တိုက်မောင်း (ကိုဦး၏ဘလောက်)

မောင်တူး - တောထဲမှာ ကဗျာရေးသူ
သက်ရှိပန်းချီ  - အပိုင်း ၁၆ (မိုးမခ) ဧပြီ ၂၃၊ ၂၀၁၅


မြူငွေ့ဝေတောတန်းဟာ
မျက်စေ့မှာ စိမ်းလန်း
မောပမ်းမှုတို့ရဲ့ နားခိုရာပမာ
တကယ့်တကယ်မှာတော့
သေနတ်ကိုင်ထားတဲ့တို့အတွက်
တောစရိုက်ဟာ ၊ ကြောမရိုက်ပဲ
အမောဆိုက်လောက်အောင်ပင်ပမ်းတယ်
တော်လှန်ရေးနဲ့ ကုလားပဲ
တွဲဖက်ချီတက်
အလုပ်လုပ်မယ့်လူတွေရဲ့
လက်ကိုအားဖြည့်တယ်။ (ရဲထိန်၏ ငုရင်ပြင် ကဗျာမှ)

"ရဲဘော်မောင်တူး ဟင်းချက်ဘို့ အိုးဆေးလိုက်ဗျာ။"
 ပြောသူက တပ်ရေးအရာရှိ ကိုစိုးမြင့်။
"ဘာဟင်း ချက်ရမလဲဗျာ ..."  လို့ မေးတော့ ပဲဟင်း ချက်ဖို့လို့ သူက ပြန်ပြောတယ်။
ကျနော် ဟင်းချက်ဖို့ ဒန်အိုးကို ဆေးနေပါပြီ။ ကျနော်တို့ ကျောင်းသားတပ်မတော် ရှေ့ တန်းတပ်ခွဲ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောတွင်းတနေရာမှာ စခန်းချနေချိန် ၁၉၉၁ ခုနှစ် အစပိုင်းလောက် အချိန်မှာပါ။

စမ်းချောင်းလေးထဲမှာ တသွင်သွင် စီးနေတဲ့ရေနဲ့ အိုးကိုဆေးနေချိန် ကျနော် စဉ်းစားနေတာက ပဲဟင်းချက်ဖို့  ပါ။ တကယ်တန်းက ကျနော်တို့ ကျောင်းသားစစ်ကြောင်းမှာ ပဲ မရှိတော့ ပါ။ နောက်တန်း ကျောင်းသား တပ်မတော် ဌာနချုပ်ကနေ စစ်ထွက်လာတာ ၆ လလောက်ရှိနေပါပြီ။ နောက်တန်းရိက္ခာပို့ လာသူတွေနဲ့  ကျနော်တို့ ကြားမှာ နအဖ စစ်အစိုးရတပ်ထိုးစစ်တွေ များနေတော့ ရိက္ခာက မရောက်သေး။ ပြတ်နေချိန်။ ပဲ မရှိဘဲ တောကြီးထဲမှာ ပဲဟင်း ဘယ်လိုချက်မလဲ။

အခုတော့
တောင်မော့မော့ ကြီးတွေကြား
ဝါးရုံတောကြား
မျိုးချစ်တော်လှန်ရေးသမားများကြား
ပျော်ပါးလို့ ပညာသင်
စစ်မြေပြင် သင်ခန်းစာ။ (ရဲထိန်၏ ငုရင်ပြင် ကဗျာမှ)

တောထူလှတယ်။ ၀ါးပင်တွေပေါက်နေတယ်။ ၀ါးတောကြီးတွေပါ။ ငှက်ပျောပင်တွေလည်း များမှများ။  တခြား အပင်တွေလဲ ရှိနေသေးတယ်။ ပိန္နဲပင်တွေလဲအများသား။ ပိန္နဲသီးမှည့်တွေခူးပြီး စားကြပါတယ်။ မနေ့ ကပဲ ကျနော်တို့ စားခဲ့ကြသေးတယ်။ ကိုစိုးမြင့်ကတော့ မနေ့ က ကျနော်တို့ ဝိုင်းစုစားပြီး ပုံထားတဲ့ ပိန္နဲစေ့ဖြူဖြူတွေ ကို ရေဆေးတယ်။ ပြီးတော့ ကျနော်ဆေးထားတဲ့ အိုးထဲထည့်ပြီး မီးဖိုပေါ်တင် ပြုတ်ပါတော့တယ်။ ပိန္နဲစေ့တွေ နူးပြဲလာတော့ အသင့်ခုတ်ပြီး ခင်းထားတဲ့ ငှက်ပြောရွက်တွေပေါ် လောင်းချ။ အအေးခံ။ အေးစမှာ ပိန္နဲစေ့တွေကို အခွံနွာ ၀ါးဆစ်ခွက်ထဲ ထည့်ထောင်း။ ပြီးတော့ ဆနွင်း၊ ကြက်သွန်နဲ့ ဆီသတ်ပြီး ပိန္နဲစေ့ထောင်းပြီးသားကိုထည့်။ ရေလောင်းထည့်ပြီး ပဲဟင်း ချက်ပါတော့တယ်။ မွှေးနေတာပါပဲ။ ပိန္နဲစေ့ကို ညက်နေအောင် ထောင်းထားတော့ အစအဆုံး ဟင်းချက်တာကို မတွေ့ ပဲ စားသူတွေ ဆိုရင် ပဲဟင်းလို့သာ ထင်ကြပါတယ်။ ဘာပဲနဲ့  ချက်ထားလဲလို့ တောင် မေးကြပါရဲ့။

ပဲမရှိဘဲနဲ့ ပဲဟင်းချက်ခဲ့တာ စဉ်းစားနေရင်း ကဗျာတပုဒ်ကို ပြန်ဖတ်နေမိပါတယ်။

ငှက်ပျောအူ
ငါးပိ၊ ပဲ
ဇွဲကောင်းသူတိုရဲ့ အဟာရ
ဗီတာမင်မ ရ
ပရိုတိန်း မ ကြွ
ရလာတဲ့စိတ်ဓါတ်ကတော့ ...
မီးပြတ်အရက်ထက်ပြင်း
ရင်တွင်းမှာ ဆူတက်
“အသက်အကြွေး ပြန်တောင်းရမယ်”
“လူထုကိုကယ်မယ်”
“တိုင်းပြည်ကို ကယ်ရမယ်”
“ဒီမိုကရေစီကို ဆယ်ယူကြမယ်” တဲ့။ (ရဲထိန်၏ ငုရင်ပြင် ကဗျာမှ)

ငုယင်ပြင် ကဗျာကိုရေးသူ ရဲထိန်ဟာ ကေကေးဇံ၊ တိုက်မောင်း၊ ရဲထိန်၊ ဗိုလ်တိုက်၊ ဒီရဲ အစရှိတဲ့ အမည်တွေနဲ့ ကျောင်းသားတပ်မတော် စာစောင် ဒေါင်းအိုးဝေ အပါအ၀င် တောတွင်းထုတ် စာစောင်၊ ဂျာနယ်တွေမှာ တော်လှန်ရေး ကဗျာတွေ ရေးခဲ့သူပါ။ အမည်ရင်းကတော့ မင်းအောင်။ ကျနော်လည်း ကျောင်းသားတပ်မတော်မှာ ရဲဘော်ဖြစ်ခဲ့၊ သူလည်း ရဲဘော်ဖြစ်ခဲ့တယ်။ သူ့ကို ကျနော်တို့က ကိုတိုက်မောင်း လို့ ခေါ်ခဲ့ကြတယ်။ အခုကျနော်က ကျောင်းသားတပ်မတော် ရှေ့တန်းမှာ ပဲဟင်းချက်စားရတဲ့ ဘ၀ကို ရေးနေချိန် သူက ရေးခဲ့ပြီးတာ နှစ် ၂၀ တောင် ကျော်ခဲ့ပြီ။ ဒီမှာ ကြည့်ပါ။

စိတ်ဓါတ်အဟုန်ဟာ
အတိတ်မှာ ကြုံခဲ့တဲ့ဇာတ်လမ်း အတွက်
အမျက်မပြေ
ဥဒါန်း မကြေနိုင်သူများကတော့…။
ကျောက်ခဲတော
သစ်ရွက်တော
ကုန်းလျှောလျှော မြေမာမာ
အိပ်ယာ မဟုတ်၊ အိပ်ယာလုပ်
ကျည်ဆံထုပ်တွေ ခါးမှာပတ်
မောင်းပြန်သေနတ်တလက်
ရေဘူး တလုံး
ပြည်သူကိုအလုပ်အကျွေး ပြုနေပြီ။
အေ ဘီအက်(စ်) ဒီအက်(ဖ်) [ABSDF]
လက်နက်ကိုင်ကျောင်းသားတပ်ဦး
စစ်ဘီလူးကို အသေသတ်နေပြီ။
လက်နက်ကြီး ကျည်
လက်နက်ကလေး ကျည်
သေမင်းဆီသွားမယ့်လမ်း
ကြီးမြတ်မှု ပန်းတံတားကိုခင်း
ရဲရင့်ခြင်း တံခွန်ကိုထူလို့
ခွပ်ဒေါင်း ၀ါဝါတို့လာပြီ။ (ငုရင်ပြင် ကဗျာရှည်မှ)

ကိုတိုက်မောင်း အပါအ၀င် ရဲဘော်တွေဟာ ကျောင်းသားတပ်မတော်မှာ စစ်သင်တန်းတွေ တက်ခဲ့ကြရပါတယ်။ တိုက်ပွဲတွေ တပွဲပြီးတပွဲ တိုက်ခဲ့ကြပါတယ်။ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေတွင်း ကျဆုံးခဲ့သူတွေ ရှိခဲ့တယ်။ ကျနော့်လက်ပေါ်မှာ ကျနော်တို့ဘေးမှာ ကျဆုံးသွားသူတွေ ကြုံခဲ့ဘူးပါတယ်။ ဒီလို ကျဆုံးခဲ့သူတွေထည်းမှာ အလေးထားရမယ့် ကိုတိုက်မောင်းလည်း ပါခဲ့ပါတယ်။ သူဟာ တိုက်ပွဲတွေမှာ ရဲရင့်သလို တပ်တည်ဆောက်ရေးမှာလည်း စံနစ်ကျသူပါ။ သူလုပ်နေတဲ့ အလုပ်တွေကို ဒီလို မှတ်တမ်းပြုခဲ့သူပါ။


အောင်ပွဲအတွက်ဆိုရင်
တို့လက်တွေသွေးစွန်းချင်စွန်းမယ်
အသဲနှလုံးကတော့  အမြဲဖြူနေတယ်။
ယိုနေတဲ့သွေးစက်တွေပိတ်ဖို့
ငိုနေတဲ့မျက်ရည်တွေတိတ်ဖို့
အုတ်နံရံညိုညိုကြီးတွေကို ဖြိုဘို့ဆိုရင်…
စိမ်းလန်းရေး မျိုးခဲများ
ပျိုးကျဲသွားကြမှာပါ ငုငယ်။
တကယ်လို့များ
မြေကြီးနဲ့စကားပြော
ယမ်းငွေ့တသောသောကြားက ၀ိဥာဉ်
ငါ့ဗိမာန်ထဲ ၀င်သွားပြီဆိုရင်တော့… …
ဝါသော့သော့မင့်ပွင့်ဖတ်တွေ
ဗမာပြေ (ပြည်)က ခေါင်းလောင်းတွေကိုထိုး
သာဓုခေါ်ဘို့နှိုးဆော်လိုက်ပါကွယ်။
အကယ်၍များခွပ်ဒေါင်းတို့ရဲ့ အောင်ပွဲ
ငါရှိဆဲ အနာဂါတ်ဆိုရင်
မင့်ရင်ပြင်ဆီ အရောက်လာခဲ့ပါမယ်
ပြီးတော့မှ
(၂၁) ရာစုနားက ကျောင်းသားတွေအကြောင်း
တို့နှစ်ဦးပေါင်းပြီး ကောင်းချီးပေးကြတာပေါ့ကွယ်…… ။

ငုဝါကြွေသော အမှတ်တရ မိုးနေ့များသို့… …
ရဲထိန်

ဒါကတော့ ရဲထိန် ခေါ် ကိုတိုက်မောင်းရဲ့ နာမည်ကျော် ငုရင်ပြင်ကဗျာ အဆုံးသတ်ပါ။ သူဟာ ကျောင်းသား တော်လှန်ရေး ကဗျာတွေ ရေးခဲ့သူပါ။  ဖါပွန်မြို့နယ် သံလွင်မြစ်နဘေး ကျောင်းသားတော်လှန်ရေး စစ်စခန်းတနေရာမှာ သူကွယ်လွန်ခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ ၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက် အခုလို သင်္ကြန်ပြီးချိန် ပိတောက်နံ့တွေ မွှေးနေချိန်၊ ငုပန်းတွေ ၀ါထိန်နေချိန်မှာ သူကျဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ငုရင်ပြင် အပါအ၀င် သူ့ရဲ့ တော်လှန် ကဗျာတွေကတော့ ငုပွင့်တွေဝါထိန်နေသလို ထိန်ထိန်တောက်နေတုန်းပါ။

၂၀၁၅ ဧပြီ ၂၆ ရက်ဟာ ကျောင်းသားတပ်မတော် ၆၀၁ တပ်ရင်းမှုး ရဲဘော်တိုက်မောင်း ကျနော်တို့ကို ခွဲခွာသွားတာ ဆယ်စုနှစ် ၂ ခု တိုင်ခဲ့ပါပြီကော။ ။

မောင်တူး