ဖိုးထက် - သား ဗွီဒီရို မကြည့်တော့ပါဘူး


Photo Aung Htet

ဖိုးထက် - သား ဗွီဒီရို မကြည့်တော့ပါဘူး
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၅

အဲဒီညက မိုးတွေ၊ လေတွေ ကြီးတာ သားမှတ်မိတယ်။ လေတွေတိုက်တာများ မေမေ ဆိုရင် မျက်နှာ မကောင်းဘူး။ စိုးရိမ်စိတ်တွေ ကြီးနေတာ သား သိသားဘဲ။ သားကရော ဘာထူးလဲ မေမေရာ။ စိုးရိမ်တာပေါ့။ ဟုတ်တယ်လေ။ လေတွေ မိုးတွေကြီးလို့ ဗွီဒီယိုရုံကို သွားလို့မရဘဲ စွန်းဝုခုန်း ဇာတ်လမ်းတွဲ လွတ်သွားမှာ မေမေစိုးရိမ်သလို သားလဲ စိုးရိမ်တာပေါ့။

သားမှာ ညနေ ကျောင်းက ပြန်ရောက်ကတည်းက ဆော့တောင် မဆော့ရဘူး။ ပါလာသမျှ အိမ်စာတွေ ကျုံးလုပ်။ စာတွေ အော်ကျက်။ မမကြီးဆီကို စာပြန်။ သူ့ဆီက စာရကြောင်း ထောက်ခံချက် ရဖို့ မေမေ့သမီးကြီးက သားကို စာမေးတာများ ဖင်ပြန် ခေါင်းပြန်။ ဒါပေမယ့် သားရပါတယ်။ မမကြီးက သားကို စချင်လို့ ညစ်ချင်တာတောင်မှ စာတစ်လုံးတောင် မထစ်ဘဲ သားက သူ့ဆီ စာအံတာပေါ့။ သိတယ်မို့လား။ သားက ဥာဏ်ကောင်းတယ်လို့ မေမေပြောသလိုဘဲလေ။ သားစိတ်ပါ လက်ပါ စာကျက်ရင် စာတစ်ပုဒ် ကျက်ရတာ ဘာကြာမှာလဲ။ အဟဲ…သား သိတယ်လေ။ သားစာမရဘူးဆိုရင် မေမေက သားကို အိမ်မှာထားခဲ့မှာ သိတယ်။ မေမေလဲ သိသားနဲ့။ စွန်းဝုခုန်း မျောက်ဇာတ်လမ်းက ဇာတ်လမ်း တစ်တွဲ လွတ်သွားရင် သိပ် သိသာတာ။ သားက ဗွီဒီရိုကြိုက်တယ် မေမေရ။ ဒါပေမယ့် သားက မေမေလုပ်ထားတဲ့ စည်းကမ်း အတိုင်းသွားတာပါဗျ။ လုပ်စရာရှိတဲ့ အိမ်စာတွေ၊ ကျက်စာတွေ အကုန်ရမှ မေမေနဲ့ လိုက်ရမယ်ဆိုတာ သိတယ်။

ဒါပေမယ့် မေမေရယ်။ အိမ်မှာ အဖေရှိနေတာ သား သိပ်ပြီး စိတ်ကျဉ်းကျပ်တာဘဲ။ သားက မေမေနဲ့ အမြဲနေလာခဲ့တဲ့ သူမို့လား။  အဖေက ကျောင်းကြီး ပိတ်ရက်မှ သားတို့ဆီကို လာနေကြပါရဲ့နဲ့ ဘာလို့ ဒီလို ကျောင်းမပိတ်ဘဲနဲ့ ရောက်နေရတာလဲဗျာ။ သား အဖေ့ကို မချစ်ဘူးဗျ။ မသိဘူး မေမေရာ။ သား အဖေဆိုတာ သားသိသားဘဲ။  ဒါပေမယ့် အဖေရှိနေတာ သားမှာ သွားရတာလဲ မလွတ်လပ်ဘူး။ မေမေ့နား ကပ်ရတာတောင် အဖေ့အခြေအနေကို ကြည့်နေရတာ သားက မပျော်ဘူးဗျ။ အထူးသဖြင့် မေမေ့ သမီးတွေပေါ့ဗျ။ သူတို့ အဖေလာရင် သားကို သိပ်ပြီး နိုင်တာဘဲ။ မေမေ့သမီး အငယ်ဆုံးက အဆိုးဆုံး။ အဖေရှိရင် သူက သားကို ရိသဲ့သဲ့နဲ့ အမြဲစတယ် မေမေရ။ အဖေမရှိချိန် အိမ်မှာ သားဗိုလ်ကျသမျှ မေမေ့သမီးက သားကို အမြင်ကတ်နေတာဗျ။ မဟုတ်ဘူး မပြောနဲ့ မေမေရ။ အဖေရှိချိန်ဆိုရင် သူက သိပ်ပြီး ဇောင့်ကြွား ဇောင့်ကြွားနိုင်တာဘဲ။ သား မနာလိုဘူးဗျ။ ယောင်္ကျားဆိုတာ မနာလိုစိတ် မရှိရဘူး ဆိုပေမယ့် မေမေ့သမီးက သားကို အဖေရှိရင် သိပ်နိုင်ချင်တယ်။ သားကလဲ မခံချင်ပေမယ့် အဖေရှိလို့ အသံဆိုရင် ခြေသံထွက်မှာတောင် ကြောက်တယ်။

မေမေတို့ ပြောတာ သားကြားသားဘဲ။ ယောင်္ကျားလေးဆိုတာ အကြောက်ရှိမှ ကောင်းတာတဲ့။ သားက အဖေ့ကို ကြောက်တာ တကယ် မေမေရ။ အဖေက သားကို နာအောင် ရိုက်ထားလို့လဲ မဟုတ်ပါဘူး။ သူက သားကို စကားဟဟတောင် မပြောတတ်တော့ သူတစ်ချက် စွေကြည့်လိုက်ရင်ကို သားမှာ တုန်နေအောင် ကြောက်တယ်။ နေစရာ မရှိဘူး မေမေရ။ ဒီတော့ သားမှာ သူ့ကို ဘယ်လိုလုပ် ချစ်လို့ရပါ့မလဲ။ သူလာရင် သားမှာ နေစရာ မရှိတဲ့ ခွေးတစ်ကောင်လို။ သခင် မျက်နှာသာမပေးခံရတဲ့ ခွေးတစ်ကောင်လို ဖြစ်နေတာဖြစ်မှာပေါ့။ 

သား အချစ်တော် လက်ဖြူကို မေမေသိသားဘဲ။ သားက ဒီကောင် ညနက်သန်းခေါင် မိုးချုပ်ကြီး ပြန်မလာလို့ မနက်ခင်းကျရင် သားကို ဖားနေတဲ့ သူ့ကို မသိချင်ယောင်ဆောင်နေရင် ဒီကောင် မနေတတ်ဘူး မို့လား။ သားကို ဖက်တက်တယ်။ သားခြေထောက်ကို သူ့လျှာကြီးနဲ့ လျက်တယ်။ သားက ဒါကိုမှ မသိချင်ယောင်ဆောင်နေရင် ဒီကောင် ဘယ်နေလို့ နေရမှန်း မသိဘူး ဖြစ်နေတာလေ။ ရီရတယ်။ သားက ဒီကောင့်ကို ချစ်တာ မေမေသိသားဘဲ။ သားရဲ့ခွဲတမ်း အတိုင်းအဆနဲ့ ရတဲ့ဟင်းတုံးတွေတောင် ချချကျွေးလို့ မေမေတောင် သားကို ငေါက်တယ်လေ။ ဒါပေမယ့် ညနက်သန်းခေါင် အိမ်မှာ မကပ်ဘဲ ပျောက်ပျောက်နေတဲ့ သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ လုပ်တာပါ။ ဒါတောင်မှ သားမှာ ဘယ်မှာ အကြာကြီး ဒီကောင့်ကို စိတ်ဆိုးလို့ ရလို့လဲ။ ခွေးကြီးကို ဖက်ဖက် နမ်းရပါ့မလားဆိုပြီး မေမေတောင် ကျွန့်တော့်ကို ပြောမရလို့ ရိုက်ဖူးသေးတယ်လေ။

အခုက သားကလဲ ဘာမှ မလုပ်ဘဲနဲ့ မေမေ့ ယောင်္ကျားကြီးက သားဆိုရင် အိမ်ရောက်တာနဲ့ သူ့သမီးတွေကို ဖက်နမ်းတယ်။ သားကို ကျတော့ ရှိတယ်လို့တောင် ထင်ရဲ့လား မသိဘူး။ သိဘူး မေမေရယ်။ သားက သူ့သားဆိုတာ သားသိတယ်။ သူလဲ သိတယ်။ ဒါပေမယ့် ဘာကြောင့်သားကို အဲဒီလိုကြီး ဆက်ဆံသလဲ မေမေရာ။ သားက အတန်းထဲမှာ အမြဲ ပထမလေ မေမေရ။ ပထမ မရရင် မေမေ့ အချစ်တွေ လျော့မှာ သိလို့ သားက စာကြိုးစားတဲ့ မေမေ့သားပါဗျ။ အဖေ့သမီးတွေ သားလိုတောင် အတန်းစဉ်မှာ ပထမ ရတဲ့ သူတွေ မဟုတ်ဘဲနဲ့ သားကိုကျတော့ ဘာလို့ မျက်နှာသာ မပေးတာလဲ။ သိပါဘူး မေမေရာ။ အဖေ အိမ်မှာ ရှိနေရင် သား သိပ်ညစ်တယ်။ မလွတ်လပ်ဘူး။ 

အခု စာတွေလဲ အကုန်ရ၊ အိမ်စာတွေလဲ အကုန်လုပ်ပြီးလို့ မေမေနဲ့ ဗွီဒီရိုရုံ သွားဖို့ ကုပ်ချောင်းချောင်းနဲ့ ထွက်လာတဲ့ သားကို အဖေက မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တာ အသက်တောင် ဘယ်လို ရှူရမှန်း မသိပါဘူးဗျာ။ မေမေကလဲ။ သားက ကြောက်ရင် နေခဲ့လို့တော့ ရမလားဗျ။ မေမေအိမ်မှာ မရှိဘူး။ အဖေနဲ့ အမတွေ ကြားထဲ အိမ်မှာ အဖေမရှိခင် ဗိုလ်အကျကြီး ကျခဲ့တဲ့ သားက ဘယ်လို နေခဲ့ရမှာလဲ။ ပြီးတော့ စွန်းဝုခုန်း သားသိပ်ကြိုက်တယ်လေ။ သူ့ကို ကြိုက်လွန်းလို့ မေကြီးရဲ့ တောင်ဝှေးကြီးတောင် ယူယူဆော့လွန်းလို့ မေကြီး အော်တာ ငေါက်တာတောင် ခံရတာ မေမေ သိသားနဲ့။ အဖေ့အကြည့်ကို ကြောက်ပေမယ့် သားက သားတာဝန်လဲ ကျေတယ်။ ပြီးတော့ မေမေရှိတယ်လေ။ မေမေရှိရင် သားကို အဖေ ဘာမှ မလုပ်ဘူးဆိုတာ သားတယ်။ 

မေမေနဲ့ သား စောစောစီးစီး အလုပ်တွေ ပြီးအောင် လုပ်ထားတာ ဟန်မကျပါဘူးဗျာ။ ဒီလေ၊ ဒီမိုးတွေကလဲ ဒီလိုညမျိုးမှ ဘာလို့ ရွာရ၊ တိုက်ရတာလဲ။ ဗွီဒီရိုရုံလဲ ရောက်ရော လေးလေးသန်းတို့က သူတို့ ဗွီဒီရိုရုံကြီးကို ပိတ်ထားတာဗျ။ လေတွေ၊ မိုးတွေ စိတ်မချလို့တဲ့။ မေမေ နဲ့ သားလို ဗွီဒီရိုကြိုက်တဲ့ သူတွေ အတွက် မေကြီး သားကို ပုံပြင်ထဲမှာ ခဏ ခဏ ပြောပြတဲ့ ရင်ကွဲနာ ကျတယ်ဆိုတာ မျိုးလို သားစိတ်ထဲ မကောင်းဘူး။ မေမေကလဲ။ ဒါလေး မကြည့်ရတာနဲ့ ရင်ကွဲနာ ကျရသလားလို့ မငေါက်နဲ့ဗျ။ သားက ကိုယ်တာဝန်ကျေရဲ့နဲ့ ရသင့် ရထိုက်တာကို မရရင် စိတ်ကြီးတာ မေမေသိသားဘဲ။ မေမေတောင် သားကို တစ်ခါတစ်လေ စိတ်မရှည်ဘဲ ရိုက်တတ်သေးတာဘဲ။ အခု သားမှာ ညနေက ဟိုအောင် ဖက်တီးတို့၊ အောင်ခင်တို့ တစ်ညနေခင်းလုံး ဘောလုံးကွင်းထဲမှာ ဟိုဘက်ကျောင်းက ကောင်တွေနဲ့ ချိန်းပွဲ ဘောပွဲကန်တာတောင် မသွားရဘူး။ သားကို ဒီကောင်တွေ ပါစေချင်တယ်လေ။ ဒါပေမယ့် မေမေ့သားပါဗျ။ သားတာဝန် သားသိတယ်။ စွန်းဝုခုန်း နဲ့ ဒီကောင်တွေနဲ့ ယှဉ်ရင် သားက မျောက်ကြီး ခုန်တာ၊ သိုင်းကတာဘဲ ကြည့်ချင်တာလေ။ အခု လေးလေးသန်းတို့က ဒီလောက်လေး လေတိုက်တာနဲ့ သားတို့ကို ဗွီဒီရို မပြတော့ သားမှာ စိတ်လဲ ဆိုးတယ်။ စိတ်လဲ မကောင်းလို့ မျက်နှာကြီး စုပုပ်နေလို့ မေမေတောင် သားကို စိတ်မရှည်ချင်တာ သိသားဘဲ။ 

မေမေနဲ့ သား မိုးစွတ်စွတ်၊ လေရွတ်ရွတ်ကြားမှာ ပြန်လာပြီး အိမ်ပြန်ရောက်တော့ မီးတွေက ထုံးစံအတိုင်း ပျက်နေတာလေ။ မေမေ့သမီးတွေလဲ စာတွေ ပြီးကြလို့ အိပ်ရာဝင်ဖို့ ပြင်နေကြပြီလေ။ အဖေကတော့ သူ့အတွက် မမကြီး ပြင်ပေးထားတဲ့ အိပ်ရာမှာ ရောက်နေလို့ တော်တော့တယ်။ သားပျော်တယ်ဗျ။ အဖေနဲ့ မတွေ့ရလေ သားက စိတ်လွတ်လပ်လေ။ အခုလို သွားခါနီး မျက်ထောင့်နီကြီးနဲ့ ကြည့်တာ ခံရတဲ့ သားလို ငကြောက်အတွက် သူ အိပ်နေတော့လဲ ကောင်းတာဘဲ မဟုတ်ဘူးလား။ ဘာလဲ။ မေမေက သားကို ကိုယ့် အဖေကို ဒီလို မပြောရဘူးလို့ ပြောမလို့လား။ သားစိတ်ထဲ မှာ ရှိတာ အကုန်ပြောလို့ရတယ်လို့ မေမေဘဲ သင်ပေးထားပြီးတော့။ 

သား ထင်တာ မှားပါတယ် မေမေရာ။ အဖေက မအိပ်သေးဘူးဗျ။ သား ခြေထောက် လက်ထောက်တွေ ဆေးပြီးလို့ အိပ်ရာထဲ ၀င်လဲ ၀င်ရော သားကို နာမည်ခေါ်ပြီး ဆူလိုက် ပြောလိုက်တာ မေမေရာ။ သားက သူစကားတစ်ခွန်းမှ မပြောဘဲ မျက်လုံး အကြည့်တင် နေစရာ မရှိတဲ့ အကောင်ဗျ။ အခု သားကို ဦးတည်ပြီး မင်းက သိပ်ပြီး ဗွီဒီရို ကြိုက်တယ် ဟုတ်လား။ ထမင်းထုပ်နဲ့ ပို့ပေးမယ်။ ကြီးလာရင် သူခိုး ဓားပြ ဖြစ်မယ့်ကောင်။ ပညာမတတ်ဖြစ်မယ့်ကောင်။ လက်ကြောမတင်းမယ့်ကောင် ဆိုပြီး ပြောတာ သားက ၀မ်းနည်းတာပေါ့ မေမေရ။ သားဝမ်းနည်းလို့ ရှိုက်ပြီး ငိုသံ ကြားပြန်တော့လဲ မင်းက ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်တယ်။ အခြောက်။ မိန်းမရှာဆိုပြီး ဆိုပြန်ရောဗျ။ နောက်ဆုံး မေမေက ကလေးကို မပြောနဲ့ ။ ကျွန်မ ခေါ်လို့ သူလိုက်တာ။ ရှင် ပြောချင် ကျွန်မကို ပြောဆိုပြီး ၀င်ပြောတော့ မေမေနဲ့ အဖေ စကားများတာ သားသိတယ်။ မင်းအိမ်ငါ မနေဘူးလို့ ပြောတာ သားကြားလိုက်တယ်။ မနေချင်ရင် သဘောဘဲလို့ မေမေ ပြန်ပြောတာလဲ သားကြားတယ်။ ဒီလောက်ပါဘဲ မေမေရာ။ နောက်တော့ သားဝမ်းနည်းပြီး အိပ်ပျော်သွားတယ် ထင်တာဘဲ။ သား မသိတော့ဘူး။ 

မနက်လင်းတော့ အဖေ့အိပ်ရာက သိမ်းပြီးပြီဆိုတာ သားသတိထားမိတယ်။ မေကြီးကို တိုးတိုးလေး ကပ်မေးတော့ မင်း အဖေ အစောကြီး ပြန်သွားပြီတဲ့။ သားက ပျော်တာပေါ့ မေမေရ။ သား စိတ်ကျဉ်းကြပ်ဖို့ မလိုတော့ဘူးလေ။ 

သား အမတွေနဲ့ မေမေ မျက်နှာ မကောင်းတာ သားဘယ်သိပါ့မလဲ။ အဲဒီတုန်းကတော့ အဖေက ဘယ်တော့မှ အိမ်ကို ပြန်မလာတော့ဘူးလို့ သားလဲ ဘယ်လိုလုပ် တွေးမိမှာလဲ။ သူက ဒီလိုဘဲ သားအိပ်ရာ မနိုးခင် ပြန်နေကြ။ သားမသိလိုက်ခင် အိမ်ပြန်ရောက်နေတတ်တာကိုး။ အခုလို တစ်သက်လုံး ပြန်မလာလောက်အောင် ဖြစ်လိမ့်မယ်လို့လဲ မထင်ပါဘူး မေမေရာ။ သားသာ ဒီလိုမှန်း သိရင် စွန်းဝုခုန်းလဲ မကြည့်ပါဘူး။ အိမ်မှာဘဲ လက်ဖြူကို ဖက်ပြီး မေကြီးပုံပြင်တွေကို နားထောင်နေမှာပေါ့။ သားက အဖေ့ကို မချစ်ပေမယ့် သားတို့ အိမ်မှာ အဖေရှိစေချင်ပါတယ်ဗျ။ အခုကျတော့ သားဝမ်းနည်းလို့ အိပ်မက် မက်တိုင်း အဖေပြောခဲ့တဲ့ မင်းက သူခိုး၊ ဓားပြဖြစ်မှာ ဆိုတာကြီး နား နားကို ကပ်ပြီး ပြောသလို ပြန် ပြန်ကြားတယ် မေမေရ။ ပြီးတော့ သားနဲ့ မေမေ ဗွီဒီရိုရုံသွားခါနီး မျက်ထောင့်နီကြီးနဲ့ ကြည့်တာကြီးကို ပြန် ပြန်မြင်ပြီး လန့် လန့်နိုးတယ် မေမေရ။ သား အခုတော့ စွန်းဝုခုန်းကို မုန်းနေပြီ မေမေရာ။ သိပါဘူး မေမေရာ။ သား စိတ်ကျဉ်းကြပ်ခံဆို ခံပါ့မယ်။ အဖေ ကျေနပ်အောင် ဗွီဒီရိုလဲ မကြည့်ဘဲ သား နေပါ့မယ်။