ငြိမ်းချမ်းအေး - ကိုယဉ်ကျေးများဖတ်ရန်
(မိုးမခ) ဧပြီ
၁၆၊ ၂၀၁၅
လူတယောက်ရဲ့ အဝတ်အစားကိုကြည့်ပြီး ယဉ်ကျေးမှု မရှိဘူးလို့ တသမတ်တည်း ကောက်ချက်ဆွဲလို့ မရပါ။ ယဉ်ကျေးမှုရဲ့သဘောက
ကျယ်ပြန့်ပါတယ်။ လူတဦချင်းအရ ယဉ်ကျေးမှုကိုတိုင်းတာရင် ယဉ်ကျေးတဲ့လူမှာ ရှိသင့်ရှိထိုက်တဲ့
ဗဟုသုတ၊ လူမှုဆက်ဆံရေး အပြုအမူ၊ ယုံကြည် ကိုးကွယ်မှု စတာတွေနဲ့ တိုင်းတာနိုင်တယ်။ လူ့အဖွဲ့အစည်းအလိုက်ဆိုလည်း အနုပညာ၊ စာပေ၊ ဘာသာစကား၊
ကိုးကွယ်ယုံကြည်မှု၊ သမိုင်း စတာတွေကို ကြည့်ပြီး ယဉ်ကျေးမှုမြင့်တယ်၊
နိမ့်တယ်ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဘုံတူညီတဲ့
တန်ဖိုး၊ ရည်မှန်းချက်၊ လူမှုဆက်ဆံရေး အပြုအမူ၊ လူမှုဆက်ဆံရေး လုပ်ထုံးလုပ် နည်း၊ ဓလေ့ စတာတွေကိုအခြေခံပြီး
လူအဖွဲ့အစည်းတခုရဲ့ယဉ်ကျေးမှုလို့
သတ်မှတ်ကြတာပါ။
လူတယောက်ရဲ့ အဝတ်အစားကိုကြည့်ပြီး ပိုပြီး တသမတ်တည်း ကောက်ချက်ဆွဲလို့ မရတာက အကျင့်စာရိတ္တပါ။ အကျင့်စာရိတ္တဟာ
လူ တယောက်ရဲ့ လူပီသတဲ့ အကျင့်၊ စရိုက်၊ အပြုအမူနဲ့
လူအဖွဲ့အစည်းမှာရှိတဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို လေးစားလိုက်နာမှုနဲ့ ပို သက်ဆိုင်ပါတယ်။
ဗုဒ္ဓဟောတဲ့ သဒ္ဒါ (ကိုးကွယ်ယုံကြည်မှုရှိခြင်း)၊ သီလ (ကိုယ်၊
နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း)၊ စာဂ (ပေးကန်းစွန့်ကြဲခြင်း)၊ သုတ (အကြားအမြင်
ဗဟုသုတများခြင်း)၊ ပညာ (အမှန်ကိုသိခြင်း)၊ ဟီရိ (မကောင်းမှုပြုရမှာကို
ရှက်ခြင်း)၊ သြတ္တပ (မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်း) ဆိုတဲ့ သူတော်ကောင်း ဥစ္စာ ခုနှစ်ပါး တရားနဲ့လည်း ယဉ်ကျေးမှု၊ အကျင့်စာရိတ္တကို ဖော်ညွှန်းနိုင်ပါတယ်။
ကိုယ်၊ စိတ်၊ နှလုံးစောင့်ထိန်းခြင်းမှာ အဝတ်အစား ဆင်ယင်မှုပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့
ဘုရားသွား၊ ကျောင်းတက်
လုပ်တဲ့နေရာ မှာ ဝတ်ဆင်တဲ့ ဆင်ယင်မှုနဲ့ ပျော်ပွဲ၊ ရွှင်ပွဲသွားတဲ့နေရာမှာ
ဆင်ယင်ထုံးဖွဲ့မှုဟာ မတူညီနိုင်ပါ။ လူတွေဟာ နေရာ၊
ဌာန၊ ရာသီဥတုအပေါ်မူ တည်ပြီး လိုက်လျောညီထွေ ပြောင်းလဲ
ဝတ်စားဆင်ယင် လေ့ရှိကြတာ သဘာဝပါ။
ပျော်ပွဲ၊ ရွှင်ပွဲမှာ အပျော်ကနေ အပျက်မဖြစ်အောင် ထိန်းသိမ်းတည့်မတ်ပေးဖို့က အဝတ်အစား တခုတည်းချည်း ဇောင်းပေးလို့မရပါ။ ဆေးလိပ်၊
မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားမှု၊ မူးရစ်ရမ်းကားမှု စတာတွေကို ဖြောင့်မတ်မှန်ကန်တိကျတဲ့၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့ ထိန်းချုပ်နိုင်မှု၊ ကောင်းမွန်မှန်ကန်တဲ့ အသိပညာပေးနိုင်မှု၊ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်း စတဲ့ တိုင်းပြည်အတွက် ပိုမိုအရေးကြီး
တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ကောင်းမွန်အောင်လုပ်ဆောင်ဖို့
လိုပါတယ်။
ခေတ်ရဲ့ဝတ်စားဆင်ယင်မှုဟာ
ခန္ဓာကိုယ်ဖော်ပြမှုအသားပေးပြီး
လျှပ်ပေါ်လော်လည် လာနေတယ်လို့လည်း ဆိုမရပါ။ ရင်သား၊
ပေါင်တံ စတဲ့ ကိုယ်ခန္ဓာကို လှစ်ဟာဖော်ပြတဲ့
ဆွဲဆောင်မှုရှိစေတဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ယဉ်ကျေးတဲ့လူအဖွဲ့အစည်း စရှိကတည်းက (ဗမာပြည်နဲ့ ပြောရင် ပျူခေတ်၊ ပုဂံခေတ်လို
ခေတ်တွေကတည်းက) ခေတ်အလိုက် ပုံစံကွဲပြားပေမဲ့ ကိုယ်ခန္ဓာအလှပေါ်လွင်စေတယ်ဆိုတဲ့
သဘောက ခေတ်အဆက်ဆက်ထွန်းကားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံတွေမှာ ပါမြဲသာ ဖြစ်ပါတယ်။
လူတယောက်ရဲ့ အဝတ်အစားဝတ်ဆင်မှုနဲ့ ဘယ်လိုမှ မပတ်သက်ဆုံး ကိစ္စကတော့ လူတဦးချင်းရဲ့ လွတ်လပ်ပိုင်ခွင့်၊ အခွင့်အရေးကို အာမခံတဲ့ ဒီမိုကရေစီစနစ်နဲ့ ဆွဲစပ် အပြစ်တင်ဆိုကြခြင်းမျိုးပါ။
ဒီမိုကရေစီစနစ်က အာမခံတဲ့ လူတယောက်ရဲ့လွတ်လပ်ခွင့်မှာ
တရား၊ ဥပဒေကို လေးစားလိုက်နာမှု၊ လူတဦးချင်းစီရဲ့တာဝန်ယူမှုက
တွဲပါရပါတယ်။ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှု
(အပြောအဆို၊ အနေအထိုင်၊ အပြုအမူ အားလုံးပါပါတယ်) က
လူတဖက်သားကို အနှောင့်အယှက်မဖြစ်စေရ၊ မထိခိုက်စေရဆိုတာ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းမှာရှိတဲ့
လူတိုင်းက လိုက်နာရတဲ့
လူ့ကျင့်ဝတ်ဖြစ်သလို မဖြစ်မနေလုပ်ဆောင်ရတဲ့ တာဝန်၊ ဝတ္တရားလည်းဖြစ်တယ်။ ဝတ်စုံပြည့်ဝတ်ရမယ်လို့
သတ်မှတ်ထားတဲ့ စားသောက် ဆိုင်မှာ သတ်မှတ်ထားတဲ့ဝတ်စုံနဲ့ မှ စားသောက်ခွင့် ရှိသလို၊ အဝတ်ဗလာတွေပဲ လာရောက်ခွင့် ရှိတဲ့ ကမ်းခြေမျိုးမှာလည်း အဝတ်အစားမပါ၊
အဝတ်မဲ့နေနိုင်မှ ဝင်ရောက်ခွင့်ရသလိုမျိုးပါ။
ခေတ်သစ်ကမ္ဘာရဲ့ နည်းပညာ၊ ဆက်သွယ်ရေးတိုးတက်ဖြစ်ထွန်းမှုလာမှုနဲ့
အတူ ကမ္ဘာတခုလုံးရဲ့ ကူးလူးဆက်ဆံ၊ စီပွားလုပ် စတဲ့ ထိတွေ မှုတွေဟာ
လျင်မြန် မြန်ဆန်၊ ကျယ်ပြန့်လာရုံမက တနေ့ထက် တနေ့လည်း ပိုများလာနေတယ်။
လူ့အဖွဲ့အစည်း
အသီးသီးမှာရှိနေတဲ့ လူတွေရဲ့ အတွေးခေါ်၊ ဓလေ့ထုံစံ၊ အပြုအမှု၊ အစားအသောက်တွေဟာ ကူးလူးစပ်ယှက် ပြောင်းလဲလာတာများသလို ဝတ်စားဆင်ယင်မှု ဓလေ့တွေကလည်း ပြောင်းလဲလာပြီး လူအဖွဲ့အစည်းတခုတည်းရဲ့ ဝတ်ဆင်မှု ဓလေ့၊ ယဉ်ကျေးမှုအတိုင်း မဟုတ်တော့ဘဲ၊
ယဉ်ကျေးမှု ပေါင်းစုံရဲ့ ဝတ်ဆင်မှုအဖြစ်ပြောင်းလဲလာတာ၊ တနည်းအားဖြင့် ကမ္ဘာပိုဆန်လာတယ်ဆိုတာ သဘာဝပါလို့ လက်ခံနိုင်ရပါမယ်။
လူအဖွဲ့အစည်းတခုရဲ့
အပေါ်ယံ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာတာကို ပြစ်တင်ဝေဖန်နေမဲ့အစား လူအဖွဲ့အစည်းပေါင်းစုံက လက် ခံနိုင်တဲ့ (လက်ခံထားတဲ့)
ယဉ်ကျေးမှုရှိသူ၊ လူယဉ်ကျေးလို့ သတ်မှတ်စေတဲ့၊ ဘုရားဟောနဲ့လည်းညီတဲ့ မကောင်းမှုဒုစရိုက်ပြုရမှာကို ရှက်ကြောက်လာစေခြင်း၊ တရားဥပဒေ၊ ကျင့်ဝတ်စည်းကမ်းကို လေးစာလိုက်နာလာစေခြင်း၊ အကြားအမြင် ဗဟုသုတများ၊ အကျိုးအကြောင်း ပညာကြီးပြီး အမှန်ကိုသိလာစေခြင်း၊ လူ့ကျင့်ဝတ်ကိုသိတဲ့၊ လူပီသတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ ဓလေ့စရိုက်တို့ကို ထွန်းကားစေခြင်း စတဲ့ အတွင်း အဇ္ဈတ္တသန္တာန် ရိုးသား၊ စင်ကြယ်၊ ဖြောင့်မတ်၊ မှန်ကန်မှုကိုဦးစားပေးပြီး စာရိတ္တမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးဖို့စေဖို့ မိမိကိုယ်တိုင်က (လူတဦးချင်း) နေထိုင်ကျင့်ကြံသွားနိုင်မှ မိမိယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းတဲ့၊ ယဉ်ကျေးမှုပေါင်းစုံကိုလည်း လေးစားလက်ခံ နိုင်တဲ့ ပိုမိုကောင်းမွန်လှပတဲ့ အနာဂတ်ရှိတဲ့ လူအဖွဲ့အစည်းတခု ဖြစ်လာမှာပါ။
ခေတ်ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊
ခေတ်ဂီတတွေကို သရုပ်ပျက် ယဉ်ကျေးမှု ခေါင်းစဉ်အောက်ထည့် ဝေဖန် ပစ်တင်လိုသူ တိုက်ပုံသမား
ရှေးရိုးစွဲများက ဆိုကြပါသေးတယ်။ နိုင်ငံခြား
ဇာတ်လမ်းတွဲ ရုပ်ရှင်တွေ
မပြနဲ့၊ ဒါတွေကြောင့် လူငယ်တွေ အတုယူမှားနေကြတာ၊ ကြာရင် တိုင်းပြည်ပျက်လိမ့်မယ်တဲ့။ စာရေးဆရာ ဆိုသူများတောင် ပါ ပါသေးတယ်။
တကယ်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့
ကိုယ် သီးသန့်နေပြီး
သူများ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဓလေ့ ထုံးစံတွေ အဝင်မခံဘဲနေမှ
အကြံတုံး၊ ဉာဏ်တုံး၊ လူညွန့်တုံးပြီး အတွေးအခေါ်နိမ့်ကျ၊ အမြင်ကျဉ်းမြောင်း၊ အကျင့် စာရိတ္တတွေပျက်၊ အမှန်ကို
မသိဖြစ်ပြီး တိုင်းပြည်ပျက်မှာသာ ဖြစ်ပါတယ်။ အဲဒီလို
အစွန်းရောက် မျိုးချစ်စိတ်၊ တရားလွန်
အမျိုးသားရေးဝါဒီတွေ တိုင်းပြည်မှာ
ကြီးစိုးပြီး နှစ်ငါးဆယ်ကျော် တံခါးပိတ် တသီးတသန့် ထီးထီးကြီး နေခဲ့လို့ တိုင်းပြည် အောက်တန်း နောက်တန်းကျခဲ့တာကို အခုထိ သင်ခန်းစာမယူနိုင်ကြသေးဘူး။ ကိုယ့်အမှားကနေ အနာဂတ် အတွက် သင်ခန်းစာ မထုတ်နိုင်၊
သူများအမှားတွေကလည်း ဆင်ခြင်တွေးတော် မြော်မြင်မှု မရှိနိုင်ကြတဲ့ လူမိုက်တွေလို့ပဲ
ဆိုရပါမယ်။ လူမိုက်တွေကြီးစိုးရင်၊ လူမိုက်ဝါဒ
ဆက်လက် ထွန်းကားရင် တိုင်းပြည်က ဓားမနောက်ပိတ်ခွေး ဖြစ်မြဲ ဖြစ်နေပါဦးမယ်။
ယထာဘူတ ကျကျ ဆိုရင် သူ့ ယဉ်ကျေးမှု၊
ကိုယ့် ယဉ်ကျေးမှု ဘယ်သူ့ ဘယ်သူမှ ကောင်းတယ်၊ ဆိုးတယ် ဆိုတာ ပြောလို့ မရ၊ မရှိပါ။ ဘာသာ
ယဉ်ကျေးမှုမှာ ကြည့်လည်း
တချို့က ဘုရားသွားရင် ဦးထုပ်ချွတ်တယ်၊ ဖိနပ် စီးတယ်၊ တချို့က
ဖိနပ် ချွတ်တယ်၊ ဦးထုပ်ဆောင်းတယ်။ ဓလေ့ ထုံးစံမတူတာပဲ
ရှိတယ်။ ဆိုးတယ်၊ ကောင်းတယ် ပြောမရပါ။
ကမ္ဘာ့ အအေးပိုင်းဒေသက တချို့လူမျိုးတွေ
(ယောက်ျား၊ မိန်းမ) ရာသီဥတု ကြောင့်
လိုအပ်လို့ အရက်သောက်တာကို
သင်းတို့ ပျက်စီးခြင်း ငါးပါး တိုင်နေပြီလို့ ပြောလို့ ရပါ့မလား။
မပျက်စီးလို့ကို
သူတို့ အနောက် ဥရောပ၊ မြောက်အမေရိက အအေးပိုင်းဒေသက တိုင်းပြည်တွေ ကမ္ဘာအလယ်မှာ ထိပ်တန်းကဦးဆောင်နေနိုင်တာပေါ့။
တကယ် မြင်တတ်၊ သိတတ်၊ ထောက်ပြရမှာက
လူငယ်တွေ အတွက် အရက်၊ ဆေးလိပ်
ဝယ်ခွင့် အသက် သတ်မှတ်ချက် မှန်မှန်ကန်ကန် တိတိကျကျ ဥပဒေ ပြဌာန်းပြီး ရောင်းသူ၊
ဝယ်သူကို မျက်နှာမလိုက် အရေးယူတာ၊ လွယ်လွယ်ကူကူဝယ်လို့မရအောင် ဆောင်ရွက်တာ (ဥပမာ – အရောင်းမြှင့်တင်ရေးတွေ၊ ကြော်ငြာတွေ အတွက် ကန့်သတ်တာ၊ ဆေးလိပ်ဆို
အလိပ်ချင်း ဝယ်လို့ မရအောင် ဆောင်ရွက်တာ၊ အရောင်းစတိုးဆိုင်ရဲ့ မြင်သာတဲ့ နေရာမှာ မတင်စေတာ လိုမျိုး
အသေးအဖွဲ့အစ)၊ ဆေးလိပ်၊ အရက် အခွန်တွေ ပိုပြီး
စည်းကြပ်တာ၊ ပညာပေး အစီအစဉ်တွေ ကျောင်းမှာ
စနစ်တကျ ပို့ ချတာ၊ ဆေးလိပ်ဖြတ်၊ အရက်ဖြတ် အစီအစဉ်၊ နှစ်သိမ့်ဆွေးနွေး ပညာပေး အစီအစဉ်တွေကို ကျန်းမာရေးဌာနတွေ
က စီစဉ်ပေးတာ စတဲ့
နိုင်ငံတကာ အဆင့်မီ လူမှု၊ ကျန်းမာ ပညာပေးရေး အစီအစဉ်တွေလုပ်ဖို့ပဲ ဆော်သြ တိုက်တွန်းရမှာပါ။
အရက်ပညာပေးတယ်ဆိုလည်း
ယဉ်ကျေးမှု ရှုထောင့်ထက်၊ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ပြီး ပြောရမှာပါ။ သူတို့
တိုင်းပြည်တွေမှာ အရက်သောက်ကြတယ်ဆိုတာ
ရာသီဥတုအေးလို့ အချမ်းဒဏ် ကာကွယ်အောင် သောက်ရင်းနဲ့ အရက်သောက်တဲ့ ဓလေ့ဖြစ်တာ၊ တို့ ပူတဲ့ တိုင်းပြည်မှာ နေ နေတာဆိုတော့ အရက်အလွန်အကျွံသောက်လို့
ကျန်းမာရေးအရ မကောင်းဘူး၊ ဒါမှမဟုတ် လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး သူတို့တိုင်းပြည်က လူတွေရဲ့ ဝင်ငွေ အဆင့်အတန်းနဲ့ သူတို့
စိတ်အပန်းဖြေ ပျော်ပါးမှုက လိုက်လျောညီထွေရှိတယ်၊ တို့က အဲ့သလို အဆင့်အတန်း၊ ဝင်ငွေမျိုးမဟုတ်တော့၊
အရက်အစ အခြား အပျော်အပါး၊ စိတ်အပန်းဖြေစရာတွေထက်
ပိုပြီး သင့်တော်တဲ့ နေရာမှာ ပိုက်ဆံကို အသုံးချသင့်တာပေါ့..၊
စသဖြင့် အကျိုး အကြောင်း ပါတဲ့ လမ်းညွှန်မှုတွေ လူငယ်တွေကို
လုပ်ပေးရမှာပါ။
တကယ်တော့ ဘာသာရေး အရပြောလည်း ယောက်ျား အရက်သောက်လည်း ငါးပါးသီလ ကျိုးတာပါပဲ။ မိန်းမသောက်မှ
မကောင်းတာ၊ အကျင့်သီလပျက်တာမျိုးလည်း မဟုတ်ပါ။
လူငယ်များ၊ အထူးသဖြင့် အမျိုးသမီး
ခေတ်လူငယ် ဆယ်ကျော်သက်ကလေးများ အဝတ်အစားဝတ်တာ၊ အရက်သောက်တာ၊ တက်တူးထိုးတာ စတဲ့ “Peer
Pressure” လူငယ်ကြား ရေပန်းစားတဲ့ ဓလေ့ ရေစီးကြောင်းကြောင့် လုပ်ကြတာတွေကို ကြည့်ပြီး
မိမဆုံးမ၊ ဖမဆုံးမတွေလို့ ကရုဏာ ဒေါသောနဲ့ ပြောသလိုလိုနဲ့ တဖက်စောင်းနင်း ကျားကြီးဝါဒ အခြေခံ၊ ယဉ်ကျေးမှု အချိသကာဖုံးပြောနေတဲ့
လူကြီးဆိုသူ ပုဂ္ဂိုလ်ကြီးများကို အသိကပ်စေချင်ပါတယ်။
ခင်ဗျားတို့ ပစ်တင် ဝေဖန်နေတဲ့
မိမဆုံးမ ဖမဆုံးမ၊ မိ မနိုင် ဖ မနိုင်၊ မင်း မနိုင် ကလေးတွေကပဲ စကတ်တိုတွေ၊ ဘောင်းဘီတိုတွေနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ
သံဃာတော်တွေကို လက်တွဲကာကွယ်ရင်း
လမ်းပေါ်မှာ စစ်အာဏာရှင်စနစ်ဆိုးကို အန်တု တိုင်းပြည်တာဝန်ကျေခဲ့တာပါ။
အခုထိလည်း
အဲဒီ မိ မနိုင် ဖမနိုင် မျိုးဆက်ကပဲ တိုင်းပြည်ရဲ့ မတရားမှု ဟူသမျှကို ကက်ကက်လန် အသံထွက်
အာခံ နေလို့ ကျောင်းသား လူငယ်ကလေးများ သင်္ကြန်ကို ထောင်ထဲမှာ ကျနေရတယ် မဟုတ်ပါလား။ မိမဆုံးမ၊ ဖမဆုံးမ လူငယ် မိန်းကလေးတွေကပဲ နိုင်ငံတာကာ ထိပ်တန်း တက္ကသိုလ်တွမှာ အဆင့်မြင့်ဆုံး ဘွဲ့တွေယူ၊ ယောက်ျားတွေနဲ့ ယှဉ် အလုပ်လုပ် ဝင်ငွေရှာပြီး၊ တိုင်းပြည် အခွန်ထမ်းနေတာပဲ မဟုတ်ပါလား။
လူငယ်တွေနဲ့၊ အမျိုးသမီးငယ်လေးတွေနဲ့
နီးနီးကပ်ကပ် နေကြည့်၊ ပေါင်းကြည့်ပါ။ မဟာဖို
ဝါဒီ တဏှာ အမြင်နဲ့ ကျားကြီးများ အစွဲ စိတ်နဲ့ ကြိုတင် ကောက်ချက်ချ ယူဆသလို
သဘောလွယ်တဲ့ သူလေးတွေ မဟုတ်ပါဘူး။ သူတို့
သိက္ခာ၊ တန်ဖိုးနဲ့ ကျင့်ဝတ် သီလတွေကို သူတို့
ဘာသာ အသိစိတ်ဓာတ် ရှိရှိ ထိန်းနိုင် သိမ်းနိုင်ကြတဲ့ သူတွေချည်းပါ။ တဦးချင်း
စာရိတ္တ ယိုယွင်းမှု၊ ဖောက်ပြားမှု ကို ထည့်ပြော၊ ထောက်ပြချင်လို့တော့မရပါ။ ထဘီဝတ်၊
ဘီးစပတ် အမြဲထုံးထားလည်း အကျင့် စာရိတ္တ ဖောက်ပြန်နိုင်တာပါပဲ။
တကယ်တော့ မိန်းကလေးများ ဗမာပြည်လို
ပူအိုက်တဲ့ ရာသီဥတုမျိုးနဲ့ ပြောစတမ်းဆိုရင် ဘောင်းဘီတို၊ စကတ်တို၊
စွပ်ကျယ် လက်ပြတ်ဝတ်တာ ဘာမှ မကောင်းမြင်စရာ၊ အပြစ်တင်စရာ
မရှိပါဘူး။ အလွန်အကျွံဝတ်လို့ ပြောရတာပါဆိုလည်း သင်္ကြန်လို ရေကစားတဲ့ အချိန်မှာဘယ်လိုဝတ်ဝတ် ရေစို အဝတ်နဲ့က အမြင်
မသင့်တော်ပါဘူး။ ဒါကို ယောက်ျားကြီး ဆိုသူများက မီးသတ်ပိုက်နဲ့ နင်းထိုး ကာယ ဣနြေ္ဒ
ပျက်စေ မျက်စိ အရသာခံချင်ကြတာက ပိုလို့ မယဉ်ကျေး၊ မိုက်ရိုင်း မိမဆုံးမ ဖမဆုံးမ ဖြစ်တယ်
ပြောရမှာပါ။ ဒီလို အနေအထားကို ကိုယဉ်ကျေး ဓာတ်ပုံဆရာများက
လိုချင်တဲ့ အနေထားရောက်အောင် စောင့်၊
အကွက်ချောင်းရိုက်ပြီး လိုသလိုရေးထားတဲ့ မှတ်ချက်တွေနဲ့ လူမှုကွန်ရက် အွန်လိုင်း မီဒီယာ
အစုံစုံမှာ ဖြန့်ဝေနေကြတာက ပိုလို့ လူကျင့်ဝတ်မရှိတာပါ။ တရားဥပဒေသာ စိုးမိုးတဲ့ တိုင်းပြည်မျိုးမှာ ဆိုရင်ုအဲသလို ဓာတ်ပုံတွေကို
ခွင့်ပြုချက်မရှိဘဲ ရိုက်၊ တင်၊ ဖြန့်
လုပ်နေတာအားလုံးဟာ တရားဥပဒေအရ
အရေးယူခံရမှာချည်းပါပဲ။ သိပ်မကြာခင်နှစ်တွေတုန်းက စင်္ကာပူက မြန်မာကောင်လေးတစ်ယောက် ကုန်စုံဆိုင် စူပါမားကက်ကြီး တခုမှာ မိန်းမငယ်တယောက် အမြင်မတော်ဖြစ်နေတာ ခိုးပြီး ဓာတ်ပုံရိုက်လို့ တရားစွဲခံခဲ့ရဖူးတာ မှတ်မိကြမှာပါ။ ဒါမျိုး
အဖြစ်အပျက်တွေ ဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာ
ဒုနဲ့ဒေးပါပဲ။
ဆိုချင်တာက သင်္ကြန်ကို၊ ခေတ်သရုပ်ကို၊
ခေတ်ဂီတကို၊ ခေတ်အကကို၊ အမျိုးသမီး အဝတ်ဝတ်တာ၊ ရင်ဘတ်ဟိုက်၊ ပေါင်ပေါ်တာကို ရိုးရာ
ယဉ်ကျေးမှု ဇောင်းပေး အပြစ်လှိမ့် မဆိုချင်ကြပါနဲ့။ အာဏာရူး မသူတော်များ အာဏာတည်မြဲရေး အလို့ငှာ ရာစုနှစ်တွေ
မြောက်မြားစွာ ပိတ်ဆို့၊
မှိုင်းတိုက်ခံရလို့ စနစ်တကျ နား၊ မျက်စိ
ပိတ် ဖျက်ဆီး ခံထားရလို့ အရာရာ ပျက်စီးနေတဲ့ လူ့ အဖွဲ့အစည်းမှာ ကိုယ့်အခွင့်အရေး၊
သူ့အခွင့်အရေး မခွဲခြားနိုင်၊ ဝေဝါး၊ တာဝန်မသိ၊ တာဝန်မကျေသလို
ဖြစ်နေတဲ့၊ အတုခိုးမှားတဲ့ အချက်တွေ လူငယ်တွေမှာ ရှိကောင်းရှိနေနိုင်ပါတယ်။
ဒီအတွက် သူများဆီက
ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ ဘယ်လောက်
လွှမ်းမိုး လွှမ်းမိုး ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားဆင်ခြင် တွေးခေါ် မြော်မြင်ပြီး အကောင်းကို
စုတုပြု ယူတတ်တဲ့ အလေ့အကျင့်တွေ
ပေးတဲ့ ပညာရေးမျိုး၊ အရည်အသွေး မြှင့်တင်ရေးမျိုး ပိုမို လုပ်ပေးဖို့ လိုပါတယ်။
တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့
စည်းကမ်းတွေ လိုက်နာလာစေတဲ့
အကျင့်တွေ ထွန်းကားစေဖို့၊ ဒီမိုကရေစီနဲ့ အတူပါလာတဲ့ လွတ်လပ်ခွင့်ကို တာဝန်ယူမှု၊
တာဝန်ကျေမှု၊ တကိုယ်ရေ စောင့်ထိန်းမှုတွေ ချွန်းအုပ်တတ်တဲ့ ဓလေ့အကျင့် တည်တံ့ စေဖို့တွေ
လိုပါတယ်။
ဒီလို ခေတ်မီလွတ်လပ်ဖွံ့ဖြိုးတဲ့
ဒီမိုကရေစီ လူဘောင်အဖွဲ့အစည်းမှာ
မရှိမဖြစ်လိုအပ်တဲ့ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ တာဝန်သိတဲ့ အမူအကျင့်ကောင်းတွေ ရှင်သန်အောင် လူကြီးဆိုသူများက မြော်ချင့် ထောက်ပြခြင်းကသာ
ပိုမိုကောင်းမွန်တဲ့ အနာဂတ် လူ့ဘောင်သစ်ကို
လမ်းခင်းပေးရာ ရောက်မှာ ဖြစ်ကြောင်းပါ။
ငြိမ်းချမ်းအေး
ဧပြီ ၁၅၊ ၂၀၁၅
(မှတ်ချက် - မိုးမခ တွင် ရေးသားခဲ့ဖူးသည့်
ဆောင်းပါး ဟောင်း နှင့် မှတ်ချက် တချို့ကို အခြေခံပြီး အသစ်ပြင်ဆင် တည်းဖြတ် ဖြည့်စွက်
ထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးပါ အာဘော် ကို
ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)