ဟန်သစ်နိုင် - ဓမ္မစကူးလ် ဖောင်ဒေးရှင်း ၃ နှစ်ပြည့် နဲ့ အလုပ်ရုံဆွေးနွေးမည်
ဟန်သစ်နိုင် - ဓမ္မစကူးလ် ဖောင်ဒေးရှင်း ၃ နှစ်ပြည့် နဲ့ အလုပ်ရုံဆွေးနွေးမည်
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၅
ဓမ္မစကူးလ်ဖောင်ဒေးရှင်း (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို  MCC ခန်းမ၊ မင်းဓမ္မလမ်း မရန်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေ သကြီးတွင်ကျင်းပမည်ဖြစ်ပြီး မေလ၉ရက်နှင့် ၁၀ရက် နံနက်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်မည်ဖြစ်ကြောင်း ပြည်သူ့ရင်ပြင်တွင်ဧပြီ ၂၁ရက်နေ့က ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။
    ဓမ္မစကူးလ်ကျောင်းများ၊ ကော်မတီများ၊ အသင်းအဖွဲ့များအနေဖြင့် တွေ့ကြုံခဲ့ရသည့် စီမံခန့်ခွဲရေးဆိုင်ရာ အားသာချက် အားနည်းချက်များ၊ အခက်အခဲများ၊ ဖြေရှင်းခဲ့ပုံများကို ဆွေးနွေးဖလှယ်ကြပြီး အကြံဥာဏ်များယူရန်၊
    မိတ်ဖက်အဖွဲ့အစည်းများနှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းတို့အကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်သဘောထားများ ဖော်ထုတ်ဖလှယ်ကြပြီး မူဝါဒအခြေခံများနှင့် နည်းလမ်းများကို အကြံပြုနိုင်ရန်၊
    ဓမ္မစကူးလ်ကျောင်းများ အရည်အသွေးမြင့်မား၍ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက် ဓမ္မစကူးလ်ဖောင်ဒေးရှင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် မဟာဗျူဟာများ၊ နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို ဖော်ထုတ်အကြံပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖောင်ဒေးရှင်း (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
    ဓမ္မစကူးလ်ဖောင်ဒေးရှင်းသည် ရည်ရွ့ယ်ချက် ၃ရပ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ခေတ်မီပြီး နည်းစနစ်ကျသောသင်ရိုးညွှန်းတမ်းများထွက်ပေါ်လာရေး၊ မြန်မာနိုင်ငံမှာရှိသော ဗုဒ္ဓဘာသာဝင်များ အခြေခံဗုဒ္ဓဘာသာဝင်များ လူမျိုးဘာသာဗုဒ္ဓဘာသာဝင်များကနေဖွင့်တဲ့  ဗုဒ္ဓဘာသာတွေဖြစ်ပေါ်လာရေး ၊မြန်မာနိုင်ငံအရပ်ရပ်မှာ ဓမ္မစကူးလ်ကျောင်းများ တစ်နိုင်ငံလုံးပျံ့နှံ့သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဓမ္မစကူးလ်ဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူး(၁)အရှင်ရာဇိန္ဒာလင်္ကာရ ဆရာတော်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဓမ္မစကူးလ်ကျောင်းပေါင်း ငါးထောင်ကျော်၊ ဆရာ ဆရာမပေါင်း တစ်သောင်းကျော်၊ သင်ယူနေသောသင်တန်းသား ခြောက်သိန်းကျော်ရှိပြီး၊ ပြည်နယ်နှင့်တိုင်း ၁၄ခုတွင် ၁၂ခုရှိမြို့ရွာများတွင် ကျောင်းများစုံလင်စွာဖွင့်လှစ်ထားနိုင်သော်လည်း သွားလာရခက်ခဲသော  ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်စုံလင်စွာမဖွင့်လှစ်နိုင်သေးကြောင်း ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဘဏ္ဍာရေးမှူး ဒေါ်ခေမာစာရီက ပြောကြားခဲ့သည်။
ရန်ကုန် ပြည်သူ့ရင်ပြင်တွင် မေလ ၁ရက်နေ့ ဒေါက်တာအရှင်ဥာဏိဿရ သီတဂူဆရာတော်ဘုရားကြီး ၊ မေလ ၂ရက်နေ့ကွင် မနာပဒါယီ အရှင်ဝိစိတ္တ ကိုရီးယားဆရာတော၊် မေလ ၃ရက်နေ့တွင် အရှင်သုဇာတ မေတ္တာအေးဆရာတော်တို့က ညစဉ် ၇နာရီခွဲတွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အကြိုတရားဟောကြားမည်ဖြစ်သည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ဓမ္မစကူးလ် ကျောင်းတော်များ  မြန်မာနိုင်ငံအနှံ့ပေါ်ပေါက်ရေးနှင့် ရေရှည်တည်တံ့ရေးတို့အတွက် ပါဝင်လှူဒါန်လိုသူများအနေဖြင့်…
ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် စီစဉ်ရေးဆွဲထားသော ကျောင်းသားကိုင် စာအုပ်၊ ဆရာလမ်းညွှန်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေရေး
သင်ထောက်ကူပစ္စည်းများ ရိုက်နှိပ်ထုတ်ဝေရေး
ခေတ်မီသင်ကြားသင်ယူမှုနည်းစနစ်များကို စနစ်တကျ အသုံးပြုတတ်စေရေးအတွက် စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသော ဆရာဖြစ်သင်တန်းများ ဖြစ်မြောက်ရေးတို့တွင် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။