ဇော်အောင် (မုံရွာ) - စင်ကာပူအတွက် မြန်မာ အိမ်အကူလုပ်သား ဈေးကွက်



ဇော်အောင် (မုံရွာ) - စင်ကာပူအတွက် မြန်မာ အိမ်အကူလုပ်သား ဈေးကွက်
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၅

စင်ကာပူ တနင်္ဂနွေနေ့ ညနေပိုင်း၊ HDB ဆိုတဲ့ လူနေတိုက်တန်းကြားမှာ အသက်၂၀ကျော် အမျိုးသမီးလေး တယောက် အိမ်အကူပုံစံပါပဲ။  သူ့ဖာသာပြုံးရင် မြန်မာစကားနဲ့ တယ်လီဖုန်း နားကြပ်ကလေးနဲ့ ဈေးဆင်းဝယ်၊ ပျော်နေတဲ့ ပုံပါပဲ။ တနင်္ဂနွေနားရက်ဆိုရင် စင်ကာပူ ပင်နီစူလာ ပလာဇာမှာတော့ မြန်မာအိမ်အကူ မြောက်များစွာ သူတို့မိတ်ဆွေ သူငယ်ချင်းများနဲ့ အားလပ်ရက် အနားယူကြတာ တွေ့မိတယ်။ အသက်ငယ်သူများပါတယ်။ လှပစွာ ဝတ်စားဆင်ရင် ပျော်နေသူများစွာ တွေ့ရပါတယ်။ တစ်ချို့လည်း တွေးတော၊ ထိုင်နေတဲ့ မြန်မာမိန်းကလေးတွေလဲ ရှိပါတယ်။ အင်တာနက် ခေတ်စားတော့ တယ်လီဖုန်း အင်တာနက်ထဲ နာမည်ကျော် Alibaba.com အလီဘာဘာ ဝက်ဆိုဒ်မှာ Myanmar Maid လို့ရိုက်ထည့်လိုက်ပါတယ်။ အိမ်ဖော်လုပ်ငန်ကြော်ငြာများစွာ ပေါ်လာပါတယ်။
.
ဆင်းရဲတဲ့ မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ဗီယက်နမ် စသဖြင့် အိမ်အကူ၊ ကျမ်းမာရေးအကူ အမျိုးသမီးများကို အလီဘာဘာ ဝက်ဆိုဒ်ကနေ တစ်လ ကန်ဒေါ်လာ ၅၀၀ ကနေ တစ်ထောင်ထိ လစာ ပေးပြီး၊ ခေါ်နေကြပါတယ်။ တကယ်တော့ အင်မတန်ရှုပ်ထွေးတဲ့ အိမ်အကူ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ အိမ်ဖော် အေးဂျင့်လုပ်သူများ .. တနည်းအားဖြင့် အိမ်ဖော်ရဲ့ လုပ်ခကို အမြတ်ထုတ်သူများ၊ ဒီစာဖတ်မိရင် အေးဂျင့်ခ ၂လထက် ပိုမယူဖို့ တောင်းပန်ပါတယ်။ အနိုမ့်ဆုံးဘဝ အမျိုးသမီးငယ်များရဲ့ ကူညီတယ် ဆိုပေမဲ့၊ စေတနာနဲ့ တစ်ပတ်တစ်ကြိမ် ကိုယ်ခန့်ပေးလိုက်တဲ့ အိမ်အကူဆီ ဖုန်းဆက်၊ အဆင်ပြေသလား မေးမြန်း ကူညီအားပေးသင့်ပါတယ်။ အေးဂျင့်တွေက နောက်ဆက်တွဲ လုပ်မပေးပဲ ပစ်ထားလိုက်တာချည်းပါပဲ။

အခုမြန်မာနဲ့ စင်ကာပူ အေးဂျင့်များက ပြသနာနည်းအောင် လုပ်ပေးနေပေမဲ့ အေးဂျင့်ဖိုးကြေနိုင်ဖို့ အခမဲ့ လပေါင်းများစွာ သူတပါးဆီမှာ အလုပ် လုပ်ပေးနေဆဲ မြန်မာအိမ်အကူ အမျိုးသမီးများ ရှိနေဆဲဖြစ်ပါတယ်။ အေးဂျင့်ကောင်း ဆိုတာ ရှားပါတယ်။ အဓိကတော့ အိမ်ရှင်တွေကို ပညာပေးဖို့အဓိကဖြစ်လို့ စင်ကာပူမှာတော့ အိမ်အကူ ငှားမယ်ဆိုရင် အိမ်ရှင်ကိုပဲ အရင်သင်တန်းပေး  ပို့ချဖို့ အစိုးရက အေးဂျင့်တွေကို ဖိအားပေးပါတယ်။

မြန်မာများ ပြည်တွင်းမှာ အလုပ်ကိုင်နည်းလွန်းတော့  နိုင်ငံခြားပဲထွက်လာကြတယ်။ အဆင်ပြေတာ များပေမဲ့ ရေရှည်မှာ တိုင်းပြည်အတွက် မကောင်ပါဘူး။ ဗီယက်နမ်၊ ထိုင်း၊ မိန်းကလေးများ တစ်လကို ပြည်တွင်းမှာ  တစ်လ ကန်ဒေါ်လာ ၃၀၀လောက် စက်ရုံတွေမှာ အလုပ်လွယ်တော့၊ ဒေါ်လာ တစ်ထောင်ရလဲ နိုင်ငံခြားသွားပြီး အိမ်ဖော်မလုပ်ကြတော့ပါဘူး။ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်များကတော့ ပြည်တွင်းမှာ အလုပ်ခက်ခဲလွန်းလို့ ..အိမ်ဖော်အလုပ်ပဲ အပြိုင်လုပ်နေဆဲပါ။


မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ ၄နိုင်ငံကတော့ အိမ်ဖေါ်ဈေးကွက် စင်ကာပူမှာ လာပြီးပြိုင်နေကြပါတယ်။ စင်ကာပူအစိုးရက တစ်လ ဒေါ်လာ၄၅၀ အနည်းဆုံးပေးရမယ်။ တစ်ပတ်၊ တစ်ရက် အားလပ်ရက်ပေးရမယ်၊ လူနဲ့တူအောင် ဆက်ဆံခိုင်းစေရမယ် ..သတ်မှတ်ချက်များကြောင့် စင်ကာပူရောက် အိမ်အကူများဘဝက အများအားဖြင့် အခြေအနေကောင်းတယ် ပြောနိုင်ပါတယ်။ြ

မြန်မာအိမ်အကူ ၃သောင်းကျော် ရှိတယ်လို့ ၂၀၁၄ လူဝင်မှု အချက်အလက် သတင်းများက ဆိုပါတယ်။  မြန်မာအေးဂျင့်နဲ့စင်ကာပူအေးဂျင့် ပေါင်းပြီးလုပ်စားမှုများကြောင့် ၂၀၁၄မှာ မြန်မာအစိုးရက စင်ကာပူကို အိမ်အကူ တရားဝင်မစေလွှတ်ဖို့ တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းမျိုးစုံနဲ့ စင်ကာပူကို မြန်မာအမျိုးသမီးများ လာနေဆဲဖြစ်ပါတယ်။ စည်းကြပ်လိုက်တော့ အိမ်အကူပြသနာများ နည်းလာပါတယ်။

အမျိုးသမီးများ၊ ယောင်္ကျားထက်၊ ယုံလွယ်၊ မိတ်ဆွေဖြစ်လွယ်၊ စေတနာ မေတ္တာ၊ ပိုကောင်းကြပါတယ်။ သားသမီးများကလည်း မိခင်ကို ပိုပြီးခင်တွယ်ကြပါတယ်။ အိမ်အကူ အဖြစ်နိုင်ငံခြား ရောက်လာသူ မိန်းကလေးများ အရင်က ဘွဲ့ရမိန်းကလေးများ ဖြစ်ကြပြီး အခုတော့ ရေးတတ်ဖတ်တတ်တွေ အများဆုံးရောက်လာကြပါတယ်။ ပညာတတ်အိမ်ဖေါ်များက တစ်လ ဒေါ်လာ၆၀၀ အထက် လခတောင်းကြပါတယ်။ သူများအိမ်မှာ နေရတဲ့ဘဝမှာ အိမ်ရှင်တွေအကြောင်း နားလည်ဖို့၊ သူတို့နဲ့အဆင်ပြေဖို့ အဓိကဖြစ်ပါတယ်။

အိမ်အကူ လုပ်မဲ့ မြန်မာများကို သနားပါတယ် ပြောကြပါတယ်။ ဒါပေမဲ့ ဝေးဝေးနေကြတယ်။ တွေ့ဆုံဖြစ်ရင် ဘယ်လိုကူညီနိုင်မလဲ ဆိုတာ အနည်းငယ်ရေးလိုပါတယ်။ ဒီစာ ဖတ်ရသူကတော့ အိမ်ရှင် (သို့မဟုတ်) အိမ်ဖေါ်များကို ကူညီပေးသူ ဖြစ်ရင် ကူညီဖို့ နည်းလမ်းအချို့ ရေးထားပါတယ်။

အိမ်ရှင်-အိမ်ဖော် ပြသနာအများဆုံးက ပထမ (၃)လအတွင်းမှာ ဖြစ်ပါတယ်။ အိမ်ဖော်အဖြစ် ရောက်လာသူ မြန်မာအမျိုးသမီးအဖို့ မျက်ရည်မျက်ခွက် အလွန်ခက်ခဲတဲ့ ပထမ(၃)လ ဖြစ်ပါတယ်။ အိမ်အကူ အလုပ်မှမဟုတ်ပါဘူး။ ရေမြေ၊ ယဉ်ကျေးမှုမတူတဲ့ နိုင်ငံတစ်ခုကို အလုပ်သွားလုပ်သူ၊ ကျောင်းသွားတက်သူ အားလုံး ပထမ(၃)လ အလွန်ခက်ခဲစွာ ကျော်လွှားရပါတယ်။ အများအားဖြင့် အိမ်ရှင်များက အိမ်အကူအမျိုးသမီးကို ပထမ(၃)လ အပြင်ထွက်ခွင့်၊ ဖုန်းဆက်ခွင့်၊ ပေးလေ့မရှိပါဘူး။ သူတို့မိသားစုနဲ့ အဆင်ပြေအောင် နည်းမျိုးစုံနဲ့ ပြင်ပလောကအဆက်ဖြတ် သင်ကြားပေးပါတယ်။ အိမ်အကူ ထွက်ပြေးသွားရင် အိမ်ရှင်နဲ့ စင်ကာပူအေးဂျင့်များ တော်တော် ပြသနာများပါတယ်။ ဒါကြောင့် ပတ်စပို့၊ အလုပ်ပါမစ်များကို အိမ်ရှင်ကပဲ သိမ်းထားလေ့ရှိပါတယ်။


အိမ်ရှင်၊ အိမ်အကူ နားလည်မှုရရှိရေး (စကားပြော)

မြန်မာအိမ်အကူများက အင်္ဂလိပ်စကား၊ နားလည်ပြောဆိုနိုင်ရင် အလုပ်အဆင် ဆိုတာ ကောင်းကောင်းသိနေကြပါပြီ။ အင်္ဂလိပ်စကားကို အိမ်ရှင်များကလည်း သင်ကြားပေးကြပါတယ်။ ပြောဆိုလေ့ကျင့်ရင်း ကြိုးစားတဲ့မြန်မာအမျိုးသမီးလေး (၃)လကနေ (၆)လ ကြာချိန်မှာ တော်တော်ပြောတတ်လာပါတယ်။ အင်္ဂလိပ်စကားကို အိမ်ရှင်မိသားစုနဲ့ ပြောဆိုလေ့ကျင့်နိုင်တဲ့ အိမ်အကူအမျိုးသမီးများစွာ ရှိပါတယ်။ အများအားဖြင့် အသက်၃၀ပတ်ဝန်းကျင် မိသားစုများမှာ ကလေးထိန်း၊ အိမ်အလုပ် လုပ်ကိုင်ရရင် တော်တော်အဆင်ပြေပါတယ်။ အသက်ကြီးပြုစုရသူ၊ မိသားစုများတဲ့ အိမ်များမှာ လုပ်ကိုင်ရရင်တော့ အရမ်းခက်ပါတယ်။
တချို့ဆို မြန်မာစကားတောင် မပြောတတ်ပဲ ဒီရောက်မှ သင်ပေးမယ်ဆိုပြီး၊ ရောက်လာသူများ ဖြစ်ပါတယ်။ အိမ်ရှင်များ တော်တော် စိတ်ပျက်၊ ပင်ပမ်းခံပြီး သင်ရပါတယ်။

စင်ကာပူ့မှကူညီမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း

အေးဂျင့်နဲ့လာတဲ့ မြန်မာအမျိုးသမီးများ ဘယ်အိမ်မှာ အလုပ်လုပ်ရမလဲဆိုတာ၊ အေးဂျင့်တွေက လူမသိအောင် ဖုံးဖိထားလေ့ရှိပါတယ်။ ကူမဲ့လူ အားကိုးရှိရင် အိမ်အကူတွေက အားကိုးရှာပြီး၊ အိမ်ရှင်နဲ့အဆင်မပြေ ဖြစ်လေ့ရှိတာကြောင့် ရောက်ကာစမှာ ဘယ်သူမှမသိအောင် ထောင်ကျသလို ထားခြင်းခံရပါတယ်။ အိမ်ရှင်-အိမ်ဖော် ယုံကြည်မှုစမ်းသပ်ခြင်း ကာလဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ အပြင်က အားကိုးရမဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဝင်လာတာကို အိမ်ရှင်များ လုံးဝမကြိုက်ပါဘူး။ သူတို့ အလုပ်သမားကို အပြင်လူ လာရှုပ်တာ လက်မခံနိုင်ပါ။ အေးဂျင့်က တဆင့် ဆက်သွယ်ရပါတယ်။ တချို့ဆို တယ်လီဖုန်း မကိုင်ရဘူးတော့ မပြောပါ။ တယ်လီဖုန်းကဒ် မသုံးနိုင်အောင်၊ အိမ်ကတယ်လီဖုန်းကို လုံးဝ မကိုင်ရ တားမြစ်ထားပါတယ်။
.
အိမ်ရှင်-အိမ်အကူ အဆင်ပြေဖို့က လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းလည်း အလွန်အရေးကြီးပါတယ်။ အသိမရှိရင် အနိုင်ကျင့်ခံရတတ်လို့ သူ့မှာ တကယ်ယုံကြည်ရတဲ့ ဆွေမျိုး၊ မိတ်ဆွေ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း လိပ်စာ၊ တယ်လီဖုန်းနံပါတ်ကို အိမ်ရှင်ထံ ပေးထားရပါတယ်။ တကယ်လဲ ကူညီမဲ့ ဖုန်းခေါ်ရင် ပြန်ဖြေဖို့ လိုပါတယ်။


အခက်ခဲလိုအပ်ချက်များ တောင်းဆိုခြင်း

အိမ်အကူများ အထူးသဖြင့် မြန်မာပြည်ကရောက်လာသူများဟာ ဒေါ်လာ ဗလာနတ္တိနဲ့ ရောက်လာသူများ ဖြစ်ပါတယ်။ အလွန်သနားစရာ ကောင်းပါတယ်။ အေးဂျင့်နဲ့ ဆိုရင် (၄)လ ကနေ တချို့ (၆)လ ကျော်တဲ့အထိ ဘာစရိတ်၊ ညာစရိတ် စရိတ်တွေ ဖြတ်တောက်ပြီး လစာမရပဲ အခမဲ့ လုပ်ရပါတယ်။ ဘာကြောင့် ဒါလောက်တောင် အနိုင်ကျင့်ခံရသလဲ ဆိုတော့ မြန်မာအေးဂျင့်များက မညှာမတာ၊ ရေနစ်ရာဝါးကူထိုး အနိုင်ကျင့်မှု ဖြစ်ပါတယ်။

မြန်မာပြည် တောရွာအဆုံး နိုင်ငံခြား အိမ်ဖော်သွားမလုပ်သင့်ဘူး... ဆိုတာ အားလုံးသိနေကြပါပြီ။ ရွာကို ရောက်လာတဲ့ မြို့သားကိုလူချောနဲ့ ရီးစားဖြစ်ပြီး၊ ဘဝပျက်ရတဲ့ ဇတ်လမ်းတွေ တစ်ပုံတစ်ပင်ပါ။ အခုတော့ မြို့ကလာတဲ့ အစ်မကြီး၊ အစ်မလေး၊ အန်တီကြီးတို့ ခေတ်ဖြစ်နေပါတယ်။ စီးပွားရေးအဆင်မပြေတော့ မိန်းမတွေ တရုပ်ပြည်ရောင်းစားခံရတာ တစ်မျိုး၊ ကိုယ်တိုင်က ရောင်းစားခံချင်နေတဲ့ အမျိုးသမီးများက တစ်မျိုး၊ ထိုင်း၊ မလေးရှား၊ တရုပ်-ယူနန်ပြည်နယ်မှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီးများ၊ စင်ကာပူမှာ အိမ်ဖော်သွာလုပ်ဖို့ ဘာမှတတ်စရာမလိုဘူး ညာပြီးခေါ်တဲ့ အေးဂျင့်များရှိပါတယ်။ အထူးသဖြင့် ကိုယ့်မိတ်ဆွေ နီးစပ်ရာနဲ့ဆက်သွယ် ရောက်လာသူများ၊ စိတ်ပျက်နေချိန် အေးဂျင့်တယ်လီဖုန်းဆက်၊ သွားပြီးတွေ့၊ ပိုက်ဆံမလိုဘူး။ လူပဲလိုတယ် သင်ပေးမယ်ဆိုပြီး ၂ပတ်အတွင် ပတ်စပို့လုပ်၊ ရက်တို အင်္ဂလိပ်စာသင်တန်း၊ အိမ်ဖော်လုပ်ငန်းသင်တန်းပေး ..မအူမလယ်နဲ့ စင်ကာပူရောက်လာသူ များစွာကြောင့် ပြသနာများစွာဖြစ်ရပါတယ်။

စင်ကာပူရောက်လာပြီး စာချုပ်ကိုတောင် မသိ၊ တစ်လ ဒေါ်လာ၄၅၀ ရမယ်၊  တစ်လကြာရင်၂ပတ် တစ်ရက် နားခွင့်၊ အပြင်ထွက်ခွင့်ရမယ်။ အိပ်စရာ တစ်ခန်းပေးရမယ်..စသဖြင့် သိလာပါတယ်။ ဒါပေမဲ့ ကိုယ့်အခွင့်အရေးကို ဘယ်လိုတောင်းရမှန်းမသိ၊ ခိုင်းတာတခြား၊လုပ်တာတခြား ပြသနာတွေ၊ ကြိတ်မှိတ်ခံပြီး စိတ်ပျက်နေရင်၊ အလုပ်တွေလဲ အဆင်မပြေ၊ ဆူခံ၊ နားရွက်ဆွဲခံ ထိလာတော့ ပြသနာတွေ တက်လာပါတယ်။
 

ဒီလိုအခက်ခဲ တွေဖြစ်လာရင် အိမ်ရှင်က အေးဂျင့်ကိုပဲ ပြောခိုင်းပါတယ်။ အမှန်တော့ အိမ်ရှင်နဲ့အိမ်အကူ နှစ်ဦးနှစ်ဖက် နေ့စဉ်တွေ့နေတာ၊ အိမ်ရှင်အားလပ်ချိန်၊ စိတ်ရွှင်လန်းစဉ်မှာ အခက်ခဲ၊ လိုအပ်ချက်များကို တိုက်ရိုက် ပြောသင့်ပါတယ်။ အေးဂျင့်ကို သွားပြောပါ ဆိုရင်လဲ ကျမမိတ်ဆွေ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ပြောတယ်။ အိမ်ရှင်နဲ့အဆင်ပြေအောင် ပြောပါဆိုလို့ အေးဂျင့်နဲ့ မပြောချင်ဘူး။ ကျမကို ကူညီပါ.. My aunty say, talk direct to house wife.  Please, help me.  When is my first salary. When is my first day off. စသဖြင့် တိုက်ရိုက် ပြောဖို့လိုပါတယ်။
.
အိမ်ဖော် အမျိုးသမီးများရဲ့ အဓိက နလဗိန်းတုန်း အကြံလို့ပြောရမလား။ သူတို့ပြောစကားက ရယ်စရာကောင်းတယ်။ အိမ်ရှင်မက အပေါက်ဆိုးတယ်။ အပြောကြမ်းတယ်။ အိမ်ရှင် ယောင်္ကျားက စကားမပြောဘူး၊ သဘောကောင်းတယ်။ ပြသနာမရှာဘူး။ ငါ့ပြသနာ၊ အခက်ခဲ၊ လိုအပ်ချက်ကို အိမ်ရှင်ယောင်္ကျားကိုပဲ ပြောမယ်...ဆိုတဲ့ လူပိန်းအတွေးပါ။ တကယ်များ အိမ်ရှင်ယောင်္ကျားကို သွားပြောမိရင် ပြသနာပိုဖြစ်မှာ။ အိမ်အကူများရဲ့ ဘော့စ် က အိမ်ရှင်မဖြစ်ပါတယ်။ အိမ်ရှင်ထီးကို အလာပ၊ သလာပ လိုက်ပြောနေရင် အိမ်ရှင်မများက မကြိုက်ပါဘူး။ ဒါကြောင့် အခက်ခဲ၊လိုအပ်ချက်များကို အိမ်ရှင်မကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။


ဘာသာရေးအဆုံးမအောက် နေထိုင်ခြင်း

ဘယ်အိမ်ရှင်မဆို မိမိကိုးကွယ်သော အိမ်အကူသည် နေ့တိုင်း၊ ညတိုင်း ဘုရားရှိခိုးခြင်း နာရီဝက်ခန့် လုပ်ပါက ကြိုက်နှစ်သက်ပါသည်။ အလုပ်ချိန်တွင်း ဘုရားစာဖတ်၊ ဘုရားရှိခိုး၊ တရားထိုင် လုပ်နေပါက အလုပ်ရှင်တိုင်း ကြိုက်မည်မဟုတ်။ စင်ကာပူအိမ်ရှင်မ တစ်ဦးက ပြောသည်။ သူလဲ တစ်နေ့ တစ်နာရီလောက် ဘုရားရှိခိုးတယ်။ အိမ်အကူက ၃နာရီလောက် ဘုရားရှိခိုးနေတော့ အရေးကြုံရင် သူ့အိမ်အကူက ခေါ်လို့မရတော့ဘူး..ဟု စိတ်ပျက်စွာ ပြောပြဖူးသည်။ နာရီဝတ် ခန့် ဘုရားရှိခိုးခြင်းသည် အပြောလွယ်သလောက် လက်တွေ့တွင် မလွယ်လှပါ။
.
ခရစ်ယန် သင်းအုပ်ဆရာတစ်ဦး ဘုရားကျောင်းသို့ စင်ကာပူအိမ်ရှင်မ တစ်ဦးရောက်လာသည်။ ငါ့ရဲ့ မြန်မာအိမ်ဖော်  မဟဝါ ကိုလာရှာတာပါ ဆရာ...ဟု အင်္ဂလိပ်လိုပြောပြီး ရောက်လာသည်။ မဟဝါ ကို ဒီဘုရားကျောင်းမှာ မတွေ့ကြောင်း၊ မဟဝါ မလာကြောင်း ဝမ်းနည်းစွာနှင့် သင်းအုပ်ဆရာက ပြန်ပြောလိုက်ရသည်။ အိမ်ရှင်မ စင်ကာပူလူမျိုးက မဟဝါ အလုပ်စလုပ်ခါစ ဖြစ်ကြောင်း၊ အပြင်ထွက်ခွင့် မပေးချင်ပေမဲ့ ဘုရားရှိခိုးကျောင်း ဆိုလို့ ခွင့်ပြုလိုက်ရကြောင်း၊ မဟဝါ ပေးထားတဲ့ လိပ်စာအတိုင်း လာခြင်းဖြစ်ကြောင်း ပြောပြီး၊ ပြန်သွားရှာပါတယ်။

.
ဘာသာရေး အဆုံးအမအောက် နေထိုင်သော မြန်မာအိမ်အကူများ အားလုံးနီးပါး ၊ အခက်ခဲကြီးများ ဖြစ်လာလျှင်လဲ ခံနိုင်ပါသည်။ ဘာသာရေး အဖွဲ့အစည်းများကလည်း ကူညီစောင့်ရှောက်လေ့ရှိပါသည်။

.

မြန်မာပြည်နဲ့စင်ကာပူအစိုးရ အိမ်အကူ အစိုးရဥပဒေ


စာအုပ်ကြီးအတိုင်း လုပ်တယ်ဆိုတာ၊ ဥပဒေအတိုင်း လုပ်တာကို ဆိုလိုပါတယ်။ စင်ကာပူ ဥပဒေမှာတော့ အိမ်ရှင်များ ဆောင်ရန်၊ ရှောင်ရန် အချက်များစွာ ရှိပါတယ်။ အိမ်အကူ အမျိုးသမီးများ ဆောင်ရန်၊ ရှောင်ရန် အချက်များစွာ ရှိပါတယ်။ အိမ်ရှင်များကို နှိပ်နယ်မပေးရ၊ လစာ လစဉ်၊ ဘဏ်စာရင်းသို့ ပေးသွင်းရမည်၊၂ပတ်တစ်ရက်။  

အိမ်ဖော်ညီမငယ်များ ဆောင်ရန်၊ ရှောင်ရန် (ဒေါ်အေးအေးမာ)၊ Helping Hand အဖွဲ့မှာအိမ်အကူများ အကျိုးဆောင်မှု၊ မြန်မာပြည်လွှတ်တော်သို့ ပြည်ပအလုပ်သမားကိစ္စဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန်တင်ပြချက်၊ မဲဆုံးဖြတ်ရွှေ့ဆိုင်းခြင်း၊ အသက်မပြည့် အိမ်အကူများ တားမြစ်ရေး၊ စင်ကာပူမှ အိမ်ဖော်ပြသနာအချို့၊ စင်ကာပူအိမ်ဖော်ဈေးကွက်၊ အိမ်ဖော်များ အင်္ဂလိပ်စာသင်တန်း၊ စင်ကာပူအိမ်အကူ Foreign Domestic Worker FDW ဥပဒေ ဦးအေးငြိမ်း-ဘာသာပြန်၊ စတဲ့ လမ်းညွန်များ ရှိပါတယ်။


စင်ကာပူ့အစိုးရ အိမ်အကူဥပဒေ ဖတ်ကြည့်ရင် အလွန်ကောင်းပါတယ်။ ဥပမာ အနားယူခြင်း
ကောင်းစွာအနားယူပါစေ၊ အထူးသဖြင့် ညပိုင်းတွင် လုံလောက်စွာ အိပ်စက်အနားယူပါစေ။

၁-ဇန္နဝါရီ-၂၀၁၃ မှစတင်၍ တစ်ပတ် (၇)ရက်လျှင် တစ်ရက် နားခွင့်ပေးရန် သတ်မှတ်ထားသည်။ အကယ်၍ အိမ်အကူသည် နားရက်တွင် အလုပ်လုပ်လိုသည့် ဆန္ဒရှိပါက၊ ထိုရက်အတွက် ပိုက်ဆံပေးရမယ်။ 

နေရာထိုင်ခင်း  * မိုးလုံလေလုံ စီစဉ်ပေးရမည်၊ * မွှေ့ရာ၊ ခေါင်းအုံး၊ စောင် စသည်တို့ ပေးရမယ်။ * လေဝင်လေထွက်ကောင်းကောင်း လုံလောက်ရမယ်၊ * အန္တရယ်ဖြစ်စေနိုင်သော နေရာတွင် မအိပ်ရ၊ ဥပမာ - ပြိုလဲတတ်သောစင်အနီး၊  * အရွယ်ရောက် ကာလသား၊ သို့မဟုတ်၊ ဆယ်ကျော်သက် လူငယ်များနှင့် အတူမအိပ်ခိုင်းရ၊  * ဖြစ်နိုင်လျှင် အခန်းသီးသန့်စီရင်ပေးရမယ်၊ မဖြစ်နိုင်ပါက ပြင်ပအနှောက်အယှက်မဖြစ်အောင် စီစဉ်ပေးရမယ်။ 


ပြင်ပအဆက်အသွယ်နဲ့ ပတ်သက်လို့ -  အိမ်အကူသည် ရောက်စတွင် အိမ်လွမ်းနေတတ်မယ်။ အထီးကျန်ဆန်နေမယ်၊ အထီးကျန် ကုစားရန်အတွက် သူ့အိမ်နှင့်ဖုန်းပြောခြင်း၊ မိတ်ဆွေ များနှင့် ပြောဆိုခြင်းများကို ခွင့်ပြုရမယ်... စသဖြင့် မြောက်များစွာ ဥပဒေပြုထားပါတယ်။


တကယ့်လက်တွေ့မှာ ဥပဒေ (စာအုပ်ကြီးအတိုင်း) လုံးဝမဟုတ်ပါ။

ဥပဒေကို အိမ်အကူလုပ်သူက ဖတ်ရှုနားလည်ထားသင့်ပေမဲ့ အကျိုးကျေးဇူးရှိမှာထက် ထက်စာလျှင် အကျိုးနဲစေဖို့ များပါတယ်။  နင်က သိပ်တတ်ပါလား.. ဟု ဆိုပြီး၊ ပိုမိုချုပ်ချယ်လာနိုင်တယ်။ အိမ်အကူက မခံမရပ်နိုင်တော့ အဆင်ပြေအောင်လုပ်မရတော့ပါ။ ဟိုတိုင်၊ သည်တိုင်၊ အလုပ်သမားဌာနတိုင်တန်း ပြသနာများဖြစ်လာပြီး၊ အိမ်ရှင်-အိမ်အကူ  နှစ်ဦးနှစ်ဖက် အကျိုးပျက်ပြားစေပါတယ်။

အထူးသဖြင့် မြန်မာမှမဟုတ်၊ လူတိုင်းသည် အလုပ်သစ်တစ်ခုကို ၆လခန့် လုပ်ပြီးရင် (အိမ်အကူ အလုပ်မှမဟုတ်၊ တခြားဘာအလုပ်ပဲဖြစ်ပါစေ)၊ မိမိလုပ်ရတာနဲ့ ရတဲ့ငွေနဲ့ မတန်ဘူး။ ပိုလုပ်နေရတယ်။ အခွင့်ရေးလဲ မပေးခံရဘူး။ ဟို..မဟဝါ ဆိုရင် အပတ်တိုင်းထွက်ပြီး၊ လစာ ဒေါ်လာ ၇၀၀တောင် ရနေတယ်။ စသဖြင့် ဘဝင်ရောဂါ ဖြစ်လာလေ့ ရှိပါတယ်။  ဥပဒေ (စာအုပ်ကြီး) လက်ထဲရှိနေရင်  အင်္ဂလိပ်လိုစာအုပ်ကို အိမ်ရှင်မြင်အောင် ပြချင်လာသည်။ ကိုယ့်ကိုယ်ကို ရွှေမြန်မာဟု ငါသိတယ်၊ ငါလုပ်နိုင်တယ်၊ အခွင့်ရေးပိုရသင့်တယ်..တောင်းဆိုရာကနေ  အလုပ်ရှင်နှင့် အဆင်မပြေ ဖြစ်လာလေ့ရှိပါတယ်။ အဆုံးတော့ မိမိ အလုပ်က ထွက်ခွာရခြင်းသာ အဖတ်တင်သည်။ ညှိလို့မရတော့ ကိုယ်မထွက်ရင်၊ သူက အလုပ်ထုတ်ပေါ့။ စင်ကာပူမှာ အိမ်ဖေါ်ကပဲ အလုပ်ပြောင်းမယ် ပြောတာများပါတယ်။

အဲဒါကြောင့် စာအုပ်ကြီး၊ ဥပဒေကို အားမကိုးသင့်ပါ။ အိမ်ရှင်-အိမ်အကူ နားလည်မှုရရှိရေးသာလျှင် အရေးကြီးဆုံးဖြစ်ကြောင်း ဖြစ်ပါတယ်။

နိဂုံး
အိမ်ရှင်-အိမ်အကူ နားလည်မှုရဖို့ပဲ အရေးကြီးဆုံးဖြစ်ပါတယ်။
၁။ အိမ်ရှင်မကိုယ်တိုင် စိတ်ရှည်စွာသင်ကြားတဲ့၊ ဆရာမဖြစ်ဖို့လိုတယ်။
    မြန်မာအိမ်အကူ ငှားထားသူ စင်ကာပူလူမျိုးများကို မည်သို့ဆက်ဆံသင့်သည်၊ အကြံပေးသင့်ပါတယ်။

၂။ အိမ်အကူ အင်္ဂလိပ်စကား နားလည်၊ ပြောဆိုတတ်ရမယ်။
   လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ကူညီပေးသင့်ပါတယ်။ အိမ်ရှင်က သင်ပေးပါတယ်။ အိမ်အကူ ကိုယ်တိုင်က မဆုတ်မနစ်ကြိုးစားသင့်ပါတယ်။

၃။ ဘာသာရေး လိုက်စားပါ။
   ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများမှာ အပတ်စဉ် အချိန်ပေးသွားရောက်ခြင်းက ကောင်းလှပါတယ်။
   ဘာသာရေးအဆုံးမအောက် အလုပ်ချိန်အပ် နေ့တိုင်း၊ ဘုရားရှိခိုး နေထိုင်ပြီး၊ မေတ္တာ၊ သစ္စာ၊ ဂရုဏာတရားများ ရရှိထားပါက အိမ်ရှင်တိုင်း ကြိုက်နှစ်သက်ကြပါတယ်။

အခြားအချက်များစွာ ရှိပါတယ်။ အင်္ဂလိပ်စကားပြောတောင်မှ မလေ့ကျင့်ရဲအောင် နှုတ်လျှာအားနည်း၊ ကြောက်ရွံ့နေရင်တော့ အဆင်ပြေရဖို့် ခက်ခဲပါတယ်။ အင်္ဂလိပ်စကား နားလည်၊ ကောင်းကောင်းပြောတတ်သွားရင် နောက်ဆုံး မြန်မာပြည်ပြန်ရင်တောင်မှ ကိုယ်ရပ်ရွာမှာပဲ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်ရင် အောင်မြင်မယ် ..လို့ပဲ အားပေးနိဂုံးချုပ်လိုက်ပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။  ( ဇော်အောင်)