လှကျော်ဇော - ရဲဘော်လွင် (သို့မဟုတ် ) လူ့လောကကို လှစေချင်သူ


လှကျော်ဇော -  ရဲဘော်လွင် (သို့မဟုတ် ) လူ့လောကကို လှစေချင်သူ
(မိုးမခ) မေ ၁၊ ၂၀၁၅

ပဲခူးရိုးမကျဆုံးသွားပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ သခင်ဗသိန်းတင်က ဗမာပြည် တော်လှန်ရေး ပြောက်ကျား အခြေခံဒေသများမှာ ကျန်နေသေးတဲ့ ဝါရင့်ဗဟိုကော်မတီများဖြစ်တဲ့ သခင်ဖေတင့်၊ ရဲဘော် မျိုးမြင့်၊ ရဲဘော်ကျော်မြ (ရခိုင်) နဲ့ အခြားဝါရင့်ခေါင်းဆောင်များ၊ အဝေးရောက် ပညာတော်သင် ဝါရင့်ရဲဘော်များ၊ ခေါင်း ဆောင်များကို ပြန်လည်စုစည်းကာ ၁၉၇၅ ခုနှစ်မှာ “ဗဟိုကော်မတီတရပ်” ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ကြေညာ ခဲ့ပါတယ်။ အဲဒီ ဗဟိုကော်မတီကို “၇၅- ဗဟိုကော် မတီများ” လို့ ခေါ်ခဲ့ကြပါတယ်။ ဒီဗဟိုကော်မတီမှာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည်ကို ပညာသင်များအဖြစ်ရောက်ရှိလာကြသူ တော်တော်များများပါဝင်တယ်။ ပြည်တော်ပြန်ဖို့ ပြင်ဆင်ချိန်မှာ ဘန်ဒေါင်းညီလာခံဆိုတာ ၁၉၅၅ မှာပေါ်လာပါတော့တယ်။ အဲဒီညီလာခံရဲ့သဘောတူညီချက်အရ ပညာတော်သင်များ တရုတ်ပြည်မှာ သောင်တင်ခဲ့ကြရပါတော့တယ်။ မဆလခေတ် ၁၉၆၇ မှာပေါ်ခဲ့တဲ့ တရုတ်-ဗမာအရေးအခင်းကြောင့်သာ ဗမာပြည်ထဲ (အရှေ့မြောက်ဒေသ) ကို နယ်စိမ်းတိုးပြီး တော်လှန်ရေး ပြောက်ကျားအခြေခံဒေသဖွင့်လှစ်ဖို့ အခွင့်လမ်း တရပ်ကို သူတို့တတွေ မမျှော်လင့်ဘဲ ရရှိလိုက်တယ်။ သူတို့ရဲ့မျှော်လင့်ချက်အတိုင်း ဗမာပြည်တော်လှန်ရေးကို ဆက်လက် လုပ်ကိုင်ခွင့် ရရှိခဲ့ကြတယ်။

ရဲဘော်သိန်းအောင် (ခ) ရဲဘော်လွင် (အလယ်) အားတွေ့ရစဉ်
(ဓာတ်ပုံမျှဝေသူ ဂျူနီယာဝင်း)

အဲဒီ ၇၅ ဗဟိုကော်မတီ  (၇၅- စီစီများလို့လည်း ခေါ်ပါတယ်။ 75-Central Committee.C.C)  ထဲမှာ ရဲဘော် သိန်းအောင် (ခေါ်) ရဲဘော်လွင် ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူက ၁၉၅၀ ခုနှစ်များအတွင်းက ဥက္ကဋ္ဌသခင်သန်းထွန်းညွှန်ကြားချက်အရ ပဲခူးခရိုင် ကော်မတီဝင်အဖြစ်ကနေ တရုတ်ပြည်ကို ပညာတော်သင်အဖြစ် ပါသွားပါတယ်။ ၁၉၅၈ မှာတော့ ဆိုဗီယက်ယူနီယံ ကို ထပ်ဆင့်စေလွှတ်တာခံရပြီး မော်စကို “မာ့က်စ်-လီနင်တက္ကသိုလ်” က ၁၉၆၂ မှာ မဟာဝိဇွာ (စာနယ်ဇင်းနဲ့ ပုံနှိပ်ထုတ် ဝေရေး) ဘွဲ့ရရှိခဲ့ပါတယ်။ ၂ နှစ်ကျော်လောက် အသေးစား လုပ်ငန်းစက်ရုံတွေမှာ ဝင်အလုပ်လုပ်ခဲ့ကြရပါတယ်။ ၁၉၆၅ ခုနှစ်မှာ ပီကင်းရှိ ပါတီဗဟိုဌာနခွဲသို့ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီကာလက ဆိုဗီယက်နဲ့တရုတ် သဘောတရားကွဲလွဲမှုတွေ   ဖြစ်ပေါ်ခဲ့ပြီး  ကျွန်မတို့ပါတီက တရုတ်ပြည်ပါတီဘက်က  ရပ်တည်ခဲ့ပါတယ်။ သူတို့ပညာတော်သင် ၅ ဦးကို ဆိုဗီယက်မှာပဲ ဆက်လက်နေထိုင်ဖို့  ဆွဲဆောင်ခဲ့ပေမယ့် သူတို့ ၃ ဦး (ရဲဘော်ခင်မောင်ကြီး၊ ရဲဘော်စံသူ၊ ရဲဘော်လွင်) က ပြန်လာခဲ့ကြပါ တယ်။ ကျန် ၂ ဦးကတော့ ရုရှားသူများနဲ့ အိမ်ထောင်ကျပြီး ကျန်ခဲ့ပါတယ်။

ရဲဘော်လွင်ကို ကျွန်မ ပထမဆုံးစတွေ့ခဲ့ရတာက ၁၉၇၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပါ။ ကျွန်မတို့သားအဖက ဗဟိုစခန်း ရောက်ပြီးမကြာမီမှာပဲ ဗဟိုက ဗဟိုကော်မတီအစည်းအဝေးတရပ်ကျင်းပဖို့ ပြင်ဆင်တဲ့ကာလနဲ့ တိုးပါတယ်။ အဲဒီတုန်းက ဗဟိုက ပန်ဆန်း မပြောင်းရသေးပါဘူး။ အနယ်နယ်အရပ်ရပ်က ဗဟိုကော်မတီဝင်များ ဗဟိုကို အလျှိုလျှိုရောက်လာ ကြပါတယ်။

ဖေဖေ ဗဟိုရောက်လာပြီဆိုတာသိကြတော့ သူတို့အားလုံးလိုလို သူတို့ရောက်ကြောင်း သတင်းပို့ပြီးတာနဲ့ ကျွန်မတို့သားအဖ ဆီ ဝင်လာကြပါတယ်။ ဖေဖေနဲ့ ဘီ-အိုင်-အေခေတ် ဘီ-ဒီ-အေခေတ် နဲ့ ဂျပန်တော်လှန်ရေးကာလ (တိုင်း-၄) များအတွင်းက ရဲဘော်ဟောင်းတွေ တိုက်ဖော် တိုက်ဖက်ဟောင်းတွေပါလာလို့ ဖေဖေက အတော်ပျော်နေပါတယ်။ အဲဒီရဲဘော်ကြီးများနဲ့ ရှေးဖြစ်ဟောင်းတွေ ပြောမကုန်ဖြစ်နေပါတယ်။ အဲဒီလူတွေကြားမှာ ခပ်ကုပ်ကုပ်ထိုင်နေတဲ့ ရဲဘော်တဦးရှိပါတယ်။ စကား ဝိုင်းထဲ ဘာမှဝင်မပြောပါဘူး။ ဒါကိုသတိပြုမိတဲ့ ဖေဖေက- သြော်-ဒီရဲဘော်က ... လို့ နှုတ်ဆက်စကားဆိုတော့ သူက ထရပ် လိုက်ပြီး ကျွန်တော်က ရဲဘော်သိန်းအောင်ပါ။ မြစ်အနောက်ဘက် မုံဂူ-နိုင်ငံရေးဌာနကပါ။ ဦးတင် (ဖေဖေ့တောတွင်းအမည်)သားများနဲ့ တဌာနထဲပါ ... လို့ဆိုပြီး ဖေဖေကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဒီတင် ရဲဘော်ရဲထွန်း (ဖေဖေ့ဂျပန်ခေတ် စံပြ ကျောင်း ကျောင်းသားဟောင်းကြီး) က သူက စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် မောင်လေ .... လို့ ဆိုလိုက်ပါတယ်။

ဒီတင် ဖေဖေက စကားဆက်ရသွားပြီး သူနဲ့ဒေါ်ခင်မျိုးချစ်နဲ့ ဘီဒီအေခေတ်ကတည်းက ရင်းနှီးကြောင်း၊ ဂျပန်ခေတ်အတွင်း သားဦးမွေးတော့ ဒေါ်ခင်မျိုးချစ်က“ဗမာ့လွတ်လပ်ရေး” အတွက် လှူကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက အလွန်အလေးထား ကြောင်း စတာတွေအပြင် သူတို့ဂျပန်တော်လှန်ရေးကာလထုတ်ခဲ့တဲ့ “တိုင်း (၄) သတင်းစာ” ထုတ်ဝေတဲ့အကြောင်းတွေ အားရပါးရ ပြောပြပါတော့တယ်။ သူ့ကိုယ်သူ “ရဲဘော်သိန်းအောင်” လို့ မိတ်ဆက်ပေမယ့် သူ့ကိုအားလုံးက တောတွင်း အမည် “ရဲဘော်လွင်” လို့ပဲ ခေါ်ကြပါတယ်။

၁၉၇၈ ခုနှစ် ကျွန်မတို့  “ဗဟိုဌာနချုပ်” ပန်ဆန်းပြောင်းလာတော့ ရဲဘော်လွင်ကို ပန်ဆန်းက “ဗဟိုပုံနှိပ်တိုက်” တာဝန်ခံ အဖြစ် ပြန်ဆုံရပါတယ်။ ကျွန်မမောင်အငယ် ကျော်ဇောဦး( ရဲဘော်ခိုင်အောင်) က သူ့လက်အောက်က ဘာသာပြန်အဖွဲ့ မှာပါ။

ကျွန်မ သူ့ကို နောက်ပိုင်းရင်းနှီးလာရတဲ့အကြောင်းကတော့ သူ့ကျန်းမာရေးအခြေအနေကြောင့်ပါ။ သူက ကျန်းမာရေး မကောင်းရှာပါဘူး။ မကြာခဏ ဖျားပါတယ်။ ကိုယ်ခံအားနည်းပုံရပါတယ်။ ရာသီဥတုအပြောင်းမှာ အအေး  ခဏခဏ မိပါ တယ်။ ငှက်ဖျားအခံကလည်းရှိတော့ ထစ်ခနဲဆို ငှက်ဖျားက ထပါတော့တယ်။

ဒီနေရာမှာ ပန်ဆန်းက ငှက်ဖျားအကြောင်း ပြောပြချင်ပါတယ်။ အဲဒီအရပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ငှက်ဖျားဟာ ငှက်ဖျား ဆိုး(Falciparam) ဖြစ်ဟန်ရှိပါတယ်။ ဘယ်လောက် ကာကွယ်ဆေးတွေ စားထား စားထား ငှက်ဖျားဘေးက အပြည့်ကာ ကွယ်မှု မရပါဘူး။ ကျွန်မတို့  အဲဒီတုန်းကစားရတဲ့ ငှက်ဖျားကာကွယ်ဆေးဟာ တရုတ်ပြည်ကထုတ်တဲ့  နံပါတ် (၃)  ကာ ကွယ်ဆေးပါ။ အလွန်အစွမ်းထက်ပါတယ်။ ပုံမှန်စားလို့ကတော့ ငှက်ဖျားဆိုးရဲ့ ရှုပ်ထွေးမှု (complications) တွေဖြစ်တဲ့ ဦးနှောက်ငှက်ဖျားတို့ ဆီးမဲရောဂါ (Black Water Fever) တို့ စတာတွေ ကို ရှောင်နိုင်ပါတယ်။ ဒါပေမဲ့ အဖျားဝင်တာကတော့ အနည်းအများ ခံရပါတယ်။ အဖျားတက်တာကလည်း ပုံမှန်မရှိပါဘူး။ နောက်ပိုင်း ခုခံအားလေး ဘာလေး တက်လာရင် သက်သာလာတတ်ပါတယ်။ အထူးသဖြင့်  အသက်ငယ်ရွယ်သူတွေ ကျန်းမာရေး အခံကောင်းသူတွေမှာ ဒီလိုနဲ့ သက်သာ လာပါတော့တယ်။

ရဲဘော်လွင်က အဲဒီကာလက (၅၀) ကျော် (၆၀) တွင်း ရောက်နေပါပြီ။ ဒါ့အပြင် ရဲဘော်လွင်ဟာ ၁၉၄၈   ပြည်တွင်းစစ်မစမီ ကလေးတင် ဖဆပလ နဲ့ကွန်မြူနစ်ပါတီ ကွဲစမှာ ပဲခူးမှာ ခရိုင်ကော်မတီအဖြစ် တာဝန်ထမ်းနေစဉ် ဖဆပလ ဆိုရှယ်လစ်များရဲ့ ရက်ရက်စက်စက် ဝိုင်းဝန်း ရိုက်နှက်ခြင်းကိုခံခဲ့ရဖူးပြီး  ခေါင်းဒဏ်ရာ  အကြီးအကျယ်ရခဲ့ပါတယ်။ အဲဒီဒဏ်ရာရဲ့ နောက် ဆက်တွဲ ဆိုးကျိုးကိုလည်း အမြဲမပြတ် ခံစားရပါတယ်။ ရာသီဥတုပူပြင်းလာရင် သူ ခေါင်းအကြီးအကျယ်ကိုက်တတ်ပြီး စိတ်ကစဥ့်ကလျားတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နာတာရှည်ရောဂါသည်ဘာဝ ကြိုတင်ခံစားမှု (aura)ရပုံရှိ ပါတယ်။ သူ့အခန်းသူ တံခါးပိတ်ပြီး ပန်းချီပဲ ထိုင်ဆွဲနေတတ်ပါတယ်။ သူ ပုံမှန်နေထိုင်ကောင်းမှ အပြင်ထွက်လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို အတူနေရဲဘော်များမှအပ ဘယ်သူမှ သိပ်မသိပါဘူး။

ပြဿနာက အဲလိုအချိန်မျိုးမှာ တခါတရံ ငှက်ဖျားထလာတတ်တာပါ။ ငှက်ဖျားအရှိန် အပူအပြင်းတက်လာတဲ့အခါ ရောဂါ (၂) မျိုးပေါင်းပြီး သူ့ခမျာ လှိမ့်နေအောင် ခံရတာပါ။ သူ့တို့ဌာနမှာ ဆေးလုပ်သားရှိပါတယ်။ တော်ရုံကိစ္စဆို ဆေးရုံကို အကြောင်းကြားလေ့မရှိပါဘူး။ ဒါပေမဲ့ ဆေးလုပ်သားလေးက မနိုင်နင်းဖြစ်လာရင်တော့ ဆေးရုံကို လှမ်းအကြောင်းကြား ရ တော့တာပါပဲ။

အဲဒီတုန်းက အရှေ့မြောက်စစ်ဒေသ ဆေးရုံကြီးမှာ ဆရာမကြီးဒေါ်ငွေက ဒုနိုင်ငံရေးမှူးပါ။ သူက ဗဟိုဌာနများက ပြင်ပ လူနာတွေကို လိုက်ကြည့်ရလေ့ရှိပါတယ်။ ကျွန်မကလည်း  အဲဒီဆေးရုံနဲ့တွဲပြီး  ဗဟိုဆေးကျောင်းကိုဖွင့်ထားတာဖြစ်တော့ ဆရာမကြီးက သူ လူနာကြည့်သွားတော့မယ်ဆိုရင် လွယ်လွယ်ကူကူ အတူနေ ကျွန်မပဲ ဆွဲခေါ်သွားတတ်ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ (၂) ယောက် ရဲဘော်လွင် မကျန်းမမာဖြစ်တိုင်း သွားသွားကြည့်ပေးရပါတယ်။ သူရောဂါအခြေအနေ ဆုပ်ကိုင်လာမိ တော့ ဘယ်အချိန် ဘယ်လိုကြိုတင်ပြင်ဆင်သင့်တယ်။ ဘာဆေးတွေ ကြိုပေးသင့်တယ်-ဆိုတာတွေကို အကြံပေးလာနိုင်ပါ တယ်။ သူကလည်း (ရောဂါ ခံစားနေရသူဖြစ်လို့) အတော်နာခံပါတယ်။

ဒါပေမဲ့ ခက်တာက တခါငှက်ဖျားထပြီးရင် နာလန်ထဖို့ တခါထက် တခါ ကြာလာတာပါ။ သူကလူပျိုကြီးပါ။ အလွန်လည်း အရှက်အကြောက်ကြီး အားနာစိတ်လည်းကြီးပါတယ်။ ဒါကြောင့် သူကို နာလန်ထူအောင်ပြုစုဖို့က အခက်အခဲတွေရှိလာပါ တယ်။ ကျန်းမာရေးက ကြာလေကျလေဖြစ်လာပါတယ်။ စိတ်ကယောက်ကယက်ဖြစ်မှုက ပိုပြင်းထန်လာပါတယ်။

တကယ်တော့ ရဲဘော်လွင်ဟာ အလွန်ထက်မြက်သူပါ။ ကမ္ဘာ့အဆင့်တက္ကသိုလ်ကြီးတခုက အဆင့်မြင့်ဘွဲ့ရလာသူပီပီ သူဟောပြောချက်တွေဟာ သိပ်ပြည့်စုံပါတယ်။ သုတေသနစာတမ်းတစောင်လို ပြုစုပြီးမှ ပို့ချတာပါ။ တွေးခေါ်စရာ အသစ် အဆန်းတွေပါတတ်ပါတယ်။ အဲ ... အားနည်းချက်တခုပြောရရင်တော့ တခြားခေါင်းဆောင်တွေရဲ့ ပြောဟောချက်တွေဆို ရင်တော့ ဟန်ဆောင်ပန်ဆောင်လေးတောင် နားမထောင်ပါဘူး။ ဒါကလည်း သူ့ကို လူထုနဲ့ကင်းကွာစေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တရပ်ဆိုတာ လူစုံပါတာပါ။ တယောက်ချင်း ဆန်းစစ်ခွဲခြားကြည့်ရမှာပါ။ လယ်သမားကလာတဲ့ လူက လည်း သူ့အားကောင်းချက်နဲ့သူပါပဲ။ အားကောင်းချက်များကို အပြန်အလှန်လေ့လာပြီး အားနည်းချက်တွေ နည်းသထက် နည်းသွားအောင် ဝိုင်းဝန်းကြိုးစားပေးရမှာပါ။ ကျွန်မ အခုမှစဉ်းစားမိတာက ရဲဘော်လွင်ဟာ ဒီအခြေခံစဉ်းစားချက်များကို မသိတာ ဂရုမစိုက်တာ ဟုတ်ဟန်မတူပါဘူး။ သူ့ကျန်းမာရေး အခြေခံအပြောင်းအလဲကြောင့် စဉ်းစားနည်းတွေ လွဲဟန်တူပါ တယ်။ သူ့ကျန်းမာရေးအခြေအနေကို သေသေချာချာမသိကြတဲ့ ရဲဘော်များကလည်း အထင်လွဲတာဖြစ်နိုင်ပါတယ်။

သူက အစည်းအဝေးတွေမှာ မပြီးနိုင် မစီးနိုင်၊ မိုးမဆုံး မြေမဆုံး လေကြောရှည်တာကို မကြိုက်တဲ့အချက်လည်း ပါလိမ့်မယ် ထင်ပါတယ်။ ဒါကိုတော့ သူက ထုတ်ဖော်ပြောပြတယ်။ နောက်ပြီး အောက်ခြေရဲဘော်တွေကို ပညာပေးတာ သင်တန်းပို့ ချတာတို့ကိုကျ သူက လိုလားတယ်။ ဒါကြောင့် ဟောပြောပွဲတွေမှာ သူက အသေအချာပြင်ဆင်ပြီး ပို့ချတာလုပ်ပါတယ်။ ဒါကြောင့် သူ့ပို့ချချက်တွေ ကောင်းမွန်ပြီး ရဲဘော်တွေလေးစားကြတာ တွေ့ရပါတယ်။ ဒါက ပြန်စဉ်းစားကြည့်မိတာပါ။

ကျွန်မတို့မြို့ပေါ်က တော်လှန်ရေးထဲရောက်လာကြတဲ့ ပညာတတ်အုပ်စုကလည်း အဲဒီတုန်းက တရုတ်ပြည်ရဲ့ “ယဉ်ကျေးမှု တော်လှန်ရေး” ဂယက်ရော ပဲခူးရိုးမရဲ့“ဖြုတ်-ထုတ်-သတ်” အရှိန်ရော-ရောပြီး အတော်လက်ဝဲကျနေကြတာပါ။ မြို့ပေါ်က လာကြသူများမို့ ဓနရှင် ပညာတတ်ဉာဉ်တွေ မဖျောက်နိုင်ဘူးလို့အပြောခံရမှာစိုးကာ လက်ဝဲသူငယ်နာ မစင်ကြသူတချို့လည်း တော်လှန်ရေးထဲမှာ ရှိပါတယ်။ ဒါကြောင့် သပ်သပ်ရပ်ရပ် လှလှပပ ပြုပြင်ရင်၊ အဝတ်အစား သစ်သစ်လွင်လွင် ဝတ်ရင်၊ အလှအပ အနုပညာကိုခံစားမိရင် ပစ္စည်းမဲ့မဆန်ဘူးလို့ထင်တတ်သူတချို့ ရှိနေပါတယ်။ ပစ္စည်းမဲ့ဆန်အောင်ဆိုတဲ့ သဘော နဲ့ စိတ်ဓာတ်အရမဟုတ်ဘဲ အပေါ်ယံ ဟန်လုပ်နေသူတွေလည်း ရှိတတ်ပါတယ်။

တခါတော့ ရဲဘော်လွင်နေတဲ့ အခန်းထဲကို ကျွန်မတို့ထဲက ရဲဘော်တဦးက ရောက်သွားပါတယ်။ ရဲဘော်လွင်က သူ့အခန်းကို သူဆွဲထားတဲ့ ပန်းချီကားတွေရော နိုင်ငံခြားမှာ သူပညာသင်စဉ်က စုဆောင်းထားတဲ့ ပန်းချီကားတွေနဲ့ပါ သူ့အခန်းကို သပ် သပ်ရပ်ရပ် လှလှပပလေးပြင်ဆင်ထားပါတယ်။ ဒါကိုတွေ့တဲ့ အထက်မှာပြောတဲ့ အခန်းထဲဝင်လာတဲ့ ရဲဘော်က-“အမယ် လေး--ရဲဘော်လွင်ကလည်း  ကွန်မြူနစ်ကြီးဖြစ်နေပြီး  ဒီလောက်တောင် အလှအပကြိုက်နေရသလား” လို့ ပြောမိပါသတဲ့။ ဒီတော့  ရဲဘော်လွင်ပြန်ပြောလိုက်တာက ဘယ်လိုပြောလိုက်တာလည်းဗျာ။ သခင်သန်းထွန်းလည်း အလှအပ နှစ်သက်တာ ပဲ။ သခင်ဗဟိန်းလည်း အနုပညာကိုခံစားတတ်တာပဲ။ ကွန်မြူနစ်ဆိုတာ တကမ္ဘာလုံးကို လှစေချင်တဲ့သူတွေဗျ။ လူ့လောက တခွင်လုံး ဒုက္ခသုက္ခတွေ၊ ဆင်းရဲမွဲပြာကျတာတွေ၊ နိုင်ထက်စီးနင်း အနိုင်ကျင့်တဲ့ မတရားမှုတွေ မမြင်ချင်ဘူးဗျ။ တကမ္ဘာ လုံးရှိ လူသားတွေ ဆင်းရဲဒုက္ခ အနိဋ္ဌာရုံတွေကင်းပြီး တကမ္ဘာလုံး သာယာလှပစေချင်လွန်းလို့ကို ကွန်မြူနစ်ဖြစ်နေရတာ .... တဲ့။

ဟုတ်ပါရဲ့။ ရဲဘော်လွင်ဟာ တသက်ပတ်လုံး သူ့ယုံကြည်ချက် အလှအပအတွက် ကိုယ်ကျိုးဟူသမျှ စွန့်လွှတ်ပြီး သူတတ် နိုင်သမျှ တာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ရင်း၊ သူတတ်နိုင်သမျှ သူလုပ်ဆောင်သွားခဲ့တာကို ကျွန်မတို့ အသိ အမှတ်ပြုရမှာပါ၊ ပြုလည်း ပြုနိုင်ပါတယ်။

ရဲဘော်လွင် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေသော်။