ဇာနီကြီး - နှစ်ရှည် အတိုးမဲ့ချေးငွေနှင့် ထောက်ပံ့ငွေများ ဇီးသီဗန်းမမှောက်ဖို့


ဇာနီကြီး - နှစ်ရှည် အတိုးမဲ့ချေးငွေနှင့် ထောက်ပံ့ငွေများ ဇီးသီဗန်းမမှောက်ဖို့
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၅

တလောက တရုပ်နိုင်ငံကနေ မြန်မာစိုက်ပျိုးရေး တောင်သူများအတွက် ကြိုတင်ချေးငွေပေးဖို့ ဒေါ်လာသန်းပေါင်းများစွာ နှစ်ရှည်ချေးငွေ စာချုပ်လုပ်ပါတယ်။ အခု နှစ် ၃၀ အတွင်း ပထမဆုံးမဟာဗျူဟာအဖြစ် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဒေါ်လာ သန်း ၁၆၀၀ ကို နှစ်ရှည်အတိုးမဲ့ချေးငွေ ထောက်ပံ့မည် သတင်းထွက်လာပြန်ပါတယ်။
၂၀၁၅ ခုနှစ်မှ ၂၀၁၇  ဒေါ်လာ သန်း ၁၆၀၀ အထိရှိမည့် နှစ်ရှည် အတိုးမဲ့ချေးငွေနှင့် ထောက်ပံ့ငွေများကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်း (IDA) က မြန်မာနိုင်ငံကို ကူညီသွားမည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်စွဲဖြင့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အဲ မှတ်ချက်ရေးရင်တော့ ကောင်းပါတယ်။ တကယ်တော့ ချေးငွေ စနစ်တကျမသုံးတတ်ရင်၊  ဇီးသီးဗန်းမှောက်တာထက် ပိုဆိုးပါတယ်..။ အစိုးရ လုပ်သူတွေ စိတ်ရင်းကောင်းရှိရုံမက လုပ်တတ်ကိုင်တတ်ဖို့ အဂတိမလိုက်စားကြရင် အရမ်းကောင်းတဲ့ ချေးငွေဖြစ်ပါတယ်။
မြန်မာနိုင်ငံချေးငွေက နှစ်တိုမဟုတ်ပါဘူး။ နှစ်ရှည် အနှစ်၂၀၊ ၃၀ ပြန်ဆပ်ရမှာဖြစ်လို့ နောက်လာနောင်သား အဆက်ဆက် လည်စင်းပြီး အတိုး၊အရင်း ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခု အစိုးရလုပ်သူများ အလွန်အရေးကြီးပါတယ်။

ဝိုင်းလုပ် ဝိုင်းစား ဖြစ်မှာ သေချာပါတယ်။ စာရေးသူအတွက်တော့ ချေးငွေပဲဖြစ်စေ၊ FDI, MIC နိုင်ငံခြား၊ ပြည်တွင်း ရင်းနှီးမြှတ်နှံမှုတွေ အားလုံး လုပ်ကိုင်၊ စီမံအုပ်ချုပ်သူ အစိုးရဝန်ထမ်းများ၊ အစိုးရ အဖွဲ့အစည်းများ အဲဒီ မဟာလူသားများအတွက် ဆုတောင်းပေးရုံမက၊  စာရင်းစစ်အဖွဲ့ကို အမြင့်ဆုံးသြဇာ အာဏာပေးဖို့ မျှော်လင့်ပါတယ်။

ကမ္ဘာ့ဘဏ် အစီအစဉ်အောက်မှာ လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် သုံးသန်းတို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာရန်လည်း ရည်မှန်းထားကြောင်း၊ အလားတူ လူဦးရေေ ခြောက်သန်းခန့်အတွက် လျှပ်စစ်မီးနှင့် အခြားအခြေခံပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းများ၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
 SME Small & Median Enterprise အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ချေးငွေရဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ခရိုနီ နဲ့ နီးစပ်ရာ ကုမဏီတွေပဲ အစိုးရချေးငွေကို သိမ်းကြုံး၊ ပွင့်လင်းမှုမရှိပဲ ရယူနေကြတာ အားလုံးအသိပါ။ ဘာမှမတတ်နိုင်ပါ။ အခု ဒီချေးငွေများကို လူပိန်းနားလည်အောင် ရေးပြချင်ပါတယ်။

စင်ကာပူမှာ အလုပ်ကိုင်ဝင်ငွေ ရှိသူတိုင်းကို ဘဏ်က လစာရဲ့ ၂ဆလောက် ငွေချေးပေးပါတယ်။ အိမ်ဝယ်ဖို့ဆိုရင် အိမ်တန်ဖိုးရဲ့ ၈၀% ချေးပေးပါတယ်။ စီးပွားရေးလုပ်ဖို့ ကုမဏီသက်တမ်း ၃နှစ်အထက် နှစ်စဉ်အမြတ်ရရှိပြီး၊ အခွန်မှန်မှန်ဆောင်ရင် စင်ကာပူဘဏ်များက ချေးငွေ အလွယ်တကူ ရပါတယ်။ ကုမဏီရဲ့ ငွေစာရင်းရှင်းတမ်းကို အစိုးရရုံးမှာ ဒေါ်လာ၂၀ပေးလိုက်ရင် အင်တာနက်မှာ ဖေ့စ်ဘုတ၊်၊ အီးမေးဆီကို ချက်ခြင်း ပို့ပေးပါတယ်။ ကုမဏီပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲ၊ ဝန်ထမ်းဘယ်နှစ်ယောက်လဲ၊ ရှယ်ယာပိုင်ဆိုင်သူများရဲ့ လူနာမည်၊ မှတ်ပုံတင်နံပါတ်များကို ချက်ချင်းထုတ်ပေးပါတယ်။ နာမည်ပျက်ရှိသူများ ဆိုရင် ဒေါ်လာ၂၀၀ လောက်ပေးလိုက်ရင် ၁၀နှစ်အတွင် နာမည်ပျက်၊ တရားရုံးအမှုတွေ ရှိမရှိပါ ထုတ်ပေးပါတယ်။ အနောက်နိုင်ငံ၊ အမေရိကား၊ ဂျပန်၊ ကိုးရီးယား နိုင်ငံများလည်း အလားတူ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးပါတယ်။

အမေရိကန်၊ စင်ကာပူ နိုင်ငံများမှာ ချေးငွေကြောင့် ဒုက္ခရောက်ရသူ၊ ဒေဝါလီ လူမွဲခံလိုက်ရသူ၊ ပုဂ္ဂိုလ်များစွာ၊ ကုမဏီများစွာ ရှိပါတယ်။ ချေးငွေဆိုတာ လုပ်တတ်ကိုင်တတ်မှ ယူသုံးသင့်ပါတယ်။ မလုပ်တတ်သူများ အကြွေးရရင် ဆင်တောင် အကြွေးနဲ့ဝယ်သူများ စီးပွားရေးလောကမှာ ၃နှစ်နဲ့ ဒုက္ခရောက်ပါတယ်။ နိုင်ငံအဆင့်မှာတော့ ချက်ခြင်းမသိနိုင်ပေမဲ့၊ နိုင်ငံတကာက တိုင်းတာနေတဲ့ CPI Corruption Index အဆင့်ကို ကြည့်ရင် တိုးတက်သလား ခန့်မှန်းနိုင်ပါတယ်။ မြန်မာနိုင်ငံငံ CPI တက်မလာ၊ ကျမသွား ရပ်တံ့နေပါတယ်။ အခြေအနေ ကောင်းလာဖို့တော့ နိုင်ငံကိုချစ်မြတ်နိုးတဲ့ စကားလုံးလှလှ ပြောရုံမက၊ အသက်အိုးအိမ်စည်းစိမ် စွန့်လွှတ်ခဲ့သူများကို အသုံးချဖို့ လိုအပ်နေပါတယ်။ ပညာရှင်များကို လက်တွေ အားပေး၊ အသုံးချနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် လိုခေါင်းဆောင်များစွာ မွေးထုတ်ပေးရပါမယ်။

တစ်ဦးချင်း ချေးငွေရရင် ဘဏ်တွေက ၂နှစ်အတွင်း ပြန်ဆပ်ဖို့တောင်းဆိုပါတယ်။ ဥပမာ ဒေါ်လာ ၂၄၀၀ ချေးတယ်ဆိုရင် ၂၄လ ပြန်ဆပ်ရင် အတိုးအရင်း လစဉ် တလ ဒေါ်လာ ၁၀၅ လောက်ပြန်ဆပ်ရပါတယ်။ နှစ်တိုးနှုန်းက ၆% လောက် ရှိပါတယ်။ လစဉ် မပေးနိုင်ရင် ဒဏ်ငွေ ဒေါ်လာ ၂၀လောက် ရိုက်ပါတယ်။ လူတွေကလည်း မေ့တတ်လို့  ဥပမာ စင်ကာပူ လူဦးရေ ၁သန်းလောက်က ငွေချေးရင် မေ့လျော့၊ နောက်ကျကြေး တစ်ဦးချင်းပေးရတာ နဲပေမဲ့၊ ဘဏ်ကတော့ မြောက်များစွာ ရရှိပါတယ်။ ဘဏ်ဆိုတာ အတိုးနှုန်းစားရုံမကဘူး.. နည်းမျိုးစုံနဲ့ အမြတ်ရပါတယ်။ လူ၁သန်း တစ်လ ပေးငွေနောက်ကျရင် ဘဏ်က ဒေါ်လာ သန်း၂၀ အသားလွတ် ရရှိသွားပါတယ်။ 

နောက်တစ်ခု .. ဇီးသီဗန်းမှောက် စကားလုံးကလဲ တော်တော် ခေတ်စားနေဆဲပါ။ ချေးငွေကို အသုံးချပြီး ပရိုဂျတ်တွေ လုပ်ကြပါတယ်။ ဘယ်သူတွေ လုပ်ကြပါသလဲ... ကမ္ဘာ့ဘဏ်နဲ့မေးမြန်း စုံစမ်းကြည့်တော့ ချေးငွေကို သုံးဖို့ ကမ္ဘာ့ဘဏ်က ဘာမှလုပ်ခွင့်မရှိပါဘူး..တဲ့။ ရေတွင်းရေကန်၊ ရေစုတ်စက်၊ ရေပိုက်၊ ကျန်းမာရေးဆေးခန်း၊ လျှပ်စစ်မီးအားပေးစက် ၊ အဆောက်အဦများဆောက်ခြင်း....စတဲ့အရာများကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆုံးဖြတ်တယ် လို့ကြားသိရပါတယ်။ ဒီတော့ ကမ္ဘာ့ဘဏ် ချေးငွေ ကန်ဒေါ်လာ သန်း၁၆၀၀ သုံးလိုက်တယ်။ အစိုးရက အရာရှိတွေ ဆောက်တော့ ဇီးသီးဗန်းမှောက် ဘယ်လိုထိန်းမလဲဆိုတာ သိပ်ခက်နေပါတယ်။ ပုဂ္ဂလိက စာရင်းစစ်၊ အရည်အသွေးစစ်ဖို့ မဖြစ်နိုင်ရင် တရုပ်ပြည်လုပ် အညံ့စားပစ္စည်းတွေ တစ်နှစ်သုံးပြီး ပျက်သွားတာတွေ ဝယ်သုံးကြမှာ ဖြစ်ပါတယ်။  ကမ္ဘာ့ဘဏ်ကလည်း ခြစားရင် စီမံကိန်း ရပ်ပစ်မယ် ခြိမ်းချောက်ထားပါတယ်။ 

အဂတိလိုက်စားမှု အရေးယူခြင်းကော်မတီကို တရုပ်ပြည်လောက် မလုပ်နိုင်ရင်တောင်၊ အင်ဒိုနီးရှားနိုင်ငံလောက် အဂတိကင်းစွာ၊ သြဇာအာဏာ အပြည့်ပေးထားဖို့လဲ မျှော်လင့်ပါတယ်။

မျှော်လင့်ချက်များစွာနဲ့ ... ဇာနီကြီး