ကယ်လီဖိုးနီးယားပြည်နယ်တ၀ှမ်း ရေသုံးစွဲမှု ကန့်သတ်ပြီ


ကယ်လီဖိုးနီးယားပြည်နယ်တ၀ှမ်း ရေသုံးစွဲမှု ကန့်သတ်ပြီ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၅


၂၀၁၄ ခုနှစ်ကတည်း မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်က တပြည်နယ်လုံး ရေသုံးစွဲမှု ကန့်သတ်လိုက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဧပြီ ၁ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ် ရေသုံးစွဲမှုနှုန်းထားထက် ၂၅ % လျော့ပေါ့ သုံးစွဲရန်၊ ရေဖြုံးတီးမှုများကို စစ်ဆေးရန်၊ ဒဏ်ကြေး ချမှတ်ရန် စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ မိုးခေါင်ရေရှားမှု အရေးပေါ် အခြေအနေကို ထုတ်ပြန်ထားရာက ရေသုံးစွဲမှု ကန့်သတ်ရေးထုတ်ပြန်ချက်ကို ၂၀၁၅မှာ တိုးမြှင့် ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်တာ ပြည်နယ် သမိုင်းမှာ ပထမဦးဆုံး ထုတ်ပြန်မှု ဖြစ်ပါတယ်။

အများပြည်သူဆိုင်ရာ နေရာတွေဖြစ်တဲ့ ဂေါက်ကွင်း၊ ပန်းခြံ၊ လမ်းဘေးမြေနေရာ၊ အစိုးရပြည်နယ်ပိုင်မြေတွေမှာ မြက်ခင်းတွေအစား ကန္တာရခံနိုင်တဲ့ အပင်တွေ စိုက်မယ်၊ ရေဖြန်းမှု ရေလောင်းမှုတွေကို ထိန်းချုပ်မယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ခြံဝင်း၊ မြက်ခင်း၊ ပန်းခြံများမှာ ရေလောင်းရတဲ့ ပန်းပင် သစ်ပင်တွေနေရာမှာ ကန္တာရခံနိုင်တဲ့ ရေလောင်းရန် မလိုတဲ့ အပင်များနဲ့ အစားထိုးဖို့ တိုက်တွန်းလိုက်ပါတယ်။

တပြည်နယ်လုံးက ဧကပေါင်း သန်း ၅၀ ရှိတဲ့ မြက်ခင်းတွေကို အစားထိုးပြောင်းလဲရမှာ ဖြစ်ပြီး ၂၅% သော ရေပမာဏဆိုတာဟာ ၉ လအတွင်း ရေ ၁.၅ သန်း ဧက-ပေ ရှိတဲ့ ရေသုံးစွဲမှုကို လျော့ချရမှာ ဖြစ်ပါတယ်။ ဒီလို ရေသုံးစွဲမှု ကန့်သတ်ထိန်းချုပ်မှုဟာ တပြည်နယ်လုံးမှာ ရှိနေတဲ့ လူ ၃၈ သန်း နဲ့ မော်တော်ယာဉ် ၃၂ သန်းအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

ရေသုံးစွဲမှုဆိုင်ရာ စည်းကမ်းတွေ၊ ဒဏ်ကြေးတွေ၊ ရေမီတာခတွေကိုတော့ မြို့နယ်အလိုက် မြို့အလိုက် ဆိုင်ရာ သင့်တော်ရာ ဥပဒေ၊ နည်းပဒေတွေ ထုတ်ပြန် စည်းကြပ်ကြမှာဖြစ်ပါတယ်။ တချို့ မြို့နယ်စုတွေမှာ တပတ်ကို ၂ ရက်သာ မြက်ခင်းရေလောင်းခွင့် သတ်မှတ်ထားတာ ရှိပါတယ်။