မောင်ရင်ငတေ - ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့်


မောင်ရင်ငတေ - ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့်
(မိုးမခ) ဧပြီ ၁၊ ၂၀၁၅

● ဗန်ဂိုးရဲ့ အရုပ် အရိပ် အရောင်များ
 
ဗန်ဂိုးမွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်
နောက်သုံးလေးရက်ဆိုရင် Postimpressionnisme ပန်းချီဆရာကြီး Vincent Willem van Gogh ဗန်ဂိုးကိုမွေးဖွားခဲ့တာ နှစ်ပေါင်း ၁၆၁ နှစ် ပြည့်ပါတော့မယ်။ ဗန်ဂိုးကို ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးဖွားခဲ့ရာ နေရာ က တော့ နယ်သာလန်ပြည်က Groot-Zundert မြို့လေးမှာပါ။ ဗန်ဂိုးကို မွေးဖွားခဲ့တာက ၁၆၁ နှစ်ရှိခဲ့ပြီဖြစ်သလို ဗန်ဂိုး သေဆုံး ခဲ့တာကလည်း ၁၈၉၀ ခုနှစ် ဂျူလိုင်လ ၂၉ ရက်ဆိုတော့ နှစ်ပေါင်း ၁၂၄ နှစ်တိုင် ရှိခဲ့ပါပြီ။ အဲဒီအချိန်ကာလက ပြင်သစ်နိုင်ငံမှာ ပေါ်ပေါက်လာခဲ့ကြတဲ့ ပြင်သစ်လူမျိုး ပန်းချီဆရာတွေ ပြင်သစ်လူမျိုးမဟုတ်ကြတဲ့ ပန်းချီဆရာတွေ တော်တော်များများဟာ သူတို့အတိုင်းအတာနဲ့ သူတို့နည်း သူတို့ဟန်နဲ့ ထင်ပေါ်ကျော်ကြားခဲ့ကြသူ အောင်မြင်တဲ့ပန်းချီကားများကို ရေးဆွဲနိုင်ခဲ့ကြ သူများသာ ဖြစ်ကြပါတယ်။ အဲသလို ပန်းချီဆရာကြီး မြောက်များစွာထဲမှာမှ ပန်းချီဆရာကြီးဗန်းဂိုးဟာ နှစ်ကာလတွေ ကြာလာခဲ့တာနဲ့အမျှ ပို၍ ပို၍သာ နာမည်ကြီးလာတာကို တွေ့ရှိရပါတယ်၊ အဲဒီလိုမျိုး ဗန်ဂိုးက ဘာကြောင့်နာမည် ပိုပြီးကြီး လာရသလဲဆိုတာ မောင်ရင်ငတေရဲ့ မဖြစ်ညစ်ကျယ်ပန်းချီအမြင်လေးနဲ့ စဉ်းစားကြည့်မိရတာ အခါခါပါ။ ဗန်ဂိုးဆိုတဲ့ ပုဂ္ဂိုလ် ကြီးရဲ့ အရာဝတ္ထုတခုအပေါ် မြင်တဲ့အမြင်တွေရဲ့ ထူးခြားမှုတွေကြောင့် သူရေးဆွဲခဲ့တဲ့ အရုပ်တွေ၊ အရိပ်တွေ၊ အရောင်တွေ က ထူးခြားနေတာလို့ ထင်မြင်မိရပါတယ်။ အဲဒီလို ထူးခြားမှုတမျိုးရှိနေခဲ့လို့လည်း ဒီကနေ့ခေတ်မှာ တခြားတခြားသော နာမည်ကျော်ပန်းချီဆရာကြီးများထက် ဗန်ဂိုးအမည်ဟာ အများတကာထက် ခေါင်းတလုံးပိုမိုမြင့်မား ကျော်ကြားနေတာက တော့ အသေအချာပါ။

စဲန်းမြစ်ကမ်းမှ လှမ်းမြင်ရတဲ့ မြူဇေးဒေါရ်ဇေ (Musée d’Orsay) (ဓာတ်ပုံ မရငတ)

အဲဒါနဲ့ လွန်ခဲ့တဲ့ တနင်္ဂနွေတနေ့က အဖော်ကောင်းလည်းကြုံ အခမဲ့လည်း ဝင်ကြည့်ခွင့်ရတဲ့နေ့မှာ မောင်ရင်ငတေလည်း ပါရီမြို့မှာရှိတဲ့ Musée d’Orsay ဆိုတဲ့ ပြတိုက်ကို ရောက်ခဲ့ပါတယ်။ အဲဒီပြတိုက်ကြီးက ပါရီမြို့မှာ နာမည်ကြီးတဲ့ ထင်ရှားတဲ့ ပြတိုက်ကြီး တခုပါဘဲ။ ၁၉၆၀ ခုနှစ်များဆီက အဲဒီပြတိုက် အဆောက်အဦးကြီးက ဘူတာရုံကြီးတခုဖြစ်ခဲ့တာကြောင့် အဆောက်အဦ ဖွဲ့စည်းထားပုံက ခန်းမကျယ်ကြီးနဲ့ ထူးခြားတဲ့ ပုံစံအသွင်သဏ္ဌာန်ကိုဆောင်နေသလို ပြသထားတဲ့ ပန်းပု ရုပ်တွေနဲ့ ပန်းချီကားတွေကို ဖန်တီးခဲ့ကြတဲ့သူတွေရဲ့ အမည်နာမတွေကလည်း ထင်ရှားကြသူတွေ များလှပါတယ်၊ ဒါပေ မယ့် ဒီကနေ့ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးဆီက ရွှေဗမာလူမျိုးများအပါအဝင် ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းနှစ်ရာ ကျော်ရှိ လူငယ် လူရွယ် လူကြီး အရွယ်သုံးပါးမရွေး အတော်များများကတော့ အဲဒီပြတိုက်မှာပြသထားတဲ့ ပန်းချီကားများကို ဖန်တီးခဲ့ကြပါသော အခြား အခြားသော ပန်းချီကျော်များကို မသိရှိသူများ ရှိနိုင်ပေမယ့်လည်း ဗန်ဂိုး ပန်းချီရေးဆွဲတယ် ဗန်ဂိုးဆိုတဲ့သူက ပန်းချီဆရာဆိုတာကိုတော့ သိရှိပြီးကြသူတွေ များပါတယ်။

မောင်ရင်ငတေရဲ့ ပန်းချီကားတွေကို ကိုယ်ပိုင်အမြင်နဲ့ ဝေဖန်တင်ပြမယ်ဆိုရရင်တော့ ဘယ်ပန်းချီ သီအိုရီတွေနဲ့မှ ကိုက်ညီ နိုင်မယ် မထင်မိပါဘူး။ ပန်းချီကားတချပ်ကို နှလုံးသားကနေ ခံစားကြည့်လို့ ရတဲ့ ပန်းချီဆရာ တွေထဲမှာတော့ မောင်ရင်ငတေ အတွက်က ဗန်ဂိုးဟာ ထိပ်ဆုံးတန်းမှာပါ။ ဗန်ဂိုးအကြောင်း ပိုမိုပြီးသိလာလေ ဗန်ဂိုးပန်းချီကားတွေကို ပိုမိုခံစားလို့ ရလာ လေပါ။ မောင်ရင်ငတေရဲ့ ညီမငယ်တဦးဖြစ်သူကတော့ ဗန်ဂိုးရဲ့ ဘဝနောက်ဆုံးနေခဲ့ရာ ရွာကလေးကို ရောက်ခဲ့ဖူးပြီးနောက် ဗန်ဂိုးအကြောင်းကို ပိုသိလာခဲ့ပြီး ဗန်ဂိုးရဲ့ပန်းချီကားချပ်တွေကို ပိုမိုခံစားကြည့်မိလာခဲ့ရကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Musée d’Orsay ပြတိုက်မှာပြသထားတဲ့ ပန်းချီကားချပ်တွေ တော်တော်များများကို မောင်ရင်ငတေ သေသေချာချာ နားမ လည်ပေမယ့် ဒီတခါတော့ တော်တော် ဂရုတစိုက် လေ့လာမိပါတယ်။ အဲဒီ ကားချပ်တွေထဲမှာ ဗန်ဂိုး ပြင်သစ်ပြည်တောင်ပိုင်းက Arles မြို့လေးမှာနေထိုင်ခဲ့ရင်း ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တချို့နဲ့ မကွယ်လွန်မီ နောက်ဆုံးနေထိုင်ခဲ့ရာ Auvers-sur-Oise မြို့မှာရေးဆွဲခဲ့တဲ့ ပန်းချီကားတချို့ ပြသထားတာကိုတွေ့ရှိရပြီး ဗန်ဂိုးရဲ့ ပန်းချီစုတ်ချက် ခပ်ကြမ်းကြမ်းတွေဟာ မောင်ရင် ငတေကို ဆွဲငင်လှပါတယ်။ ဗန်ဂိုးရဲ့ပန်းချီကားများဟာ ပန်းချီပညာကို သေချာ ဂဃနဏ နားမလည်သူများကိုတောင်မှ ဆွဲ ဆောင်အား ကောင်းလှတာမျိုးပါ။ တခြားသော ပန်းချီဆရာများရဲ့ ပန်းချီကားများထက် ဆွဲဆောင်မှုမှာ ပိုတာကို တွေ့မြင်ရ ပါတယ်။ လာရောက်လေ့လာ ကြည့်ရှုကြသော ပန်းချီပရိသတ်များဟာ ဗန်ဂိုးရဲ့ပန်းချီကားများကိုသာ တဝဲလည်လည်နဲ့ ထပ်မံပြီး ပြန်လည်ကြည့်ရှုနေကြတာကို သတိထားမိရကြောင်းပါ။


အထက်ကပုံကတော့ လက်ဆောင်ပေးဖို့ဝယ်ယူထားတဲ့ ၁၅ ယူရိုတန် ဗန်ဂိုးရဲ့ပန်းချီကား  Nuit étoilée sur le Rhône (Starry Night over the Rhone) (September 1888)     ပုံတူ (ဓါတ်ပုံ မရငတ)

အောက်က ပုံနှစ်ပုံကတော့ Nuit étoilée sur le Rhône ပန်းချီကားများကို အင်တာနက်ပေါ်မှာ တင်ထားတဲ့ပုံတွေပါ။ မူရင်း ဗန်ဂိုးရဲ့ပန်းချီကားနဲ့ အရောင်တွေ ဘယ်ပုံက အတူဆုံးပါလဲဆိုတာကိုတော့ မောင်ရင်ငတေ မသိပါဘူး။ Musée d’Orsay ပြတိုက်ထဲမှ ပြထားတဲ့ ပန်းချီကားချပ်ကိုလည်း တရားဝင် ဓာတ်ပုံရိုက်ခွင့်မပြုတာကြောင့် ပါလာတဲ့ တယ်လီဖုန်းကင်မရာနဲ့ ခိုးရိုက်ပြန်တော့လည်း တုန် မှုန် ဝါး ဖြစ်သွားလို့ ဒီနေရာမှာ မတင်နိုင်တော့ပါဘူးခင်ဗျာ။

ဒီပန်းချီကားချပ်ကို အသေးစိတ်ကြည့်ချင်ရင်တော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
https://www.google.com/culturalinstitute/asset-viewer/starry-night/uQE3XORhSK37Dw?projectId=art-project&hl=fr

ဗန်ဂိုးရဲ့ နာမည်ကျော် Starry Night ကဲ့သို့သော မူရင်းပန်းချီကားများရဲ့တန်ဖိုးကတော့ ယူရိုငွေ သန်းရာဂဏန်းမျှ ပေါက် ဈေးရှိနေပြီး အမှတ်တရ သိမ်းဆည်းထားချင်သူများအတွက်ကတော့ ပုံတူတခုကို ဆယ့်လေးငါးယူရိုကနေ ယူရိုရာဂဏန်း အထိ ကော်ပီကူးယူ ရောင်းချနေတာကို ဗန်ဂိုးရဲ့ပန်းချီကားများပြသရာ ပြတိုက်များအပြင် ပြင်သစ်နိုင်ငံအနှံ့အပြားမှာ တွေ့ရှိနေရပါတယ်။ ဗန်ဂိုးကို အမွေဆက်ခံခွင့်ရတဲ့သူများကတော့ ဒီလိုမျိုး ပန်းချီကားပုံတူတွေ ရောင်းချရငွေတွေကို ဘယ် လို အကျိုးခံစားခွင့်ရကြသလဲဆိုတာက မောင်ရင်ငတေလည်း မသိနိုင်ပါဘူး။ မောင်ရင်ငတေကတော့ ဗန်ဂိုးရဲ့ပန်ချီကား Nuit étoilée sur le Rhône ဆိုတဲ့ ပုံတူကားတချပ်ကို ပန်းချီကို မြတ်နိုးလှတဲ့ ရွှေပြည်တော်ကမိတ်ဆွေတဦးကို ပေးချင်လို့ ၁၅ ယူရိုနဲ့  ဝယ်ယူအားပေးခဲ့ပါတယ်။ အဲဒီပန်းချီကားမူရင်းကတော့ အခု Musée d’Orsay မှာ ပြသထားတာကို တွေ့ရ ပါတယ်။


HIER WERD OP 30 MRT 1853 VINCENT VAN GOGH GEBOREN   (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့ ဗန်ဂိုးပန်းချီကားများကို မြင်တွေ့မိရတဲ့ ရှုဒေါင့်အမြင် တချို့တလေကိုဖော်ပြရင်း ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ်ပြည့်ကို ကြိုဆိုလိုက်ရပါတယ်ခင်ဗျား။

ဗန်ဂိုးငယ်စဉ်က ကျင်လည်ကျက်စားခဲ့ရာနေရာတဝိုက်မှ Groot-Zundert မြို့မှ အမှတ်တရများအပါအဝင် ဗန်ဂိုးနဲ့ပတ် သက်တာတွေကို မှတ်တမ်းတင် ရိုက်ကူးခဲ့မိသောဓာတ်ပုံတချို့ကိုလည်း ပြန်လည်ဝေမျှလိုက်ရကြောင်းပါ၊

ဗန်ဂိုးရဲ့ ပန်းချီကားချပ်တွေကို ပိုမို ခံစားတတ်လာမိရတာထက် ဗန်ဂိုးကနေ သူ့ရဲ့ညီသီအိုဆီကိုရေးသားခဲ့တဲ့ ဗန်ဂိုးရဲ့ ခံစား မှုစာစုများက သူမရဲ့ရင်ကို ပိုမိုခံစားတတ်စေခဲ့ကြောင်း ဗန်ဂိုးရဲ့ဘဝနောက်ဆုံးနေခဲ့ရာ ရွာကလေးက ပြန်လာခဲ့တဲ့ မောင်ရင် ငတေရဲ့ညီမငယ်တဦးဖြစ်သူက ထပ်လောင်းပြောကြားကြောင်းပါ။ 


ဗန်ဂိုး ငယ်စဉ်လှုပ်ရှားခဲ့ရာ အမှတ်တရနေရာများ  (ဓာတ်ပုံ မရငတ)

ပါရီမြို့က Musée d’Orsay ပန်းချီပန်းပုပြတိုက်  (ဓာတ်ပုံ မရငတ)

မတ်လ ၃၀ ရက်နေ့ကကျရောက်ခဲ့တဲ့ ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့် မွေးနေ့အမှတ်တရကို မနှစ်က ၂၀၁၄ ခုနှစ်က ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ်ပြည့်အတွက် www.newsightsmm.com (ရှုခင်းသစ်အွန်လိုင်း) မှာ ရေးထားခဲ့တာကို အခု ဒီနှစ် ၂၀၁၅ ခုနှစ်မှာ ထပ်မံပြီးတော့ ၁၆၂ နှစ်ပြည့် ပန်းချီဆရာ ဗန်ဂိုးအမှတ်တရအဖြစ် အမှတ်တရပုံဖော်သည်။

မောင်ရင်ငတေ ၂၇၀၃၂၀၁၄