“ နိုင်ငံရေးသမားများ၏ နောက်ဆုံးနေ့ မြင်ကွင်းများ ” စာအုပ်သစ်မိတ်ဆက်

 
“ နိုင်ငံရေးသမားများ၏ နောက်ဆုံးနေ့ မြင်ကွင်းများ ”  စာအုပ်သစ်မိတ်ဆက်
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ) မတ် ၂၇၊ ၂၀၁၅


    စာရေးဆရာ လေးကိုတင် ၏   “နိုင်ငံရေးသမားများ၏ နောက်ဆုံးနေ့မြင်ကွင်းများ” စာအုပ်သစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်)ရှိ  ဟုမ်းမီဒီယာခန်းမတွင်  မတ်လ (၂၅) ရက်နေ့ နေ့လည် (၁) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာ ကိုကိုကြီး၊ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ စာရေးဆရာ မျိုးမြင့်ညိမ်းတို့မှ အမှတ်တရ မုဒိတာစကား ပြောကြားပေးခဲ့ကြပြီး စာရေးဆရာလေးကိုတင် မှလည်း စာအုပ်နှင့်ပတ်သက်၍ အမှတ်တရ ပြောကြားပေးခဲ့သည်။


 ထို့နောက် စာအုပ်ထုတ်ဝေသူ မလိခစာပေမှ ကိုအောင်နိုင်ထွန်းက စာအုပ်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။


    ထိုစာအုပ်တွင် စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) နှင့်  ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတို့မှ အမှာစာများ ရေးပေးထားကြပြီး နိုင်ငံရေးသမား (၁၃) ယောက်၏ နောက်ဆုံးနေ့မြင်ကွင်းများကို သရုပ်ဖော်ရေးဖွဲ့ထားသည်။

    ဆရာမ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) က ယခုကဲ့သို့ အမှတ်တရ စကားပြောကြားခဲ့သည်။


    “ ကျမဘဝမှာ မျက်ရည်သုတ်ပြီး စာရေးခဲ့ရတာတွေရှိပါတယ်။ ကျမရဲ့ “ မဟူရာအကျဉ်းသား ” စာအုပ်ရေးစဉ်မှာ ကျမမျက်ရည်တွေကျနေလို့ ခင်ပွန်းသည်က အပြင်ကနေ တံခါးဂျက်ထိုးပေးခဲ့ရတယ်။ သားသမီးတွေ ကျမမျက်ရည်ကျတာ မြင်မှာစိုးလို့တဲ့ ။ နောက် ဒေါက်တာသန်းငြိမ်းရဲ့ “ဖားအော်သံ ”စာအုပ် အမှာစာရေးတော့လည်း မျက်ရည်ကျပြီး ရေးခဲ့ရတာပါ။ အခု ဒီစာအုပ်ကို အမှာစာရေးတော့ မျက်ရည်သုတ်ပြီး ရေးခဲ့ရတာပါ။ ” ဟု အမှတ်တရ ပြောခဲ့သည်။


    ဆရာမျိုးမြင့်ညိမ်း ကလည်း  “ ဒီနေ့အခမ်းအနားမှာ တက်ရောက်လာသူတွေကိုမြင်တော့ ထောင်ထဲပြန်ရောက်နေသလိုပါပဲ။ ဒီစာအုပ်ထဲမှာပါတဲ့ ကျနော့်ဦးလေး ဆရာမောင်သော်က ဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်၊ တပ်မတော်ရဲ့ခေါင်းဆောင်တစ်ဦးပါ။ သူပင်လယ်ထဲမှာ (၁၁) ရက် မျောနေတဲ့အချိန်မှာသူ့ရဲ့ ခေါင်းဆောင်မှုကြောင့် သူ့ရဲဘော်တွေ အသက်ရှင်အောင်လုပ်ခဲ့တာပါ။ သူ့လိုလူမျိုးကို ခေါင်းကို တုတ်နဲ့ရိုက်ပြီး “ ဒီမိုကရေစီ လိုချင်သေးလား ”ဆိုပြီး မေးမေး ရိုက်ခဲ့တာပါ ။ ” ဟု ပြောကြားခဲ့သည်။

    ဆရာလေးကိုတင် ရေးသားသော “ နိုင်ငံရေးသမားများ၏ နောက်ဆုံးနေ့မြင်ကွင်းများ ” စာအုပ်တွင်

ဦးတင်မောင်ဝင်း(ခရမ်း) ၊
ဦးခင်မောင်မြင့်၊
ဦးအောင်မေသု၊
ဦးထွေးမြင့်၊
ဦးလှသန်း၊
ဒေါ်စန်းစန်းဝင်း၊
ဦးစောလှိုင်၊
မုံရွာတင်ရွှေ၊
မောင်သော်က၊
ဦးမောင်ကို၊
ဒေါက်တာသန်းငြိမ်း၊
ဆလိုင်းတင်မောင်ဦး၊
ဗိုလ်ကြီးအုန်းကျော်မြင့်  ... တို့၏ နောက်ဆုံးနေ့များအကြောင်းကို ရေးဖွဲ့ထားသည်။


    ထိုစာအုပ်အား မလိခစာပေမှ ထုတ်ဝေပြီး  Future Kids စာပေမှ  တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ယနေ့စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။