ငြိမ်းချမ်းအေး - အသုံးလုံး နိုင်ငံရေး အဓွန့်ရှည်ပါစေ


ငြိမ်းချမ်းအေး - အသုံးလုံး နိုင်ငံရေး အဓွန့်ရှည်ပါစေ
(မိုးမခ) မတ် ၀၅၊ ၂၀၁၅


ဝမ်းပျက်သံများကြောင့် အန်ချခြင်း (၂)

ကျောင်းသားလှုပ်ရှားမှုတွေဟာ အွန်လိုင်းက လူတန်းစားပျက်တွေရဲ့ အငြိုအငြင်နဲ့ သရော်မှုကို အတော်ခံနေကြရတယ်။  အစာငတ်ခံ ဆန္ဒပြတဲ့ ကိစ္စကို လူလဲမယ် ဆိုတာ ထောက်ပြ လှောင်သလို လုပ်ကြတယ်။

ရဲမိုး၊ ဦးဖာ အစရှိသဖြင့် စစ်အုပ်စုဘက်က လူတွေ ပြောတာက ခံသာ နားလည်ပေးလို့ ရပါသေးတယ်။  တောင်လိုလို မြောက်လိုလို ဟိုလိုလို ဒီလိုလို ရပ်တည်ချက်နဲ့ စကားကြီး စကားကျယ်ပြော၊ စစ်အုပ်စု မဟုတ်သလို၊ ဒီမိုကရေစီဘက်လည်း မဟုတ်ဆိုတဲ့ လူတွေ၊ အန်ချင်ဖွယ် အမြင်၊ အတွေးအခေါ်တွေနဲ့ ဒီမိုကရေစီ ဘက်သား ကိုယ့်ဘာသာ (ကိုယ့်အထင်နဲ့ကိုယ်) ခံယူထားသူတွေ၊ ကိုယ်တွေက သာမန် ပြည်သူပါ အမြဲ ပြောသူတွေရဲ့ အပြောအဆိုတွေကို မြင်ရတာကျ ရွံရှာစက်ဆုပ်ဖို့ ကောင်းလှတယ်။

ကျနော် ခင်ဗျားတို့ကို ရန်သူ စစ်အာဏာရှင်စနစ်ဆိုးထက် ပို မုန်းတယ်။  အော့နှလုံးနာတယ်။

ခင်ဗျားတို့ အမြင် အသိ တထွာ တမိုက်လောက်နဲ့ မလှောင်ချင်ပါနဲ့။

အင်းစိန်ထောင်တွင်း အစာငတ်ခံတိုက်ပွဲတွေ၊ ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲတွေ အကြောင်း ဖတ်ဖူး လေ့လာ ဖူးသလား။  တဗိုလ်ကျ တဗိုလ်တက် စနစ်၊ တယောက်ကျ တယောက်ကူ အစားထိုး အစီအစဉ်တွေ အကြမ်းမဖက်ဘဲ ဖိနှိပ်သူ အာဏာရှင် တော်လှန်ရေး မကြောက်တရားမွေး တိုက်ပွဲတွေအကြောင်း သိမှတ်ဖူးလား။

ဆရာရာဂျန်၊ ဆရာကေတီဦးကျော်တင့်၊ သခင်ခင်အောင်၊ လေထီး ဗိုလ်အုန်းမောင်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ဦးခင်မောင်မြင့် အစရှိတဲ့ လူကြီး၊ လူရွယ် နိုင်ငံရေးနောက်ခံ အစုံ၊ ကျန်းမာရေး ဆိုးသူ ကောင်းသူ အားလုံး ဒီကျွန်းတိုက်ပွဲတွေမှာ တယောက်နဲ့ တယောက် ဖေးမကူကြ၊ လူငယ်တွေက ကျန်းမာရေး ချို့တဲ့သူ လူကြီးတွေ တိုက်ပွဲမဝင်ရအောင် အလုအယက် ရှေ့က ဦးအောင် အစာငတ်ခံဖို့ စာရင်းပေးကြတဲ့ ရာစုဝက်ကျော်ကြာ စစ်အာဏာရှင်တော်လှန်ရေး ခရီးကြမ်းသမိုင်းကို ခင်ဗျားတို့ အရေးတယူလုပ် လေ့လာဖူးသလား။  လေ့လာချင်စိတ်လည်း မရှိဘူး မဟုတ်လား။

အခု “ပါမစ်ကို ကိုင်၍ ကျတ်ပြေးကို ဖြတ်သောအခါ” ဖြစ်သွားပြီလား မေးကောင်းမေးရပေမယ့် တချိန်က ဆရာမြရဲ့ “ဓားတောင်..” ထဲက သံချောင်း ဇာတ်ရုပ် အခြေတည်ရာ ကျွန်းပြန် ရဲဘော် ဖထီးကြီး စကား ငှား ဆိုရရင် ကျွန်းမှာ ငါးကလေး တကောင် ဖမ်းမိရင် အရင် ကျွေးဖို့ စဉ်းစားတာက ဖျားနာ ရဲဘော်တွေနဲ့ လူကြီးတွေ၊ ဒီလို သူများ အတွက် ဦးစားပေး စဉ်းစားပေးတဲ့၊ တယောက် အတွက် တယောက် အနစ်နာခံတဲ့၊ တယောက်လဲရင် တယောက် ထူတဲ့၊ တယောက်ကျရင် တယောက်အရန်သင့် အစားထိုးတဲ့ တော်လှန်ရေးခရီးရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ နောက်ခံ သမိုင်းက ခင်ဗျားတို့ အနေအစား ချောင်သင့်သလောက် ချောင်နေလို့ တုံးအောက်က ဖားချင်းမှာ နည်းနည်းပါးပါး ဖောင်းနေလို့ ပျက်စီးနေတဲ့ စိတ်ဓာတ်ခံယူချက် အသိဦးနှောက်ကထွက်တဲ့ အပေါစား သရော်စကားလုံးတွေကြောင့် တော်လှန်တန်ဖိုး မယုတ်လျော့သွားပါဘူး။

အခုအရေးတယူ လုပ် ပြန်ပြောနေလို့လည်း ဘဝ မကိုင်ချင်ပါနဲ့။  ဗမာပြည်မှာ ဖောက်ပြန်တဲ့ လူတန်းစား သီးသန့် တည်ရှိနေတယ် ဆိုတာ အသားပေးဖော်ထုတ်ချင်လို့ ဒါမျိုးတွေကို အဖက် လုပ် ရေးနေခြင်းပါ။

တော်လှန်ရေး ဆိုတာ စုစည်းတဲ့ ရဲဘော်စိတ်ကနေ လာတယ်။  တော်လှန်ရေးသီချင်းတွေကတောင် တဦးတယောက်ရဲ့ ရေးဖွဲ့မှု မဟုတ်ဘဲ ရဲဘော်တွေရဲ့ စုစည်းညီညွတ်အားထုတ်မှုတွေကနေ ဖြစ်ခဲ့တယ်။

အောင်ပွဲအမြဲ သန်ရမည်၊ ရဲရင့်တဲ့ သန္နိဋ္ဌာန်ကို ချီ၊
ဓားတောင်တွေ ကျော်နှင်းမည်၊ မီးပင်လယ် ဖြတ်သန်းမည်၊
ဗမာပြည် အနာဂတ်ကို ဒို့လူငယ်တွေ ပိုင်ဆိုင်သည်၊
စစ်အာဏာရှင်ကိုတည် ဖြိုဖျက်ပါလို့ အောင်ပွဲ.. ဒို့ခံမည်။

ဒါဟာ လူငယ်စိတ်ဓာတ်၊ ကျောင်းသား စိတ်ဓာတ်၊ သမဂ္ဂ စိတ်ဓာတ်၊ မတရားမှု ဖိနှိပ်မှုကို ခေါင်းမငုံ့၊ ဦးမညွတ် အာခံ အန်တုတဲ့ တော်လှန်ရေး စိတ်ဓာတ်ပါပဲ။

ဆိုတော့ ကျောင်းသား လူငယ်တွေ အခု တိုက်ပွဲ ဖော်ဆောင်ရာမှာ ဆိုလိုတာက ကျန်းမာရေးအရ တယောက်လဲသွားရင် ဘေးက အရန်သင့် တယောက်ရှိ၊ အစားထိုး အကြမ်းမဖက် ငြိမ်းချမ်းတဲ့ အစာငတ်ခံ တိုက်ပွဲကို ဆက်သွားမယ့် သဘောကို ပြောတာပါ။

ဒါတွေက တကယ်တော့ ရှင်းပြစရာကို မလိုပါဘူး။

မတရားမှု ကို တန်ပြန်တယ်၊ ဖိနှိပ် အုပ်ချုပ်သူကို တော်လှန် ဆန့်ကျင်တယ် ဆိုတဲ့ ‘မူ’ ကို ပဲ အလေးထား ထောက်ခံရမှာပါ။  လက်ခုပ်လက်ဝါးပြိုင်တီး သီချင်းတွေ အော်ဆိုနေရင်လည်း တော်လှန်ရေးပါပဲ။  အိုးစည် ဗုံမောင်းတီး ကခုန်နေရင်လည်း တော်လှန်ရေးပါပဲ။

ဟိုးအရင် စစ်အစိုးရရဲ့ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ် လှိမ့်ခံနေရချိန်တုန်းက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” သုံးကြိမ် အော် လက်ခုပ်တီးလို့ အမေကြီး၊ အဖွားကြီးတွေ ရဲဖမ်းခံ၊ ထောင်ချခံထိခဲ့ဖူးတယ်။  အဲဒါ လူထုတော်လှန်ရေးပါပဲ။

လူမှုကွန်ရက် အွန်လိုင်းမှာက ခေတ်ပညာတတ် အတန်းပညာ တတ်ဆိုသူ လူလတ်တန်းစားနဲ့ လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ်ကို ခေတ်အဆက်ဆက် မြိုဆို့နိုင်တဲ့ လူမလိုင် ရေပေါ်ဆီတွေသာ အများစု တွင်ကျယ်ရာဆိုတော့ လူတန်းစားပျက် အတွေးအခေါ် တွေ များတယ်ပဲ ဆိုရပါမယ်။  ဒါကြောင့် ဝမ်းယောင်၊ ဝမ်းပျက်သံတွေက အမြဲ မြင်တွေ့ သိကြားနေရတော့ ကျနော်လည်း အန် အန် ချနေရတယ်။

အွန်လိုင်းက ပညာတတ် အလယ်အလတ်တန်း ပြုတ်မနူး  မကျက်တကျက်တွေလို့ ဆိုတိုင်း မိတ်ဆွေတချို့က ပြန်ပြောကြတယ်။  အခု အခြေခံလူတန်းစားတွေလည်း တကိုယ်ရေ လက်ကိုင်မိုဘိုင်း(လ်) ဖုန်း ကျေးဇူးနဲ့ အွန်လိုင်းရောက်နေပါပြီ တဲ့။

လက်ခံပါတယ်။  ဒါပေမဲ့ ရပ်ထဲ ရွာထဲက အခြေခံလူတန်းစားက စကားလုံးကြီးကြီးတွေနဲ့ လူတွင်ကျယ် မပြောတတ်ဘူး၊ လူစည်အောင် ဖွဲ့နွဲ့ ပေါက်ပန်းဈေး မဆိုတတ်၊ မဆိုကြဘူး။  ဆိုတော့ လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက် မရှိဘူး။  သူများအတွက် အန္တရာယ် မဖြစ်နိုင်ဘူး။

မနေ့က မိတ်ဆွေတယောက်ဆီမှာ ဗမာပြည်က ဖောက်ပြန်တဲ့ ပညာရှိ ကဝိဆိုသူတွေ အကြောင်းနဲ့ အွန်လိုင်းက ရဲထွဋ်၊ ရဲမိုး စတဲ့ ရဲမျက်မှန် မှိုင်းမိနေသူတွေ အကြောင်း ပြန်လှန် မှတ်ချက်ပြုမိတယ်။  အွန်လိုင်းက ရဲမျက်မှန်တွေထက် စာနယ်ဇင်းတွေမှာပါ နေရာရ တွင်ကျယ်နေတဲ့ကလောင်တွေက ပို ကြောက်စရာ၊ စိုးရိမ်စရာ ကောင်းပုံ ပြန်ပြောမိခဲ့တယ်။

တတိယအုပ်စု အမည်ခံ နာမည်ရှိ၊ နာမည်ကြီးပြီး ကဝိပညာရှင် စာရေးဆရာကြီးတွေက ထားပါ။  သူတို့ အရောင်တွေက သူသူကိုယ်ကိုယ် ရိပ်မိ သိနားလည်နေပါပြီ။  ဒါပေမဲ့ အွန်လိုင်းမှာလည်း နာမည်ရှိ ဝါဒဖြန့်နေနိုင်စွမ်းတဲ့ လူငယ် ကလောင်တွေက တကယ့် အာဏာရှင်မှိုင်းမိ၊ ဖောက်ပြန်ရေး အတွေးအခေါ်တွေကို စာရေးခြင်း အတတ်ပညာ၊ စကားလုံး ဖွဲ့စည်းမှုတွေနဲ့ သွတ်သွင်း ထည့် လူအများ (အထူးသဖြင့် လူငယ်တွေကို) အညစ်အကြေး ကျပ်ခိုးစွဲစေတယ်၊ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည် အနာဂတ်အတွက် အန္တရာယ် ဖြစ်စေတယ်။

အွန်လိုင်းမှာ စစ်အုပ်စု ဘက်သားအဖြစ် ခိုင်ခိုင်မာမာရပ်တည်တဲ့  ရဲထွဋ်၊ ရဲမိုး၊ မှူးဇော်၊ လှဆွေ တို့ဆီလူစည်တာက တကယ်တော့ သိပ်စိုးရိမ်စရာ မရှိပါဘူး။  မြန်မာတွေက ဟေးလားဝါးလား ကြိုက်တာများလို့ သွားသွားမော့၊ ပြီတော့ပြန် အတင်းချ၊ ဟာသလုပ်တဲ့ သဘောက အများစုပဲလို့ ယူဆနိုင်တယ်။

တကယ် စိုးရိမ်ဖို့ ကောင်းတာက ဆိုခဲ့တဲ့ ဒီမိုကရေစီယောင်ယောင်လူတွေ၊ စစ်တပ်ဘက်လည်း မလိုက်ဘူး၊ ဒီမိုကရေစီ အင်အားစုဘက်လည်း မပါဘူး ဆိုတဲ့ လူတွေ၊ လူထဲက လူပါ ဆိုတဲ့ တကယ်တော့ လူလို့ သတ်မှတ်ဖို့ အတော်ခက်တဲ့ လူတွေက ပို ကြောက်စရာ ကောင်းတယ်။  သူတို့ မှာ လူရယ်လို့ ဖြစ်လာရင် တည်ရှိရမယ့် လူပီသမှု တရားတွေနဲ့ ကင်းကွာနေတယ်။  စာနာမှု၊ နားလည်မှု၊ လူသားချင်း ထားရှိရမယ့် ချစ်ခြင်း မေတ္တာ၊ အများအတွက် အရှည် မျှော်ကြည့် မြင်ရမယ့် အမြော်အမြင်၊ မတရားမှု အဓမ္မကို ဆန့်ကျင်လိုမှု၊ တရားမှု ဓမ္မအတွက် တိုက်ပွဲဝင် တနိုင် ပါဝင် ပြောဆိုလိုမှု စတဲ့ လူ့တရားတွေ ကင်းမဲ့နေတော့ လူဖြစ်တည်မှုကို ဆန့်ကျင်တဲ့ အာဏာရှင် အတွေးအခေါ်တွေကိုသာ ဖြန့်ဖြူးရာ ရေသောက်မြစ်ဖြစ်နေတယ်။  ဒါဟာ တကယ် စိုးရိမ်ဖို့ကောင်းတယ်။

ခင်ဗျားတို့ကို စက်ဆုပ်မိပေမဲ့ ခင်ဗျားတို့ရဲ့ ရပ်တည်ချက်တွေ၊ အပြုအမူတွေ၊ စကားလုံးတွေက ကျနော့် ကို တွေးစရာ၊ ရေးစရာ၊ (မင်တက်ရလွန်းလို့) ငေးစရာ တွေပေးလို့ တကယ်တော့ ကျေးဇူးတင်နေရပါတယ်။  ကျနော့်ကို ကုန်ကြမ်းတွေပေးနေတော့ တမျိုးတော့ ကောင်းပါတယ်။

ခင်ဗျားတို့ရဲ့ စိတ်ဓာတ်တွေကို ပြုပြင်နိုင်ကောင်းချည်းရဲ့လည်း မဟုတ်ပါဘူး။  ခင်ဗျားတို့ရဲ့ မှိုင်းတိုက်မှုကို ကျပ်ခိုးမစွဲသေးသူ လူတယောက်စ နှစ်ယောက်စ ကို အမြင်မှန်၊ အမှန်မြင်ကောင်းရဲ့ ဆိုတဲ့ စိတ်၊ ကျင့်ဝတ် တာဝန် အသိနဲ့ တနိုင် မြင်သလောက် ပြန် ဆိုခြင်းသာပါပဲ။

တကယ်တော့ အမှန်ကို အခြေခံကျကျ အရှိ ပကတိအတိုင်း ဆိုရရင် တိုင်းပြည်ကြီးက ဘယ်တော့မှ အသုံးကျမယ့် တိုင်းပြည် မဟုတ်ပါဘူး။  ဖောက်ပြန်ရေးသမားတွေ၊ လူတွင်ကျယ် ပညာတတ် ဆိုတဲ့ လူတွေ၊ သခင်ဖြိုးတုတ် နိုင်ငံရေးသမားတွေ အကျင့်ပျက် အနိုင်ကျင့် လူလည်လုပ်ခြင်း ကို လူထု ငမွဲ နင်းပြား ငဘ တွေက ခေတ် အဆက်ဆက် ခံခဲ့၊ ခေတ်အဆက်ဆက် ခံနေရဦးမှာပါပဲ။   မခံနိုင်လို့ တန်ပြန်ရင်လည်း တိုင်းပြည်ကို ဆူပူအောင် လုပ်သူ၊ တည်ငြိမ်မှုကို ပျက်ပြားစေသူ၊ အေးချမ်းမှုကို မလိုလားသူ ဆိုပြီး သေနတ်ထောက် ငြိမ်ဝပ်ပိပြား နေခိုင်းတဲ့ “စစ် ငြိမ်ပိ” အတွေးအခေါ် မှိုင်း အခြေခံနဲ့ လူတန်းစားပျက်တွေရဲ့ နင်ပဲငဆဆို လူတွင်ကျယ်လုပ် ပြက်ရယ်ပြုခြင်း ခံခဲ့၊ ခံနေရဦးမှာပါပဲ။

ဆိုတော့ ကျနော်တို့ တိုင်းပြည်ကြီးက လူအများစု (၈၀) ရာခိုင်နှုန်း လူမျိုး၊ ဘာသာစုံ တိုင်းသူပြည်သား လူထု လူအများကတော့ ဘယ်တုန်းကမှ လူအဆင့်အတန်းမီ၊ လူ့ ဂုဏ်သိက္ခာရှိ၊ ကောင်းကောင်းမွန်မွန် နေထိုင် စားသောက် စာအုပ်၊ စာပေ၊ ပညာ၊ အနုသုခုမ ရှာဖွေ ဆည်းပူး မှီဝဲ ခွင့် မရရှိခဲ့သလို နောင်လည်း ရဖို့ လမ်း မမြင်ပါ။  ဒီလိုပဲ မသေ ထမင်း၊ မသေဟင်း၊ မသေ ပညာနဲ့ပဲ ဘဝတွေ ချနင်းခံရင်း ပေးဆပ် ကုန်ဆုံးသွားရမှာပါ။

ဒါပေမဲ့ ကျောမွဲ လူထုဟာ ဒီလို မသေရုံစား၊ အရှက်လုံရုံ ဝတ်နေရပေမဲ့ သီလ ကျင့်ဝတ် သိက္ခာ ကို ထိန်းတန်သလောက် ထိန်းနိုင်သလို ရပ်တည်ချက်လည်း အမြဲ မှန်ကန်ခဲ့၊ မှန်ကန်နေတယ်။  အောက်ခြေလူထု ခံစားရမှု အနာ၊ ဘဝပေးအသိက ပေးတဲ့ နိုင်ငံရေးရေချိန်၊ အသိ၊ အမြင်နဲ့ အပြန်တရာလောက် မနီးစပ် နေနိုင်စွမ်းသူ လူတန်းစားပျက်လို မဟုတ်ဘူး။

အနင်းခံ လူထုကတော့ အခြေခံ “အသုံးလုံး” ပညာရေးနဲ့ပေမဲ့ ‘အ’ မင်္ဂလာ ‘အ’ စိုးရ ကို ‘အော့ကြောလန်’ လွန်းလို့ ပြန်ဆဲ အာခံဖို့ ဘယ်တော့မှ မမေ့သလို၊ တော်လှန်သူတွေကိုလည်း ဝိုင်းဝန်း ဖေးမ ကူညီ အတူရပ်တည်ဖို့လည်း မပျက်ကွက်ခဲ့ပါဘူး။

အခု ဒီမိုကရေစီ ပညာရေးနဲ့ လွတ်လပ်ခွင့် ကျောင်းသား တော်လှန်ရေး ခရီးရှည် လမ်းတလျှောက်က ပြည်သူတွေရဲ့ ဖရဲသီးတွေ၊ မေတ္တာရေစင်တွေ၊ ကရုဏာ မျက်ရည်ပေါက်တွေက သက်သေပါပဲ။

ဒီအချက်ကပဲ ရှေ့အနာဂတ်အတွက် အကောင်းမျှော်လင့်စရာ လို့ ဆိုရပါမယ်။

လူထုရဲ့ အသုံးလုံး အသိကပေးတဲ့ နိုင်ငံရေး အဓွန့်ရှည် တည်တံ့ အောင်ပွဲ ခံရပါမည်။

ဖောက်ပြန်တဲ့ လူတန်းစားတွေ ကျဆုံးရပါမည်။

ငြိမ်းချမ်းအေး
မတ် ၀၅၊ ၂၀၁၅

××××××××××

ဆက်စပ် ဆောင်းပါးများ ဖတ်ရန်

တမော့မော့ ဝေလေလေ ဒို့တတွေ

---

သမိုင်း လက်ဆင့်ကမ်း

---

တိုင်းပြည်ကို ချစ်တတ်ကြပါစေ

---

စနစ်ဆိုးရဲ့ ချိုးကို ခွာပါ

---

ဝမ်းပျက်သံများကြောင့် အန်ချခြင်း (၁)