ကျော်မောင်(တိုင်းတာရေး) - ဆံပင်ညှပ်တုန်းက


ကျော်မောင်(တိုင်းတာရေး) - ဆံပင်ညှပ်တုန်းက
(မိုးမခ) မတ် ၂၇၊ ၂၀၁၅


    တလတခါ ဆံပင်ညှပ်ခံဖို့ အစီအစဉ်မှာ ဟိုးငယ်စဉ်ဆယ်ကျော်သက်အရွယ်ကပင် စခဲ့သည်။ ဆံပင်ကလည်း တလလောက်ဆိုလျှင် အတော်ရှည်လာတတ်သည်။ မအားတဲ့အခါမျိုးတွင် နှစ်လသာသာဖြစ်သွားခဲ့လျှင် ဆံပင်မှာ ဂုတ်ထောက်လျက်ရှိပြီး အိမ်သားများကလည်း ကြုံရင်ကြုံသလို ဆံပင်ရှည်တာနဲ့ပတ်သက်ပြီး ကျစ်ကျစ်သွားတတ်ကြသည်။ ဟိုကောင် ဆံပင်တော်တော် ရှည်နေပြီ ဆိုတာမျိုး။ ကျစ်တာ မခံနိုင်တော့ ဆံသဆိုင်သွားကာ ဆံပင်ညှပ်ခံရသည်။ ဒီနေရာမှာ အသုံးမှားတာလေးရှိသည်။ ဆံပင်ညှပ်ခံမှာကို ဆံပင်သွားညှပ်လိုက်ဦးမယ်ဟု ပြောလေ့ရှိကြတာကို ဖြစ်သည်။ ဆံပင်သွားညှပ်မှာလား ဆံပင် အညှပ်ခံမှာလားဟု ပြန်နောက်လေ့ရှိသည်။ နောက်တော့လည်း ဆံပင်သွားညှပ်လိုက်ဦးမယ် ဆိုတာကို ယဉ်ပါးသွားပြီး အမှားမှန်းသိသော်လည်း ခပ်တည်တည်ပင် ဆက်သုံးနေလိုက်သည်။ယခုဆောင်းပါးတွင်လည်း ဆံပင်ညှပ်သည်ဟုသာ သုံးခွင့်ပြုပါ။

    ငယ်ငယ်တုန်းက လူကြီးတွေ အကြိုက် ညှပ်ခဲ့ရသည့် ဆံပင်ပုံစံက "ရှေ့တလက်မ နောက်ပြောင်" ဖြစ်သည်။ ဆံပင်က ရှေ့ပိုင်းတွင် တလက်မ သာသာ သာ ကျန်တော့သည်။ ကျန်သည့်နေရာများတွင် ဆံပင် မရှိတော့။ ပြောင်သွားသောကြောင့် "ရှေ့တလက်မ နောက်ပြောင်"ဟုခေါ်သည်။ နွေအခါမျိုးတွင်သာ ထိုပုံစံက အသုံးဝင်သည်။ နောက်တော့ ရှေ့တလက်မ ကိုလည်း မကြိုက်၊ နောက်ပြောင်တာကိုလည်း မကြိုက်တော့။ လိုက်လာသော လူကြီးတွေက ဆံသဆိုင်တွင် ခပ်တိုတိုသာ ညှပ်ပေးလိုက်ပါဗျာ ဆိုတာနဲ့ အလုပ်ဖြစ်ခဲ့သည်။ တခါတလေ ဒါမျိုးပြောကာ ဆံပင်ညှပ်သမားကို ခေါင်းစားစေသည်။ "ခပ်တိုတိုသာ ညှပ်ပေးလိုက်ဗျာ၊ အဲ သိပ်လည်း မတိုစေနဲ့ဗျို့"။

    အလယ်တန်းလောက် အရောက်တွင် ဆံပင်သွားညှပ်တော့မယ်ဆိုလျှင် အတော်စဉ်းစားရသည်။ ဘာပုံစံညှပ်မှာလည်း၊ ဘယ်လိုကေ (ကေ ဆိုသောအခေါ်အဝေါ်မှာ ဆံကေသာ မှ ကေ ကို ယူကြပုံပေါ်သည်) ခုတ်မှာလည်း။ ဆံပင်ညှပ်သော နေ့တွေက ကျောင်းပိတ်ရက်တွေမှာပဲဖြစ်သည်။ များသောအားဖြင့် စနေ တနင်္ဂနွေနေ့များတွင် အညှပ်များသည်။ ဆံသဆိုင်တွင် လူများပါကလည်း အလှည့်ရောက်အောင် စောင့်ညှပ်ခဲ့ရတာပဲ ဖြစ်သည်။ ဆံသဆရာ သားအဖ နှစ်ယောက်ညှပ်သောဆိုင်တွင် သွားညှပ်ပါက အဖေဖြစ်သူထံတွင် အညှပ်ခံမလား၊ သားဖြစ်သူထံတွင် အညှပ်ခံမလား ဆိုတာ အလှည့်မကျခင် ဆုံးဖြတ်ရသည်။ ဆံသသက်ရင့်နေသော အဖေဖြစ်သူက လက်ရာပိရိသည်၊ သေသပ်သည်။ သားဖြစ်သူ လူငယ်က ခေတ်ဆန်သော ဆံပင်ပုံစံတွေညှပ်ပေးရာတွင် ကျွမ်းကျင်သည်။

    ဆံပင်ညှပ်ပြီး ကျောင်းပြန်တက်ရသောနေ့တွင် ကျောင်းရှိ သူငယ်ချင်းများက ယခုလို နှုတ်ဆက်သမှုပြုကြပေသည်။ "ဟေ့ကောင် မင်း ခေါင်မိုးလဲလာတာလား" "ကေ ခုတ်လာတာ ရေလည် မိုက်တယ်ကွာ" "မင်း ဆံပင်ကလည်း ပုံတုံးကြီး " “ဘယ်ဆိုင်မှာ ညှပ်တာလည်း" ။ သူတို့ပဲလား ဆိုတော့ မဟုတ်၊ စာသင်ခန်းထဲက အတန်းဖော် မိန်းကလေးတွေကလည်း ကွက်ကြည့် ကွက်ကြည့်။ ဆရာမတွေကလည်း ဒီလို အသိအမှတ်ပြုကြသည်။ "ဆံပင်ညှပ်ထားတဲ့ ကောင်၊ လာ စာလာဆို"။

    အသိ ဘကြီးတယောက်က တခါသင်ပေးဖူးသည်။ "ဆံပင်ညှပ်ခံတော့မယ် ဆိုရင် ဘယ်လိုပုံစံ ဘယ်လိုကေ ညှပ်ပါလို့ ဆံသဆရာကို သွားမပြောနဲ့။ ကျွန်တော်နဲ့ လိုက်တဲ့ ဆံပင်ပုံစံ ညှပ်ပေးပါလို့ပြော။ အဲဒါကို အဲဒီ ဆံသဆရာညှပ်ပေးပြီးရော ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး အဆင်ပြေတယ်ဆိုရင် အဲဒီ ဆံသဆရာ လူတော်ပါပဲ"။ သူညွှန်ပြတဲ့အတိုင်း ဆံသဆရာအတော်များများကို စမ်းကြည့်ဖူးသည်။ တချို့က ဘာမှမပြောဘဲ အညှပ်ခံသူ၏ ဦးခေါင်းပုံစံ၊ မျက်နှာအကျအပေါက်ပေါ်မူတည်ပြီး တည်တည်ငြိမ်ငြိမ် ညှပ်ပေးတတ်ကြသည်။ အတွေ့အကြုံနှင့် အတတ်ပညာပြည့်ဝသော ဆရာများပင်တည်း။ တချို့မှာ မညှပ်ခင် ပြန်ပြန်မေးတတ်ကြသည်။ တိုမှာလား၊ ဘယ်လောက်တိုမှာလည်း၊ ဘေးဖက်တွေ တိမှာလား၊ ဒေါက်ဖြတ်မှာလား စသည် စသည်။ ဒါမျိုးဆိုပါက အသေအချာ ပြန်ဖြေရသည်၊ မဟုတ်က ဆံပင်ညှပ်ပြီးလျှင် ကိုယ့်ပုံကိုယ် မှတ်မိမှာတောင်မဟုတ်။

    ဆံပင်ညှပ်တာနဲ့ပတ်သက်ပြီး အခုထိ စွဲနေသော ဆောင်းပါးနှစ်စောင်ရှိသည်။ ဆရာသာဂဒိုးရေးသော "ကျွန်ုပ် ခေါင်းပုံဖြတ်ခဲ့စဉ်က" ဆိုသောတပုဒ်တွင် သူညှပ်ပေးခဲ့ရသော နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ ဆံပင်ညှပ်ခံပုံကို အသောထည့်ကာ ရေးပြသွားသည်။ ဗိုလ်ချုပ်က ဆံပင်ညှပ်ခံလျှင် ဆံသခုံတွင် ၀င်ထိုင်ပြီး ပါလာသော စာအုပ်ကို ဖတ်နေတတ်သည်။ ခေါင်းကို ဆံသဆရာ သာဂဒိုး အလိုကျ လိုက်ကာ မစောင်းပေး၊ မငိုက်ပေး၊ ဆံသဆရာကသာ ၀ိုင်းကြီးပတ်ပတ်ပုံစံလှည့်ကာ တမျိုး၊ ဒူးကွေးကာ တသွယ် ညှပ်ရပေသည်။ ဦးနု၏ ဦးခေါင်းမှာ နိုင်ငံရေးသမားမို့လို့လားမသိ အဖုအထစ်တွေ အလွန်များသောကြောင့် ညှပ်ရတမျိုးခက်သည်ဟု ရေးထားသည်။

    နောက်တပုဒ်က ဆရာသော်တာဆွေရေးသော (ခေါင်းစဉ်မမှတ်မိတော့ပါ) ဆောင်းပါးဖြစ်သည်။ ဟာသ၀တ္ထုတိုဟုလည်းပြောလို့ရသည်။ ဂျပန်ခေတ်တွင် ဆံသဆရာလုပ်ရာ ဂျပန်ဗိုလ်တယောက်ကို မုတ်ဆိတ်ရိတ်ပေးစဉ်တွင် ဗုံးကြဲလေယာဉ်လာသောကြောင့် ထိုဂျပန် ထအပြေး မုတ်ဆိတ်ရိတ်ဓား လည်ပင်းထိကာ ဂျပန်ဗိုလ် သေသွားပုံကို ရေးထားတာဖြစ်သည်။

    ဆံပင်ညှပ်တာနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်မိသော၊ ကိုယ်တိုင်ကြုံခဲ့ရသော အကြောင်းကလည်း နှစ်ခုရှိပြန်ပါသည်။

    နွေကျောင်းပိတ်ရက် ဇာတိမြေကို ရောက်ခိုက် အဖိုးအဖွားတွေက ဆံပင်ရှည်နေသောမြေးကို ကြည့်မရသဖြင့် ဆံပင်သွားညှပ်ရန် ဘိုးဘွားသံပေးသည် (ရာဇသံမဟုတ်)။ မြေးဖြစ်သူက ပါးသည်၊ အပြေးအလွှားသွားညှပ်ရသည်။ ဖိုးဖွားတွေက သူတို့သားအငယ်ဆုံး ဆံရှည်ဦးလေးကို ဆံပင်ညှပ်ရန် ပြောသည်ကို မလုပ်သောကြောင့် အိပ်နေခိုက်တွင် ဆံပင်ရှည်ကို ကတ်ကြေးဖြင့် တိဖြတ်ပေးဖူးသည်။ ဒါကို သိထားတော့ ညှပ်ကို ညှပ်မှဖြစ်သည်ကို အလိုလိုသိနေခဲ့သည်။ နယ်ဆံသဆိုင်ဆိုတော့ အထင်က မကြီး၊ ပုံခပ်တုံးတုံးတွေသာ ညှပ်ပေးတတ်မှာပေါ့ဟု တွေးခဲ့သည်။

    ဆံသဆိုင်တွင် ဆံရှည်ဦးလေးကို တွေ့ရသည်။သူက ဆံပင်ကို ဂုတ်ထောက်ကျော်အောင် ထားလေ့ရှိသူဖြစ်သည်။ အိပ်နေစဉ် ဆံပင်အဖြတ်ခံရမှာစိုးသောကြောင့် သတိနှင့် အိပ်သူဖြစ်သွားသည်။ အအိပ်ဆတ်သူဖြစ်သွားသည်။ ဆံသဆရာက သူ့သူငယ်ချင်းဖြစ်သည်။
ဦးလေးက “တူကြီး ဆံပင်လာညှပ်တာလားကွ” ဟု ရယ်ကျဲကျဲမေးရင်း၊ “ဘော်ဒါရေ ငါ့တူကို တွမ်ခရုကေ ညှပ်ပေးလိုက်ပါကွာ” ဟု လှမ်းပြောသည်။ ပြီးတော့ သူက ဆိုင်မှ ထွက်သွားသည်။ ဆံသဆရာလည်း "ကဲ တူကြီး လာကွ တွမ်ခရုကေလေး ညှပ်လိုက်ရအောင်" ဆိုကာ လက်စွမ်းပြပါတော့သည်။ ညှပ်နေရင်းမေးသည်။ မင်းက ဘယ်သူက မွေးတာလည်း။ ရန်ကုန်မှာနေတာလား။ ဘယ်နှတန်းရောက်ပြီလည်း။ ရည်းစားရှိပြီလား စုံလို့ဖြစ်သည်။

    ဒီမှာက တွမ်ခရုကေကို မှန်မှတဆင့် အကဲခတ်နေတာ သူမသိ။ တွမ်ခရုက ထိုနှစ်တွေမှာ ရေပန်းစားသော နိုင်ငံခြားရုပ်ရှင်မင်းသားဖြစ်သည်။ “အမေမွေးတာဗျ၊ အမေက ခုနဦးလေးရဲ့ အမအကြီးဆုံးပဲ။ ရန်ကုန်မှာနေတာ၊ ခြောက်တန်းရောက်ပြီ။ ကြိုက်တာတွေတော့ ရှိတာပေါ့ဗျာ။ ဦးလေးတွေက တားထားလို့” စသည်ဖြင့် အလိုက်သင့်ဖြေနေရင်း သူညှပ်နေတာ ပုံစံကျ မကျကြည့်နေရပြန်သေးသည်။ ကဲ ရပြီ ဆိုတော့ ဆံသထိုင်ခုံမှထကာ မှန်ရှေ့တွင် ရှေ့နောက် ၀ဲယာ ဦးခေါင်းလှည့်ကာ တွမ်ခရုကေကို ရှုစားရသည်။ ညှပ်ခဲ့သမျှထဲတွင် အတော်နှစ်သက်ခဲ့ရသော လက်ရာပင်ဖြစ်သည်။ ရန်ကုန်ပြန်ရောက်ပြီး စကားပြောလျှင်ပင် တွမ်ခရု စတိုင် တခါတလေ ဖမ်းမိသည်အထိ ထိုတွမ်ခရုကေ က လွှမ်းမိုးခဲ့သည်။

    နောက်အကြောင်းတခုက ညီအငယ်နှင့် ဆံသဆိုင်တွင် တနင်္ဂနွေတနေ့ အားတုန်း အတူတူ ညှပ်စဉ်ကဖြစ်သည်။ ကိုယ်တိုင်က တက္ကသိုလ် သုံးတန်းအရောက်၊ သူက အလယ်တန်း ငါးတန်းအရွယ်။ ငယ်စဉ်က အဖြစ်ကို တုပြီး ဆံသဆရာကို "ဒီကောင့်ကို မိုက်ကယ်အိုဝင်ကေ ညှပ်ပေးလိုက်ပါဗျာ" ဟု ပြောလိုက်သည်။ ညီလုပ်သူက အတော်သဘောကျနေသည်။ ထိုတုန်းက မိုက်ကယ်အိုဝင်ခေတ်ဖြစ်သည်။ သူက မိုက်ကယ်အိုဝင် ခရေစီဖြစ်သည်၊ ကျောင်းမှာလည်း ဘောလုံးခိုးခိုးကန်နေသူဖြစ်သောကြောင့်တည်း။ ခိုးခိုးကန်သည်ဆိုတာက ဆရာ ဆရာမတွေမသိအောင် အသင်းလေးတွေဖွဲ့ပြီး နီးစပ်ရာ ကွင်းပြင်တွင် ထမင်းစားချိန်အတွင်း ကန်ကြခြင်းဖြစ်သည်။ ကျောင်းအားကစားကွင်းမရှိသော ကျောင်းတွင် ကျောင်းတက်ခဲ့သူဖြစ်သည်။

    ဆံသဆရာ ချွေးတလုံးလုံးဖြင့် ညှပ်ပါလေသည်။ ကျသင့်ခရှင်းချိန်တွင် ညီဖြစ်သူ ဆံပင်ကို ကြည့်တော့ နောက်ပိုင်းပြောင်နေလေပြီ။ မျက်နှာက မညှပ်ခင်လို မရွှင်တော့။ ငိုမဲ့မဲ့ဖြစ်နေလေပြီ။ ဒီကောင် ဓားထိသွားလို့များလားဟု ထင်မိသည်။ အိမ်အပြန်လမ်းတလျှောက်လုံး စကားမပြော။ အိမ်ရောက်မှ အဖေနှင့်အမေကို ဆံပင် ပြပြီး စောဒကတက်ပါတော့သည်။ မိုက်ကယ်အိုဝင်ကေမှာ ဒီလောက်မတိုကြောင်း၊ ဒီလောက်လည်း နောက်မပြောင်ကြောင်း၊ မနက်ဖြန်တွင် သူကျောင်းသို့ မတက်ချင်တော့ကြောင်း၊ ဒီဆံပင်ပုံစံကို မကြိုက်ကြောင်းပြောပါလေတော့သည်။

    အကိုတွေခေတ်တုန်းတွင် ဒီပုံစံထက်တိုသော "ရှေ့တလက်မ နောက်ပြောင်" ဆိုတာကို ညှပ်ခဲ့ရကြောင်း၊ အခု ညှပ်လာသော မိုက်ကယ်အိုဝင်ကေမှာ အတော်ကြည့်ကောင်းပါကြောင်း လူကြီးတွေက လှည့်ပတ်ပြောဆိုမှ ငါးတန်းကျောင်းသား မအီမလည်ဖြင့် ကျေနပ်သွားသည်။ ညီလုပ်သူကို “ဟေ့ မိုက်ကယ်အိုဝင်ကေ မညှပ်တော့ဘူးလား” ဟုပြောတိုင်း အထက်ပါဖြစ်ရပ်ကို ပြန်ပြောကာ ရယ်မောရသည်။ ဗန်ဒိန်းကေ၊ ဒွေးကေ တို့မှာလည်း လူငယ်များကြား ခေတ်စားခဲ့သည်။

    အခုနောက်ပိုင်းတွင် ဆံသဆိုင်များမှာ ပိုမိုတိုးတက်လာသည်။ ဆံသပညာပါမက ဆံသဆိုင်ဝန်ဆောင်မှုပါ တိုးတက်ကောင်းမွန်လာသည်။ ဆံပင်လာညှပ်သူကို ဘယ်လိုဆံပင်ပုံစံထားရင် ကြည့်ကောင်းမည်ဟု အကြံဥာဏ်ပေးကြသည်။ ဖောက်သည်အကြိုက်ကို ဦးစားမပေး။ ဘယ်လောက်ပဲ ဟိုမင်းသားပုံစံ၊ ဟိုဘောလုံးသမားပုံစံ ညှပ်ပေးပါပြောပြော ထိုသူ၏မျက်နှာနှင့် လိုက်မည့်ဆံပင်ပုံစံကိုပဲ ညှပ်ဖို့ တိုက်တွန်းကာ အကြံပေး ပြောပြပြီး ကြိုက်သည်ဆိုမှ ထိုအတိုင်း ညှပ်သည်။ ဆံသခကလည်း ဆိုင်အလိုက် ဈေးရှိသည်။

    အရင်က စဉ်းစားမိသလို မိသားစုတစုတွင် တယောက်လောက် ဆံပင်ညှပ်တတ်လျှင် ကောင်းမည်ဟု တွေးမိသည်။ တခါ ဆံပင်ညှပ်တုန်း စဉ်းစားမိသည်။ ဆိုင်ကယ်ဦးထုပ်ပုံစံ အလိုအလျောက် ဆံပင်ညှပ်စက် ထွင်နိုင်ကြလျှင်ကောင်းမည်ဟု။

    ဆံပင်မညှပ်ဖြစ်တာ ကြာပြီ။ ဆံပင်ကလည်း ဂုတ်ထောက်လျက်ရှိနေသည်။ ဘိုးဘွားသံကလည်း မကြားရတော့ပြီဖြစ်သည်။ တလတခါ ဆံပင်ညှပ်မည်ဟု သတ်မှတ်ထားသည်ကလည်း မှန်တချက် မမှန်တချက်။ ဒီတခါ ဆံပင်ညှပ်လျှင်ဖြင့် ဆံသဆရာ ကြိုက်ကြိုက် မကြိုက်ကြိုက် တွမ်ခရုကေလေး ညှပ်ပေးပါဟု တောင်းဆိုဖြစ်ကောင်း တောင်းဆိုရပေတော့မည်။ ။

ကျော်မောင်(တိုင်းတာရေး)
၂၂-မတ်-၂၀၁၅

Photo credit - https://plus.google.com/+RodolfoArpia/posts/1WfamTjFCSd