ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ဖက်ဆစ်တို့ရဲ့  ညစာစားပွဲ

၂၀၁၅ မတ် ၂၇၊ ၀ါရှင်တန်ဒီစီ၊ အကြမ်းဖက်မြန်မာအစိုးရသံရုံးရှေ့က ဒို့ မြန်မာတိုင်းရင်းသားတွေ (ဇွန်မိုး)

ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ဖက်ဆစ်တို့ရဲ့  ညစာစားပွဲ
(မိုးမခ) မတ် ၂၉ ၊ ၂၀၁၅

ချစ်သူငယ်ချင်းတို့ရေ …

တကယ်တော့ ဒီအကြောင်းရေးဖို့ အစီအစဉ်မရှိဘူး။ အရင်စာထဲမှာ ကားမောင်းတဲ့အကြောင်း ပြောခဲ့ပြီး၊ မင်းတို့ မေးထားတဲ့ နှင်းတွေထူထပ် ဆောင်းတွင်းကာလ၊ ရေခဲလမ်းတွေပေါ်မှာ ဘယ်လို ကားတွေမောင်း၊ သွားလာနေထိုင်ကြတဲ့အကြောင်း ဆက်ရေးမလိုပဲ။ ဒါပေမဲ့ ဒီရက်အတွင်း ဒို့ရွှေပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြည်သူ့ချဉ်ဖတ်တွေရဲ့  အရုပ်ဆိုး အကျည်းတန် တရားမဲ့လုပ်ရပ်တွေကို မခံစားနိုင်လို့ ဒီမှာရှိတဲ့ ဒို့အင်အားတွေ ဝါရှင်တန်ဒီစီ မြန်မာစစ်အစိုးရ အခွန်ရုံးရှေ့ သွားပြီး  စစ်အစိုးရရဲ့  အကြမ်းဖက်ကျူးလွန်မှုတွေ၊ အရှက်မဲ့ လိမ်ညာပြောဆိုမှုတွေကို ကမ္ဘာ့ပြည်သူတွေ ပိုသိရှိနားလည်ဖို့ နဲ့ ရှုတ်ချကြဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဆိုနေခဲ့တာ ရက်သတ္တပတ် နှစ်ပတ်ကျော်လာခဲ့ပြီ။ ပြီးတော့ အမေရိကန်အစိုးရနဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကို စစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူလုပ်ကိုင်ဖို့ စာရေးတိုက်တွန်းခဲ့ကြတယ်။ 

ဒီနေ့ညနေ မတ်လ (၂၇) ရက်နေ့မှာတော့ ကမ္ဘာကြီးကို လှည့်စားလိမ်ညာဖို့ တစိုက်မတ်မတ် ကြိုးစားနေတဲ့ စစ်အာဏာရှင် လက်ဝေခံ မြန်မာသံအမတ်အိမ်မှာ ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ခဲ့တဲ့ သူတို့အခေါ် တပ်မတော်နေ့ ညစာစားပွဲ အခမ်းအနားပွဲကို ချမ်းအေးတဲ့ ဥတုရာသီကို အန်တုပြီး ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗာဂျီနီးယားပြည်နယ်တဝိုက်မှာ နေထိုင်ကြတဲ့ “စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစု” ဒို့တတွေ သွားရောက်ခဲ့ကြတယ်။ 

မင်းတို့ (ဒို့ပြည်သူတွေ) သိတဲ့အတိုင်း တကယ်တော့ ဒီနေ့က ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွှတ်မြောက်ရေး တော်လှန်ရေးနေ့ မဟုတ်လား။ ဒါပေမဲ့ ပြည်သူအကြည်ညိုမဲ့ ကလိမ်ကကျစ် စစ်အာဏာရှင်တွေက ဗိုလ်ချုပ်အောင်ဆန်း ဖက်ဆစ်ဂျပန်ကို စစ်ကြေညာ တော်လှန်တိုက်ပွဲစခဲ့တဲ့နေ့ကို တပ်မတော်နေ့လို့ ပြည်သူ့ဆန္ဒ သဘောထားမပါ ပြောင်းလဲခေါ်ပြီး ခေတ်မမှီတဲ့ သူတို့ရဲ့  မီးကျိုးမောင်းပျက် စစ်အင်အားပြပွဲ၊ ညစာစားပွဲ ဘာညာနဲ့ သမိုင်းဖျက်ခဲ့ကြတာ မင်းတို့အသိ။ 

မိုးမခပင်တိုင် ဆောင်းပါးရှင် ငြိမ်းချမ်းအေး ရေးထားတဲ့ “တပ်မတော်နေ့ အမှန်ဖြစ်ရေး အရေးကြီးသည်” (http://moemaka.com/archives/43037) ဆောင်းပါးကို ဖတ်ကြည့်ရင် စစ်အာဏာရှင်တွေရဲ့  ကလီကမာလုပ်ရပ်ကို ကွက်ကွက်ကွင်းကွင်း သိရမယ်။ 

မြန်မာစစ်အစိုးရ အခွန်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အာဏာရှင်သြဇာခံ သံအမတ်၊ ဝန်ထမ်းတွေရဲ့  ညစာစားပွဲကို သွားတယ်ဆိုလို့ သူတို့ရဲ့  အဆိပ်အတောက်တွေကို သွားစားကြတာ မဟုတ်ဘူး။ အဲဒီ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံခြားသားတွေ၊ အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားသားတွေကို မြန်မာစစ်အစိုးရရဲ့  အတောမသတ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရှုတ်ချပြောဆိုဖို့၊ ပြီးခဲ့တဲ့ရက်အတွင်းနဲ့ ဒီရက်ပိုင်းတွေအတွင်း တရားမဲ့ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာ့လူထု ပိုမိုသိမြင်ဖို့။ အထူးသဖြင့် နိုင်ငံတကာ ခေါင်းဆောင်များရှေ့ မှာ အရောင်အသွေး အကျင့်ဗီဇ မပြောင်းသေးတဲ့ စစ်အုပ်စုကို အရှက်ခွဲဖို့ နဲ့ ပြည်သူ့ချွေးနှဲစာ အခွန်ဘဏ္ဍာနဲ့ ကျွေးမွေးတဲ့ အစားအစာတွေ မျိုမကျအောင် သတိပေး လှုံဆော်ကြတာဖြစ်တယ်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဧည်ခံပွဲတက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ နိုင်ငံခြားသံတမန်တွေကြားအောင်  ...

သိန်းစိန်အစိုးရ အကြမ်းဖက် အစိုးရ (terrorist Thein Sein’s government)။ 

ရှက်စရာကောင်းတဲ့ အာဖျံကွီး အစိုးရ (shameless government)၊ 

အကြမ်းဖက်အုပ်စု (terrorists)။ 

ရဟန်းရှင်ပြည်သူ၊ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားတွေကို နှိပ်စက်ဖမ်းဆီး၊ အဓမ္မပြုကျင့်၊ ရိုက်နှက်သတ်ဖြတ်နေတဲ့ အစိုးရ (oppressive government)။

 ကျောင်းသားလူငယ်တွေရဲ့  အမျိုးသားပညာရေးစနစ် တောင်းဆိုမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အစိုးရ (human rights violator)။

 ကျောင်းသားလူငယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အစိုးရ။ 

လယ်ယာမြေတွေ တရားမဲ့ သိမ်းယူနေတဲ့ အစိုးရ။ 

အလုပ်သမား အခွင့်အရေးတွေကို ချိုးဖျက်နေတဲ့ အစိုးရ။ 

ရဟန်းရှင်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့ အစိုးရ။ သတင်းသမားတွေကို အကျဉ်းချနေတဲ့ အစိုးရ။ 

သူတို့ထိန်းချုပ် သတင်းမီဒီယာကနေ လိမ်ညာနေတဲ့ အစိုးရ ... ... ...

စသဖြင့် သံပြိုင်ဟစ်ကြွေးခဲ့ကြတယ်။

သံရေးတမန်ရေးအရ လာရောက်ကြတဲ့ နိုင်ငံခြားသံတမန်တွေအနေနဲ့ မြန်မာစစ်အစိုးရရဲ့  ကမ္ဘာကျော် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားဥပဒေမဲ့ လုပ်ရပ်ကျူးလွန်မှုတွေကို သိကြပါတယ်။ သူတို့အနေနဲ့ ဒီလို ပြည်သူလူထု ရှုတ်ချတဲ့ ညစာစားပွဲမျိုးကို လာဖို့ဆန္ဒ မရှိကြပါ။ တွေ့ရမြင်ရသလောက် တက်ရောက်လာကြတဲ့ ဧည်သည်တွေ ခဏတဖြုတ်နေပြီး ပြန်သွားကြတာကို တွေ့ရတယ်။ 

ဒါပေမဲ့ သံအမတ်အိမ်ထဲမှာ ဒို့တတွေ ပြန်တဲ့အထိ စောင့်ပြန်ကြသူတွေက ...
အခွန်ရုံးဝန်ထမ်းတွေ၊ မိသားစုဝင်တွေ၊ 
ဟိုကူးဒီကူး သာကူးတွေ၊
 မြန်မာနိုင်ငံက ခေတ္တရောက်ရှိနေတဲ့ တချိန်တုန်းက ခွပ်ဒေါင်းဖြစ်ချင်ကြပြီး အခုတော့ စစ်အစိုးရအကျိုးဆောင် ပုတ်သင်ညို ဖြစ်သွားကြတဲ့ သမ္မတအကြံပေး စီးပွားရေးပညာရှင်ဆိုသူ၊ ငြိမ်းချမ်းရေးစင်တာ (MPC – Making Pieces Center - သူတို့ စေ့စပ်လုပ်ပေးမှ တိုင်းရင်းသားအုပ်စုတွေလည်း အစိတ်စိတ်အမြွာမြွှာ ဖြစ်ကုန်ပြီ မဟုတ်လား) က ပလီပတာ ဗိုလ်အောင်မင်း တပည်ကျော်တွေလည်း ... ....
 ပါတယ်လို့ သိရတယ်။ နောက်မှ ပေးတာယူ အခွင့်ထူးခံ ဖြစ်ချင်ကြတဲ့ ခံယူချက် မခိုင်မာတဲ့ စစ်ကျွန်ပညာရှင်တွေအကြောင်း ပြောပြတာပေါ့။

ဒို့တတွေအဖို့ ချမ်းစိမ့်တဲ့ ရာသီထဲမှာ နှစ်နာရီလောက် ခွပ်ဒေါင်းအလံတွေ ဝှေ့ယမ်း၊ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ဓါတ်ပုံတွေ၊ စစ်အစိုးရ ဆန့်ကျင်ရေး စာတမ်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး တော်လှန်ရေးနေ့မှာ အာဏာရူး ဖက်ဆစ်စစ်အစိုးရရဲ့  လက်ဝေခံ၊ သြဇာခံတွေနဲ့ အပေါင်းပါတွေကို ကောင်းကောင်းပညာပေး၊ ရှုတ်ချနိုင်ခဲ့တယ်။ သံအမတ်အိမ်ရှေ့ မှာ ဧည်ကြိုနေကြတဲ့ သံဝန်ထမ်းတွေ နဲ့ သံအမတ်ဆိုသူတို့ မျက်စိမျက်နှာပျက် လူဘုံအလယ်မှာ အရှက်တကွဲ အကျိုးနည်းခဲ့ကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဖမ်းဆီးခံထားရတဲ့ မျိုးဆက်သစ်ခွပ်ဒေါင်းတွေ အမြန်ဆုံးလွတ်မြောက်ဖို့၊ တရားဥပဒေမဲ့ လုပ်ရပ်တွေ ချုပ်ငြိမ်းဖို့၊ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ ရပိုင်ခွင့်တွေ ရရှိဖို့၊   ဒို့ပြည်သူ တိုင်းရင်းသားတွေ ကိုယ့်တိုင်းပြည်ကိုယ့်ရွာမှာ ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ဖို့၊ စစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ နဲ့ အဆုံးမှာ စစ်အာဏာရှင်စနစ် ဒို့မြန်မာပြည်ပေါ်မှ ကွယ်ပျောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ဖို့ ဒို့ပြည်သူတွေ ဆက်လက် တော်လှန်တိုက်ပွဲဝင်ကြရမယ်။ ဒါမှ ဒို့ကျောင်းသားတွေ နိုင်မယ်။ ဒို့ပြည်သူ အလုပ်သမား၊ လယ်သမားတွေ နိုင်မယ်။ သိတဲ့အတိုင်း ပြောမယ်ဆို ဆက်ပြောစရာတွေ အများကြီးပဲ။

အခုတော့ မိုးလည်း အတော်ချုပ်ပြီ။ နောက်မှ မင်းတို့ သိချင်တဲ့ ဆိုးဝါးလှတဲ့ ဆောင်းရာသီအကြောင်း ပြောတာပေါ့။ အခုတော့ မြန်မာနိုင်ငံအနှံမှာ ဆက်လက်ဖြစ်နေတဲ့ ဖမ်းဆီးခံ ကျောင်းသူကျောင်းသားလေးတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် ပါဝင်လှုပ်ရှား ကူညီအားပေးကြကွာ။ ဒို့မျိုးဆက်တွေ အဆုံးမသတ်နိုင်ခဲ့ တော်လှန်ရေးကို မျိုးဆက်သစ်တွေ ဆက်လက်တိုက်ပွဲဝင်နေကြတာ ဂုဏ်ယူလေးစားဖို့ ကောင်းပါတယ်။

အမေရိကန်နိုင်ငံရဲ့  လွတ်လပ်ရေး ဖခင်ကြီးတဦးဖြစ်တဲ့ သောမတ်စ် ဂျက်ဖာဆင်က "Rebellion to tyrants is obedience to God. မင်းဆိုးမင်းညစ် အာဏာရှင်တွေကို ပုန်ကန်တော်လှန်ခြင်းသည် ဘုရားသခင်ရဲ့  အမိန့်ကို နာခံခြင်း” လို့ မိန့်ဆိုတယ်။ ကဲ ဒီတော့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ လက်တွဲညီညီ တော်လှန်ခရီးဆက်ကြစို့။

ချစ်သူငယ်ချင်းအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 
ဇွန်မိုး