ငြိမ်းချမ်းအေး - ‘ကယ်တင်ရှင် တပ်မတော်’ ဆိုတာ မရှိပါ


ငြိမ်းချမ်းအေး - ‘ကယ်တင်ရှင် တပ်မတော်’ ဆိုတာ မရှိပါ
(သည်လေဒီးစ်နယူးစ် / မိုးမခ) မတ် ၃၀၊ ၂၀၁၅


ဒီဆောင်းပါးကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ဆက်စပ် ပုံနှိပ် ထုတ်ဖြစ်တဲ့ နှစ်ပုဒ်ထဲက ဒုတိယ အပုဒ်ပါ။  ရသစာရေးသူ တယောက် မဟုတ်ပေမဲ့ အပ်ထည်တွေ ဆိုရင် သိပ်စိတ်တိုင်းကျလေ့မရှိတာ အမြဲပါပဲ။  မျက်မှောက်ရေးရာ တိုင်းပြည် သတင်း အခြေအနေတွေက နှိုးဆော်လွန်းလို့ စာရေးတဲ့ အပျော်တမ်းစာရေးသူ ဖြစ်တာကြောင့် ထင်ပါတယ်။  သမိုင်းနေ့စွဲတွေနဲ့လည်း ပတ်သက်ပြန်၊ မဖြစ်မနေ အပတ်စဉ်မပျက်အောင်လည်း ပေးရပြန်ရင် စာကောင်းဖို့က ဝမ်းစာနဲ့ အတွေ့အကြုံလည်း ပိုလိုပါတယ်။

ဒီလိုသဘောကြောင့် ဒီတပတ် တော်လှန်ရေးနေ့ ဆက်စပ် နှစ်ပုဒ်လုံး ပထမ ‘တပ်မတော်နေ့ အမှန် ဖြစ်ရေး အရေးကြီးသည်’  ကော၊ အခု ‘ကယ်တင်ရှင် တပ်မတော် ဆိုတာ မရှိပါ’ ကော တကယ်တော့ စိတ်တိုင်းကျလှချည်းရဲ့ မဟုတ်ပါ။  နေရာနှစ်ခုကို အကြောင်းအရာတူလည်းပေးရမှာဖြစ်တော့ တချို့အပိုင်းတွေက (သမိုင်းအချက်ပိုင်းက) တူနေတာအတွက်လည်း ဘဝင်မကျပါ။  ဒါပေမဲ့ တင်ပြချင်တဲ့ ကောက်ချက်၊ သမိုင်းပုံဖော်မှုကိုတော့ ကွဲပြားအောင် ရေးထားပါတယ်။  လိုအပ်တာတွေလည်း ရှိမှာပါ။  ထောက်ပြဝေဖန်ကြပါ။

ကျနော် ဒီအကြောင်းအရာဆက်စပ်မှာ နောက်ထပ် တပုဒ်အကျယ် ရေးချင်တာလည်း ရှိပါသေးတယ်။  အဲဒါကတော့ စစ်အာဏာရှင်စနစ်ကို ပုံဖော်ထုဆစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မတူညီတဲ့ သမိုင်းအမြင်ပါ။  ဒီဆောင်းပါးမှာလည်း အဲဒီအကြောင်းကို ပုံပေါ်အောင် အကျဉ်း တပိုဒ်တော့ ထည့်ထားပါတယ်။

စစ်တပိုင်း အစိုးရအသစ် စ တက်လာကတည်းက ကျနော် အမြဲ ဆိုလေ့ရှိပါတယ်။  ဗိုလ်သန်းရွှေ၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန် ဆိုတာမရှိ၊ ;အပျော့’ ဂိုဏ်း၊ ‘အမာ’ ဂိုဏ်း မရှိ၊ ‘စစ်အုပ်စု’ ဆိုတာသာ ရှိတယ်လို့ မပြတ် ထောက်ပြခဲ့ပါတယ်။  အခု သမ္မတလုပ်သူရဲ့ ဗြိတိသျှရုပ်သံ (မတ်-၂၀) ဖြေကြားချက်တွေကို ကြည့်ပြီး လူတွေက သမ္မတရဲ့ မင်းသားမျက်နှာဖုံး လုံးလုံးကွာကျသွားတယ် ဆိုနေကြပါတယ်။  အမှန်တော့ သမ္မတရဲ့ စစ်ဘီလူးသရုပ်က အစကတည်းက ရှိတာပါ။  လူတွေက အကောင်းမြင်စိတ် နှင်းဆီရောင်သွေး စစ်ဝါဒ အမိုက်ဖုံး အမြင်တွေနဲ့ ကြည့်ခဲ့ကြလို့သာ စစ်အုပ်စု ဆိုတဲ့ အသိုက်အမြုံ တခုလုံးရဲ့ သရုပ်မှန်ကို မမြင်ခဲ့ကြတာပါ။

ဒီသရုပ်မှန် စစ်အုပ်စု ဖြစ်တည်မှုကို သူတို့ တတွေ ဘာကြောင့် မယိုင်မလဲ ကိုင်ဆွဲရပ်တည်နေကြသလဲဆိုရင် အာဏာ၊ အကျိုးစီးပွားဆိုတဲ့ ‘လောဘ’၊ ‘ဒေါသ’ မက်လုံးအပြင် သမိုင်းကို ရှုမြင်ပုံ အမြင်မတူညီ၊ သူတို့မှိုင်းတိုက် ပုံဖော်တဲ့ ကိုယ်ပိုင်သမိုင်းကို တကယ်ယုံကြည်နေတဲ့ အမိုက်ဖုံး ‘မောဟ’ ကြောင့်လည်း အဓိကပါပါတယ်။  သူတို့က တကယ့်ကို ကယ်တင်ရှင် စစ်တပ်လို့ ယုံကြည်နေကြတာပါ။  ဒီသဘောကို ပေါ်အောင်လည်း ဒီဆောင်းပါးမှာ တတ်နိုင်သမျှတော့ ထည့်ထားပါတယ်။  အလျဉ်းသင့်ရင် သီးသန့် တတိယတပုဒ် အဖြစ်လည်း အကျယ် ရေးချင်ပါသေးတယ်။  အခု ဆွေးနွေးထားသမျှကို ပြန်လည် ဝေဖန် ထောက်ပြလိုသူ၊ အမြင်ချင်း မလှယ်လိုသူများကို ကြိုဆိုပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

(၂၀၁၅) ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးကြီး နှစ် (၇၀) ပြည့်တဲ့ အထင်ကရ သမိုင်းရက်စွဲ ဖြစ်ပါတယ်။  သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ ‘မ အ အောင် သမိုင်းသင်တယ်’ ဆိုတဲ့ စကားအတိုင်း ထပ်တူပြု ပြောရရင် တိုင်းပြည်မှာ ရာစုဝက်ကျော် ဗိုလ်ကျ အုပ်စိုးခဲ့သူ စစ်အာဏာရှင်အစိုးရများကလည်း လူထု ‘အ အောင်’ စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ သမိုင်းဖျောက်၊ သမိုင်းလိမ်၊ သမိုင်းဝှက် လုပ်ခဲ့ကြပါတယ်။  ဒီထဲက တခုကတော့ မတ်လ (၂၇) ရက်နေ့ ‘ဖက်ဆစ်တော်လှန်ရေးနေ့’ ကို ‘တပ်မတော်နေ့’ သက်သက် အသားပေး ပုံဖော်ခြင်းပါပဲ။

ဒီလို စစ်အာဏာရှင်ဗိုလ်ချုပ်များရဲ့ ‘သမိုင်းညာအမှု’ လို့ ဆိုတော့ မတ်လ (၂၇) ကို ‘တပ်မတော်နေ့’ လို့ အမည်တွင်ခြင်း ဇာတ်လမ်း အစဟာ ဒီမိုကရေစီခေတ် ဖဆပလ အစိုးရ လက်ထက်ကတည်းကပါလို့ ပြန်ထောက်ချင်ပါမယ်။  မှန်ပါတယ်။  ဒီလိုဖြစ်ခဲ့ရခြင်းကလည်း ဒီမိုကရေစီခေတ်ဦး ဖဆပလခေတ်ကတည်းက တိုင်းပြည်မှာ စစ်တပ်ကြီးစိုးဖို့ စတင်စိတ်ကူးခဲ့ကြလို့ပါ။  ဖဆပလအစိုးရနဲ့ တပ်မတော်ထဲက ဆိုရှယ်လစ်အုပ်စုရဲ့ စိတ်ကူးရည်မှန်းချက်ပါ။

တကယ်တော့ ဆိုရှယ်လစ် စစ်ဗိုလ်တွေ ဖြစ်တဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ရဲ့ စစ်အာဏာသိမ်းရေး အိပ်မက်ဟာ ဂျပန်ခေတ်ကတည်းလို့တောင် ဆိုနိုင်ပါတယ်။  လူကြီးတွေ (ဦးနု၊ သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ခေါင်းဆောင်ပိုင်း) က ဂျပန်နဲ့ပေါင်း ရာထူးယူနေကြပြီ၊ ဘာမှ မလုပ်ကြတော့ဘူး၊ ငါတို့ ဘာသာ ဖက်ဆစ်ကို တော်လှန်မှ ဖြစ်မယ် ဆိုတဲ့ စိတ်ကူးကို အခြေခံပြီး တပ်တွင်းမှာ ဆိုရှယ်လစ်အုပ်စုဖွဲ့၊ အာဏာလွန်ဆွဲလိုကြတာပါ။  ဒီမှာ အာဏာမက်၊ တက်လှမ်းရှာချင်တဲ့ ဗိုလ်နေဝင်းကို ဆရာမွေးခဲ့ကြပါတယ်။  အဲဒီလို  ‘ဆရာမွေး၊ တပည့်မွေး’ လုပ်ကြပြီး မြေအောက်မှာ ဖက်ဆစ်တော်လှန်ရေး ဦးဆောင်နေတဲ့ သခင်စိုးနဲ့ သွားတွေ့ ညှိ၊ ဂျပန် လက်နက်ကိုင်တော်လှန်ရေး စလုပ်ဖို့ ဆွေးနွေးခဲ့ဖူးကြပါတယ်။  သခင်စိုး က စစ်တပ်ကလူချင်း အာဏာလုပွဲမှာ ငါက ဘာလို့ ခေါင်းခံရမလဲဆိုပြီး ငြင်းလွှတ်လိုက်လို့သာ သူတို့ အစီအမံပျက်ခဲ့ပုံတွေကို သိန်းဖေမြင့်၊ သခင်တင်မြ အစရှိတဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်များရဲ့ သမိုင်းမှတ်တမ်းစာအုပ်တွေမှာ တွေ့နိုင်ပါတယ်။

ဒီဖြစ်စဉ်တွေမှာ ဗိုလ်နေဝင်းဘက်က တကယ်တော့ နိုင်ငံရေးယုံကြည်ချက် ရှိလှချည်းလို့ မဟုတ်ပါ။  သူဟာ ကောလိပ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ခပ်ဝေးဝေးနေပြီး မြင်းလောင်း၊ မိန်းမလိုက်နဲ့ ပျော်ပျော်ပါးပါးသာ နေတတ်သူပါ။  ဒီလို နိုင်ငံရေးသမိုင်းကောင်း မရှိတဲ့ သူ့ရဲ့ အထက်မှာ ခေါင်းဆောင်တွေ အများကြီးရှိ၊ သူ့ရဲ့ တက်လမ်းပိတ်နေလို့ အာဏာလိုချင်စိတ်သက်သက်နဲ့ အကွက်ချောင်းသာနေခဲ့ပါတယ်။  လွတ်လပ်ရေးရပြီးပြီးချင်းမှာလည်း လက်ဝဲအင်အားစုရဲ့ စစ်ခေါင်းဆောင် အဖြစ် တောခိုပြီး ဦးနုအစိုးရကို တော်လှန်မယ် ကြံစည်ခဲ့ဖူးပါတယ်။  ဒါပေမဲ့ တောခိုတဲ့ အဖွဲ့အစည်းတွေနဲ့ အနေနဲ့ အာဏာရဖို့က မသေချာတာရယ်၊ လက်နက်ကိုင် ရောင်စုံ အဖွဲ့အစည်းစုံ တောခိုနေပြီး ဖြစ်လို့အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ ဦးနု အစိုးရ ကို စစ်တပ် ခေါင်းဆောင် အနေနဲ့ အကြပ်ကိုင်ရာထူးတောင်းတာက ပိုသေချာတဲ့ အတွက် အဲ့ဒီအစီအစဉ်လည်း မဖြစ်မြောက်ခဲ့ပါ။

နောက် ကရင်နဲ့ ပြည်တွင်းစစ်ဖြစ် တပ်မတော်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း (၁၉၀၆ - ၁၉၇၉) အပါအဝင် ဝါရင့် ကရင်ဗိုလ်ချုပ်တွေ အငြိမ်းစားယူခိုင်းတော့ ဗိုလ်နေဝင်းလည်း ပြိုင်ဘက်မရှိ စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး တပည့် ဆိုရှယ်လစ်ဗိုလ်တွေနဲ့ တပ်ကို စိတ်တိုင်းကျ ခြယ်လှယ်ခွင့်ရသွားတယ်။  ဒီမှာ နောက်တဆင့် အိပ်မက် ဖြစ်တဲ့ တိုင်းပြည်တခုလုံး အာဏာသိမ်းဖို့ ဆက်လက် ကြံစည်ခဲ့ကြပါတယ်။

လွတ်လပ်ရေးခေတ်ဦး (၁၀) နှစ်တာရဲ့ ဒီမိုကရေစီ အစိုးရကလည်း ပြည်တွင်းစစ်နဲ့ တရုတ်ဖြူစစ်ကြောင့် တပ်မတော်ကို အားကိုးနေခဲ့ရတယ်။  စစ်တပ်က စီးပွားရေး၊ အုပ်ချုပ်ရေးတွေမှာလည်း နေရာယူခွင့်ရလာတယ်။  ဒီလိုနဲ့ ဖဆပလတွင်းက စစ်တပ်ထောက်ခံမှုရ ဆိုရှယ်လစ်အုပ်စုနဲ့ စစ်တပ်ဆိုရှယ်လစ် အုပ်စု နှစ်ခုပေါင်းဟာ အာဏာနိုင်ငံရေး အနေအထားအရ တပ်မတော် အခန်းကဏ္ဍကို မြှင့်တင်တဲ့ အနေနဲ့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ် အသိအမှတ်ပြုမှု သဘော ရအောင် ကြံဆောင်နိုင်ခဲ့ကြတယ်။  (၁၉၆၂) မှာ စစ်တပ်က အာဏာကို အပြည့်အဝသိမ်းယူပြီး တော်လှန်ရေးကောင်စီ အဖြစ်အုပ်ချုပ်တယ်။  ဒီလို စစ်တပ်ကြီးစိုးမှု အခြေတည် ခိုင်မာသွားခဲ့ခြင်းနဲ့ အတူ မဆလ တပါတီ အာဏာရှင် အစိုးရ ဖွဲ့စည်းပြီး ၁၉၇၄ နောက်ပိုင်းမှာတော့ တော်လှန်ရေးနေ့ နာမည်နဲ့ သဘော ဟာ လုံးလုံးပျောက်ခဲ့ရကာ တပ်မတော်နေ့ အဖြစ်သာ လုံးလုံး အထိမ်းအမှတ်ပြုခြင်း ခံခဲ့ရတယ်။

တကယ်တော့ တိုင်းပြည် လွတ်လပ်ရေး နဲ့ ကာကွယ်ရေး အတွက် သမိုင်းမှတ်တိုင် ရှိခဲ့တဲ့ တပ်မတော်ကို ဂုဏ်ပြု တပ်မတော်နေ့ သတ်မှတ်ခြင်းဟာ လုပ်သင့်၊ လုပ်ထိုက်တဲ့ အလုပ်တခုပါ။  ဒါပေမဲ့ သီးသန့် တပ်မတော်နဲ့ လုံးလုံး သက်ဆိုင်တဲ့ နေ့မျိုးသာ ဖြစ်ရပါမယ်။  ဥပမာ - ထိုင်း တပ်မတော်နေ့ ဟာ တောင်ငူမင်းဆက်ခေတ်မှာ မြန်မာဘုရင် နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အောင်နိုင်မှု ကို အထိမ်းအမှတ် ပြု သတ်မှတ်ထားခြင်းဖြစ်တယ်။

ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ မတ်လ (၂၇) တော်လှန်ရေးနေ့ကို အခုလို တပ်မတော်နေ့ လုပ်ခဲ့ခြင်းဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး သမိုင်းမှာ တပ်မတော် တခုတည်းကိုကာ အဓိက ဦးစားပေးလိုက်ခြင်း ဖြစ်သလို၊ လွတ်လပ်ရေး လှုပ်ရှားမှု အဆင့်ဆင့်မှာ ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသား၊ လူထု လူတန်းစား အစုအဖွဲ့ အသီးသီး၊ နိုင်ငံရေး အင်အားစု အသီးသီးရဲ့ အခန်းကဏ္ဍ ကိုလည်း တဖက်စောင်းနင်း၊ မှေးမှိန် လျှော့ချ ပစ်လိုက်ရာ ရောက်သွားခဲ့တယ်။  

မတ်လ (၂၇) တော်လှန်ရေးနေ့ ဟာ တပ်မတော်ရဲ့ ကိုယ်ပိုင် မဟုတ်ဘူး ဆိုတာကို ရှည်ရှည်ဝေးဝေး အကြောင်းပြချက်တွေ ပေးစရာမလိုပါ။  ဂျပန်တော်လှန်ရေး အတွက် တော်လှန်ရေး စစ်တိုင်းကြီး (၇) တိုင်း ခွဲ သတ်မှတ်ရာမှာ စစ်ခေါင်းဆောင် အပြင် ပူးတွဲ နိုင်ငံရေး ခေါင်းဆောင်တွေပါ တာဝန်ပေး သတ်မှတ်ခဲ့တဲ့ သမိုင်းသက်သေ ရှိပါတယ်။  လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံရေး အုပ်စု အသီးသီး ဟာ တော်လှန်ရေး ကဏ္ဍ အသီးသီးမှာ ပါဝင်ခဲ့တယ်။  လက်နက်ကိုင် တော်လှန်ရာမှာလည်း တောင်သူလယ်သမား၊ လုပ်သား ပြည်သူ အားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူ့စစ်အနေနဲ့ ပါဝင်ခဲ့တယ်။  ဒါကြောင့် မတ်လ (၂၇) တော်လှန်ရေးနေ့ ဟာ တိုင်းပြည်ရဲ့ လူထု၊ လူတန်းစား၊ အစုအဖွဲ့ အသီးသီးနဲ့ သက်ဆိုင်တဲ့ နေ့သာဖြစ်ပြီး တပ်မတော်နေ့သက်သက် လုံးဝ မဟုတ်ကြောင်း သမိုင်းသက်သေထင်ရှားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလို ၁၉၄၅ မတ်လ (၂၇) ဖက်ဆက်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ခဲ့ခြင်းဟာ ဗမာ့တပ်မတော် သန္ဓေတည် စတင်ပေါက်ဖွားရာ ဗမာ့မျိုးချစ်လွတ်လပ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍ ကိုလည်း ချိုးနှိမ် ပယ်ဖျက်ရာ ရောက်နေပြန်ပါတယ်။  အထူးသဖြင့် (၁၉၄၁) ဒီဇင်ဘာ ကတည်းက တည်ရှိလာခဲ့တဲ့ BIA ခေတ် ဗမာ့လွတ်လပ်ရေး တပ်မတော် ပါ မျိုးချစ် ဗမာ့တပ်မတော်သားတွေ ရဲ့ ပေးဆပ်မှု အလုပ်တွေ၊ ကျဆုံးခဲ့သူ ရဲဘော်တွေရဲ့ အသက်တွေကို အသိအမှတ်မပြုရာ ရောက်နေတယ်။  တကယ်တော့ ၁၉၄၁  ဒီဇင်ဘာ (၂၆) ကတည်းက ဂျပန်စစ်သင်တန်းဆင်း ရဲဘော်သုံးကျိပ်ဝင် ရဲဘော်တစု ဘန်ကောက်မှာ လက်မောင်းသွေးဖောက် သွေးသစ္စာ ပြုပြီး ခေတ်သစ် ဗမာ့တပ်မတော် ကို တည်ထောင်ပြီး ဖြစ်တယ်။  ဒီဇင်ဘာ (၂၈) မှာ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ထိုင်းနိုင်ငံ ရောက် ဗမာမျိုးဆက် နောက်လိုက်တစု နဲ့ အတူ (ဂျပန် အကြံပေး တွေ အပါအဝင်) အရေအတွက် (၃၀၀) နီးပါးရှိတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်၊ ခေတ်သစ် ဗမာ့တပ်မတော် ဟာ မွေးဖွားခဲ့ပြီး ဖြစ်တယ်။  အခုလို နောင် သုံးလေးနှစ်ကြာ နောက်ကျနေတဲ့ ခုနှစ်ရက်စွဲ ၁၉၄၅ မတ်လ (၂၇) ကို ဂုဏ်ပြု တပ်မတော်နေ့ လုပ်နေတော့ ကနဦး တပ်မတော် မှာ ပါခဲ့တဲ့ သူတွေ၊ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေ၊ ကျဆုံးခဲ့သူတွေ ရဲ့ သမိုင်းဟာ အဖျောက်ခံရ၊ အဖျက်ခံရသလိုလည်း ဖြစ်နေတယ်။

ဒီလို သမိုင်းကို ပုံဖျက် တော်လှန်ရေးနေ့ ပျောက်ခဲ့ရခြင်း၊ တပ်မတော်နေ့ မှားနေခြင်းဟာ လွန်ခဲ့တဲ့ နှစ်ငါးဆယ် အတွင်း မွေးဖွာကြီးပြင်းလာခဲ့တဲ့ မျိးဆက်တွေ၊ မျက်မှောက်နဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အမြင်၊ အတွေးအခေါ်၊ သမိုင်းသုံးသပ်နိုင်မှု၊ ခံယူချက်၊ သဘောထားတွေကို အကြီးအကျယ် လွှမ်းမိုးသက်ရောက်စေပါတယ်။  ဒါကြောင့် အစမှာ ‘သမိုင်းကို အ အောင် စနစ်တကျ ဖျက်ခဲ့တယ်’ လို့ ဆိုခဲ့တာပါ။  ဒီ သမိုင်းလွဲ မှိုင်းတိုက်မှုရဲ့ ပုံဖော်မှု အလွဲ ဆိုးကျိုးတွေက တိုင်းပြည်မှာ စစ်ဝါဒ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပါတယ်။  လူတွေ စစ်တပ်ရဲ့ စွက်ဖက် ဗိုလ်ကျမှုကို အသာတကြည် လက်ခံလာစေပါတယ်။  ဖက်ဆစ်တော်လှန်ရေးရဲ့ အနှစ်သာရကို သမိုင်းမှာ ဖျောက် လူတွေကို ပေးမသိစေခဲ့တော့ ဖက်ဆစ်စရိုက် ဖက်ဆစ် အကျင့် ဆက်လက်ကျင့်သုံးတဲ့ စစ်အာဏာရှင်စနစ်ကိုလည်း တော်လှန်လိုမှု အားနည်းခဲ့ရပါတယ်။

တကယ်တော့ စစ်အာဏာရှင်စနစ်ဟာ ဖက်ဆစ်စနစ်ပါ။  ‘တသွေး၊ တသံ၊ တမိန့်’၊ အမိန့်နာခံ၊ ခိုင်းတာလုပ်၊ ပြန်မပြောရတဲ့ စစ်တပ်အုပ်ချုပ်ရေးက ဖက်ဆစ်အုပ်ချုပ်ရေးစနစ်ပါပဲ။  လူ့အခွင့်အရေးဆုံးရှုံး၊ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဘဝ အခန်းကဏ္ဍ ဆိတ်သုဉ်းပြီး နိုင်ငံတော် ဆိုတဲ့ စိတ္တဇ ကို မြှင့်ထားတဲ့ စစ်အာဏာရှင်များ အကျင့်ကလည်း ဖက်ဆစ် စရိုက်ပါပဲ။  လူထုဘဝလုံခြုံမှုမဲ့ မြေသိမ်းခံရမလား၊ သေနတ်ပစ်ခံရမလား၊ ညလား ဧည့်စာရင်းစစ် အဖမ်းခံရလေမလား ဆိုတဲ့ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ကျီးလန့်စာစားနေရတဲ့ ဘဝကလည်း ဖက်ဆစ်စနစ်အောက်က ဘဝပါပဲ။  စစ်တပ်၊ စစ်ပွဲနဲ့ အမျိုးသားလုံခြုံရေး အခန်းကဏ္ဍတွေကို အလွန်အကျွံ မြှင့်တင်ထားခြင်းကလည်း ဖက်ဆစ် ဂျပန်၊ ဂျာမဏီ၊ အီတလီ တွေ လုပ်ခဲ့ပုံပါပဲ။  ဘုံရန်သူအဖြစ် လူနည်းစု လူမျိုးတွေ၊ ကွန်မြူနစ်လို ဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုတွေကို ပုံဖော်လေ့ရှိတာကလည်း ဖက်ဆစ် အကျင့် လုပ်နည်းလုပ်ဟန်ပါပဲ။  တမျိုး၊ တဘာသာ ဗဟိုပြု၊ အစွန်းရောက်မျိုးချစ်စိတ် အသားပေး၊ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မှိုင်းတိုက်၊ လူမျိုးကြီးဝါဒ ကျင့်သုံး ဘာသာရေး၊ လူမျိုးရေးကို အာဏာနိုင်ငံရေးအတွက် အသုံးချခြင်းကလည်း ဖက်ဆစ်နည်းနာပါပဲ။

ဒီလို စစ်အာဏာရှင်စနစ်ဟာ ဖက်ဆစ်ဝါဒနဲ့ သွေးတူ၊ မွေးတူ အမွေခံဖြစ်တာကြောင့်လည်း ဒီ နှစ်ငါးဆယ် အတွင်းမှာ စစ်အစိုးရ အဆက်ဆက်ဟာ မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေး ဆိုပြီး အသားပေး မဖော်ထုတ်လိုခဲ့တာပါ။  ဒါကြောင့်လည်း တပ်မတော်နေ့ လို့သာ လိမ်နေတာပါ။  လက်ရှိ အစိုးရဟာ ဒီမိုကရေစီစနစ်ကို အမှန်တကယ် သွားနေတယ် ဆိုရင် ဒီလိမ်ဆင်သမိုင်းကို ပြင်ရပါမယ်။

ဒီ အလိမ်သမိုင်းရဲ့ ကြောက်စရာအကောင်းဆုံး လူထုကို မှိုင်းတိုက်နိုင်မှုကတော့ လွတ်လပ်ရေးခရီးမှာ အရေးပါခဲ့တဲ့ ဂျပန်တော်လှန်ရေးကို တပ်မတော်ချည်းပဲ တိုက်ခဲ့သလို ပုံဖော်မှု အကျိုးဆက်ပါ။  စစ်အာဏာရှင်များ အာဏာတည်မြဲရေး၊ စစ်ဝါဒ သက်ဆိုးရှည်ရေးအတွက် နိုင်ငံရေး အရ မဖြေရှင်း၊ ပြည်ထောင်စု စစ်စစ် မတည်ဆောက်ဘဲ လက်နက်နဲ့သာ အဓမ္မ ဖြေရှင်းနေခဲ့တဲ့ ပြည်တွင်းစစ် အဆက်ဆက်၊ အခုနောက်ဆုံး ကိုးကန့် စစ်အထိမှာ သမိုင်းကို လေ့လာမှုအားနည်းတဲ့ သာမန် လူပြိန်းများအကြား တိုင်းပြည် အန္တရာယ် ကာကွယ်နေတဲ့ ‘ကယ်တင်ရှင် တပ်မတော်’ ရယ်လို့ ထင်မြင် အမှတ်မှား ယူဆနေကြတာတွေ ရှိပါတယ်။  ဒီလို ဖြစ်ရခြင်း အကြောင်းက မတ်လ (၂၇) တော်လှန်ရေးနေ့ကို တပ်မတော်နေ့ ပုံဖျက်ခဲ့တဲ့ သမိုင်းကြောင့်က အဓိက လို့ ဆိုရပါမယ်။  ခေတ်အဆက်ဆက် တပ်မတော်က ကျရာ တာဝန်ထမ်းခဲ့တယ်ဆိုပြီး ဇွတ် မဏ္ဍိုပ်တိုင်တက်ပြခြင်းကို သမိုင်းမသိအောင် စနစ်တကျ လုပ်ခြင်းခံထားရတဲ့ လူထုက မှိုင်းမိ ယုံလွယ်သွားစေပါတယ်။

တကယ်တော့ ဖြစ်ခဲ့တဲ့ သမိုင်းကို ပကတိ အတိုင်းသုံးသပ်ရင် တပ်မတော်ဟာ တိုင်းပြည်ကို ကယ်တင်ခဲ့တာထက် တိုင်းပြည်ကို ချောက်ထဲသာ ဆွဲချခဲ့တာက ထင်ရှားပါတယ်။  ဒါကို သမိုင်းလိမ်တွေနဲ့ ဝါဒဖြန့် ပြောင်းပြန် ပုံဖော်တော့ လူထုတင် သမိုင်းအသိ ဝေဝါးစေရုံမကဘဲ ဝါဒဖြန့်သူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေပါ သူတို့ ကိုယ်သူတို့ တကယ့် တိုင်းပြည် ကယ်တင်ရှင် သူရဲကောင်းတွေလို့ ထင်နေခဲ့တာပါ။  ဒီအချက်က အခု ဒီမိုကရေစီစနစ်ကို သွားပြီ ဆိုပေမဲ့ မပြောင်းလဲနိုင်တဲ့ စစ်တပ်လွှမ်းမိုးလိုမှု သဘောတရားတွေ တည်ရှိနေခြင်းရဲ့ အကြောင်းအရင်းခံပါပဲ။  သမိုင်းအမြင်၊ သုံးသပ်ပုံကိုက အလိမ်ကိုတည် တလွဲသုံးသပ်နေလို့ အခု ဗိုလ်ချုပ်ဟောင်းတွေ အမှန်မမြင်နိုင်၊ အလုပ် မမှန်နိုင် ဖြစ်နေတာပါ။  အခုနောက်ဆုံး ထွက်လာခဲ့တဲ့ ဘီဘီစီနဲ့ မေးမြန်းခန်းပါ လက်ရှိ သမ္မတ စစ်ဗိုလ်ချုပ်ဟောင်းရဲ့ အမြင်သဘောထားတွေကိုပဲ ကြည့်ပါ။  ဘယ်လောက် ဒီမိုကရေစီနဲ့ ဝေးကွာ၊ အမှန်ကို ဖုံးကွယ်လိုသလဲ ဆိုတာ ထင်ရှားပါတယ်။  အနာဂတ် တိုင်းပြည်နဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကို စစ်တပ်က ဆက်လက် လွှမ်းမိုးလိုဆဲဖြစ်ကြောင်း ခိုင်ခိုင်မာမာ ရပ်တည်မှုကို တွေ့နိုင်ပါတယ်။  ဒီလို ဘာကြောင့် ဖြစ်ရသလဲဆိုရင် စစ်အုပ်စု အသိုက်အမြုံ တခုလုံးရဲ့ အကျိုးစီးပွား၊ အာဏာကို မစွန့်လိုခြင်း ဆိုတာ အပြင် ဆိုခဲ့တဲ့ ‘တပ်မတော်ဟာ တိုင်းပြည်ကို ကယ်တင်သူ’ ဆိုတဲ့ သမိုင်းပုံဖော်မှု အလွဲကို စွဲစွဲမြဲမြဲ ယုံကြည်သက်ဝင်နေတာကြောင့်လည်း ဖြစ်ပါတယ်။  ဒီအလွဲဟာ ဂျပန်တော်လှန်ရေးနဲ့ လွတ်လပ်ရေးသမိုင်းမှာ တပ်မတော်ကချည်း ဦးဆောင်ခဲ့သယောင် ဦးနှောက်ဆေး မှိုင်းတိုက်ခဲ့ခြင်းကန စခဲ့ပါတယ်။

ဆိုတော့ ဒီ ဖက်ဆစ်တော်လှန်ရေး သမိုင်းဖျောက်ခံရခြင်း၊ တပ်မတော်နေ့ သမိုင်းလွဲနေခြင်းရဲ့ တိုင်းပြည်အပေါ် အဆိုးသက်ရောက်စေမှုဟာ ပြင်းထန်ထိရောက်လှကြောင်း စစ်ဗိုလ်ချုပ်အဟောင်း၊ အသစ်တွေ အပါအဝင် အားလုံး သိမြင် နားလည် လက်ခံ ပြုပြင်ဖို့ မရှိမဖြစ် လိုနေပါတယ်။  မတ်လတော်လှန်ရေးဟာ လူထုနဲ့ နိုင်ငံရေးအင်အားစု အသီးအသီး တိုင်းရင်းသား လူမျိုးစုစုံ ဦးဆောင်ပါဝင် စစ်ဝါဒီ ဖက်ဆစ်တွေကို တွန်းလှန်ခဲ့ခြင်းပါ။  နောက် ဇာတိ ပုည ဂုဏ်မာန ခွာချပြီး နားလည်ရမှာတခုကလည်း ဒီတော်လှန်ရေး မဖြစ်လည်း ဂျပန်က စစ်ရှုံးနေပြီ ဆိုတဲ့ ရင်းခံအချက်ကိုပါ။  ဒီလိုသမိုင်းအမှန်ကိုမှ စစ်အာဏာရှင်ခေတ်အဆက်ဆက် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာနယ်ဇင်း၊ ပညာရေးစနစ် စတဲ့ လူထုကြားခံမီဒီယာစုံကနေ မှိုင်းတိုက် ပုံဖျက် အင်တိုက်အားတိုက် ဝါဒဖြန့်ရင်းနဲ့ တပ်မတော်ဟာ တိုင်းပြည်ရဲ့ ကယ်တင်ရှင် အကြီးအမှူးအဖြစ် နေရာကောင်၊ နာမည်ကောင်းယူခွင့်ရသွားခဲ့ပါတယ်။  အနာဂတ်မှာလည်း အတိတ်နဲ့ ပစ္စုပ္ပန် အတိုင်း ရာဇပလ္လင် တိုင်းပြည်ရဲ့ အိမ်ဦးခန်းမှာ အခန့်သား ထိုင်နေရာကနေ မဆင်းချင်ဖြစ်နေပါတယ်။

တကယ်တော့ တိုင်းပြည် သမိုင်းမှန်မှာ ကယ်တင်ရှင် တပ်မတော်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါ။  အာဏာရူးများရဲ့ အသုံးချခံ ဖြစ်ခဲ့ရတဲ့ စနစ်ဆိုးသားကောင် တပ်မတော်သာ ရှိခဲ့ပါတယ်။  ဒီကယ်တင်ရှင် တပ်မတော် စိတ္တဇကို ခွာချနိုင်မှ စစ်ဝါဒလွှမ်းမိုးမှု အများကြီး လျော့နည်းသွားမှာ ဖြစ်သလို၊ စစ်အာဏာရှင်စနစ်ဆိုးလည်း အလုံးစုံ ချုပ်ငြိမ်း တိုင်းပြည်လည်း လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အဘက်ဘက် တိုးတက် ဒီမိုကရေစီ လောကနိဗ္ဗာန် တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း နှစ် (၇၀) မြောက် စစ်ဝါဒီ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲကို ဂုဏ်ပြု ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
မတ် ၂၆၊ ၂၀၁၄ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၇)၊ (၂၀၁၅) ခုနှစ် မတ်လ (၂၇) ရက်နေ့ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


NOTE: Title Photo: Military jets perform during a ceremony to mark the 70th anniversary of so-called “Armed Forces Day” in so-called Burma (Myanmar)'s capital Naypyidaw on March 27, 2015.  Credit: Photographer Ye Aung Thu, AFP and Getty Images.