စောဝေ - နတ်မောက်ကောင်းကင်မှာ မမှိတ်သောကြယ်တစ်စင်း ထွန်းခဲ့တယ်”


စောဝေ - နတ်မောက်ကောင်းကင်မှာ မမှိတ်သောကြယ်တစ်စင်း ထွန်းခဲ့တယ်”
(မိုးမခ) မတ် ၆၊ ၂၀၁၅

ဖေဖော်ဝါရီ ၇ ရက်မနက်ခင်းမှာ  နတ်မောက်ကိုသွားဖို့ အဝေးပြေးကားဂိတ်ဆီရွှေ့ခဲ့။ ကားဂိတ်ရောက်တော့ ကိုထိန်လင်းလေးများကိုစောင့်ရင်း ကဗျာချစ်သူများအသင်းမှ မျိုးဆက်သစ်ကဗျာဆရာမလေးများကို ဖေ့ဘွတ်မှအချက်ပေးသည့်အနေဖြင့် မက်ဆေ့ပို့လိုက်သည်။ မကြာမတင်မှာပင် မောင်ဆောင်းခ၊ မောင်သုည(မန္တလေး)၊ လုလင်(ရွှေပြည်သာ)မင်းရည်သွေး၊ ဟိတဇော်၊ မိုးသစ်ထွန်း၊ နတ်မိုး၊ ဆန်းဦးမောင်၊ သဇင်မွန်ဟန်တို့ရောက်လာကြသည်။ အားလုံးဟာ တက်ကြွရွှင်လန်းလို့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေမှာ နှစ်တစ်ရာပြည့်ပွဲကို ကဗျာရွတ်ခြင်းဖြင့် ပါဝင်ရမည်မို့ ရင်ခုန်နေကြသည်။ ကိုယ်တိုင်လည်း ပါဝင်ရင်ခုန်လို့။ အဝေးပြေးကားသည် မောင်ထိန်လင်းလေးများကို သယ်ဆောင်၍ အသက်တစ်ရာဘဘ မောင်ထိန်လင်းမွေးဖွားသည့်နေရာသို့ အမြန်လမ်းမကြီးမှ တရိပ်ရိပ်ဖြတ်သန်းမောင်းနှင်။

ထန်း၊ ထနောင်း၊ ကန္တရဆူးပင်၊ မကျည်းပင်၊ တမာပင်များက မြေနီနီကုန်းခေါင်ခေါင်တွင် ပေါက်ရောက် ရှင်သန်။ ညနေရီလေးမှာ နတ်မောက်မြို့ပေါ် ခြေချမိကြသည်။ လဲဘူးဆိုတဲ့ ထမင်းဆိုင်မှာ ခဏထိုင်မိကြရင်ဘဲ ကျွန်တော်တို့အဖွဲ့ကို တွဲစပ်ချိတ်ဆက်ပေးသော  နတ်မောက်မွေးရန်ကုန်နေ ကိုထွန်းညွှန့်လာကြိုပြီး တည်းမည့်အိမ်ကို လမ်းလျှောက်သွားကြတော့ လမ်းမှ ကိုထွန်းညွှန့်မိတ်ဆွေ အမျိုးသမီးကြီးက “ကျပ်ကျပ်တည်းတည်း ဖြစ်နေရင် အိမ်ကို တဝက်ခွဲပေးနော်၊ နေဖို့စားဖို့ ဘာမှပူစရာမလိုဘူး” ဟုနှုတ်ဆက်သည်။ ကျွန်တော်တို့တတွေ ဘယ်သူတွေမှန်းမသိပေမယ့် အိမ်ရှင်က ဧည့်ဝတ်ပြုဖို့ ဖိတ်ခေါ်သည့် အညာဓလေ့ကား နတ်မောက်တွင် ထိန်းသိမ်းထားဆဲ ဝမ်းသာခြင်း၊ ကြည်နူးခြင်းကို အားလုံးရင်မှာ ခံစားရသည်။

တည်းခိုရမည့် ဦးမြင့်အေး ဒေါ်ခင်အုန်းရင်အိမ်သည် ဇေယျာသီရိလမ်းပေါ်တွင်ရှိပြီး အိမ်ရှေ့တွင် ကုက္ကိုလ်ပင်ကြီးဖြင့် ကျယ်ဝန်းပြီး အညာထုံးစံအတိုင်း ဆောက်လုပ်ထားသော်လည်း ခေတ်မှီအိမ်သာ၊ ရေချိုးခန်းများနှင့် သမီးဖြစ်သူ မခိုင်ခိုင်မြင့်အေးကလည်း ဖော်ရွေခြင်း၊ ယဉ်ကျေးခြင်း၊လှပခြင်းတွေနှင့်ပြုံးမြနေသည်။ ညကျတော့ သမီးသဇင်မွန်ဟန်က အခန်းထဲတွင် ခိုင်ခိုင်မြင့်အေးနှင့်အိပ်၊ ညဥ့်နက်နက်ကျတော့ မန္တလေးမှ ယဉ်ဝယ်ထက်ရောက်လို့လာတော့ မနက်ဖြန်နတ်မောက်ဗဟိုမဏ္ဍပ်တွင် ရွတ်ရမည့်အစီအစဉ်များ တိုင်ပင်ရင်ဘတ်ခြင်း ချိတ်ဆက်ကြသည်။

နတ်မောက်ညများသည် အေးစိမ့်ချမ်းခိုက်လျှက်။ နံနက် ကိုးနာရီခွဲထိ အအေးဓာတ်က မပြယ်သေး။ ဆယ်နာရီမှစ၍ ချွေးဒီးဒီးကျအောင် ပူတော့သည်။ နံနက်စာစားပြီးတော့ ဆယ့်တစ်ယောက်လုံး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဖြတ်သန်းခဲ့သည့်နေရာများဆီ သွားကြသည်။ ငယ်ငယ်ကကျောင်းနေခဲ့ရာ ဦးသောဘိတကျောင်း၊ ပြတိုက်လုပ်ထားသော ရှေ့နေဦးဖာ ဒေါ်စုအိမ်၊ ဗိုလ်ချုပ်၏မိဘများ လှူဒါန်းခဲ့သောတန်ဆောင်း၊ ထူးဆန်းသည်က ဗိုလ်ချုပ်ရပ်ကွက် မီးခဏခဏလောင်သည်။ မီးလောင်တိုင်းဘယ်ကလောင်မှန်း လက်သည်မပေါ်။ အားလုံးကတော့ မူရင်းမပျက် ပြန်ပြုပြင်ထားသည်ကတော့ အားလုံးအံ့သြကြရသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့လည် ၂နာရီမှာ ကဗျာရွတ်ပွဲစပါပြီ။ အာဇာနည်မျိုး သေရိုးမရှိဆိုတဲ့ ဆိုင်းဘုတ်နဲ့ ပန်းများဝေဆာ ရဲရဲနေတဲ့ စင်မြင့်ထက်မှာ အလယ်ရိုးမမှ ဆရာမောင်သင်ခိုင်၊ ဆရာဇော်ဝင်းကို၊ ဆရာမောင်ကြူးရင့်နဲ့ ကဗျာဆရာများ (၁၅)ယောက်ထက်မနည်း ရောက်နေကြပါပြီ။ ဂါသင့်သူကိုဂါ။ နှုတ်ဆက်သင့်သူကို နှုတ်ဆက်၊ မိတ်ဆက်ပေးသင့်သူကို ရန်ကုန်က ဆယ့်တစ်ယောက်နဲ့ မိတ်ဆက်ပေးသည်။ 

ဆရာမောင်သင်းခိုင်က ဆရာဇော်ဝင်းကိုနဲ့ ငါနဲ့ပြီးရင်တော့ မင်းဖွင့်ကွာ၊ မင်းက ပရိသတ်ကို ဆွဲဆောင်နိုင်တယ်ဟု မြှောက်ပေးပါသည်။ မလုပ်ပါရစေနဲ့၊ ကျွန်တော်ထက်ဝါကြီးသူများကို အားနာစရာကြီးဟု ပြောသောအခါ အငယ်တန်းပါ စုပေါင်းတောင်းဆိုလာသဖြင့် ဖွင့်ရတော့သည်။

အဖွင့်ကဗျာမရွတ်ခင် မင်္ဂလာပါဟု နှုတ်ဆက်ပြီး နတ်မောက်ကိုရောက်ရှိနေထိုင်နေသော လူများအားလုံးရဲ့ ခံစားချက်ကို ပြောလိုက်သည်။

 “ဒီနေ့လို ဗိုလ်ချုပ်ရာပြည့်ပွဲ ကျင်းပဖို့ တစ်နိုင်ငံလုံးက လာရောက်ကြတဲ့အချိန်ကြပါမှ မြန်မာ့ဆက်သွယ်ရေက GSM ရော CDMA ရော လိုင်းဖြတ်ထားတာဟာဖြင့် သမ္မတကြီဦးသိန်းစိန်ရဲ့ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့ ကွဲလွဲနေပါသဖြင့် ကဗျာဆရာများကိုယ်စား ရှုံ့ချကြောင်း ပြောလိုက်ပါတယ်” ဆိုတော့ ကွင်းထဲနေပူပူမှာ ငါးရာကျော်လောက်ဟာ ဝက်ဝက်ကွဲလက်ခုပ်တီးကြတော့တာပါဘဲ။ သူတို့အားလုံးခံစားနေကြရတာလေ။ 

ဒုတိယကတော့ “ဒီမိုကရေစီပညာရေးအတွက် လမ်းလျှောက်ဆန္ဒပြနေသော ကျောင်းသားအပေါင်းကို ကဗျာဆရာများက ထောက်ခံဝိုင်းရံပါကြောင်းနဲ့ ကျွန်တော်တို့နဲ့ထပ်တူကျရင် လက်ခုပ်တီးပါ” ဆိုတော့ လက်ခုပ်သံတင်မကဘဲ သံဃာတော်များက “ထောက်ခံပါတယ်” ဟု သံပြိုင်အော်သံဟာ ရွှေရောင်ဗိုလ်ချုပ်ကြေးရုပ်ပင် ပြုံးလာသလိုထင်ရသည်။

 နတ်မောက်ဟာ ကဗျာဖြစ်တယ်။ အောင်ဆန်းဟာ ကဗျာဖြစ်တယ်။ ဗိုလ်ချုပ်ဟာ ကဗျာဖြစ်တယ်ဆိုတဲ့ ကဗျာနဲ့ရွတ်ဆိုပြီး အလှည့်ကျအားလုံးရွတ်ဆိုပြီး အောင်မြင်စည်ကားစွာ ရှိခဲ့ကြပါတယ်။ အခမ်းအနားကို စီစဉ်ပေးတဲ့ နတ်မောက်သူ မဝေလည်း အပြုံးတွေဝေလို့ ကျေနပ်နေခဲ့ပါသည်။

ညချမ်းချမ်းမှာ မနက်ဖြန် ၉ရက်နေ့မှာ ရွတ်ရမယ့်ကဗျာကို တစ်ယောက်တစ်ပိုဒ်စီရေးကြဖို့ ကျွန်တော်စီစဉ်တော့ ခေါင်းဆောင်လုပ်တဲ့ မောင်ဆောင်းခက သဘောတူပါသည်။ သို့ဖြင့် အေးမြမြလလေးနဲ့ ညမှာကဗျာရေးကြပါသည်။ ခေါင်းစဉ်က “ဒါဗိုလ်ချုပ်အောင်ဆန်း ဒီနတ်မောက်သား” ညကိုးနာရီကျော်တော့ မဝေရောက်လာပါသည်။

 နေ့လည်ပွဲ စကိုင်းနက်က တိုက်ရိုက်လွှင့်တော့ ဘာရှော့ဝင်သွားသလည်းမသိ အထက်က ထွေအုပ်ကို ကဗျာအစီအစဉ်ကို ကြိုတင်ခိုင်းပါ။ စာသားတွေ လူနာမည်အရင်းတွေနဲ့ ပေးပါလို့ ပြောလာပါတယ်လို့ ကော်မတီက ပြောတယ်လို့ ဆိုလာပါတယ်။ မောင်ဆောင်းခရေ ဆရာက နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတော့ အရာရာ ဂလန့်လုပ်တယ်ဖြစ်မယ် မင်းဘဲပြောဆိုပြီး ကျွန်တော်ရှောင်နေလိုက်ပါတယ်။ ညဥ့်နက်နက်ကျတော့ ရန်ကုန်ကနေ ကျွန်တော်တို့ကို အားပေးဖို့ မဖြူအိသိမ်းနဲ့ သူ့အမေလိုက်လာပါတယ် ပိုပြီး မြိုင်ဆိုင်သွားတာပေါ့။

မနက်အစောကြတော့ ပါဖောမန့်လုပ်မယ့် ထန်းရွက်လေးများကို အရေအတွက်စစ်ပါတယ်။ ပြီးတော့ ဒေသမုန့်တွေနဲ့ မနက်စာစားဖို့ မခိုင်ခိုင်မြင့်အေး ဆိုင်ကယ်နဲ့ထွက်ပြီး သွားဝယ်ပါတယ်။ ပြန်လာတော့ သူပြောပြတာ သိပ်ကြည်နူးဖို့ကောင်းတာဘဲ။ လမ်းဘေးမုန့်ပြားသလက်ရောင်းတဲ့ ဆိုင်လေးက ကဗျာဆရာတွေကျွေးဖို့လား သူလှူပါရစေ သူကျွေးပါရစေဆိုပြီး ပိုက်ဆံဘယ်လိုမှ ပေးလို့မရခဲ့ဘူး။ နောက်မှဘဲ တစ်ခုခုပြန်ပေးရတော့မယ်တဲ့။ ဒီလောက်ကြည်နူးစရာ၊ ချီးကျူးစရာကောင်းတဲ့ ရိုးသားတဲ့ စေတနာ နတ်မောက်မြို့မှာဘဲ တွေ့ရတော့တယ်။ ဒီမြို့က သခင်အောင်ဆန်းထွက်တာ မဆန်းပါဘူး။ 

ခဏနေတော့ မဝေကားကြီးနဲ့ ရောက်လာပြီး “ဦးစောဝေနဲ့ မောင်ဆောင်းခလိုက်ခဲ့ပါအုံး“ ကော်မတီ”က တွေ့ချင်လို့တဲ့။ ကြိုက်သလိုဆုံးဖြတ်နော် မဝေက ဘာလုပ်လုပ် အနုပညာသမားတွေဘက်ကပဲ။ လုံးဝမကြောက်ဘူး။ လုပ်ချင်ရာအကုန်လုပ်ပေးမယ်။ သူတို့ကို ဂရုမစိုက်နဲ့ ကျမတို့အောင်မြင်မှုကို ဂျေဝင်နေတာ” ကိုထွန်းညွှန့်ပါ လိုက်လာပါတယ်။

“ဦးချိုအောင်သန်း၊ ကိုဇော်မင်း၊ ဆရာဝန်ဆိုသူတစ်ယောက်” ပြောကြည့်တော့ မဝေပြောတာ မှန်နေပါတယ်။“ ကော်မတီတွေ” က အနုပညာသမားတွေဘက်မှာမရှိဘဲ ကြောက်ပြီး အုပ်ချုပ်သူတွေဘက်ကပဲ ပြောပါတော့တယ်။ မောင်ဆောင်းက ပြတ်ပြတ်သားသားပါဘဲ။ အားလုံးသဘောတူထားတဲ့ စကားကိုပြောပါတယ်။ “ကျွန်တော်တို့အားလုံး လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်ပေါ်မှာပဲရပ်မယ်။ အစိုးရကတောင် စာပေစိစစ်ရေးမလိုလို့ဖြုတ်ထားပြီးမှ စာသားနာမည်ဘာမှ ကြိုမတင်နိုင်ဘူး မရဘူးဆို အဲဒီစင်ပေါ်မှာ တက်ရွတ်ရမယ့် အစီအစဉ်ကို ဖျက်ပါတယ်” ဆိုပြီး ပြန်လာကြပါတယ်။ မဝေလည်း လွန်းထိုးပြီး အပြန်အလှန်ညှိပါတယ် မရပါဘူး။

အစထဲက စီစဉ်ထားတဲ့အတိုင်း ထန်းရွက်များကိုင်ပြီး ဆောင်ရွက်မှုကဗျာကို လမ်းတွေပေါ် မြို့အနှံ့လိုက်ရွတ်ကြပါတယ်။ ဈေး၊ ကျောင်း၊ လမ်းဆုံလမ်းခွ၊ ကားဂိတ်၊ လူစည်ကားရာလက်ဘက်ရည်ဆိုင် ကဗျာဆရာ သစ်ငြိမ်းနဲ့ နတ်မောက်က ကဗျာဆရာသုံးဦးလာပေါင်းပါတယ်။ ပရိသတ်ဟာ ထင်ထားတာထက် များပြားပြီး ဖရဲသီးကျွေးသူ၊ ရေသန့်ပေးသူ၊ မြေပဲယိုကျွေူးသူ၊ ဆီပါလက်ဆောင်ပေးနေလို့ မနည်းတောင်းပန်ရပါတယ်။ 

ဒီသတင်းကိုကြားတဲ့ ညမှာဟောပြောဖို့ရောက်လာကြတဲ့ ဆရာကိုလေး အင်းဝဂုဏ်ရည်နဲ့ ဦးဘုန်းဓါတုဟာ ဦးသောဘိတကျောင်းမှာလာပေါင်းပြီး မြေပြင်မှာ ကဗျာတွေဝိုင်းရွတ်ပေးကြ ဆရာတော်လည်း မနေသာ( နတ်မောက်ဘုန်းရောင်) ကျောင်းပေါ်မှ ရွတ်ပါတော့တယ်။ 

အပိတ်အဖြစ် နတ်မောက် NlD ရုံးရှေ့မှ ရွတ်ပြီး ညခြောက်နာရီကားစီးရမှာဖြစ်လို့ တောင်းဆိုမှုတွေကို တောင်းပန်ပြီး အတင်းသိမ်းလိုက်ရပါတယ်။

တည်းတဲ့အိမ်ရောက်တော့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ ဖုန်းဆက်ထားတယ်။ ကြိုးဖုန်းကိုဆက်တာ။ ကျွန်တော့်ကို တွေ့ချင်လို့ဆိုတဲ့ သတင်းကကြိုပါတယ်။ မကြာပါဘူး သူရောက်လာပါတယ်။ 

“သူငယ်ချင်းတို့ အပိတ်ခံရတယ်ကြားလို့ လာကြိုတဲ့သူကို ဒီကိုတန်းပို့ခိုင်းတာ။ ဒီမှာ ဆွဲကြရအောင် သူငယ်ချင်း” ဆိုတာနဲ့ တည်းတဲ့အိမ်မှာ ဧည့်သည်တွေရော ရှေ့ကကျောင်းသား/သူလေးပါကြားအောင် ကဗျာပါဖောမန့်လုပ်ခဲ့ပြီ သူက ညရောက်ရင် ဒီကဗျာရွတ်မယ်ဆိုပြီး ယူထားလိုက်ပါတယ်။

 ကျန်နေခဲ့တဲ့ မောင်ဆောင်းခနဲ့အတူ စင်ပေါ်မှာ ညရွတ်တော့ ပရိသတ်တွေပါ လိုက်ဆိုကြတယ်လို့ ပြန်ပြောပါတယ်။ ကျေးကျေးပါ သူငယ်ချင်းဗေ။ နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးများကို နှစ်တစ်ရာပြည့်မှာ ကဗျာဆရာများက အသွင်ယူကူးပြောင်း စီးဆင်းလို့ ရိုးသား၊ မွန်မြတ်၊ လှပတဲ့ နတ်မောက်ကို သာသာယာယာ လက်ပြလို့ လွမ်းမောဂုဏ်ယူစွာပြန်ခဲ့ကြပါတယ်။

ဒါ… ဗိုလ်ချုပ်အောင်ဆန်း၊  ဒီ…နတ်မောက်သား

ရိုးရှင်းပြတ်သား
မာယာမနှော
အပြုံးနုနု နှလုံးနုနု
အပြောဆိုးသော်
စိတ်မနောဖြူစင်
နတ်တောက်မြို့သား… အောင်ဆန်းသခင်

ပြောခဲ့တဲ့စကားတစ်ခွန်း
ရေးခဲ့တဲ့စားတစ်ကြောင်းက အစ
နှစ်ပေါင်းများစွာ ပြန်တမ်းတနေရတဲ့ ဗိုလ်ချုပ်
အသက်ရှင်နေရဲ့သားနဲ့
ဘယ်သူပြည်သူကမှ သေပါစေလို့ ဆုတောင်းမခံခဲ့ရဘူး
ဒါ… ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

စစ်သေနာပတိ ကိုအောင်ဆန်းဟာ
‘တပ်မတော်သာအမိ… တပ်မတော်သာအဖ’ လို့
မပြောခဲ့ဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

ဝန်ကြီးချုပ် ကိုအောင်ဆန်းဟာ
မနက်ဖြန် သဘက် စင်္ကာပူလိုဖြစ်ရမယ်လို့
မပြောခဲ့ဘူး
ဒါ...ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

ဗိုလ်ချုပ်အောင်ဆန်းဟာ
သူ့တိုင်းသူပြည်သားတွေကို
ဗိုလ်ချုပ်ဆိုတဲ့ ယူနီဖောင်းချွတ်ပြီး
ဒီနေရာကျော်ရင် တာဝန်မယူဘူးလို့
မပြောခဲ့ဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

သခင်အောင်ဆန်းဟာ
မြို့နာမည်ပေါ်မှာ ပါတီဆိုင်းဘုတ်တပ်ပြီး
နတ်မောက်ကို မဲမဆွယ်ခဲ့ဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

ပြည်သူတစ်ယောက်က မကြိုက်ရင်
‘ကျုပ် အစိုးရ ချက်ချင်းထွက်မယ်’ တဲ့
သေမယ်မှန်းသိလျက်
ဘယ်ဘော်ဒီဂတ်မှ အနားထားမသွားဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

ကိုယ်ကျိုးအတွက် ပြည်သူကိုမသတ်
ပြည်သူအတွက် ကိုယ်ကျိုးကို သတ်သွားတဲ့..
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

ငါ…ငါ…ငါစွဲတွေ သိပ်များတဲ့ခေတ်ကြီးထဲ
သူလိုလူကို မွေးပေးခဲ့တဲ့ နတ်မောက်ဟာ
သူရှိခဲ့ရင်တောင်မှ
အခြားမြို့တွေထက်ထူးပြီး
အတောင်ပေါက်လာစရာမရှိဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

လက်ဆောင်ရွှေချောင်းတွေကိုငြင်းလို့
ဘာကိုမှ ပြည်ပကို ခိုးမထုတ်ဘူး
ပုံးကြီးပုံးငယ်တွေ ဝင်စရာ
နောက်ဖေးပေါက် ပိတ်ထားတဲ့ အိမ်မှာနေတယ်
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

သူ့ဇနီးဒေါ်ခင်ကြည်ဟာ
ခုခေတ် အရာရှိကတော်တွေလို
လာဘ်မစားခဲ့ဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

လိုအပ်ရင်
‘အသက်ပြည့်ပြီး ကျန်းမာသူတိုင်း စစ်မှုထမ်းရမယ်’လို့ပဲ
ဗိုလ်ချုပ်က ပြောခဲ့တာ
ကလေးတွေကို စစ်ထဲထည့်ဖို့နေနေသာသာ
စိတ်နဲ့တောင် မပစ်မှားခဲ့ဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား

‘အောင်ဆန်း’ ဆိုတာ
မြန်မာ့သတတ္တိရဲ့ သင်္ကေတ
မြန်မာ့ရိုးသားမှုရဲ့ ပြယုဂ်
မြန်မာပြည်ရဲ့ ကံဆိုးမိုးမှောင်ကောင်းကင်ယံမှာ
ခက်ခက်ခဲခဲ ထွန်းတောက်ခဲ့တဲ့ အာရှကြယ်
မြန်မာ့လွတ်လပ်ရေး အရှင်သခင်
မြန်မာ့အလံတော်ရဲ့ နတ်ဘုရား
အဲဒီနတ်ဘုရား
ပဋိသန္ဓေတည်ခဲ့တဲ့ ဒီမြေပရိဝုဏ်မှာ
နှစ် ၂၀စီမံကိန်းသင်ရိုးညွှန်းတမ်းဟောင်းထဲက
‘အောင်ဆန်းဆည်’ကို  ‘ယင်းချောင်းဆည်’လို့
ဘယ်အကြောင်းကြောင့်နဲ့မှ
မပြင်ဆင်သင့်ဘူး
မပြောင်းလဲသင့်ဘူး
မတိမ်းမှောက်သင့်ဘူး
ဒါ…ဗိုလ်ချုပ်အောင်ဆန်း
ဒီ…နတ်မောက်သား ။   ။

စောဝေ၊ မောင်ဆောင်းခ၊ မောင်သုည(မန္တလေး)၊ လုလင်(ရွှေပြည်သာ)၊ မင်းရည်သွေး၊ ဟိတဇော်၊ မိုးသစ်ထွန်း၊ နတ်မိုး၊ ဆန်းဦးမောင်၊ ယဉ်ဝယ်ထက်၊ သဇင်မွန်ဟန်

စောဝေ