စံပယ်ဖြူ - မြန်မာပြည်တခွင် ခရီးနှင်

စံပယ်ဖြူ - မြန်မာပြည်တခွင် ခရီးနှင်
(မိုးမခ) မတ်လ ၆၊ ၂၀၁၅

မြန်မာပြည် ပြန်ရောက်နေချိန် ကားစီး၊ ရထားစီရင်း လမ်းခရီးမှာ တွေ့ကြုံခဲ့သမျှကို ပြန်ပြီးဖောက်သယ်ချလိုက်ပါတယ်။ မြန် မာပြည်တခွင်လို့ဆိုပေမဲ့ ရန်ကုန်မြို့တွင်း လိုင်းကားစီးရတဲ့ အဖြစ်သနစ်တွေကို အဓိကရေးချင်တာပါ။ မန္တလေးခရီးစဉ်ကိုပါ ကြုံလို့ထည့်ရေးလိုက်ပါတယ်။ မြန်မာပြည်က နေ့စဉ်ခရီးသွားပြည်သူများရဲ့ လက်တွေ့ခံဘ၀ ကိုယ်တွေ့ခံစားပြီး ပြန်လည် မျှဝေလိုက်ပါတယ်။

ခရီးလမ်း အဆင်ပြေချောမွေ့ရေးဟာ အများပြည်သူတွေရဲ့ နေ့စဉ်ဘ၀အတွက် အရေးပါတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။ ခရီးလမ်းအဆင်ပြေမှုဆိုရာမှာ အချိန်လည်းမှန်၊ အန္တရာယ်ကင်းပြီး၊ သက်တောင့်သက်သာ ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် နေ့စဉ်အလုပ်သွား ကျောင်းသွားရတဲ့သူတွေ သက်တောင့်သက်သာရှိပြီး၊ အန္တရာယ်ကင်းစေချင်ပါတယ်။ ရန်ကုန်မြို့ကြီးမှာ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ချက်က ကြာလေဝေးလေ ဖြစ်နေပါတယ်။ မနက်စောစောထ အလုပ်ကိုသွား၊ လမ်းမှာကားကကြပ် လမ်းကပိတ်၊ စိတ်ရှုပ် စိတ်ပျက်ရ။ တနေကုန် အလုပ်လုပ်ပြီး ညနေရောက်တော့ ကြပ်ညှပ်နေတဲ့ ကားကိုစီးပြီးပြန်ရ။ စိတ် ပန်း လူပန်းရတဲ့အထဲ ကားထဲမှာ အနံ့ပေါင်းစုံ။ တနေ့ရတဲ့ ၀င်ငွေနဲ့မတန်အောင် စိတ်အင်အား လူအင်အားတွေ ဆုံးရှုံးနေ ပါတယ်။  ဖုန်ပေါတဲ့ ရန်ကုန်မြို့မှာ ကားစီးရင်း ဖုန်ရှု။ မှတ်တိုင်မှာ ကားစောင့်ရင်းလည်း ဖုန်တွေက နှာခေါင်းထဲဝင်၊ မျက်လုံး ထဲဝင်။ ညစ်ညမ်းတဲ့လေနဲ့ ဖုန်တွေကို နေ့စဉ်ရှူနေရတာ ကျန်းမာရေးထိခိုက်ပါတယ်။

ကျွန်မ ရန်ကုန်မြေကို စနင်းခဲ့တာ ၁၉၉၆ ခုနှစ်ကတည်းကပါ။ ဟိုတုန်းက လိုင်းကားစီးတယ်။ ခုလည်း လိုင်းကားပဲစီးပါတယ်။ မော်တော်ယာဉ် လိုင်းပေါင်းစုံရှိတဲ့ ရန်ကုန်မှာ ကျွန်မ မစီးဖူးတဲ့ယာဉ်လိုင်း မရှိသလောက်ပါ။ ရွာကိုပြန်တဲ့အခါ ဒဂုန်ဧရာ အဝေးပြေးဝင်းကိုသွားဖို့ဆိုရင် မထသ (၃၂)၊ (၃၆)၊ ရွှေဧည့်သည် (၂) ကို စီးရပါတယ်။ သက်တမ်းကြာမြင့်ပြီး၊ ခပ်ကြမ်းကြမ်း မရပ်မနားမောင်းခဲ့တဲ့ ကားတွေကို အစားထိုးခြင်း ပြုပြင်ခြင်း ရှိပုံမပေါ်။ ရွှေဧည့်သည်ကားပေါ်မှာဆို ထိုင်ခုံတွေက စုတ်ပြတ် နေပါတယ်။ အဲဒီထိုင်ခုံ အစုတ်တွေပေါ်ထိုင်စီးရတာ စိတ်ထဲ မအီမလည်ဖြစ်မိပါတယ်။ လိုင်းကားစီးတဲ့သူတွေက ထိုင်ခုံ အစုတ်တွေနဲ့ပဲ တန်တယ်ထင်ပါရဲ့။ လူကို လူလို တန်ဖိုးလားတတ်တဲ့အကျင့်တွေပျောက်ဆုံးနေတဲ့ ကျွန်မတို့တိုင်းပြည်မှာ လိုင်းကားစီးရတဲ့ လူတွေရဲ့ဘ၀က နှစ်ပြားတောင် မတန်သလို ခံစားရပါတယ်။

အချို့ကားတွေမှာ စာတန်းတစ်ခုရေးထားတာကိုလည်း တွေ့ရပါတယ်။ မိမိစည်းစိမ် ဥစ္စာနှင့်မာနကို အိမ်တွင်ထားခဲ့ပါ။ ယခုစီးလာသောယဉ်မှာ ယဉ်စီးခ ပုံသေ (၂၀၀) ကျပ်ဖြစ်သည်ဆိုတဲ့စာ ဖြစ်ပါတယ်။ စပါယ်ယာရဲ့ စကားကိုနာခံရမယ်၊ စပါယ်ယာ ရိုင်းသမျှကို သီးခံနိုင်ရမယ်လို့ ဆိုလိုခြင်းလားမသိ။ ပုံသေ၂၀၀ ကျပ် သတ်မှတ်ထားတဲ့ လိုင်းကားစီးတဲ့သူတွေကို ၂၀၀ ကျပ်တန်တွေလို့ သဘောထားလိုက်သလို ဖြစ်နေပါတယ်။ လိုင်းကားပေါ်မှာ ထိုင်ခုံရသည်ဖြစ်စေ၊ မတ်တတ်စီး သည်ဖြစ်စေ သတိအနေအထား ရှိမှဖြစ်ပါတယ်။ ကားကိုအရှိန်ပြင်းပြင်း မောင်းနေရာက အချိန်မရွေး ဘရိတ်အုပ်နိုင်တာမို့ သတိမထားရင် ယိုင်ထိုးလဲကျသွားနိုင်ပါတယ်။ ယဉ်ကျေးသိမ်မွေ့ရမယ်ဆိုတဲ့ မြန်မာမိန်းကလေးများ ရန်ကုန်မြို့က လိုင်း ကားပေါ်မှာ သိမ်သိမ်မွေ့မွေ့ ဣနြေ္ဒရရ နေလို့မရပါ။ ကားဘရိတ်အုပ်တဲ့အခါ အရှိန်းမထိန်းနိုင်ရင် အနားက အမျိုးသား တယောက်ယောက်နဲ့ ထိမိတိုက်မိနိုင်ပါတယ်။ မနက်အလုပ်သွားချိန်နဲ့ ညနေအလုပ်ပြန်ချိန်တွေဆို ကြပ်ပိတ်နေတဲ့ကားပေါ် စီးလိုက်ရတဲ့ မိန်းကလေးတွေ ယောက်ျားတွေကြားမှာ ပူးကပ်ညှပ်ပြီးလိုက်ရတာ စိတ်မချမ်းသာစရာပါ။၂၀၀ ကျပ်တန် ကားစီးတာ ဒီလောက်တော့ရှိမှာပေါ့လို့ ဖြေသိမ့်ရမလို။

ကားတွေမတရားကြပ်တဲ့ ရန်ကုန်မြို့မှာ ယာဉ်စီးကမ်းလိုက်နာမှုက စံချိန်တင်လောက်ပါတယ်။ ယာဉ်စည်းကမ်းသည် ယာဉ် မောင်းသူများနှင့် လုံးဝမသက်ဆိုင်ပါလို့ ကြေငြာချက်ထုတ်ထားသည့်အလား။ ဘ၀အာမခံချက်မရှိတဲ့ မြန်မာပြည်မှာ ခရီး သွားပြည်သူများရဲ့ အသက်တစ်ချောင်းဟာလည်း အာမခံချက်မရှိတာ တုန်လှုပ်ချောက်ခြားစရာပါ။ အန္တရာယ်ကို အလေး မထား၊ အပြိုင်အဆိုင် အလုအယက် မောင်းကြတယ်။ လမ်းပြောင်းပြန်မောင်းကြတယ်။ ကားတွေကွေ့ချင်သလို ကွေ့ကြ တယ်။ (၄၃) ကားကို စီးလာတဲ့တစ်ခေါက်တုန်းက သည်းထိတ်ရင်ဖိုစရာ အဖြစ်ကြုံခဲ့ပါသေးတယ်။ ဘတ်စ်ကားက အရှိန်နဲ့ မောင်းလာတုန်း ဘယ်အခြမ်းက ကားတစ်စီးက ညာအခြမ်းကို ရုတ်တရက်ကြီး ကွေ့ချလိုက်ပါတယ်။ (၄၃) ဘတ်စ်ကား ယာဉ်မောင်းက ဘရိတ်အုပ်ဖို့အချိန်မမှီတော့တဲ့အတွက် ကွေ့လာတဲ့ကားကို ကျွမ်းကျင်စွာ ရှောင်မောင်းလိုက်ပါတယ်။ နောက်မှာ ကပ်လိုက်လာတဲ့ ကားသာရှိရင် ကျိန်းသေတိုက်မိပြီ။ အသက်အန္တရာယ်ကြုံဖို့ အကြောင်းမပါသေးလို့ ကျွန်မတို့  ခရီးသည်တစု ဘေးကင်းခဲ့ပါတယ်။

ကားတွေဒီလောက်ရှုပ်တဲ့ ရန်ကုန်မြို့ကလမ်းမတွေမှာ ဆိုက်ကားနဲ့ စက်ဘီးတွေနင်းကြတာ အန္တရာယ်များပါတယ်။ ၀မ်းရေး အတွက် အန္တရာယ်ကို အမှုမထားနိုင်ပဲ ဆိုက်ကားနင်းပြီး ငွေရှာရတာကို အပြစ်တင်ဖို့ခက်ပါတယ်။ ထို့အတူပဲ ကားခ၊ ဆိုက်ကားခသက်သာပြီး၊ လိုရာခရီးရောက်အောင် အပင်ပန်းခံ စက်ဘီးနင်းကြတာကို ကန့်သတ်တားမြစ်မယ်ဆိုရင် တရား မျှတပါ့မလား။ ညှာတာထောက်ထားသဖြင့် ခွင့်ပြုထား၍လားမသိ။ ကားကြီးကားငယ်တွေ ရှုပ်ယှက်ခပ်နေတဲ့ လမ်းပေါ်မှာ စက်ဘီးတွေ၊ ဆိုက်ကားတွေကို မြင်နေရတာ စိတ်မသက်သာလှပါ။ လိုင်းကားစီးရင် အမြင်မတော်တာတွေ မြင်နေ ကြားနေ ရလို့ တခါတလေ မျက်လုံးစုံမှတ်ပြီး၊ ရတနာသုံးပါးကို အာရုံပြုနေလိုက်ပါတယ်။ မတော်တဆ ယာဉ်တိုက်မိရင် သက်သာရာ ရလိုရငြား၊ သေလောက်တဲ့ ဒဏ်ရာရရင်လည်း ဘ၀ကူး ကောင်းလို ကောင်းငြား ကြိုတင်ပြင်ဆင် တဲ့သဘောပါ။

ရန်ကုန်မှာ ကားတွေပေါသလို မန္တလေးမှာ ဆိုင်ကယ်တွေ ပေါပါတယ်။ စက်ဘီးအစား ဆိုင်ကယ်တွေသုံးလာကြတယ်။ ဟိုတုန်းက စက်ဘီးစီးကျွမ်းကျင်တဲ့ မန္တလေးသူတွေ ခုတော့ ဆိုင်ကယ်စီး ကျွမ်းနေကြပါပြီ။ ရန်ကုန်မှာလို လိုင်းကားမပေါတော့ ဘယ်သွားသွား ဆိုင်ကယ်နဲ့ သွားကြပါတယ်။ တချို့တွေ ဆိုင်ကယ်မောင်းကြတာ စည်းကမ်းတကျ မဟုတ်တော့ ဆိုင် ကယ်နောက်က လိုက်စီးရတာ ကြောက်စရာကောင်းပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မလိုက်နာကြတဲ့ အကြောင်းရင်း များစွာထဲမှာ ထိရောက်စွာ အရေးမယူနိုင်တာက အဓိကအကြောင်းရင်းတခုဖြစ်ပါတယ်။ လိုရင်တစ်မျိုး၊ မလိုရင်တမျိုး၊ ငွေပေးလိုက်ရင် အားလုံးအဆင်ပြေစေတဲ့ စနစ်ကျင့်သုံးနေသရွေ့  စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆိုတဲ့ အတိုင်း ဘယ်သောအခါမှ ဖြစ်လာမှာ မဟုတ်ပါ။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယဉ်တိမ်းမှောက်တဲ့ သတင်းတွေ မကြာခဏ ကြားနေရလို့ ညကားမစီးပဲ နေ့ကားစီးပြီး မန္တလေးကို သွားပါတယ်။ အန္တရာယ်ကင်းအောင် ဘုရားရှိခိုး၊ ဆုတောင်း မေတ္တာပို့ပြီး မနက် (၉)နာရီ ကားနဲ့ ရန်ကုန်က ထွက်တာ ညနေ (၅) နာရီမှာ မန္တလေးကို ရောက်ပါတယ်။ တနေကုန် ကားစီးရတာ တော်တော်ညောင်းပါတယ်။ ကျွန်မ ခရီးသွားရင် မိုးရွာတာနဲ့ သိပ်အကျိုးပေးပါတယ်။ ဇန်န၀ါရီလ မန္တလေးမှာ မိုးတွေရွာလို့ အရမ်းချမ်းပါတယ်။ မိုးထဲလေထဲ လည်ရတာ အဆင်သိပ် မပြေပေမဲ့ မေမြို့နဲ့ အင်းဝကို ရောက်အောင် လည်ခဲ့ပါတယ်။ အင်းဝမြို့ဟောင်းကို ရောက်ခဲ့တာ ပင်ပန်းရကျိုးနပ်ပါတယ်။ မိုးတွေရွာလို့ ဗွက်ပေါက်နေတဲ့လမ်းကို မြင်းလှည်းစီးပြီး လည်ခဲ့ပါတယ်။ ခရီးသွားခြင်းကို ကျွန်မ ၀ါသနာပါပေမဲ့ ငွေကုန်များတာမို့ သွားချင်တဲ့နေရာ တော်တော်များများကို မရောက်ဖြစ်သေးပါ။ နောက်မှ သွားတာပေါ့လို့ပဲ တေးမှတ်ထားလိုက်ပါတယ်။

မန္တလေးကနေ ရန်ကုန်ကို အပြန်မှာ ရထားစီးပြီးပြန်ခဲ့ ပါတယ်။ အင်မတန်ခုန်သော မြန်မာ့မီးရထားကို ညလုံးပေါက်စီးပြီး ပြန်ခဲ့မိတာ နောင်တရမိပါတယ်။ ငွေတသောင်းကျပ်ပေးရတဲ့ အထက်တန်းတွဲမှာ စီးခဲ့တာ နည်းနည်းလေးမှ သက်တောင့် သက်သာမရှိ။ ကျောင်းတုန်းက ရန်ကုန်ကနေ တောင်ငူအထိ ရထားတခေါက် စီးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ငယ်လည်း ငယ်သေး၊ ရိုးရိုးတန်းမှာ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ကြီးစီးခဲ့တာ။ ခရီးကလည်း တိုတယ်ဆိုတော့ ရထားခုန်တာကို စိတ်မပျက်ခဲ့ဘူး။ အဲဒီတုန်းက ရထားတွေ အခုလောက်အခြေအနေ မဆိုးသေးတာလည်း ဖြစ်ပါလိမ့်မယ်။ သူများတိုင်းပြည်က ရထားကို မစီးဘူးသေးတော့ အဲဒီအချိန်တုန်းက ရထားစီးရတာ ရွာမှာနွားလှည်းစီးရတာထက် အများကြီးသာသလို ဖြစ်နေပါ တယ်။ ၂၀၁၅ မှာ ကျွန်မစီးမိတဲ့ မြန်မာ့မီးရထားကတော့ အသံဆူညံလွန်းပြီး၊ လူတကိုယ်လုံး မြောက်တက်သွား မတတ်ကို ရထားက ခုန်ပါတယ်။ စင်္ကာပူနဲ့ မလေးရှားမှာ မြေပေါ်မြေအောက် ရထားတွေ မခုန်ပါဘူး။ လူကြပ်တဲ့ ရုံးသွားချိန်နဲ့ ရုံးပြန်ချိန် မဟုတ်ရင် ရထားစီးရတာ တကယ်ကို သက်တောင့်သက်သာ ရှိပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ခရီးသွားရတာ သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင် ဝေးလံ ခေါင်ပါးတဲ့ နယ်တွေမှာ ဘယ်လိုရှိမလဲ မှန်းဆကြည့်နိုင်ပါတယ်။ ကျွန်မတို့ ဧရာဝတီတိုင်းဒေသက ရွာတွေမှာ ကျောက်စရစ်လမ်းတွေကို အခု ကတ္တရာခင်း နေကြပါတယ်။ လျှပ်စစ်မီးပေးတော့မယ်လို့ ဆိုပါတယ်။ လမ်းမီးတွေပေးဖို့ လမ်းဘေးသစ်ပင်တွေကို ခုတ်ရှင်း နေကြပြီ။ ၂၀၁၅ကို ရောက်လာပြီလေ။ ကြုံလို့ ငယ်ကျိုးငယ်နာ ဖော်ချင်တာလေး ရှိပါတယ်။ ကျွန်မတို့နယ်က ကားလမ်းတွေ တော်တော်များများကို လုပ်အားပေးစနစ်နဲ့ ဖောက်ခဲ့ကြတာ။ ရွာသားတွေရဲ့ ချွေးနဲ့ဖောက်ခဲ့တာ။ ကျွန်မ အလယ်တန်း ကျောင်းသူ အရွယ်တုန်းက ရွာကလူတွေ လုပ်အားပေးသွားကြရတာ ပြန်မြင်ယောင်မိသေးတယ်။ ဒီလမ်းတွေ ကတ္တရာ လမ်းဖြစ်လာတာ ကျေးဇူးတင်စရာဖြစ်လာပြီလို့ ဆိုရမလား။ ကတ္တရာလမ်းတွေ နှစ်ရှည်ခံ၊ အန္တရာယ်ကင်းလို့ လျှပ်စစ်မီး မှန်ပါစေလို့တော့ ဆုတောင်းပေး ပါတယ်။

မြန်မာပြည်မှာ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အဆင်ပြေဖို့တောင် ဆောင်ရွက်မပေး နိုင်သေးတာ၊ တပြည်လုံး အတိုင်းအတာထိ ခရီးသွားလာရေး အဆင်ပြေ အန္တရာယ်ကင်းဖို့တော့ အများကြီး လိုပါသေးတယ်။ ရွှေပြည်တော် မျှော်လေ တိုင်းဝေး ဆိုသလို၊ လိုင်းကားစီးပြီး အလုပ်သွား၊ ရတဲ့လစာနဲ့ လောက်အောင်သုံးပြီး ကျွန်မ မြန်မာပြည်မှာ ပြန်နေဖို့ မဖြစ်နိုင် သေးပါ။ တကယ်လိုအပ်နေတဲ့အချိန်မှာ မြန်မာပြည်အတွက် ဘာမှပြန်လုပ် မပေးနိုင်တာကို စိတ်မကောင်း ဖြစ်မိပေမဲ့၊ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ရောက်အောင် လုပ်ခဲ့သူတွေထဲ ကျွန်မ မပါတဲ့အတွက် စိတ်ကိုဖြေလို့ ရပါတယ်။ အချိန်တန် ရင်တော့ ပြန်လာခဲ့မှာပါ။ မြန်မာပြည်တခွင် နေရာနှံ့အောင် ခရီးတွေသွားအုံးမှာပါ။ ကျန်းမာတုန်း၊ အလုပ်လုပ်နိုင်တုန်း အရွယ်မှာ ပြန်လာနိုင်ပါစေလို့သာ ဆုတောင်းမိပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ