ငြိမ်းချမ်းအေး - ရွှေဘကို ပြန်ကယ်ရမယ့်အချိန် ရောက်ပြီလား

ငြိမ်းချမ်းအေး - ရွှေဘကို ပြန်ကယ်ရမယ့်အချိန် ရောက်ပြီလား
(မိုးမခ) မတ်လ ၂၊ ၂၀၁၅

ကျုပ်တို့ ရွာမှာက ရွှေဘနှိပ်စက်ခံရလေ၊ ရွှေဘကို ပရိသတ်က အားပေးလေပဲ။

သူကြီးသားနဲ့လက်ပါးစေများကို အော့ကြောလန်လေ ရွှေဘက လူချစ်ခံရလေပါပဲ။

“တုန်ခြင်း၊ မှုန်ခြင်း သည်းခံတယ်၊ ရွှေဘတော့ ပါပစေဟေ့၊ ရွှေဘမပါရင်တော့ သည်းမခံဘူး” ဆိုတဲ့ အနေအထားက ရှိလျက်ပါပဲ။

တချိန်တုန်းက သေနတ်ကိုင် ယူနီဖောင်းဝတ် မြင်းစီးလူဆိုးတွေက ရွှေဘကို ကြိုးတုပ် မြင်းနဲ့ ဆွဲပြေးတော့ လူထုပရိသတ် ခမျာ ချစ်ရင်းစွဲမှာ ကရုဏာပို သနားစိတ်နဲ့ အမယ်ကြီးတွေက “အမလေး ကျုပ်တို့ ရွှေဘလေး သေပါတော့မယ်..” အော်ခဲ့ရ၊ လူငယ်တွေက “ဟေ့ကောင်တွေ.. မတရားမလုပ်နဲ့၊ သတ္တိရှိရင် တယောက်ချင်း ချပါလားကွ” ကြုံးဝါးခဲ့ကြပါတယ်။

နောက်ဆုံး ပရိသတ် ခဲစာမိ ပွဲပျက်မှာစိုးတော့ ကြိုးဆွဲစီစဉ်သူရဲ့ ဆလိုက်ထိုးသမားက ပိတ်ကားနောက်ကနေ ထွက် “ရွှေဘ ပြန်ချနိုင်တော့မယ် အကြောင်း၊ ဇာတ်လိုက်ဆိုတာ အကျပ်ရိုက်လည်း ခဏပဲဆိုတဲ့အကြောင်း၊ အောင်ပွဲ ဆိုတာ ထောင်ကဲနဲ့ တရုတ် ခွဲခြားမရသလို မလွဲမသွေ ဧကန်မုချလာမှာဖြစ်ကြောင်း” ကာရန်တွေ နဘေတွေယူ အာဝဇ္ဇန်းကောင်းကောင်းနဲ့ ရုပ်ထွက်ပြဆိုရင်း လူထုဟာ မေတ္တာရပ်ခံ နှစ်သိမ့်စကားနဲ့ ချွေးသိပ်ခံရတော့တဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ခက်တာက အခု ရွာမှာ လက်ကိုင်တုတ်တစုရဲ့ လူမိုက်အားကိုး ဗိုလ်ကျ နှိပ်စက်ဒဏ်ခံနေရတာက အရင်လို ရွှေဘ တို့ တင်ညွန့်တို့ ဇာတ်လိုက်ကျော်တွေ မပါတော့ပါဘူး။  ရပ်ထဲ ရွာထဲက သာမန်လူတွေချည်း၊ ရွာအကြောင်းကို ရှေ့ဆောင် မောင်းခတ်တတ်သူ ရွာဆော်တွေချည်း လှိမ့်ခံနေရပြီး အောက်ဆွဲတသိုက်က ချမ်းသာရာရ ရွှေပြည်ကြီးတည်ဆောက် သာ ယာနေကြပါပြီ။

“ရွှေဘ.. ရွှေဘ.. အသေချမယ့်..” အချိန်ကို ရွာခံ နင်းပြားလူထုက ကျောကော့အောင် အနှိပ်စက်ခံရင်းကနေ မျှော်လင့် တောင့်တနေကြရပါတယ်။

ရွှေဘ တပြည်တလှည့် ထိုးကြိတ်မယ့် အချိန်မှာ “ဟေးခနဲ..” အားပေးဖို့ အနာခံရင်း စောင့်မျှော်နေကြရပါတယ်။

နောက်ဆုံး မခံသာလွန်းရင် လူထုကိုယ်တိုင် ခါးတောင်းမြောင်အောင်ကျိုက်ပြီး ပိတ်ကားပေါ်က ရွှေဘကို ဆွဲထုတ် ကယ် တင်ရမယ့်အချိန်ရောက်လာပါတော့မယ်။  အခုအချိန်မှာ ရွှေဘကို အားကိုးစိတ်နဲ့ ယောင်တီးယောင်န ချီတုံချတုံ ဖြစ် နေခြင်းဟာ ခဏတာပါ။

လူထု ပရိသတ်ဆိုတာ ဖိနပ်ခါးကြားညှပ်ပြေးမယ့်အစားမျိုးတော့ မဟုတ်ပါ။  ပွဲကြည့်မကောင်းရင်၊ ခံရပါများလာရင် စင်ပေါ် ကို ခဲပစ် ပိတ်ကား ထိုးခွဲကြမှာ ဧကန်ပါပဲ။  ထိုးခွဲခဲ့တဲ့ သမိုင်းလည်း ရှိပါတယ်။

နောက်ဆုံးမှာ ရွှေဘကပဲ ရဲရဲတောက် ပြန်ချလေမလား။

မခံနိုင်တဲ့ လူထုကပဲ ခဲမိုးရွာ စင်မြင့် ပိတ်ကားထက်က ရွှေဘ ကို ကယ်တင်ရလေမလား။

မျက်မှောက်အနေအထားအရ သမိုင်း ဓာတ်ရှင် ပိတ်ကား စာမျက်နှာမှာ ဇာတ်သိမ်း နိဂုံး ဘယ်လိုချုပ်မလဲဆိုတာကို သိမြင် ရှုစားရမယ့်အချိန် မဝေးတော့ပါပြီ။

ပြည်တော်ချစ် မင်းသား ရွှေဘ ဘယ်လိုပြန်လည်ထိုးသတ် အနိုင်ယူမလဲ။

ပရိသတ်က ပိတ်ကားကြီးကို ထိုးခွဲချိန်တန်ပြီလား..။

ငြိမ်းချမ်းအေး
မတ်လ ၀၂၊ ၂၀၁၅
(ဝေဖန်ရန် - nyeinchanaye81@gmail.com)

(ပြည်သူ့ဘဝ အမိန့်တော်ရ နှလုံးပြူးကိုင် သူကြီးဆိုးအောက် ကျရောက်ခဲ့ခြင်း ၅၃ နှစ်ပြည့် အထိမ်းအမှတ်)