ရန်လင်းအောင် - သမိုင်းချင်း ယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး . . . . .


 ရန်လင်းအောင် - သမိုင်းချင်း ယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး   . .  . . .
(မိုးမခ) မတ် ၄၊ ၂၀၁၅


ရပ်ထဲရွာထဲ
သူ့ပိုက်ဆံနဲ့သူသောက်တယ်ဆိုပေမယ့်
မူးယစ်ရမ်းကားသူ အရက်သမားအတွက်
လောကဥပဒေ
ဓမ္မဥပဒေရှိသလို
ပြည်သူ့ဘဏ္ဍာ
ပြည့်သူ့အာဏာ
မသဒ္ဓါရေစာ သောက်စားပြီး
မိုက်ရိုင်းထွားကြိုင်း
မူးယစ်ရမ်းကားသူ
အာဏာရှင်လူတစ်စုတို့ရေ . . . .

ခင်ဗျားတို့
ကြိုက်ရာခေတ်မီလက်နက်
သွေးရူးသွေးတန်းဆွဲကိုင်ပါ
ပုဒ်ထီးပုဒ်မ ဂယောင်ဂတန်းစိတ်ကြိုက် ဆင်ပါ
ဉာဏ်နီ ဉာဏ်နက်
ဉာဏ်မဲ ဉာဏ်ကြောင်
ဉာဏ်ကလိမ် ဉာဏ်မှိန်
မီးကုန်ယမ်းသုံးလိုက်စမ်းပါ ။

ဆွေစဉ်မျိုးဆက် သွေးပျက်ဖွယ်
ခေါင်းမဖော်ရဲလောက်အောင်
အတိတ်ရိုင်းထဲ ခင်ဗျားတို့
ခွေခေါက် လဲပြို ကျန်ရစ်စေဖို့ ။
ယှဉ်ပစ်ရဲရင် ကျုပ်တို့က
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်း ယှဉ်ပစ်လိုက်ရုံပါ ။

                     (ဓာတ်ပုံ - ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ သပိတ်မှောက်ကျောင်းသားများ၊ လက်ပတန်း၊ ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)