ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ … (၃) နိဂုံး


ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ … (၃) နိဂုံး
(မိုးမခ) မတ်လ ၂၄၊ ၂၀၁၅


    တပ်ချုပ်ရာထူး ၂၀၁၀ခုနှစ် ယှဉ်ပြိုင်ရွေးခံခဲ့တုံးက ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဘ၀မှာ သူ့ အား အလဲထိုးမဲ့ပြိုင်ဘက်ကတော့ တပတ်စဉ်သူငယ်ချင်း ကစထ၃မှူးဖြစ်နေတဲ့ ယခုပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုဖြစ်နေပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီအချိန်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်နေတာကြောင့် ကိုကိုထက် ရှေ့တလှမ်းဦးကာ စစ်ရုံးက ၀င်စာထွက်စာများကို ဦးရွေမန်းဆီက လက်ပြောင်းယူခွင့် ရထားသူဖြစ်ပါတယ်။ အိမ်တော်ကြီးကို သူရဲ့ဇနီးမှလည်း တောက်လျှောက်ဝင်သလို ကိုယ်တိုင်ကလည်း အဖားတော်သူဖြစ်လို့ တရုတ်နိုင်ငံခရီးစဉ်မှာ ဦးသန်းရွေနဲ့အတူ လိုက်ပါခွင့်ရခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကို နောက်ကောက်ကျသွားရတဲ့ကိစ္စတခုမှာ သူရဲ့ဇနီးဖြစ်သူဟာ ၀စော်ဘွားမျိုးနွယ်ပီပီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအကြီးအကဲနဲ့ အမျိုးတော်နေတာကြောင့် သူ့ကို တပ်ချုပ်မပေးတော့ဘဲ တပ်မတော်အရန်အင်အားစာရင်း ၆ လ ခန့်သွင်းလိုက်ရာမှ အထိတ်တလန့်နဲ့ အိမ်တော်ကြီးဆီ တလစပ်ဖါးလို့ နှစ်သိမ့်ဆု ပြည်ထဲရေးဝန်ကြီး ရသွားတာဖြစ်ပါတယ်။

    တဖန် DSA 18 စစ်ရေးချူပ်ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ဒုတပ်ချုပ်ပေးကာ DSA 19 ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ်လျာပြီး သဘောထားတီးခေါက်ရာ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က စီနီယာဖြစ်သူပီပီ မာနရှိလို့ ငြင်းရာ မလုပ်ချင်ရင်ထွက်လို့ဆိုကာ ဖယ်လိုက်တာဖြစ်ပါတယ်။ အဲဒီ "မလုပ်ချင်ရင်ထွက်" ဆိုတဲ့စကားအမွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တယောက် တွင်တွင်ဆက်လက်သုံးနေတာ အံ့သြစွာတွေ့ ရပါတယ်။
                                                            
    ဆောင်းပါးရေးနေဆဲမှာပင် တပ်မ ၁၁၊ ၄၄၊ ၇၇ တပ်မမှူးများဖြစ်ကြတဲ့ ကြည်း၂၁၉၁၅ စတသ ၃၁ ဗိုလ်မှူးချုပ်လှမြင့်စိုး၊ ကြည်း ၁၉၃၆၇ တေဇ ၁၂၊  တပ်မ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် ခင်မောင်သန်း၊ စတသ ၃၂ ဗိုလ်မှူးကြီး အောင်သိန်းဦးတွေဟာ တန်းမြင့်ကျောင်းအုပ်ကြီးများအဖြစ် ချောင်သို့ပို့လိုက်ကြောင်း သိရပါတယ်။ တိုင်းမှူးဖြစ်ဘို့ သူတို့ရဲ့အိပ်မက် ပျက်ပြယ်ခဲ့သွားပါတယ်။ တပ်မမှူးဖြစ်ဘို့ မည်မျှပေးဆပ်ခဲ့ရသည်၊ အခက်အခဲပေါင်းစုံကျော်ဖြတ်ပြီးမှ တချို့ ရယူခဲ့တာဖြစ်ပါတယ်။

    တပ်ချုပ်ရဲ့တပည့်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးလို  ၆နှစ်အတွင်း အဆင့် ၄ ဆင့် ခုန်ပြန်ကျော်လွားကာ ဧဧလူလူ ဖြစ်တာနဲ့တော့ မနှိုင်းယှဉ်သင့်ပါ။ သတင်းစာရှင်းလင်းပွဲကို ကမန်းကတန်းထလုပ်လိုက်လို့ ၀နဲ့ မိုင်းလားအဖွဲ့ ငြင်းချက်ထုတ်တာကို ပြန်လည်အထောက်အထားနဲ့ မရှင်းနိုင်တာကို တွေရပြီး၊ ကစထမှူးကိုသာ လားရှိုးမှာ ၀တွေကို ရှင်းလင်းခိုင်းတာ တွေ့ရပါတယ်။ စစ်ဆင်ရေးတွေမှာ ဆုံးရှုံးမှုတွေ ပေါ်ထွက်လာတိုင်း အောက်ကိုဘဲဖိတတ်တဲ့ဗီဇ တပ်ချုပ်မှာရှိတတ်တာမို့ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတဲ့ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အချင်းများ လိုအပ်နေဆဲဖြစ်ပါတယ်။ တပ်မမှူးတွေဟာ ရန်သူနဲ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရတာမို့ နောက်ပိုင်းက အုပ်ချုပ်မှုကောင်းကောင်းလုပ်ပေးဘို့ တာဝန်ရှိတဲ့ စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီး ညိုစောကိုတော့ တပည့်ရင်းဖြစ်နေတာမို့ ဘက်လိုက်ပြီး အသာမှေးထားပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အထက်ပါတင်ပြချက်များကို ငြင်းကောင်းငြင်းနိုင်ပါတယ်။ တပ်မတော်ဖြိုခွဲသူအဖြစ် စွပ်စွဲနိုင်ပါတယ်။ Persoal တိုက်ခိုက်မှုတွလို့ သမုတ်နိုင်ပါတယ်။ စာရေးသူက သူတို့နဲ့ တပ်မှာနေခဲ့စဉ်က ချစ်ခြင်း၊ မုန်းခြင်းမရှိခဲ့ပါ၊ တပ်မှာ အဖါးတော်၊ အမျိုးတော်၊ ဇာတာတော်သူတွေသာ နေရာရနေတာမို့ personal ကို မထဲ့ချင်ဘဲ ထဲ့နေရပါတယ်။ အရပ်ဖက်ပြည်သူတွေကလည်း ဒီလိုမှ မရှင်းရင် လက်ခံဘို့ ခက်ပါလိမ့်မယ်။ အကြောင်းမသိက မယုံကြည်မှုသံသယကြီးထွားတာကြောင့် ကိုယ်တိုင်တော်တဲ့သူတွေ နေရာမရဘဲ နစ်နာဆုံးရှူံး နေပါတယ်။ တပ်မတော်အရာရှိတိုင်းရဲ့ အနာဂတ်ဟာ အဆင့်မြင့်အရာရှိကြီးဖြစ်ဖို့ ကိုယ်စီမျှော်လင့်နေတာဖြစ်ပြီး၊ အိပ်မက်ကို နောင်တော်စီနီယာတွေက သက်သေပြနေပြီဖြစ်လို့ လုပ်ချင်ကိုင်ချင်တဲ့စိတ်ကုန်ခမ်းနေမှာ ဓမ္မတာဖြစ်ပါတယ်။ ယနေ့ တပ်မတော်အရာရှိတော်တော်များကို ..." မင်းတပ်ထဲမှာ နေစရာမလိုတော့ဘဲ အသာတကြည်ထွက်ခွင့်ပေးကြည့်ပါက ရာခိုင်နှုန်း တ၀က်ကျော် ထွက်လာနိုင်ပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ လက်အောက်ငယ်သားများကို တပည့်လက်သား မခွဲခြားဘဲ သာတူညီမျှအုပ်ချုပ်ရပါမယ်။

    အဖားတော်မှ၊ စစ်ရုံးမှာ နေဘူးမှ၊ D.S.A ဖြစ်မှ၊ တပည့်ဖြစ်လို့ ပိုယုံပြီးသစ္စာရှီတယ်ဆိုတဲ့ ပုဂ္ဂိုလ်စွဲ၊ ကျောင်းစွဲ၊ အဂတိတရား မကင်းသ၍ တပ်မတော်ရဲ့တပ်ချုပ်ဖြစ်လာပေမဲ့ စစ်ခေါင်းဆောင်တယောက်ဖြစ်လာဘို့ ဝေးနေအုံးမှာ ဖြစ်ပါတယ်။ စစ်သားတို့ရဲ့မှတ်ကျောက်ဟာ စစ်မြေပြင်သာဖြစ်တယ်ဆိုတဲ့ အဆိုအမိန့်အတိုင်း လောက်ကိုင်ဒေသ တိုက်ပွဲမှတ်ကျောက်က သက်သေပြ၊ အရည်သွေးကျဆင်းတာကို သတ္တိရှိရှိဝန်ခံရမှာ ဖြစ်တယ်။ စစ်သားဟောင်းတဦးရဲ့အဆိုအမိန့်တခုမှာ ငါ့သားများစစ်ထဲဝင်ရင် ပြောလိုက်ပါကွာ၊ စစ်တပ်ဆိုတာ ယောကျာ်း
ကောင်း ယောကျာ်းမြတ်တို့ မွေးထုတ်ပေးရာ ဘ၀တက္ကသိုလ်ကြီးသဖွယ်... လို့ ဆိုထားရာ - တပ်ချုပ်အနေနဲ့ မျက်မှန်တောင်မတတ်ဘဲ အရွယ် နုမှု၊ ရုပ်ရည်ပြေပြစ်မှု စတဲ့ ရုပ်လက္ခဏာကို ပိုင်ဆိုင်ထားရာ ဥပဒေကျောင်းသားက လာသူပီပီ၊ မူဝါဒအတိုင်း ... ဘက်မလိုက်ဘဲ ... ရင့်ကျက်ပြည့်ဝ ... တည်ငြိမ်တဲ့ စိတ်အဖြစ် ပြောင်းလဲကာ စံပြစစ်ခေါင်းဆောင်အဖြစ် ပြသလိုက်ဘို့ တိုက်တွန်းလိုက်ရပါတယ်။
               
Photo Credit - http://www.myawady.net.mm/media/k2/items/cache/ed4de1b66b43d4cd50a9879cb6c4db7b_XL.jpg