ထင်အောင် - လက်အုပ်ချီပုံရိပ်နှင့် မင်္ဂလာပါ နှုတ်ခွန်းဆက်


ထင်အောင် - လက်အုပ်ချီပုံရိပ်နှင့် မင်္ဂလာပါ နှုတ်ခွန်းဆက်
(မိုးမခ) မတ် ၂၅၊ ၂၀၁၅

မတ်လထုတ် မိုးမခဂျာနယ် အတွဲ၂အမှတ်၃တွင်ပါရှိသော ဆရာငြိမ်းချမ်းအေး ရေးသားထားသော"တော်လှန်ရေးဟာ စာသင်ခန်းက စရပါမယ်"ဆောင်းပါးကိုဖတ်ရင်း တွေးစရာလေးတွေပေါ်လာတာကြောင့် စာရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးကို မှန်သားပြင်မျက်နှာပေါ်မှာ ဖတ်ဘူးပါတယ်။  ယခုစာမျက်နှာပေါ်မှာ အေးအေးဆေးဆေးဖတ်နေရင်းမှ ရေးစရာ အတွေးလေးတွေ ပိုတွေးတောမိလာပါတယ်။ ဆရာက စာမျက်နှာ၄၁ မှာ "ထော်လော်ကန့်လန့်အဖြစ်ဆုံးပုံရိပ်ကတော့ ၁၉၉၀ ခုနှစ်များ စစ်ထောက်လှမ်းရေး ဘုန်းမီးနေလတောက်ချိန် ဘုန်းကြီး (ထင်ရှားတဲ့) လူကြီးတွေကို ဘွဲ့ပေး ဖျက်ဆီးခြင်းကပ် (ချဉ်းကပ်) ဖြစ်စဉ်တွေထဲက တခုဖြစ်တဲ့ ဗိုလ်ခင်ညွန့်နဲ့ ဦးသုခပုံရိပ်တွေပါပဲ" ဆိုတဲ့ စာပိုဒ်လေးက ရေးချင်နေတဲ့အရာကို ရေးစမ်းပါလို့ တွန်းအားပေးလိုက်သလို ဖြစ်လာပါတယ်။

    လက်အုပ်ချီကန်တာ့ခံတာက ဗိုလ်ခင်ညွန့်တို့အာဏာသိမ်းပြီး ထိုင်းနိုင်ငံကို ပထမဆုံးချစ်ကြည်ရေးခရီးအကြောင်းပြကာ လျှောက်လည်ချိန်က စလာတာဖြစ်ပါတယ်။ သူတို့ရိုးရာယဉ်ကျေးမှုအရ လေယာဉ်ပျံပေါ်က ဆင်းကထဲက လက်အုပ်လေးတွေချီပြီး ကြိုဆိုနှုတ် ဆက်တာကို အင်မတန်သဘောကျသွားပုံရပါတယ်။ ထိုင်းမှာ လျှောက်လည်ရင်း လမ်းကြိုလမ်းကြားတွေမှာ ကားတွေအမြန်မမောင်းနိုင်အောင် အဟန့်အတားတုံးလေးတွေလုပ်ထားတာကိုလဲ အားကျခဲ့တယ်ထင်ပါတယ်။ မြန်မာပြည်လဲပြန်ရောက်ကော စစ်ဗိုလ်ချုပ်ကြီးတွေနေထိုင်တဲ့ အိမ်တွေနားမှာ ဖြေးဖြေးမောင်းရန် ကတ္တရာကုန်းစောင်းတွေ လုပ်ပါတော့တယ်။ အကြောင်းပြချက်ကတော့ လူကြီးတွေနေထိုင်ရာ အိမ်တွေအနားမှာ ယာဉ်တွေ စည်းမဲ့ကမ်းမဲ့ အရမ်းမမောင်းရန် ထိန်းထားတာလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများသွားလာနေတဲ့ လမ်းမကြီးတွေပေါ်မှာပါ တုံးတွေလုပ်လာတော့ ခရီးသွားရတာ အနှောက်အယှက်ဖြစ်လာပါတယ်။ သူတို့ကားတွေ အောက်ခြေနဲ့ တုံးတွေတိုက်မိတဲ့အချိန်ကျမှ တုံးတွေကိုပြန်ဖျက်ခိုင်း ပါတယ်။

    လက်အုပ်ချီခံရတာကိုတော့ အင်မတန်သဘောကျ သာယာနေပုံရပါတယ်။ အများဆုံးလက်အုပ်ချီရသူတွေကတော့ ကျောင်းသားနဲ့ ဆရာတွေ ပေါ့ဗျာ။ မြို့တမြို့ကိုလာတော့မယ်ဆိုရင် ကျောင်းသားတွေ ဆရာတွေနဲ့ ပြည်သူတွေက လေပျံကွင်းမှာ သုံးလေးနာရီကြိုပြီး သွားစောင့်နေရပါတယ်။ နေပူ မိုးရွာမရှောင် ထီးလေးတွေဆောင်းပြီး တာဝန်ရှိသူတွေလာတဲ့အထိ စောင့်ပေတော့ပေါ့။ ထမင်းစားချိန်ကျရင် အိမ်က ထဲ့ပေးလိုက်သူတွေက နီးစပ်ရာ သစ်ပင်ရိပ်ကလေးတွေမှာ သွားစား၊ အိမ်က အမေထဲ့ပေးလိုက်တဲ့ ရေဘူးထဲက ရေကို မကုန်အောင်သောက်နဲ့ လေပျံသံကို နားထောင်ရင်း အဟာရဖြည့်နေရပါတယ်။ မပါလာတဲ့သူအများစုကတော့ ပါလာတဲ့သူငယ်ချင်းတွေနဲ့ မျှတစား၊ ရေကို တောင်းသောက်ပြီး၊ ကျောင်းသားနဲ့မဆိုင်တဲ့တာဝန်တွေကို ယူနေရပါတယ်။ ပိုဆိုးတာက တနင်္ဂနွေလိုကျောင်းပိတ်ရက်တွေ၊ နွေရာသီကျေင်းပိတ်ရက်တွေမှာ စာသင်ခန်းထဲမှာ ထိုင်ပြနေရတာပါ။ လူကြီးတွေက တနင်္ဂနွေနေ့မှာ ကျောင်းပိတ်တယ်၊ နွေရာသီမှာ ရက်ရှည်ကျောင်းပိတ်တယ်ဆိုတာကို မသိတော့ ကျောင်းကိုလာရင် ကျောင်းသားရှိရမယ်လို့ ထင်နေပါတယ်။

    တာဝန်ရှိသူများရောက်လာရင် ပန်းစည်းဆက်တဲ့သူက ဆက်၊ ပုဝါဆက်တဲ့သူကလဲ ပြုံးပြုံးလေးနဲ့ လက်အုပ်ချီပြီး ပုဝါကိုဆက်ရပါတယ်။ အသွားအလာလုံးဝမရှိတဲ့ကားလမ်းပေါ်မှာ ကားတန်းကြီးကို တလိမ့်ခြင်းမောင်းကာ လမ်းဘေးဝဲယာက လက်အုပ်ချီစောင့်နေတဲ့ ပြည်သူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ကာ လိုရာခရီးကို ဆက်သွားပါတော့တယ်။ ဒီလိုလက်အုပ်ချီနုတ်ဆက်နေတဲ့သတင်းပုံတွေက ည ၈ နာရီသတင်းနဲ့ နောက်တနေ့ထုတ် သတင်းစာရှေ့ဆုံး စာမျက်နှာတွေမှာ ပါလာမှာဖြစ်ပါတယ်။

    ရောက်ရှိတဲ့အရပ်ဒေသမှာ ပြည်သူတွေကို မလာမနေရခေါ်ထားကာ နေရာတိုင်းတွင် မရိုးနိုင်သော တူညီသော မိန့်ခွန်းရှည်ကြီးကိုဟောပြောပါတော့တယ်။ အခမ်းအနားစတိုင်း "ကြွရောက်လာကြသော ရပ်မိရပ်ဖအပေါင်းကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်" လို့ အဖွင့်စကားပြောကြားလေ့ရှိပါတယ်။ နောင်ဘယ်အခမ်းအနားလုပ်လုပ် ဒီ ... မင်္ဂလာပါဆိုတဲ့စကားကို မိန့်ခွန်းပြောတဲ့သူတွေက လိုက်ပြောနေကြပါတယ်။ ယနေ့အထိ သဘာပတိလုပ်သူတွေ၊ ဥက္ကဋ္ဌလုပ်သူတွေက "မင်္ဂလာပါ" ဆိုတာကို ဆက်သုံးနေကြတုံးပါ။ မြန်မာမှုမဟုတ်တဲ့ အကျင့်တွေကို အချိန်မီပြန်ပြင်ရင် ကောင်းမယ်ထင်ပါတယ်။

    လက်အုပ်ချီပြီး စကားပြောတတ်တာက အမရပူရ(တောင်မြို့ )က မဟာဂန္ဓာရုံစာသင်တိုက်ဆရာတော် ဦးဇနကာဘိဝံသ ဖြစ်ပါတယ်။ ဆရာတော်က တရားဟောနေစဉ် "ဘုန်းကြီးတို့မြတ်စွာဘုရားကိုယ်တော်ကြီးက.." လို့ ပြောလိုက်တာနဲ့ "မြတ်စွာဘုရား" တခွန်းပါတိုင်းလက်အုပ်လေးကိုချီကာ ပူဇော်တတ်ပါတယ်။ အင်မတန်ကောင်းမွန်တဲ့ အပြုအမူဖြစ်ပါတယ်။ ဦးသုခကတော့ လူအများကြားမှာ "အေဝမ်းဦးတင်မောင်" ကို "ကျွန်တော့်ဆရာပါ" ဆိုကာ ထိုင်၍ကန်တော့တာကို တွေ့ဘူးပါတယ်။ လက်အုပ်ချီခြင်းသည် ဘုရားတရား ကိုင်းရှိုင်းခြင်း အသက်အရွယ်ကြီးသူကို ဂါရဝတရား ရိုသေကြောင်းပြသခြင်းတို့ကို ဖေါ်ပြသလိုဖြစ်နေတာကြောင့် ကောင်းမွန်တဲ့လက္ခဏာဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ခရီးထွက်ချိန်မှာ လမ်းမဘေးက အဘိုးအိုက တူသားအရွယ်လူပုဂ္ဂိုလ်ကို လက်အုပ်လေးချီနေတာ မသင့်လျှော်တဲ့အပြုအမူဖြစ်နေပါတယ်။ လက်အုပ်ချီတဲ့သူကိုယ်တိုင်ကလဲ ပညာသတိနဲ့ ဆင်ခြင်ကာ ဒါ - မလုပ်သင့်တဲ့ဂါရဝပြုနည်းပါလားဆိုတာကို လက်ခံရပါမယ်။

    လက်အုပ်ချီတာရော - မင်္ဂလာပါလို့ ပြောတာရော - ဟာယဉ်ကျေးတဲ့ အပြုအမူအပြောအဆိုလေးတွေပါ။ နေရာနဲ့ မှန်ကန်စွာသုံးသင့်သော စကားလုံးများဖြစ်ပါတယ်။ မြန်မာလူမျိုးအချင်းချင်းတွေ့ကြရင် "နေကောင်းလား" "ထမင်းစားပြီးပြီလား" လို့ နှုတ်ဆက်တတ်ပါတယ်။ ထမင်းစားချိန်မှာ ထမင်းမစားရသေးပါက ထမင်းပြင်ကျွေးတတ်သော ဓလေ့ရှိပါတယ်။ ယခုခေတ်ကုန်ဈေးနှုံးကြောင့် "ထမင်းစားပြီးပြီလား"လို့ နုတ်ဆက်ရမှာကို ကြောက်နေတာလဲ ဖြစ်နိုင်ပါတယ်။

    ဆရာ"ငြိမ်းချမ်းအေး"ကတော့ တော်လှန်ရေးကို စာသင်ခန်းက စရမယ်လို့ကြွေးကြော်ထားပါတယ်။ ယခုအချိန်မှာ အစိုးရ၊ လွှတ်တော်က ရေးဆွဲတဲ့ပညာရေးမူကြမ်းက တခု၊ ကျောင်းသားများရေးဆွဲတဲ့ မူကြမ်းက တမျိုး ဖြစ်နေပေမယ့် နှစ်ခုစလုံးမှာ "တာဝန်ရှိသည်ဟုဆိုသော ပုဂ္ဂိုလ်ကြီးများ ခရီးထွက်လာချိန်များတွင် လက်အုပ်ချီ၍ ကြိုဆိုပါရန် ကျောင်းသား၊ ဆရာများကို ခေါ်ဆောင်ခြင်းမပြုရန်"ဆိုတဲ့အချက် မပါသေးတာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။ ချက်ခြင်းအမိန့်ထုတ်၊ ချက်ခြင်း ရပ်လိုက်လို့ ရတဲ့ကိစ္စတခုပါ။ အလုပ်သမားတွေ၊ ပြည်သူတွေကိုလဲလက်အုပ်မချီရအောင် သမ္မတကြီးပဲ တတ်နိုင်မယ်ထင်ပါတယ်။

    ၁၈ မတ်လ ၂၀၁၅