မောင်မောင်စလုံး - အလွဲသုံးစားမှုများနဲ့မြန်မာထိပ်တန်းခေါင်းဆောင်များ (အပိုင်း-၂)



မောင်မောင်စလုံး - အလွဲသုံးစားမှုများနဲ့မြန်မာထိပ်တန်းခေါင်းဆောင်များ (အပိုင်း-၂)
(မိုးမခ) မတ် ၄၊ ၂၀၁၅

သမ္မတဦးသိန်းစိန် ဘယ်လိုမှမလုပ်နိုင်တဲ့အလုပ်ကတော့ အဂတိလိုက်စားသူ ထိပ်တန်းအရာရှိကြီးများကို လုံးဝအရေးယူနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ အကြောင်းရှိပါလိမ့်မယ်။ အခွန်ငွေကောက်တဲ့ဥပဒေလည်း လုံးဝအသက်ဝင်လာခြင်းမရှိ၊ ဘတ်ဂျတ်အလွဲသုံးစားလုပ်ခြင်းကိုလဲ လုံးဝ၊ စာရင်းစစ်တင်ပြ၊ အရေးယူနိုင်ခြင်းမရှိပါ။ တရုပ်ပြည်၊ စင်ကာပူ၊ တောင်ကိုးရီးယားတွေလို စနစ်တကျ စာရင်းစစ်အဖွဲ့နဲ့ အဂတိတိုက်ဖျက်ရေးလွှတ်တော်အဖွဲ့တွေကို ကြီးမားတဲ့ ပါဝါ၊ သြဇာအာဏာ ပေးဖို့ကြိုးစားသူများလည်း ခေါင်းပုနေရပါတော့တယ်။ စာရင်းစစ် အကြီးအကဲ ဦးလွန်းမောင် နားပင်စင်ပေးခံရတာကိုလဲ အမိန့်မနာခံမှု၊ သာသနာဝန်ကြီး ဦးဆန်းဆင့် အလုပ်ထုတ်၊ အရေးယူခံရတာလဲ အမိန့်မနာခံမှုနဲ့ တာဝန်ကအနားယူစေပါတယ်။ ဝန်ကြီးဦးဆန်းဆင့် အရေးယူခံရပြီး၊ အစိုးရဝန်ကြီးဌာနရာထူးအရွှေ့အပြောင်းမှာ ဝန်ကြီး နှစ်ဦး၊ ပြန်ကြားရေးဝန် ကြီး ဦးအောင်ကြည်နှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဖေသက် ခင်တို့ အငြိမ်းစားယူခဲ့ပြန်ပါတယ်။ လူတော်၊ လူကောင်းတွေ ကြံကြံခံနိုင်ဖို့ ပြည်သူလူထု အများကြီးအားပေး၊ အလွဲသုံးစားမှုတွေကို အဆက်မပြက်ဖေါ်ပြနိုင်ရပါမယ်။

သမ္မတနဲ့ဝန်ကြီးရုံး၊ ဌာနဆိုင်ရာရုံးနဲ့ အထူးသဖြင့် ဦးပိုင်၊ FIC, MIC ရင်းနှီးမြှတ်နှံမှုကောမတီ စတဲ့ လိုင်စင်၊ပါမစ်နဲ့ ကြိကြိတက်လုပ်ကိုင်နေသူခရိုနီများစွာနဲ့ မှန်ကန်တဲ့ စီးပွားလုပ်သူ သူဌေးများရှိနေပါတယ်။ တရုပ်နိုင်ငံကရင်းနှီးမြှတ်နှံတဲ့ ကုမ္ပဏီကောင်းများ ရှိပေမဲ့၊ ဝိသမလက်ဝါးကြီးအုပ်၊ ဘိန်းဘုရင်ဟောင်းလို လူတွေလဲရှိပါတယ်။

ဒုတိယသမ္မတ စိုင်းမောက်ခမ်း ကိုတော့ ပညာရှင်၊ လူရည်ချွန်တစ်ဦးအဖြစ် လူအများ ရိုသေလေးစားပါတယ်။ သူလဲ အဂတိလိုက်စားမှုကို မတတ်နိုင်ပါဘူး။ ၂၀၁၂ တုန်းက ပြောခဲ့တဲ့ အဂတိလိုက်စားမှုကတော့..

အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို နိုင်ငံတစ်နိုင်ငံချင်း အလိုက် လေ့လာပြီး အညွှန်းကိန်းအဖြစ် ပြန်လည်တွက်ချက် တင်ပြနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ Transparency International အဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ "Corruption Perceptions Index" အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၇၆ နိုင်ငံထဲက အဆင့် ၁၇၀ ကျော်မှာ သတ်မှတ် ခံထားရတာကြောင့် နိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေဟာ ဆိုးရွားနေတယ်လို့ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။ ဒါကတော့ အဂတိလိုက်စားမှု ပြဿနာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့ ဒုတိယသမ္မတက သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုမပြောတာ ၂နှစ်ရှိသွားပါပြီ။

အခုတော့ ၂၀၁၄မှာ တိုးတက်လာပြီး အဆင့် ၁၅၇ အထိ တက်လာပါတယ်။ ၂၀၁၅မှာ မထူးခြားပါဘူး။ ရမှတ်ကတော့ ၂၁မှတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများမှာ အနိုမ့်ဆုံးဖြစ်နေဆဲပါပဲ။ ဆိုလိုတာကတော့ ထိပ်တန်းအရာရှိများကို အရေးယူမှု လုံးဝမရှိလို့ မတိုးတက်ဘူး လို့ပြောရပါတယ်။ အောက်ခြေ မှတ်ပုံတင်၊ ပုံစံ(၁၀)၊ ယဉ်မောင်းလိုင်စင်၊ မြေစာရင်း၊ ဆောက်လုပ်ရေးပါမစ်၊ လိုင်စင်ပါမစ် အသေးစားများမှာ ဝန်ထမ်းများ အဂတိလိုက်စားမှုကို ဘာမှမပြောလိုပါဘူး။ အခု ရေးရခြင်းက ထိပ်တန်းအရာရှိများက အလွန်ကြီးမားတဲ့ လုပ်ပိုင်ခွင့်အလွဲသုံးစားမှုဖြစ်ပါတယ်။ ဥပမာ အရက်နဲ့ဆေးလိပ် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုကုမ္ပဏီများစွာကို ပါမစ်၊လိုင်စင်ချပေးခြင်း...လုပ်သူများ၊ အရေးယူမှုမခံရပဲ မျက်နှာပြောင်တိုက်ပြီး ခပ်တည်တည်နေ ရာထူးမှာမြဲနေခြင်း များစွာရှိပါတယ်။


အဲဒီ ၂၀၁၂ မှာ အရေးယူမှုထိပ်ပိုင်းအရာရှိများစွာ အနားယူခိုင်း၊ နယ်ပြောင်းရွှေ့ခြင်း

မြန်မာ့အရေးကြွမ်းကျင်သူ လာရီဂျာကင် ရေးသားခဲ့တာတွေ အောက်မေ့သတိရအောင် တဖန်ပြန်ဖေါ်ပြလိုက်ပါတယ်။ မေ့မသွားဖို့ ဖြစ်ပါတယ်။ မြန်မာတွေ လွယ်လွယ်ခွင့်လွှတ်တတ်လွန်းလို့ အထူးသဖြင့်၊ အဲဒီ ပုဂ္ဂိုလ်များ နောက်တ တကယ်ရပြီး၊ နောက်အရာရှိကြီးများလဲ အရှက်တကွဲမဖြစ်စေလိုပါ။ ပွင့်လင်းမြင်သာစွာ အရေးယူခံရမှာ အဂတိလိုက်စားတဲ့ ထိပ်တန်းအရာရှိကြီးများ နောင်တရနိုင်မယ်ဖြစ်ပါတယ်။
 


**********
ခြစားမှုခင်းများနှင့်မြန်မာထိပ်တန်းအရာရှိကြီးများ - by Larry Jagan
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်းစစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်း လူကြီး၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်းခံထားရသည်။ တရုပ်ကုမ္ပဏီ
Huawei and ZTE  တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ  ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စု အီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။

ယခင် စီမံဘဏ္ဍာဝန်ကြီး ဦးလှထွန်းက ခြစားမှုများကို စီစစ်နေသည်။ ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်နှင့်နီးစပ်သူဖြစ်သည်။

ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိ ဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှရပ်နားခံရသည်။ ယခု ငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီးစဉ် ဖြက်သိမ်းခံရပြီး ကချင်ငြိမ်းချမ်းရေး အရာရှိအဖြစ် တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟု သိရသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို စစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။

စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လျှော်သော ဈေးကြီးသည့် ဟိုက်ဘရစ်ဆန်စက်များတင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။

အတိုက်အခံ အင်အယ်ဒီပါတီ ပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခြစားမှုထင်ရှားလျှင် ပြစ်ဒဏ်ချရန်လိုသည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီ ဥက္ကဌဦးဌေးဦးမှာ ခြစားမှုကိစ္စအတွက် အင်အယ်ဒီပါတီ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ သူတို့သည် ခြမစားပါ။ ခြစားမှုကို တိုက်ဖျက်နေသူများ ဖြစ်သည်ဟု ဆိုသည်။  ကြံခိုင်ရေးပါတီတွင် ယခင်အစိုးရ အရာရှိဟောင်းများစွာ ရှိသည်။ 


**********
ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ
1 April 2013 , Irrawaddy.org


အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
ဤသတင်းသည် လူအမည်နှင့်ထုတ်ပြန်ရေးခွင့်ပြုသော နောက်ဆုံးအကြိမ်ဖြစ်သည်။ အစိုးရက သတင်းဌာနများအား လူအမည်ဖေါ်ပြမှုများမပြုရန် နားလည်မှုယူထားသော်လည်း Facebook တွင်တွေ့မြင်နေရသည်။ အစုလိုက်အရေးယူ၊ တာဝန်မှဖယ်ရှားခံရမှုသည် Jul 2013 တွင် ရန်ကုန်၊မန္တလေး အကောက်ခွန်ဌာနများဖြစ်သည်။

**********

Sunday, July 14, 2013 သစ်ထူးလွင်သတင်း
ပြည်တွင်းအခွန်မှ အရာရှိအပါအ၀င် ၀န်ထမ်း ၂၀ ကျော် ရာထူးမှဖယ်ရှား


ရန်ကုန်-ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိများ အပါအ၀င် ၀န်ထမ်း ၂၀ ကျော်ကိုရာထူးမှ ဖယ်ရှားလိုက်သည့်အပြင် နိုင်ငံ တော်သို့ ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ပေးလျော်ရမည်ဟု သတင်းရရှိသည်။

“ဒီကိစ္စကို ဘဏ္ဍာခွန်ဝန်ကြီး ဌာနကို လွှဲပြောင်းပြီးပါပြီ”ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာထူးမှဖယ်ရှားခံရသည့် ၀န်ထမ်းများတွင် တိုင်းဦးစီးမှူးနှစ်ဦး အပါအ၀င် ရန်ကုန်၊ မန္တလေးမြို့များမှ မြို့နယ်လက်ထောက်ညွှန်ကြားရေး မှူးများလည်း ပါဝင်ကြောင်းစုံစမ်းသိရသည်။

ထိုသို့ဖယ်ရှားခံရခြင်းမှာ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဂတိ လိုက်စားမှုများရှိသည်ဟု အောက်ခြေ၀န်ထမ်းများက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်သည်။

အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ရှောင်မှုများ၊ အခွန်အပြည့်အ၀မရမှုတို့ကြောင့် ဈေးနှုန်းစံသတ်မှတ်ချက်ထား၍ အခွန်ကောက်ယူမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိတစ်ဦးကပြောကြားသည်။
*


***********
လက်ရှိ ၂၀၁၅ ခု အဂတိလိုက်စားမှုအခြေအနေ
ထိပ်တန်း အစိုးရအရာရှိကြီးဟာ လုပ်ပိုင်ခွင့်တစ်ခုထဲနဲ့ လိုင်စင်၊ ပါမစ်တချက်နဲ့ တသက်စားမကုန်အောင် ငွေကြေးတွေ ရသွားကြတာ၊ မြန်မာနိုင်ငံသားတိုင်း သိပြီးဖြစ်ပါတယ်။ ဘာမှ မတတ်နိုင်တော့ လူထုနဲ့မီဒီယာ လက်မှိုင်ချနေရပါတယ်။ မီဒီယာကလည်း မဖေါ်ပြတော့ပါဘူး။ ဖေါ်ပြရင်လဲ သူတို့ကိုယ်တိုင်က ပါဝင်ပတ်သက်မှု ရှိနေတော့ ... အားလုံး အဂတိမကင်းသူချည်း ဖြစ်နေပါတယ်။ 


ဥပမာ နိုင်ငံခြားမှာ ငွေစုဆောင်းပြီး မြန်မာပြည်ပြန်လာ အခြေချတဲ့ ဦးသန့်ရှင်း၊ အိမ်ခြံမြေ သိန်းသုံးရာနဲ့ မြေဝယ်လိုက်တာနဲ့၊ ၃၅% အခွန်ရှောင်တဲ့ အဂတိလိုက်စားမှု ... မလုပ်မနေရ၊ လုပ်ရတော့ နိုင်ငံခြားပြန် ဦးသန့်ရှင်းလဲ ဒီပုပ်ထဲကပဲပုပ် ဖြစ်သွားပါတော့တယ်။ နိုင်ငံခြားပြန်မြန်မာတစ်ဦး စီးပွားရေးလောကထဲ ဝင်လာလုပ်ရင်တော့ အခွန်ရှောင်နည်းကို မလုပ်ချင်ပေမဲ့ ဘောင်ဝင်အောင် ပွဲစားကုမ္ပဏီများက လုပ်ပေးပါတယ်။ နိုင်ငံခြားက တော်တန်ရုံ အသေးစား၊ အလတ်စား၊ ဒေါ်လာ တစ်သိန်း၊ နှစ်သိန်း ရင်းနှီးမြှတ်နှံသူ ကုမ္ပဏီများက မြန်မာနိုင်ငံကို ဥပဒေနဲ့အညီ လာရောက်ရင်းနှီးဖို့ လုံးဝမဖြစ်နိုင်သေးပါဘူး။ ဥပဒေမဲ့ ရင်းနှီးမြှတ်နှံမှုတွေ (ငွေမဲတွေ) ချည်းပဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ထားတော့ စီးပွားရေးတိုင်းပြည်တိုးတက်ဖို့ ခက်ခဲနေဆဲပေမဲ့ အလားအလာကောင်းနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံများ အင်အားကောင်းနေရင် မြန်မာနိုင်ငံတကယ်ပြောင်းလဲဖို့ အလားအလာ ရှိနေဆဲလို့ ပြောနိုင်ပါတယ်။

ဥပမာနောက်တစ်ခု... ဒေါ်လာ တစ်ထောင်တန်ပစ္စည်းကို နိုင်ငံခြားက ပစ္စည်းပို့ပေးတဲ့ DHL ကုမ္ပဏီနဲ့ပို့ပေးရင်၊ အမေရိကန်ကနေ တရုပ်ပြည်ကို ပို့ခ၊ ဒေါ်လာ ၅၀လောက်ပဲပေးရတယ်။ တရုပ်ပြည် အကောက်ခွန်ဌာနက စစ်ဆေးပြီး၊ ဥပဒေအရ အခွန်ဒေါ်လာ ၂၀လောက် ကောက်ပြီး၊ တရက်ထဲနဲ့ ထုတ်ယူလို့ရပါတယ်။ ထိုင်း၊ မလေးရှားနိုင်ငံများကို ပို့ရင်လဲ မြန်ဆန်ပါတယ်။ အဲ.. ဗီယက်နမ်နိုင်ငံကို ပို့ရင်တော့ ဒေါ်လာတစ်ရာလောက် အဂတိလိုက်စားမှု၊ ပေးရပါတယ်။ အဆိုးဆုံးနိုင်ငံများကတော့ အနောက်အာဖရိက၊ ကွန်ဂို၊ အင်ဂိုလာ၊ ဂါဘွန်၊ စတဲ့နိုင်ငံများဖြစ်ပါတယ်။ 


ပစ္စည်း ဒေါ်လာတစ်ထောင်တန် ပို့လိုက်ရင် အခွန် ဒေါ်လာ ၃၀၀လောက် တောင်းတယ်။ တစ်လလောက် ကြာတယ်။ တစ်ပတ်အတွင်း မြန်မြန်ထုတ်ချင်ရင် အရေးကြီးရင်၊ တန်ဖိုးထက် ၂ဆလောက် လာဘ်ပေးရပါတယ်။ အဲဒီနိုင်ငံများကို လူ၊ ပစ္စည်း အဝင်က သိပ်မခက်ခဲပေမဲ့၊ ပြန်အထွက်တော့ အင်မတန်ခက်ပါတယ်။ ဂိတ်တွေ အများကြီးကို အဆင့်ဆင့် ၅ဒေါ်လာ၊ ၁၀ ဒေါ်လာ ပေါ်တင်ပေးရပါတယ်။ အင်မတန်စိတ်ပျက်စရာကောင်းလှတဲ့ နိုင်ငံများဖြစ်ပါတယ်။

 မြန်မာပြည်က ဌာနဆိုင်ရာရုံးများလို စားပွဲအဆင့်ဆင့် လက်မှတ်ပေါင်းများစွာ ထိုးရသလို၊ ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ထားခြင်းပါ။ မြန်မာနိုင်ငံကို လယ်ယာသုံး ထွန်စက်တစ်ခု ဒေါ်လာ ၃၀၀တန် DHL နဲ့ တရုပ်ပြည်က ပို့ပေးဖူးပါတယ်။ မြန်မာအကောက်ခွန်က ဒေါ်လာကိုးရာ (တန်ဖိုးထက်သုံးဆ) အခွန်ကောက်လို့၊ သတင်းစာဆောင်းပါးရေးလိုက်မှ အိမ်တိုင်ရာရောက် လာပို့သွားပါတယ်။ ဟိုလူတစ်မျိုး၊ ဒီလူတစ်မျိုး ဥပဒေဆိုတာ စစ်အာဏာရှင်စနစ်မှာ အရမ်းထွန်းကားခဲ့ပါတယ်။ တစ်မျိုး၊  မြန်မာနိုင်ငံလဲ အနောက်အာဖရိကနိုင်ငံများမှာ သယံဇာတ အလွန်ကြွယ်ဝလှပေမဲ့ ထိပ်တန်းအရာရှိများ အဂတိအလွန်လိုက်စားလွန်းလို့ အောက်ခြေ၊ DHL, Custom, Immigration စတဲ့ဌာဆိုင်ရာ အရာရှိလေးများလဲ အဂတိအလွန်လိုက်စားကြပါတယ်။ အဲဒီလိုနိုင်ငံအဆင့် မဖြစ်လိုပါဘူး။ အနည်းဆုံး ထိုင်းနိုင်ငံအဆင့်လောက်တော့ ဖြစ်နိုင်ပါတယ်။ အရေးယူမှုရှိမှ ထိပ်တန်းအရာရှိများ အဂတိနည်းမှာ ဖြစ်ပါတယ်။

မက္ကဆီကိုနဲ့အမေရိကန် နှစ်နိုင်ငံ လူဦးရေသိပ်မကွာပါဘူး။ ဘာဖြစ်လို့ မက္ကဆီကန် လူမျိုးတွေ အမေရိကန်နိုင်ငံထဲ သန်းပေါင်းများစွာ တရားမဝင်လာရောက်နေထိုင် ၊ လုပ်ကိုင်ရပါသလဲ။ အလားတူပဲ မြန်မာနဲ့ထိုင်း လူဦးရေသိပ်မကွာပါဘူး။ ဘာဖြစ်လို့ မြန်မာလူမျိုးတွေ ထိုင်းနိုင်ငံထဲ သန်းပေါင်းများစွာ တရားမဝင်လာရောက်နေထိုင် ၊ လုပ်ကိုင်ရပါသလဲ။ အဖြေကတော့ ထိပ်တန်းအရာရှိကြီးများ အဂတိလိုက်စားမှုတွေကြောင့် တိုင်းပြည်ပျက်စီးနေတာဖြစ်ပါတယ်။ တလောကပဲ စင်ကာပူသူဌေး၊ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး ရောဘတ်ကွပ် Robert Kuok ရဲ့ ကမ်းလွန်ရေနံလုပ်ငန်း မက္ကဆီကို ဖက်စပ်လုပ်ရင်း၊ မက္ကဆီကို အစိုးရထိပ်ပိုင်းအရာရှိများအဂတိကြောင့် ဒေါ်လာသန်း၃၀၀ ဆုံးရှုံးသွားပါတယ်။ ဖက်စပ်မက္ကဆီကို ကုမ္ပဏီဖျက်သိမ်းပြီး ဒေါ်လာသန်း၃၀၀ နဲ့ ထွက်ပြေးသွားလို့ စင်ကာပူသူဌေးကြီး၊ ခံလိုက်ရရှာပါတယ်။ နည်းအားဖြင့် မက္ကဆီကိုမှာ လိမ်လည်ခံလိုက်ရတာပါ။ အစိုးရကို ယုံကြည်မှုကင်းမဲ့တော့ သယံဇာတကြွယ်ဝလှတဲ့ မက္ကစီကိုနိုင်ငံကြီး အမေရိကန်နဲ့ဘေးချင်းကပ်နေပေမဲ့ အလွန်ဆင်းရဲနေပါတယ်။ မြန်မာနိုင်ငံလည်း ထိုင်းနိုင်ငံနဲ့ ဘေးချင်းကပ်နေပြီး ကမ္ဘာ့အဆင်းရဲဘဝက လွတ်အောင် ထိပ်ပိုင်းအရာရှိများ အဂတိနည်းရပါမယ်။


နိဂုံး၊ မည်သို့ဆက်လက်အရေးယူမည်နည်း
မြန်မာပြည်လဲ ထိပ်တန်းအရာရှိကြီးများ အရေးယူမှုဖို့၊ စာရင်းစစ်အဖွဲ့နဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့ ပါဝါမြင့်မားစွာ ပေးထားမှ၊ လာဘ်စားကြောင်း အင်တာနက်နဲ့တိုင်တန်း၊ နာမည်နဲ့ဖေါ်ပြ အရှက်ရစေမှ နောင်အနာဂါတ်မျိုးဆက်သစ် အတွက်အားရစရာဖြစ်ပါမယ်။ ၂၀၁၂ တုန်းကလို အရေးယူဖို့ ၂၀၁၅မှာ အရှိန်မပျက် ဆက်လက်အရေးယူရပါမယ်။ တရုပ်ပြည်လို ထိပ်တန်းအရာရှိကြီးများ အဂတိလိုက်စားမှုကို နိုင်ငံတော်ပုန်ကန်မှုအလား အရေးယူ၊ ပိုင်ဆိုင်မှုထိမ်းချုပ်ခြင်းများ လုပ်နိုင်ရပါမယ်။  အသက် ၂၅နှစ်အထက်လူတွေ အစိုးရလုပ်ငန်းခွင်ရောက်နေသူအားလုံးအပေါ် အဂတိလိုက်စားမှုတွေ စိမ့်ဝင်ပြီဖြစ်ပေမဲ့ "ပျက်အစဉ်ပြင်ခဏ"  ပြုပြင်နိုင်ပါတယ်။ နောင်တရသူ၊ သူဌေးကြီးများ၊ ချမ်းသာကြွယ်ဝနေတဲ့ အစိုးရအရာရှိကြီးများက အဂတိလိုက်စားမှုကို အရေးယူဖို့ဆိုတာ ခက်ခဲပေမဲ့ ပြက်သားစွာလုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အခြေအနေ ရောက်နေပါပြီ။


မျိုးဆက်သစ်များကို လုပ်ပိုင်ခွင့်ပေးရပါတော့မယ်။ ပုဂ္ဂလိကကျောင်း ဥပဒေကို ကြိုဆိုရပါမယ်။ ဗဟိုဦးစီးတဲ့ ပညာရေးဥပဒေကို ပုဂ္ဂလိကပုံစံပဲ ထူးချွန်သူတွေကို လုပ်ပိုင်ခွင့်ပေးပြီး ပြုပြင်သွားရပါတော့မယ်။ ဒေါက်တာမောင်မောင်ကြီး တင်ပြတဲ့ မြန်မာပညာရေးနိုမ့်ကျသွားခြင်း တရားခံဟာ ဗိုလ်နေဝင်းနဲ့စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း၊ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖြိုခွင်းသူ တရားခံဟာ အစိုးရအကြီးအကဲဖြစ်သူ ဗိုလ်နေဝင်းပဲ ၁၀၀% တာဝန်ရှိပါတယ်။ သူပဲ ကျောင်းသားများကို ကြောက်လန့်တကြား စနစ်တကျ ဖြိုခွင်းခြင်းကို သူ့တပည့်ရင်း ဗိုလ်ခင်ညွန့်က ဆက်လက်အကောင်ထည် ဖေါ်ခဲ့ပါတယ်။ ဒီလိုလူမျိုးတွေ နိုင်ငံတော်အာဏာ အနားမရှိသင့်ပါ။ 

အတိတ်သခဏ်းစာ ယူဖို့ ကျောင်းသုံးစာအုပ်မှာ မင်းဆိုးမင်းညစ်အဖြစ် မှတ်တမ်းတင်သင့်ပါတယ်။ အခုပြုပြင်ပြောင်းလဲရေးကာလမှာ ထိပ်တန်းမြန်မာအရာရှိကြီးများ အဂတိအမှု၊ အလွဲသုံးစားအမှုများကို မကြောက်မရွံ့ ဖေါ်ပြရဲတာ၊ ဖေါ်ပြမဲ့သူများ၊ တကယ်ပြုပြင်ပြောင်းလဲရေး လုပ်နိုင်သူများက ကျောင်းသားလူငယ်များပဲ ဖြစ်ပါတယ်။

၂၀၁၅ ဖေဖေါ်ဝါရီလမှာ မြန်မာနိုင်ငံအနှံ့ တက္ကသိုလ်ကောလိပ် ကျောင်းသားများ သပိတ်မှောက် ချီတက်ဆန္ဒပြခြင်းဟာ အဂတိကင်းတဲ့ မျိုးဆက်သစ်ရဲ့ လမ်းပြမှု၊ လမ်းပြကြယ်ဖြစ်နေပါတယ်။ အသက်၂၅နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်များကို အစိုးရနဲ့အတိုက်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းစွာ တွေ့ဆုံ၊ လိုက်လျောခြင်းဟာ ကောင်းတဲ့ အလားအလာဖြစ်ပါတယ်။

 ဆရာ၊ဆရာမများဟာ အခြေခံစားဝတ်နေရေး၊ လုံလောက်တဲ့၊ လစာငွေရရှိပြီ၊ ရေရှည် အဂတိကင်းရှင်းရေးအတွက် ကူညီနိုင်သူများ ဖြစ်ပါတယ်။ စင်ကာပူနဲ့ တိုးတက်တဲ့နိုင်ငံများမှာ ကျောင်းဆရာ၊ ဆရာမများ နဲ့ ရဲဝန်ထမ်းများဟာ လစာငွေ အမြင့်ဆုံးအစိုးရဝန်ထမ်းများ ဖြစ်ကြပါတယ်။ သူတို့ဟာ သန့်ရှင်းသူများဖြစ်ရပါမယ်။ ကျောင်းသားများဟာ အသန့်ရှင်းဆုံး လူငယ်များဖြစ်ပါတယ်။ ကျောင်းဆရာများကို အဂတိမရှိအောင် ပံ့ပိုး၊ မြှင့်တင်ရင်၊ သူတို့ရဲ့ တပည့်ကျောင်းသားများ ပိုမို၊ ထူးချွန်၊ စာရိတ္တပညာကောင်းလာပါမယ်။ ဒီလူငယ်အင်အားကို မြှင့်တင်၊ အားပေး၊ မြှောက်စားနိုင်ရင် အနာဂါတ် အဂတိလိုက်စားမှုမရှိတဲ့ အစိုးရထိတ်တန်း အရာရှိကြီးများစွာ ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်

။ မောင်မောင်စလုံး