ဗိုလ်ထက်မင်း - Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (အပိုင်း-၃)


ဗိုလ်ထက်မင်း - Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (အပိုင်း-၃)
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

    လောက်ကိုင်တိုက်ပွဲ ဖြစ်ဖြစ်ခြင်း မကြေညာနိုင်တာကို နားလည်ပေမဲ့ ၂၄ နာရီကျော်တဲ့အထိ ဘာကြောင့် မကြေညာဖြစ်တာကို စဉ်းစားရ ခက်ပါတယ်။ ကက(ပြည်) က ဖေ့စ်ဘုတ်တင်တဲ့သူတွေကို လုံခြုံရေးကျိုးပေါက်တယ်ဆိုကာ ပြစ်တင်ခဲ့ပါသေးတယ်။ တကယ်တော့ပြည်သူလူထုက သာမန်တိုက်ပွဲငယ်လို ထင်မှတ်နေတာကြောင့် တခြားမီဒီယာများက လက်လှမ်းမမှီအချိန် ကိုယ်ကစောစီးစွာ သတင်းဦး တင်ပြနိင်ပါက တပ်မတော်ကို ဒီထက်မက ကျေးဇူးတင်သွားနိင်ပါတယ်။

    မြ၀တီဟာ ကိုတင်သန်းဦးနဲ့ ကိုမြသန်းစံတို့ ရှိစဉ်က တောက်ပခဲ့ပါတယ်။သူတို့ စိတ်ဓါတ်စစ်ဆင်ရေးနည်ဗျုဟာကို ကကလှမ်းနဲ့ ဆက်စပ်ပြီးအကောင်အထည်ဖေါ်ခဲ့တဲ့ KNU နဲ့   DKBA ကို ခွဲထုတ်တဲ့ အစီအစဉ် ပြောင်မြောက်လှပါတယ်။ ဒီနေ့တော့ ပြောင်းပြန်ဖြစ်သွားပြီး တပ်မတော်ထဲကနယ်ခြားစောင့်တပ်ရင်း ဖုန်ကြားရှင်ဆီ ပြန်ပါသွားတယ်။ သူတို့ (တင်သန်းဦး၊ မြသန်းစံ) ခံယူချက်က လူထုကိုစည်းရုံးနေမှန်းမသိအောင် ခပ်ပါးပါးလေးအနုပညာရသနဲ့ ရောနှောပြီး လုပ်တတ်ရမှာ။ ဒါပေမဲ့ အနုပညာကို စစ်တပ်လိုအမိန့်ပေးခိုင်းလို့တော့ မရဘူးလို့ ထူးခြားစွာ သတိပေးခဲ့တယ်။ အထဲကစာသားအပြင် ခေါင်းစဉ်ရွေးတာကအစ ကာရံမိအောင် ဂရုတစိုက်စပ်ဆို ရွေးချယ်တတ်တဲ့ ပါရမီရှင်များဖြစ်ပါတယ၊။ ကက(ပြည်) က အရာရှိများ သူတို့ဆီ ပညာသွားယူသင့်တယ်။

     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)အား ခေတ်မှီတပ်မတော်ဖြစ်ရေး စပ်လျဉ်းပြီး တိုက်တွန်းလိုရာမှာ - ဗိုလ်လောင်းမဖြစ်ခင် တက္ကသိုလ်ကျောင်းသားဘ၀က ဥပဒေယူထားခဲ့လို့လား မသိ၊ မိန့်ခွန်းပြောတိုင်း ဥပဒေဆိုတဲ့စကားလုံး ထပ်ခါတလဲလဲ ပြောနေတာတွေ့ ရပါတယ်။ စစ်တပ်မှာဆိုးရိုးစကားဖြစ်တဲ့ စာအုပ်ကြီးသမားလို့ ပြောရမလို ဖြစ်နေပါတယ်။ ရှေ့နေစိတ်မမွေးဘဲ commanderဘဲ လုပ်စေချင်တယ်။ အမေရိကန်က တာလီဘန်တို့ကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တာမျိုး၊ ဘင်လာဒင်ကို တရားဝင်အသိမပေးဘဲ တိုက်ခိုကိခဲ့မှုတွေအပေါ် ဥပဒေရှု့ထောင့်၊ လူအခွင့်အရေးအဖွဲ့၊ ပါကစ္စတန်တို့က ကန်ကွက်ခဲ့ပေမဲ့ အရာမထင်တာ တွေ့ ရမှာဖြစ်ပါတယ်။ လက်အောက်ခံ စရဖနဲ့ ကက(ပြည်)ကို ဥပဒေရှုထောင့်က ဘက်စုံကြည့်နေလို့ သိပ်ဖွင့်ပေးလိုက်ရင် အကျိုးဆက်ဖြစ်လာမှာစိုးလို့ စိတ်ပူတာထက် ပုံရိပ်ကျဆင်းတာကို ပြန်ဆွဲတင်တာ ပိုခက်တယ်။

    အလားတူ ရန်သူလက်ဦးမှု ရယူလိုက်လို့ တန်ဘိုးကြီးစွာ ပေးဆပ်ရပါတယ်။ ဥပဒေကိုးကားနေတာနဲ့ ကြာပြီး၊ သူတို့က ယုံကြည်မှူနည်းပါးသွားနိုင်ပါတယ်။ ဒါကြောင့် ကကပြည်အား မူဝါဒထိခိုက်နိုင်တဲ့ကိစ္စမျိုးကလွဲလို့ အတိုင်းအတာတခုထိ မူဘောင်ပေးကာ ပွင်လင်းမြင်သာအောင်လုပ်ခွင့်ပေးသင့်သလို၊ စရဖအားလည်း နိုင်ငံတကာနဲ့ဆက်စပ်လုပ်ရတဲ့ကိစ္စမျိုး၊ နယ်စပ်ကိစ္စများမှာ အစိုးရထံတင်ပြပေးပြီး၊ လိုအပ်သလို အခွင့်အာဏာပေးသင့်ပါတယ်။

    တပ်မတော်ရဲ့ အစဉ်အလာတရပ်ဖြစ်တဲ့ တိုက်ပွဲသင်ခန်းစာလေ့လာဖေါ်ထုတ်ချက်အား တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးကိုတာဝန်ပေးသင့်ပါတယ်။ ဖေါ်ထုတ်ချက်အရ အားနည်းချက်တာဝန်ရှိသူကို တပ်ချုပ်ရဲ့ စရိုက် မကြာခဏလုပ်လေ့ရှိရာ အပြန်အလှန်ချိန်းတာ ပြောင်းရွေ့မယ်လို့ မျော်လင့်ပါတယ်။ဒါပေမဲ့ တိုင်းမှူးနဲ့ အထက်သာဖြစ်သင့်ပြီ အောက်အရာရှိများကို တာဝန်ကျေပွန်သဖြင့်ရာထူးအဆင့်တိုးပေးချီးမြှောက်သင့်ပါတယ်။

    ရန်သူဟာ အချိန်ယူစစ်ရေးသုံးသပ်ကာ ၂၀၁၃ခှုနှစ်ကတည်းက လေ့ကျင့်ပုံရပါတယ်။ ဖုန်ကြားရှင်ရဲ့ သားမက် ဦးစိုင်းလင်းအရိပ်ခိုကာ လူသူစုစည်းရာမှာ တရုတ်ကြေးစားစစ်သားများပါ စုခဲ့ပါတယ်။ လက်နက်ကတော့ လေယာဉ်ပစ်စက်ကြီး ပွိုင့်၅၊ RPG စက်လတ်များ၊ လက်ပစ်ဗုံးများစွာ ပါလာသလို၊ ပခုံးထမ်း ဒုံးများ Manpad များသုံးဘို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဖုန်ကြားရှင်ဟာ ယူနန်ပြည်နယ်ကိုးကန့်နွယ်ဝင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအကြိးအကဲတဦးရဲ့ ထောက်ခံအားပေးမှုရသလို မကြာသေးမီကမှ တပ်က သစ်လုံးတွေဖမ်းဆီးတာခံလိုက်ရတဲ့ သစ်ပိုင်ရှင် တရုတ်ကုန်သည်များရဲ့ ငွေကြေးထောက်ပံ့မှုလည်း ရထားတာမို့ တပ်ချုပ်အနေနဲ့ စိန်ခေါ်မှု တွေ့ရမှာဖြစ်တယ်။ ထူးခြားတာက ကချင်ဒုက္ခသည်ကျတော့ ကားများနဲ့ အတင်းနယ်စပ်ကိုပြန်ပို့ပြီး တရုတ်ဒုက္ခသည် ၃၀၀၀၀ ကျော်ကိုတော့ လက်ခံထားတာ ပြသနာရှိပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထူးသံတမန်ကို တပ်ချုပ်လက်ခံတွေ့ခဲ့စဉ်က အချို့နယ်စပ်ကိစ္စရပ်များကို ပီကင်းအစိုးရရဲ့မူဝါဒအရ စွက်ဖက်မှုကန့်သတ်ထားသော်လည်း လက်အောက်ခံ ယူနန်ပြည်နယ်ပိုင်းက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပိုရနေတယ်လို့ -  နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး တပ်ချုပ်ရဲ့အကြံပြုချက်ကို ထိပ်ပိုင်းတရုတ်ခေါင်းဆောင်များကို တင်ပြပေးမယ်ဆိုပါတယ်။ သူ တင်ပြလိုက်ကာမှပိုမို ဆိုးလာတယ်ဆိုတာ တပ်ချုပ်အား သတိပေးလိုပါတယ်။ ဒီလိုဆိုရင် ဖုန်ကြားရှင်ဟာ တရုတ်ရဲ့နယ်ရုပ်၊ ထိုးကျွေးလိုက်တာ ဟုတ်မဟုတ် - နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ သိရပါမယ်။ အဂ္ဂမဟာဗျုဟာအရ တရုတ်ရဲ့အတွင်းစိတ်သဘော တီးခေါက်လေ့လာဘို့လိုလာပြီ ဖြစ်တယ်။

    ဖုန်ကြားရှင်ဟာ မိမိအိတ်ကပ်ထဲမှာ ကာလအတန်ကြာနေခဲ့သူဖြစ်တာကြောင့် မိမိနည်းဗျုဟာကို စာကျက်သွားခဲ့ပြီးဖြစ်လို့ ရန်သူအား အထင်သေးလျော့မတွက်မိဖို့ လိုပါတယ်။ အရှုံးထဲက အမြတ်က - အရေးကြုံလာရင် အချုပ်အခြာထိပါးလာရင် တပ်က အားထည့်လုပ်ပြသွားပါလား ... ဆိုတဲ့အမြင် ပြည်သူက အသိအမှတ်ပြုမှု ရသွားတယ်ဆိုပါစို့။ ဒါကလည်း ပြည်မက ပြည်သူတွေသာဖြစ်တယ်။

    ဒါပေမဲ့ လောက်ကိုင်ဒေသခံတွေကို တရုတ်တွေလို့ သဘောထားကြလို့ ကြိုတင်သတင်းမရခဲ့ကြပါ။ သတင်းမရတာကိုပဲ ကြည့်ပြီးတော့ ဒေသခံတွေကို ကျူးကျော်သူအဖြစ် ရှုမြင်တာကလည်း မဖြစ်သင့်ပါ။ ဒါကြောင့် တပ်စခန်းဝင်းအတွင်းသာ ကင်းစောင့်နေပါက မည်သည့်သတင်းမှ မရနိုင်ပါ။ ဒေသခံတွေကိုပါ ပြည်သူအဖြစ် အားလုံးကို စည်းရုံးခြင်းဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံးမှသာ အမြစ်ပြတ်ချေမှူန်းနိုင်မှာဖြစ်ပါတယ်။

    နိဂုံးချုပ်အနေဖြင့် တပ်မတော် standard army ဖြစ်လာဘို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ တိုက်ပွဲသင်ခန်းစာဖေါ်ထုတ်ချက်များမှ အားနည်းချက်များကို ပြုပြင်ကာ စရဖ နဲ့ ကကပြည်တို့ရဲ့ လုပ်ပိုင်ခွင့်တာဝန်ဝတ္တရားများကို ပြန်လည်သုံးသပ်ပြီး အရည်သွေးတိုးမြှင့်ကာ တိုင်းရင်းသားပြည်သူလူထုအားလုံး စည်းရုံးရေးအရှိန်မြှင့်ကာ ပြည်သူ့စစ်မဟာဗျုဟာ တည်ဆောက်သွားမည်ဆိုပါက မလွဲမသွေခေတ်မှီတပ်မတော်ဖြစ်လာဘို့ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Photo Credit - SEEKING SHELTER. Myanmar people gather as they wait the arrival of a rescue team to flee away from self-administered Kokang capital Laukkai, northern Shan State, Myanmar, 17 February 2015. Photo by Lynn Bo Bo/EPA