ပျော်တော်ဆက် သာဂိ - အကောင်းမမြင်သမားရဲ့ ဆွမ်းတော်ခွက်


 (မိုးမခ၏ ပြန်လည်ဆန်းသစ်ခြင်း အစီအစဉ်၊ လွန်ခဲ့တဲ့ ၅ နှစ်က သရော်စာ)
အကောင်းမမြင်သမားရဲ့ ဆွမ်းတော်ခွက် (ကိုဇာဂနာဖတ်ဖို့ ဟာသ)

ပျော်တော်ဆက် သာဂိ။ ဒီဇင်ဘာ ၁၁၊ ၂၀၀၉

          ကိုဇာဂနာရေ … ခင်ဗျား မဖတ်ရမယ့် စာတွေ ရေးလိုက်ပြန်ပေါ့။ ခင်ဗျားဆီကို စာရေးတော့ ကျနော့်ကို မြစ်ကြီးနားမှာ နေတဲ့သူမှတ်ပြီး အဲသည်မှာ မိတ်ဆက်ချင်လို့ ရှာနေတယ် ပြောတယ်။ ခင်ဗျားမိသားစုကလည်း ဒီလူက အဆက်အသွယ်ကောင်းတယ် ထင်ပြီး ထောင်ဝင်စာတွေ လူကြုံပေးမလို့တောင် လိုက်မေးနေကြ ဆိုပဲ။ တကယ်က ကျနော်ဆိုတဲ့ သာဂိကလေးက ဒီမိုးမခကနေ စာပဲ ရေးတာပါဗျာ။ ခင်ဗျားကို အဝေးကနေ ကြည်ညိုနေရသူပါ။ ဘယ်လိုလုပ် လူချင်း ရင်းပ့ါမလဲ။

          သာဂိတို့က မြန်မာပြည်မှာ နေတာကြာတော့ စစ်အစိုးရ လို့ ဆိုလိုက်တာနဲ့ ဘယ်လိုမှ အကောင်းမြင်လို့ မရဘူးလေ။ ဘယ်ဟာမှ အကောင်း မမြင်နိုင်ဘူးဗျာ။ အနှစ် ၂၀ လောက်ရှိပြီ။ ရေ မလာတော့လည်း မလာလို့ – ဒီစစ်အစိုးရကြောင့်၊ မီးမလာတော့လည်း မလာလို့ – ဒီစစ်အစိုးရ ကြောင့်၊ ဈေးတွေ ခေါင်ခိုက်တော့လည်း ဒီစစ်အစိုးရကြောင့်၊ လူတွေ ဖျားနာပြီး ဒုက္ခရောက်ကြတာလည်း စစ်အစိုးရကြောင့်၊ ဘာပဲ ဖြစ်ဖြစ် စစ်အစိုးရနဲ့ ပတ်သက်ရင် အကောင်းကို မမြင်နိုင်ဘူးလေ။

          အဲဒါ တလောကတောင် အိမ်မှာ အရှက်ကွဲရသေးတယ်။ ဘုရားစင်တင်ထားတဲ့ ဆွမ်းတော်ခွက် မှောက်ကျသွားတာ “သယ် ဒီစစ်အစိုးရကြောင့် ငါတို့ဆွမ်းတော်ခွက်တွေ မှောက်ကျကုန်ပြီ” လို့ ကြွေးကြော်မိတော့ အိမ်က ကလေးတွေက အိမ်အောက်က ကြွက်တွေ တိုက်ချလို့ပါ လို့ ၀ိုင်းပြောတော့ လူကြီး ရှက်တော့ ပြန်ဟောက် ဆိုသလို … ဟယ် ငါတို့အိမ်က ကြွက်တွေတောင် စစ်အစိုးရဘက်တော်သား ဖြစ်နေပါပေါ့လား လို့ ရောချလိုက်ရသေးတယ်ဗျ။ အဟီး …

          ပြောချင်တာက အခုလို ၂၀၁၀ ရောက်ဖို့ လက် ၄ သစ်လောက် လိုတော့တဲ့ အလွန်အရေးကြီးတဲ့ အခါသာမယကြီးမှာ စစ်အစိုးရကြီးတရပ်လုံးကို တသက်လုံး အကောင်းမမြင်ခဲ့ဖူးသူ မောင်သာဂိခင်ဗျာ အတော် ဒုက္ခရောက်နေရ ရှာပါတယ်။ ဟိုနား ဒီနားက လူစုစုကလေးတွေက စစ်အစိုးရမင်းကြီးတွေက အလတ်ကြီး ရှိပါသေးတယ် တို့၊ ခန့်ချောကြီးတော့ တို့၊ သာသနာပြု မင်းကောင်းမင်းမြတ်ကြီးတို့၊ နက်ဖြန်သဘက်ပဲ ရွှေမိုးငွေမိုးတွေ ရွာပြီး တိုင်းပြည်ကြီး ကောင်းစားတော့မှာ တို့ စသည်ဖြင့် ရွှမ်းရွှမ်းတွေ ဝေနေကြတော့ ကျနော့်မှာ ရွှေဟသာင်္လေး နေစရာ မရ ဖြစ်ရပါတယ် ကိုဇာဂနာ ရယ်။

          ကျနော့်ရဲ့ အကောင်းမမြင်တတ်တဲ့ မျက်လုံးကြီး ၁ စုံကို ဖောက်ပဲ ထုတ်ရတော့မလိုလို၊ ဒေါက်တာကြည်စိုးဆီ သွားပြီ ခွဲစိတ်ကုသ လဲပြီး တတ်ရတော့ မလိုလို ဖြစ်ရတော့ အခုတလော အလွန် မျက်နှာငယ်ရပါတယ် ကိုဇာဂနာ ရယ်။ အကျဉ်းထောင်တွေထဲက ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေ၊ သူတို့မိသားစုတွေကို သွားမေးဖို့ အသာထား၊ သူတို့နဲ့ အတူ ၃ ရက်လောက် အတူ သွား၊ အတူ လာ၊ အတူ စားသောက်၊ ရုန်းကန်ပြီးတော့ နေထိုင်ကြည့်ကြပါဦး လို့ ပြောလိုက်ချင်ပါရဲ့။

          တကယ်က ကျနော် ကြားရတဲ့သတင်းကတော့ ၂၀၁၀ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကုန်ပြင်ဆင်ထားပြီးပြီ ဆိုပဲ။ ၂၀၀၈ နာဂစ် ဖြစ်ခဲ့တာကို သူက အပြည့်အ၀ အတုခိုးပြီး ကြိတ်ကြံစည် ထားတယ်လို့ ဆိုတယ်။ မျှော်လင့်မထားတဲ့ နာဂစ်မုန်တိုင်းကြီး တိုက်သွားပြီးတာတောင် ၂ ပတ်အတွင်း ဆန္ဒခံယူပွဲ ကျင်းပပေးနိုင်တဲ့ အစိုးရမင်းများရဲ့ ဘုန်းမီးနေလကို လျှော့မတွက်ကြနဲ့လို့ နေပြည်တော်က အိမ်တော်ကြီးထဲမှ ပျဉ်းကျနေတဲ့ လက်ခမောင်း တဖောင်းဖောင်းခတ်ပြီး ကြွေးကြော်နေတယ်လို့ အတည်မပြုနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ သတင်းတပ်ဖွဲ့က ပြောတယ်ဗျ။

          ၂၀၁၀ မှာ နာဂစ်လိုမျိုး တခုခု မြန်မာပြည်ကို တိုက်ထည့်လိုက်ရင် ပြီးပြီလို့ သူက လက်အောက်ငယ်သားတွေကို အတိတ်ပေးထားတယ်လို့ ဆိုတယ်။ အဲသည်လို ကပ်ဆိုး ဘေးဆိုးကြီးတွေ ကျလိုက်လို့ ရှိရင် ဒါကို အခွင့်ကောင်းယူပြီး ၂၀၁၀ ရွေးကောက်ပွဲကြီးကို မဖြစ်ဖြစ်အောင် ကျန်ရစ်သူ မြန်မာပြည်သူလူထုကြီးနဲ့ အောင်မြင်အောင် လုပ်ပြမယ်လို့ ကြိမ်းထားတယ်ဗျ။ သူရွေးထားတဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ဝင်တွေက ဦးနေ၀င်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်စောမောင်နဲ့ ဦးဝင်းအောင်တို့ ဆိုပြီး ကြားဖူးနားဝ နံမယ်တွေနဲ့ လွှတ်တော်ခေါ်မယ် လုပ်နေလို့ သူ့အနီးကပ်တွေက “အရှင်ဘုရား … ဒီလူတွေက လစ်သွားတာ ကြာပြီ။ ယောယုဝမှာ စောင့်နေတယ်လို့” စကားဝှက်နဲ့ ကပ်ပြောတော့မှ သူက “အေး … အေး … သိပ်တော့ မထူးပါဘူးကွာ။ လူသေတွေ အဲလေ သေလူတွေနဲ့ လွှတ်တော် ခေါ်ပေးလိုက် ပြီးပြီ” ဆိုပြီး မိန့်ကြားထားတယ် လို့ သိရတယ် ကိုဇာဂနာ ရယ့်။

          အံမယ် မယုံနိုင်ပါဘူး မလုပ်နဲ့ ကိုယ့်ဆရာ … တလောက သတင်းထဲမှာ ပြောသွားတာ ကြားတယ် မဟုတ်လား။ မြန်မာပြည်မှာ သဘာ၀၀န်းကျင်တွေ ချွတ်ခြုံကျနေပြီဆိုတာလေ။ ကမ္ဘာမှာ အဆိုးဆုံး ဘိတ်ချေးပြီးတော့ အပေါ်တခု ဆိုလား။ မြန်မာပြည်အနှံမှာ ဆည်တွေ ဆောက်ထားတွေက အနှံ့ဗျာ။ ဂက်စ်ပိုက်လိုင်းတွေ တူးထား၊ ခင်းထားတာကလည်း အရှေ့ အနောက် တောင်မြောက် ဖြန့်ကျက်ထားပြီးပြီ။ နောက် မြေအောက်လှိုင်ခေါင်းတွေ တူးထားတာလည်း ရှိသေးတယ် မဟုတ်လား။ နောက်ပြီး ဟိုးတလောက ကြွက်တွေ သောင်းကျန်းလို့ လူတွေ စိုက်ခင်းတွေ ငါးပါး မှောက်ကျသေးတယ် ဟုတ်?။ ၀က်တုတ်ကွေးတောင် မူပိုင်ခွင့်ပြောင်းပြီး လူတုတ်ကွေးလို့ ပြောင်းထားသေးတယ် ဆိုတော့ – မဟုတ်မှ လွဲရော (အင်း … မဟုတ်တာ ပြောမှတော့ လွဲ မှာပေါ့) … အဲဒါတွေအားလုံးကို ဗိုလ်သန်းရွှေက အစီအစဉ်ကျကျ အကွက်ကျကျ စီစဉ် မွေးမြူ အဆင်သင့် လုပ်ထားတာ တဲ့ဗျ။

          ၂၀၁၀ ရဲ့ မမျှော်လင့်ထားတဲ့ ကိုးဂဏန်း ကျတဲ့ နေ့တနေ့မှာ မြန်မာပြည်မှာ လူလုပ်တဲ့ သဘာဝကပ်ဘေးကြီးတခု ၀ုန်းဆိုပြီး ဖြစ်ပွားအောင် သူက ခလုတ်တခုကို နှိပ်လိုက်မယ်လို့ ပြောတယ်။ ရေကာတာတွေ ပေါက်ပြီးတော့ ဆည်တွေ ပျက်ကျလာမယ်။ ဓာတ်ငွေ့လိုင်းတွေ ၀ုန်းဆိုပြီး မီးလောင် ပေါက်ကွဲမယ်။ တတိုင်းပြည်အနှံ့ ကြွက်တွေ ကျမယ်။ ကြက် ငှက် ၀က် တုတ်ကွေးပိုးတွေကို လူတွေကြားထဲ လွှတ်ထည့်လိုက်မယ်။ သူတို့မင်းမျိုး မင်းဆွေတွေ (သူတို့က မင်းမျိုး ဆိုတော့ ခင်ဗျားတို့ ကျနော်တို့ ငါတို့အမျိုးတွေ မပါဘူး ဆိုတဲ့သဘော) ကတော့ လှိုင်ခေါင်းကြီးထဲဝင်ပြီး ညှော်ရှောင်နေမယ်လို့ မပေါက်ကြားသေးတဲ့ လျို့ဝှက်စာထဲမှာ ရေးထားတယ်။ ကဲ … မဖြစ်နိုင်ဘူးလား။ အဲသည်လို မြန်မာပြည်သူတွေအာလုံး စိတ်အားတွေ ပြိုပျက်ပြီး ဆောက်တည်ရာမရဖြစ် ချုံးချုံးကျနေတော့မှ ရွေးကောက်ပွဲကြီးကို ဆိုင်းတွေ ဗုံတွေနဲ့ ကျင်းပမယ်ဗျာ။ ဟို ပြိုင်ကားတွေ၊ မော်ဒယ်တွေနဲ့ မဲရုံတွေမှာ သီချင်းဖွင့်ပြီး ကကြ ခုန်ကြ မဲပေးကြရမယ် တဲ့ဗျ။

          သူတို့နဲ့ အဆင်ပြေတဲ့ ပြောစကားနားထောင်မယ့် လူစာရင်းတွေ အဆင်သင့် ထုတ်ပြီး ကြေငြာမှာတဲ့ဗျ။ တော်ကြာ ကာလနာတိုက်ပြီးသွားတဲ့ သူတို့အသုဘအမည်တွေ မှားပြီး အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့ထဲ ထည့် မကြော်ငြာမိအောင်တော့ ဂရုစိုက်ရမှာပေါ့လေ။ တော်ကြာ … ပါတီဥက္ကဌကြီး ဦးနေ၀င်း၊ ၀န်ကြီးချုပ် ဦးစိန်လွင်ဆိုပြီး မြန်မာအသံက မှား ကြေညာမိနေမှ ပရိသတ်တွေက “ဟိုက် … ငါတို့ ဘက်တူသဖြူးချား (ကိုရီးယားကား မဟုတ်) နိုင်ငံခြားရုပ်ရှင်ထဲကလို အတိတ်ကို ပြန်ရောက်လို့ – မြန်မာဆိုရှယ်လစ်လမ်းစဉ်ခေတ်ကြီးထဲ ရောက်ကုန်ပါပေါ့လား ဆိုပြီး ဟတ်ထိုးလဲနေပါ့မယ် ကိုဇာဂနာကြီးရယ်။

          အခုလိုမျိုး ကျနော်မျိုးကြီး မောင်သာဂိက စေတနာတခွဲသားနဲ့ ဒီလျို့ဝှက်ချက်ကြီးကို လူကြားထဲ အရေမရ၊ အဖတ်မရပြောနေတာကို တချို့ကလည်း ဗူးလုံးနားမထွင်းနဲ့ဗျာ။ သူတို့က သူတို့လက်လှမ်းမီတဲ့ နေရာတွေ၊ မြို့နယ်တွေမှာသာ မဲလိမ်၊ မဲခိုးပြီး ရွေးကောက်ပွဲကို လုပ်ကြံဖန်တီးလို့ ရမယ်။ ငါတို့တတွေက ဒီယုံမြင်လို့ ဒီခြုံတွေ မြင်ပြီးပြီဆိုပြီး နှုတ်လှန်ထိုးကြသေးသဗျာ။ လုပ်ပုံ လုပ်ပုံ။

          ကျနော်တို့ဆီက အတိုက်အခံခေါင်းဆောင်ကြီးတွေဟုဆိုသူ အချို့တတွေက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ ပြင်ဆင်ထားလိုက်တာမှ သူတို့ပြောတဲ့ “လွတ်မြောက်နယ်မြေ” ကနေ ၀င်ပြီး ရွေးကောက်ပွဲဝင်ဖို့ ခါးတောင်းကျိုက်ထားကြတယ် ဆိုတယ်။ ဆန်ဖရန်စစ္စကို၊ အယ်လ်အေ၊ ဖို့ဝိန်း၊ နယူးယောက်၊ ၀ါရှင်တန်ဒီစီ၊ ဟာဝိုင်ယီ၊ ဖင်လန်၊ နော်ဝေး၊ ကိုပင်ဟေဂင်၊ ဥရုဂွေး၊ ချင်းမိုင်၊ မဲဆောက်၊ ဘန်ကောက်၊ တိုကျို၊ ဆစ်ဒနီ စတဲ့ မဲဆန္ဒနယ်မြေတွေ သတ်မှတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို အဝေးရောက် ၀င်ရောက် ယှဉ်ပြိုင်ကြဖို့ လေးလေးနက်နက် ခိုင်ခိုင်မာမာကြီး သံဓိဋ္ဌာန် ချထားလိုက်ကြပြီလို့ ဆိုတယ်။ အံဖွယ် သုတ ပါတကား။

          ကဲ ကျနော်ကသာ မကောင်းမြင်နေတာနော်။ ကျန်ရစ်သူတချို့ကတော့ အကောင်းမြင်နေလိုက်မှ သန်းရွှေကြီးဆီ ပို့တဲ့စာ သန်းရွှေ စာမပြန်တာ သူ့အပြစ်မဟုတ်ဘူးတဲ့ဗျာ။ သန်းရွှေကြီးက မြန်မာစာလည်း မတတ်၊ အင်္ဂလိပ်စာလည်း မတတ်တော့ စာတွေ ပေတွေ ရေးပို့နေတာ ဟိုက ဘယ်ဖတ်တတ်မှာလဲ … သနားစရာ ဆိုပြီး ရှေ့နေတွေ လိုက်ပြီး အိုင်စီစီမှာတောင် ပြန် တရားစွဲမလို့ လုပ်နေကြတယ်တဲ့ဗျ။ အဟိ …

          အေးဗျာ စာလည်း ရှည်သွားပြီ။ အကောင်းမမြင်သူတဦးဆီက စာမှာ စိတ်ချမ်းသာစရာ တကွက်မှ မပါတာ တောင်းပန်လိုက်ပါရဲ့။ ကျနော်တို့လည်း နောက်ဆို မြန်မာလို မရေးတော့ပါဘူးဗျာ။ ဗိုလ်ချုပ်တွေက စာမတတ်တော့ မြန်မာလိုရေးလည်း မဖတ်မှတော့ ဘာထူးမှာလဲနော။ စာတတ်သူတွေ အကဲခတ်တွေ၊ ပညာတတ်ကြီးတွေ၊ မြန်မာ့အရေး သိနားလည် တတ်ကျွမ်း ပြောရေး ဆိုခွင့် ရှိကြသူ၊ သုတေသီကြီးတွေချည်းသာ ဖတ်ကြ ရှုကြမယ့် အဖိုးတန်ပရိသတ်ဆီကိုပဲ စာရေးမှ ဖြစ်တော့မယ်လေ။ နောင်ဆိုရင်တော့ သာဂိရော မိုးမခရောက အင်္ဂလိပ်လို (ဗို)လိုပဲ စာရေးကြတော့မယ်လို့ ၂၀၁၀ နှစ်သစ်သံဓိဋ္ဌာန်အဖြစ် ချလိုက်တယ်လို့ မိုးမခပေါလစ်ဘီဒိုအဖွဲ့က ဆုံးဖြတ်တယ် ပြောသံကြားတယ်ဗျို့။

          ခင်ဗျား စဉ်းစားကြည့် ကိုဇာဂနာရယ် … ခင်ဗျားကို လွတ်မြောက်ရေးအတွက် အကျယ်လောင်ဆုံး အော်နေတာ၊ ဆုတွေ ဘာတွေ ချီးမြှင့်နေတာက ကျနော်တို့ သာဂိတို့တွေ မဟုတ်ဘူးတဲ့ဗျ။ ဗမာပြည်လွတ်မြောက်ရေးအတွက် ကြော်ငြာတွေ ဘာတွေ လုပ်နေတာတွေထဲမှာ မိုးမခလိုမျိုး ပါချည်ပါချဲ့တွေ မပါဘူး တဲ့ဗျ။    စစ်ဗိုလ်ချုပ်တွေက မြန်မာစာသာ မတတ်တော့တာ သူတို့ မေးထူး ခေါ်ပြောလုပ်ချင်တဲ့ အသိုင်းအ၀ိုင်းထဲမှာ သာဂိလို တောက်တိုမယ်ရတွေ မပါဘူး ဆိုတော့ … ခင်ဗျား စဉ်းစားကြည့် ကိုဇာဂနာရယ် … ခင်ဗျား ပြက်လုံးတွေကို ဗိုလို ပြက်မှ ဖြစ်တော့မယ် ထင်တယ်။ ကျနော်တို့တတွေလည်း ဗမာပြည်ကြီးလွတ်မြောက်ရေးအတွက် ဗမာလို အော်နေကြ “သပိတ် သပိတ် မှောက် မှောက် …” တို့၊ “ စစ်အစိုးရ အလိုမရှိ” တို့ အော်နေမယ့်အစား၊ ဗိုလို “ Free Free Free Burma” တို့ “ What do we want ? Democrazy !!!”  တို့ ဘာတို့ အော်ကြရတော့မယ် ထင်တယ် … အကိုရေ။

          ၂၀၁၀ ကို ရောက်ဖို့ လက်လေးသစ်လောက် သာ လိုတော့တဲ့ အချိန်မှာ ဗိုလိုလေးတော့ နှုတ်ခွန်းဆက်မှ ဖြစ်တော့မယ် ထင်တယ်။ “၀ဲကမ်းတူ တွမ်တီး တင်း” ပေါ့။ အင်းလေ အိမ်အောက်က ကြွက်ကြီးတွေတောင် နဝေတိမ်တောင်နဲ့ စစ်အစိုးရဘက်တော်သားဖြစ်ကုန်ကြတဲ့ ခေတ်ကြီးမှာ သာဂိတို့လို အကောင်းမမြင်သူတွေ ဆွမ်းတော်ခွက် မှောက်တာ အကြောင်းမဟုတ်တော့ပါလေ။