တူမောင်ညို - လောက်ကိုင် (သို့မဟုတ်) အရှက်နှင့်အရှုံး


တူမောင်ညို - လောက်ကိုင် (သို့မဟုတ်) အရှက်နှင့်အရှုံး
(မိုးမခ)  ဖေဖေါ်ဝါရီလ ၂၃၊ ၂၀၁၅ 

“လောက်ကိုင်ကိစ္စ” က ပြသလိုက်သည့်အချက်မှာ  လေတစ်လုံးမိုးတစ်လုံးပြောနေသည့် စစ်တပ်သည် အရေးအကြောင်းဆို လျှင် လုံးဝ အဖြစ်မရှိကြောင်း၊ညံ့ဖျင်းကြောင်းပေါ်သွားပါသည် စစ်ရေးဘက်တွင်သာမက နိုင်ငံရေးဘက်တွင်လည်း မဖြစ်ညစ်ကျယ်လုပ် နေတာတွေကလည်း ဘူးပေါ်သလိုပေါ်နေသည်မဟုတ်ပါလော။  

မိတ်ဟောင်းဆွေဟောင်း ဘိန်းဘုရင်တစ်ဦး၏ ကိုယ်ပိုင်တပ်ဖွဲ့က အလစ်အငိုက်ယူတိုက်သွားတာကို နဖူးတွေ့ဒူးတွေ့ခံလိုက်ရ သဖြင့် အရာရှိ ၇ ဦးနှင့်စစ်သား ၄၈ ဦးသေပြီး၊အရာရှိ ၁၂ ဦးနှင့်စစ်သား ၉၆ ဦးဒဏ်ရာရရှိခဲ့သည်။ ဤသည်မှာ စစ်ရေးဘက်က ရှက်စရာ ကောင်းသည့် အရှုံးဖြစ်သည်။

 ထိုအရှက်နှင့်အရှုံးကို ပြည်ထောင်စုလွှတ်တော်က ကြံဖွံ့ပါတီ၊ ကျိုင်းတုံမဲဆန္ဒနယ်အမတ်“ဦးစတီဖန်၏အရေးကြီးအဆိုဖြင့်” ပထမဦးစွာ ဖုံးကွယ်ဖာထေးပေးလိုက်သည်။ အာဏာရပါတီအမတ်များက ဖုံးကွယ်နေကြသည်မှာ သူတို့တာဝန်အရဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ၊ လွှတ်တော်သည် နိုင်ငံရေးပါတီတစ်ခုအတွက် ဝါဒဖြန့်ချိရေး စင်မြင့်၊သွေးထိုးလှုံ့ဆော်ရေး စင်မြင့်၊ မဲဆွယ်ရေးစင်မြင့်အဖြစ် အသုံးချခြင်း မျိုးလုံးဝမဖြစ်သင့်ပါ။

အတိုက်အခံအမတ်များ၊ ပြည်သူကို ကိုယ်စားပြုသည်ဆိုသော အမတ်များအနေဖြင့် ဤသို့ အလစ်အငိုက်ခံရမှု၊ စစ်သည်များ သေကျေဒဏ်ရာရမှုနှင့်ပတ်သက်ပြီး မည်သူတာဝန်ခံမလဲ/မည်သူ့မှာ တာဝန်ရှိသလဲဆိုသည်ကို မေးခွန်းထုတ်ဖို့လိုအပ်သည်။ ထို့အပြင် “တိုက်ခိုက်ခြင်းများပြုခဲ့ကြသည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေး ကူညီခဲ့ကြသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ”ဟူ၍ ယေဘုယျ ဆန်ဆန်ပြောဆိုနေခြင်းထက် တိတိကျကျဖော်ထုတ်ပြောဆိုရဲဖို့လိုပါသည်။ 

ထို့အပြင် ခံလိုက်ရသည်ကို အသံနဲ့ဟန်ပြဖုံးကွယ်လိုသူများကလည်း “ပြည်ပကျူးကျော်မှု” ပဲဖြစ်လေဟန် မရဲတရဲ တီးတိုးဝါဒ ဖြန့်နေကြသည်။ နိုင်ငံရေးပါတီအချို့၊ စီးပွားကုန်သွယ်အဖွဲ့တို့က ကြေညာချက်တွေထုတ်၍ ဟန်ရေးပြကြသည်။ ဂီတ၊ရုပ်ရှင်နယ်ပယ်မှ ဝေလေလေသဘင်သည်များ၏ လျှပ်ပေါ်လော်လီမှုကိုမြင်ရသည်။ သို့ပါ၍ ထိုသို့မီးရှုးမီးပန်းလွှတ်မှုများကို မြင်တွေ့လာရသဖြင့်(နဝတ-နအဖ) စစ်အစိုးရထောက်လှမ်းရေး ဗိုလ်ခင်ညွန့်နှင့် စာရေးဆရာမ ဒေါက်တာမတင်ဝင်းတို့ ပူးပေါင်းလုပ်ကြံလှုံ့ဆော်ခဲ့ကြသည့် အလှူငွေ ပေး-ခေါက်ဆွဲခြောက်ပို့-သီချင်းဆို-သတင်းစာဆောင်းပါးရေးကြသော “ယိုးဒယားဆန့်ကျင်ရေး” ဆိုသည်ကို ပြန်လည် အမှတ်ရမိသည်။

 “အချုပ်အခြာအာဏာထိပါးသည်”ဟု ဆိုလျှင် မြင်းခြံဒီဂရီကောလိပ်ပင်မဆောင်ရှေ့မှ ဝါစိမ်းနီအလံ ဖြုတ်ချ၍ ခွပ်ဒေါင်းအလံ တင်သည့်ကိစ္စကို ပြောစဉ်က ပြည်ထဲရေးဝန်ကြီး၏ သတ္တိမျိုးဖြင့် တိတိကျကျပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ပြောစေချင်ပါသည်။ မည်သည့် လက်နက်မျှမရှိသော ကျောင်းသားလူငယ်များအပေါ် သတ္တိပြောင်မြောက်သလောက် လောက်ကိုင်ကိစ္စတွင် သူရသတ္တိတွေပြစေချင်လှပါ သည်။

သမ္မတပြောခွင့်ရနှင့်ဝန်ကြီးဦးအောင်မင်းတို့လေသံမှာ တရုတ်ဗဟိုအစိုးရတော့ မပါနိုင်၊ ဒေသအစိုးရတော့ပါနိုင်သလိုလို ၊ ဟို လိုလို ဒီလိုလို မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့ ငယ်ကြောက်လေပြေထိုးသကဲ့သို တိုးလျှိုးတောင်းပန် အသနားခံနေသလိုဖြစ်နေသည်။ 
ထူးခြားသည်မှာကာကွယ်ရေးဝန်ကြီးအသံပျောက်နေခြင်း၊ အသံမကြားရခြင်းဖြစ်သည်။ တာဝန်သိသော ကာကွယ်ရေးဝန်ကြီး တစ်ဦးအနေဖြင့် လောက်ကိုင်အရှက်တကွဲအကျိုးနဲမှုအတွက် လက်ရှိတာဝန်မှတိတ်တဆိတ်နှုတ်ထွက်သွားပြီးလော။ 

ပိုဆိုးသွားသည်မှာ (NCA)စာချုပ် မချုပ်နိုင်သဖြင့် ပြည်ထောင်စုနေ့၌ (၁၂-၂-၂၀၁၅)  “အရှက်ပြေလက်မှတ်ထိုးမည့်ကိစ္စ”  ကို (၉-၂-၂၀၁၅) “ကိုးကန့်တိုက်ပွဲ” က လွှမ်းမိုးသွားခြင်းဖြစ်သည်။ အရှက်ပြေလက်မှတ်ထိုးသည့်ကိစ္စကလည်း တကယ်တော့ (KNU) နဲ့ (RCSS/SSA)  ၂ ဖွဲ့သာ လက်မှတ်ထိုးခြင်းသာဖြစ်သည်။  

နိုင်ငံရေးဘက်ကအရှုံးမှာ ကုန်းကြမ်းမြို့နယ်နှင့်လောက်ကိုင်မြို့နယ်တို့ကို စုစည်းထားသည့် “ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ” ၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပေးနိုင်တော့မည် မဟုတ်သည့် အချက်ပင်ဖြစ်သည်။ ထို့အပြင် KIO/KIA နှင့် TNLA တို့နှင့် တိုက်ခိုက်နေရာမှ မိုင်းလား၊ ‘ဝ’ အဖွဲ့ (UWSA)နှင့် (SSA) တို့နှင့်ပါ ထိတွေ့ရင်ဆိုင်ရတော့မည့် အခြေအနေဖြစ်သည်။ ထိုအဖွဲ့အစည်း များအား “သတိပေးထားပြီး” ပြီဆိုသည့်ပြောဆိုချက်မှာ စစ်ကြေညာသည့်သဘော သက်ရောက်သဖြင့် ဟိုဘက်ကလည်း စစ်ရေးသတိ ရှိ နေကြမှာ၊စစ်ပြင်ဆင်ထားကြမည်မှာသေချာသည်။ တချိန်တခါကဆိုလျှင် ကိုးကန့်၊ မိုင်းလား၊ ‘ဝအဖွဲ့ (UWSA)တို့မှာ “တူတံစဉ်အလံ” အောက်မှ ရဲဘော်တွေဖြစ်ခဲ့ကြသည်။ သွေးသားတော်စပ်မှုအရဆှိုလျှင် သားမက်နဲ့ယောက္ခမသွေးနီးကြပေလိမ့်မည်။ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ကြပေလိမ့်မည်။ ဤအချက်များက ဖော်ပြနေသည်မှာ ၂၀၁၅ ခုနှစ်အတွင်း စစ်ရေးတင်းမာမှုများပိုမိုဖြစ်ပေါ်လာနိုင်သည့် လက္ခဏာပင်ဖြစ်သည်။ သို့ပါ၍ တည်ငြိမ်ရေးနှင့်လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲကျင်းပပေးနိုင်ခြင်းမရှိသည့်နယ်မြေအရေ အတွက်ပိုမိုကျယ်ပြန့်တိုးများလာစရာရှိနေပါသည်။

“အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သည်/ နိုင်ငံတော်အနေဖြင့် လုံးဝလက်မခံကြောင်း/ လုံးဝ အလျှော့ပေးမည် ဟုတ်ကြောင်း”ပြောဆိုနေသည်မှာ တကယ်တော့ ရှက်ရမ်း ရမ်းနေခြင်းသာဖြစ်သည်။ ပြေလည်တုန်းက တိုင်းပြည်နဲ့လူထုကို လုံးဝ အသိ မပေးဘဲ၊ ခိုးကြောင်ခိုးဝှက် “လွတ်ငြိမ်းချမ်းသာခွင့်”ပေးခဲ့သည်။ ကျေနပ်တုန်းကတော့ “ယောက္ခမအတွက်-သားမက်အသနားခံစာ” ကို လက်ခံသိမ်းထားပြီး၊  မကျေနပ်/မပြေလည်တော့မှ အထုတ်ဖြေပြနေခြင်းမှာ  အရှက်မဲ့သည့်လုပ်ရပ်သာဖြစ်သည်။ 

တိုင်းပြည်နှင့်လူထုက အသေအချာသိသွားရသည့်အချက်မှာ “လက်နက်/မူးယစ်/သွင်းထုတ်/ပြစ်မှုဆိုင်ရာပုဒ်များ” ဖြင့်အမှုဖွင့် ခဲ့သော၊တရားခံပြေး၊ ဝရမ်းပြေးအဖြစ်ကြေညာခဲ့သော “ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ ဖုန်တာရွှင်” တို့ကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေ့ရှု၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း” ပင်ဖြစ်သည်။

ကျောင်းသားလူငယ်များ၊ နိုင်ငံရေးသမားများအပေါ် အညိုးအာဃာတအင်မတန်ကြီးမားလှသော၊  “နိုင်ငံရေးအကျဉ်းသား” ဆို သည့်စကားလုံးကိုပင် တမင်လက်ပေါက်ကပ် ညစ်ကျယ်ကျယ်လုပ်ခဲ့သော သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် မိတ်ဆွေဟောင်း ဝရမ်းပြေးဘိန်းဘုရင်များအပေါ် သံယောဇဉ်နှင့်သဘောထားကြီးမားလှပေစွ။ ယခုတော့ ကိုယ်ဖော်သည့် ဆေးကိုယ်ပြန်စားနေကြရပြီ၊ ကိုယ့်ရှူးကိုယ်ပတ်နေကြပြီ။

(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေဖြင့် တစ်ဖက်မှဤသို့ ယောင်ပြအလုပ်တွေလုပ်နေသော်လည်း ဗိုလ်နေဝင်းက ဗိုလ်အောင် ကြီးကို ခိုင်းစေနိုင်ခဲ့သလို၊  ဗိုလ်ခင်ညွန့်နဲ့ဗိုလ်စန်းပွင့်တို့နှင့်စတင်ခဲ့ကြသည့် သူတို့ဇာတ်ရှုပ်အတွက် ဗိုလ်သန်းရွှေမှ  ဗိုလ်ခင်ညွန့်နဲ့ဗိုလ် စန်းပွင့်တို့ နှစ်ဦးကို ဖုန်ကြားရှင်ထံ စေလွှတ်ပြီး ပြန်လည်သင့်မြတ်ရေး ဆွေးနွေးနေပြီလားမဆိုနိုင်ပါ။ လက်ရှိစစ်အုပ်စုတွင် ဗိုလ်ခင်ညွန့် ကိုခိုင်းစေနိုင်သူမှာ ဗိုလ်သန်းရွှေ တစ်ဦးသာရှိသည်မဟုတ်ပါလော။  မောင်ဆွေသက်(နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးညွန့်ဆွေ)ကတော့ အစိုးရပိုင်သတင်းစာကနေ “အရံအင်အား”ဆိုသည့်ခေါင်းစဉ်ဖြင့် စစ်အုပ်စုဝံသာနုဆောင်းပါး ရေးနေပြီ။ 

ညွန်း 
  • (၂၂-၂-၂၀၁၅) မြဝတီသတင်းစာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၏ လောက်ကိုက်ကိစ္စရှင်းလင်းလျက်