ငြိမ်းချမ်းအေး - မိုးကျရွှေကိုယ်စနစ် မပျောက်သရွေ့ …

ငြိမ်းချမ်းအေး - မိုးကျရွှေကိုယ်စနစ် မပျောက်သရွေ့ …
(မိုးမခ) ၂၆ ဖေဖော်ဝါရီ၊ ၂၀၁၅

ဒီဆောင်းပါးကတော့ (၂၀၁၄) ခုနှစ်  ဒီဇင်ဘာလကုန်ပိုင်းမှာ နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံး ပြန်လည်ကျင်းပခဲ့တဲ့ ရန် ကုန် စည်ပင်ရွေးကောက်ပွဲဆက်စပ် ပြည်တွင်းဂျာနယ်တခုမှာ ရေးခဲ့တာပါ။ အခုတော့ အဆိုတော်၊ စီးပွားရေးသမား၊ ဆရာ ဝန် အစရှိတဲ့ နောက်ခံအစုံနဲ့ ရွေးကောက်ခံကိုယ်စားလှယ် (၁၁၅) ဦးလည်း ပေါ်လာခဲ့ပါပြီ။ သူတို့အလုပ်တာဝန် ထမ်း ဆောင်တာ (၁) လတောင် ကျော်လာခဲ့ပါပြီ။  ဒါပေမဲ့ သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှ အပြည့်အဝမရသေးကြောင်း နောက်ဆက်တွဲ သတင်းတွေသာ ဖတ်ခဲ့ရတယ်။ တကယ်တော့ ဒီစနစ်၊ ဒီမူတွေနဲ့က သူတို့ ရွေးကောက်ခံသက်တမ်း (၁) နှစ်အတွင်း နောင် လည်း ဖြစ်ဖြစ်မြောက်မြောက် ဘာမှလုပ်နိုင်မှာ မဟုတ်ပါ။

ဒီစည်ပင်ရွေးကောက်ပွဲကျင်းပခဲ့တုန်းက ရန်ကုန်တိုင်း မြို့နယ် (၃၃) မြို့နယ်မှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၉၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ဒီလို တက်ကြွမှု၊ စိတ်ဝင်စားမှုက ပညာတတ် လူလတ်တန်းစားနဲ့ လူမလိုင် အလွှာ လူတစုနဲ့ ကိုယ်စားလှယ်ဘက်ကသာ ဖြစ်တယ်။  မြို့နေ သာမန်လူထုကြားမှာတော့ စိတ်ဝင်စားမှု မရှိခဲ့ပါ။  ပြိုင်ဘက်မရှိလို့ ရွေးခံရသူ (၅၀) နီးပါး၊ မေးလာပေးသူ ရာခိုင်နှုန်း အနည်းစု၊ စိတ်ဝင်စားလို့ သွားပေးသူ မဲစာရင်းမပါမှုဖြစ်စဉ်များ စတဲ့ ကမောက်ကမများနဲ့ ပြီးခဲ့တယ်။

တကယ်တော့ မြို့တော်စည်ပင်သာယာရေး အတွက် မြို့တော်သူ၊ မြို့တော်သား ရပ်မရပ်ဖထဲက ကိုယ်စားပြုသူတွေအများစု ဝင်ရောက်ပါဝင် လုပ်ကိုင်ရခြင်းကို အားပေးရမှာပါ။  လူထုစိတ်ဝင်စားမှုရအောင်လည်း လှုံ့ဆော်ရမှာပါ။  ဒါပေမဲ့ လက်ရှိ နိုင်ငံစနစ် အနေအထားတော့ မရပါ။  ဒီသဘောပေါ်လွင်အောင် အောက်မှာ ဆွေးနွေးထားတာပါ။

မိုးမခ စာဖတ်ပရိသတ်ထဲက ရန်ကုန်မှာ လက်ရှိနေထိုင်နေသူတွေရဲ့ အမြင်တွေလည်း ပြန်ကြားချင်ပါတယ်။  မြို့ပြရေးရာ စီမံခန့်ခွဲမှုကို စိတ်ဝင်စားသူများကိုလည်း ကျနော်တို့ရဲ့ ရွှေမြို့တော် https://www.facebook.com/groups/shwe myodaw/ လူမှုကွန်ရက် Facebook စာမျက်နှာကိုလည်း ဖိတ်ပါတယ်။  မြို့ရွာ အိုးအိမ်လမ်း အဆင့်မီရေး အတွေ့အကြုံတွေ၊ အမြင်တွေ ဖလှယ်တဲ့နေရာပါ။  အဲဒီမှာ လူငယ်တချို့ တက်ကြွကြပါတယ်၊ ကိုယ့်မြို့ ကိုယ့်ရွာ ကောင်းစေချင်တဲ့ဆန္ဒတွေ ပြင်းထန်ကြပါတယ်။

ဒါပေမဲ့ ကျနော် ဆောင်းပါးတွေမှာ အမြဲဆိုသလို လမ်းရေလျှံ၊ တိုက်ပြို၊ ကားကျပ်၊ လမ်းကျပ်၊ ကားမှောက်၊ လူသေ ဖြစ်တာ တွေအားလုံးက တိုင်းပြည်ရဲ့ရောဂါ အဆွယ်အပွားနဲ့ လက္ခဏာတွေသာပါ။  ဒါတွေပျောက်ချင်ရင် ပင်မရေသောက်မြစ် ရောဂါ နိုင်ငံရေးပြဿနာကို အလုံးစုံဖြေရှင်းမှသာ ဖြစ်ပါမယ်။ နိုင်ငံရေးကုထုံးမှတပါး အခြားမရှိပါ။ ဆေးမြီတိုများ ဆေးမ တိုးပါ။  မိုးကျရွှေကိုယ်စနစ် မပျောက်သရွေ့ပေါ့ ခင်ဗျာ။
×××××××××

(၂၀၁၁) အစိုးရသစ် စကတည်းက ဒီမိုကရေစီ ဆိုတဲ့ အသံတွေ ညံခဲ့တယ်။  သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်၊ ဆင်းရဲမှု လျှော့ချရေး ဆိုတဲ့ စကားတွေလည်း တာဝန်ရှိသူများ၊ ပညာရှင်များ၊ စာနယ်ဇင်းများနဲ့ လူထု ပရိသတ် အများ ပြောဆို ဆွေးနွေးခဲ့ကြတယ်၊ မျှော်လင့်တကြီးလည်း ရှိကြတယ်။  ဒါပေမဲ့ အခု (၂၀၁၅) နားကပ် အစိုးရသက်တမ်းတခု ကုန်ခါနီးလာတဲ့ အချိန်ထိ ဒီစကားတွေဟာ စကားအရာမှာတင် ရပ်နေတယ်၊ မျှော်လင့်ချက်များဟာ မျှော်လင့်ဆဲ အခြေ အနေမှာပဲ တန့်နေတယ်။ အကောင်အထည်ဖော်ဖို့ အလုပ်တွေ အများအပြား စခဲ့ပေမဲ့ အများစုဟာ ထုံးစံအတိုင်း အစပဲ ရှိတယ်၊ ဆုံးခန်းတိုင် အောင်မြင်ပြီးမြောက် အရာ မရောက်ခဲ့ပါ။

ကောင်းမွန် သန့်ရှင်းတဲ့ အစိုးရ အုပ်ချုပ်ရေးဆိုခဲ့ကြပေမဲ့ ကြွေးကြော်တဲ့အတိုင်း မဖြစ်၊ ကမ္ဘာ့အဆင့် အကျင့်ပျက်ခြစားမှု ဇယားမှာ အောက်ဆုံး နိုင်ငံများ စာရင်းဝင်နေဆဲဆိုတာ မနေ့တနေ့ကထွက်လာတဲ့ နိုင်ငံတကာ စစ်တမ်းတခုက သက်သေ ပါ။  အထွေထွေ နိုင်ငံ့ရေးရာများမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တနိုင်ငံလုံး ငြိမ်းချမ်းရေး စတဲ့ပြဿနာကြီးများ ဖြေရှင်းနိုင်ဖို့ထား သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရေး အစပျိုးနိုင်ဖို့ရာ အပွင့်ဆိုင် အရေအတွက် တောင် ညှိမရတဲ့ အခြေအနေမျိုး ဖြစ်နေရတယ်။  ဥပဒေပြုလွှတ်တော်နှစ်ရပ်ဆိုတာလည်း ကိုယ့်ဘာသာ လစာတိုးဖို့အရေး ဦးစားပေး အတည်ပြုရာ၊ အမျိုးသား ပညာရေး ဥပဒေ လို အာဏာရှင်စော်နံ ဗဟိုချုပ်ကိုင်မှုများရာ ဥပဒေများ အတည်ပြုရာ၊ မျိုးစောင့်ဥပဒေ လို အငြင်းပွားဖွယ်ရာ ကိစ္စတွေ ဆွေးနွေးရာ “ကြောင်ရေချိုး” အမေး-အဖြေ၊ အဆိုတင်သွင်းမှုများ အပြည့်နဲ့ နေရာသက်သက် ဖြစ်နေတယ်။

စီးပွားရေးရာမှာဆိုလည်း “ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး” ဘယ်လောက် အော်နေပေမဲ့ အပေါ်ယံ သနပ်ခါးလိမ်း ပန်းပန် အကျင့်အတိုင်း “ဆင်းရဲမွဲတေမှု တဲဖျက်ရေး” သာဖြစ်နေဆဲဖြစ်ကြောင်း လတ်တလော နော်ဝေဘုရင်ခရီးစဉ်က ညွှန်းဆို လျက်ပါ။  ကုလဖွံ့ဖြိုးမှု အစီရင်ခံစာတွေအရ တဦးချင်းဝင်ငွေ နိမ့်ကျနေမြဲ၊ ကမ္ဘာ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ စာရင်းမှာ ဝင်နေဆဲပါ။  ပြည်ပပို့ကုန် ပမာဏဟာလည်း နိုင်ငံတကာ မဆိုထားနဲ့ အိမ်နီးချင်း နိုင်ငံများကိုတောင် မယှဉ်နိုင်၊ ဘင်္ဂလားဒေ့ရှ် ထက် တောင် နည်းနေသေးတယ်။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေ အမြောက်အမြား ဝင်နိုင်ဖို့ရာ ပြည်တွင်း/ပြည်ပ ပညာရှင်များ အမျိုးမျိုး ဆွေးနွေး အကြံပြု၊ မူဝါဒတွေ ဖော်ဆောင်ကြတယ်။ ဒါပေမဲ့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ဘဏ်စနစ်၊ ငွေလဲနှုန်း၊ ခေတ် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုလို အခြေခံအဆောက်အဦ (Infrastructure) တွေ အဆင့်အတန်း မမီ မပြည့်စုံ အားနည်းမှု၊ မြေယာ၊ အိမ်ဈေးကွက် မတည်ငြိမ် ဖောင်းပွ ဈေးကြီးမှု၊ ခိုင်မာတဲ့ ဥပဒေရေးရာ အကာအကွယ်ပေးမှု နည်းမှု တွေကြောင့် ကမ္ဘာ့ နိုင်ငံကြီးများရဲ့ အကြီးစား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနဲ့ ရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်။  ကုလရဲ့ စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးလွယ်မှု ညွှန်းကိန်းမှာ နိမ့်ကျနေမြဲ ဖြစ်နေရတယ်။

ဒီလို နိုင်ငံရေး၊ စီးပွားရေး အလုပ်မဖြစ်မှုတွေအပြင် လူ့အသိုင်းအဝန်းကြည့်ပြန်ရင်လည်း နိုင်ငံရေး ပယောဂ သွေးထိုးမှု အပါအဝင် ဒွေး ဥပါဒ် အစုံစုံကြောင့် လူမျိုး၊  ဘာသာရေး ဆက်စပ်ပဋိပက္ခ၊ အမုန်းတွေ တင်းကျမ်းဆိုတာကို နောက်ဆုံး မန္တလေးလို ဘာသာ၊ လူမျိုးစုံ နှစ်ရာကျော် အတူတကွ ငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြတဲ့ ဒေသမျိုးမှာတောင် လူသေတဲ့ အထိ ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်း က မီးမောင်းထိုးပြနေတယ်။

တိုင်းပြည် ရဲ့ လူမှု စီးပွား ယေဘုယျအခြေအနေကို ကြည့်ပြန်ရင်လည်း တတ်နိုင်သူ လူနည်းစု လက်တဆုပ်စာဟာ နိုင်ငံခြား ဆေးကု၊ ကျောင်းတက် အပြုံးမပျက် ချွေးမထွက် သွားနေနိုင်ကြပေမဲ့ ဆင်းရဲတွင်းနက်နေတဲ့ ရရာ စားစား (Hand-to-Mouth) ဘဝ လူအများစု အတွက်တော့ ကောင်းမွန် အဆင့်မီတဲ့ ပညာရေး အလှမ်းဝေးနေတယ်။  မူလတန်း အဆင့် ကျောင်းဝင်နိုင်သူ အများစု အဆင့်မြင့် ပညာ အဆင့် မရောက်နိုင် ဖြစ်နေတယ်။  အခမဲ့ ပြည်သူ့ ကျန်းမာရေး ဝန်ဆောင် စောင့်ရှောက်ခံရမှု အားနည်းနေဆဲ ဖြစ်နေတယ်။ ကားတင်သွင်းခွင့် တင်းကျပ်မှု လျှော့ချပေးမှုလို၊ ဆက်သွယ်ရေး ဝန် ဆောင်မှု လက်ဝါးကြီးအုပ်မှု ဖြေလျှော့ပေးမှုလို မူဝါဒ အပြာင်းအလဲကြောင့် လမ်းတွေပေါ်မှာ ကားအသစ်တွေ မြင်လာရ၊ လက်ကိုင်ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ဈေးကွက်မှာရွေးချယ် အထိုက်အလျာက် လူအများ သုံးလာ နိုင်တာ မှန်ပါတယ်။  နို့ပေမဲ့ အများပြည်သူ သွားလာ လွယ်ကူ ချောမွေ့စေရေး အများသုံး ခရီးသည်တင် ယာဉ်၊ ရထား စနစ်လို အခြေခံ လူထု လက်လှမ်းမီ ခံစားနိုင်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများမှာ ချည့်နဲ့ ချို့ငဲ့ အားနည်း နေမြဲ ဖြစ်နေတယ်။

စာနယ်ဇင်း လွတ်လပ်ခွင့်၊ လူတဦးချင်း ဆန္ဒထုတ်ဖော်ခွင့်၊ အင်တာနက် လွတ်လပ်ခွင့်တွေ အထိုက်အလျောက် တိုးတက် လာတယ် အကောင်းမြင်ဆိုလာနိုင်တာမှန်ပေသည့် စာနယ်ဇင်း ဖိနှိပ်မှု၊ ထောင်ချမှု၊ တရားမဲ့ ဖမ်းဆီး သတ်ဖြတ်မှု၊ လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေဟာလည်း အရင်ခေတ်တွေလို မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်တယ်။

အတိုချုံးရရင် လက်ရှိ အစိုးရ သက်တမ်း (၄) နှစ် မှာ လူမှု၊ စီးပွား၊ နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ဘေး ဒုက္ခ သုက္ခ မီးတောက် အစုံစုံ ဟာ တိုင်းပြည် မှာ ဆက်လက် တောက်လောင်နေရုံမက ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားမှု သာ များပြားသိသာ လာခဲ့ရတယ်။။  ဝန်ကြီးချုပ်ကနေ ဝတ်စုံပြောင်းကာ သမ္မတဖြစ်လာခဲ့သူ (၂၀၁၁) ရာထူး ယူစမှာ ဆိုခဲ့တဲ့ “၁၉၈၀ ခုနှစ်များက စ၍ ဆင်းရဲ မွဲတေ ဖွတ်ကျော ပြာစု ချုံးချုံးကျခဲ့တယ်” ဆိုတဲ့ တိုင်းပြည် အခြေအနေ ဟာ ဒုံရင်း ဒုံရင်း ဆိုတဲ့ အခြေအနေထက် ဆိုးတဲ့ အနေအထား ကို ရောက်နေတယ်။  ပြုပြင်ပြောင်းလဲရေးဟာ ဘောင်းဘီချွတ် တောင်ရှည်ပြောင်း လူဟောင်းများရဲ့ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်း၊ အလုပ်ဟောင်း များ အောက်မှာ ဗုန်းဗုန်းလဲ ရရှာတယ်။

ဒီလို နောက်ခံ အနေအထားမှာ အခု နိုင်ငံ ရဲ့ အကြီးဆုံး၊ လူဦးရေ အများဆုံး စီးပွားရေး မြို့တော် ရန်ကုန် မှာ အုပ်ချုပ်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ရေး ဆိုပြီး ဘယ်ကိုမှ မရောက်မယ့် ခြေလှမ်း အသစ် တခု စလာခဲ့ကြပြန်ပါတယ်။  ရန်ကုန် မြို့တော် စည်ပင် သာယာ ဖွံ့ဖြိုးတိုးတက် နိုင်ငံတကာတန်း လူစဉ်မီရေး အတွက် မူဝါဒတွေ၊ ပြုပြင်ပြောင်းလဲရေး အစိုးရသစ် စကတည်းကလည်း အမျိုးမျိုး ပြုလုပ်ခဲ့ကြပါတယ်။   အာရှဖွံ့ဖြိုးရေးဘဏ် လို နိုင်ငံတကာ အထောက်အပံ့ နဲ့ အကြီးစား ရေရှည် စီမံကိန်းတွေ ဖော်ဆောင်နေကြတယ်။  မြို့နေ လူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုလိုမျိုးအတွက် ဘတ်စ်ကား သွားလမ်း သီးသန့် လုပ်မှုလို၊ မြို့တွင်း ရထား ဆက်သွယ်ရေး စနစ် ပိုမို ကောင်းမွန်အောင် စီမံ တိုးချဲ့မှု လို၊ မိုးပျံတံတားများ တည်ဆောက်မှု လို အစရှိသဖြင့် စီစဉ်နေကြပါတယ်။

ဒါပေမဲ့ အဓိက ပြဿနာများဖြစ်တဲ့ အိမ်ခြံမြေ ဈေးကွက် မတည်ငြိမ်၊ ဈေးနှုန်း မြင့်မား နေမှု၊ လူအများစု နေထိုင်ရာ တိုက်တန်းလျား များ အဆင့်အတန်းမမီ လုံခြုံစိတ်ချရမှု ကင်းမဲ့ အန္တရာယ်များနေမှု၊ သန့်ရှင်းတဲ့ ရေ၊ မိလ္လာ စနစ် အားနည်းမှု၊ ကောင်းမွန် စနစ်ကျတဲ့ ရေဆိုးမြောင်း စနစ် မရှိမှု၊ လူထု သယ်ယူပို့ဆောင်ရေး စနစ် ချို့တဲ့မှု စတဲ့ စတဲ့ ပြဿနာ အစုံစုံ ကို အသင့်အတင်လို့ ဆိုနိုင်သည့်တိုင် မဖြေရှင်းနိုင်ခဲ့တဲ့ အပြင် အခြေခံ လျှပ်စစ်မီးတောင် မြို့နယ်တိုင်း အပြည့်အဝ မပေးနိုင်၊ မိုးတွင်း လှေစီးရမယ့် အနေအထား ကလည်း မလွတ်နိုင်သေးပါ။

လာမယ့် ဘဏ္ဍာရေးနှစ် (၂၀၁၅-၁၆) မှာ ရန်ကုန်တိုင်း အတွက် ကုဋေ ငါးသောင်းနီးပါး သုံးစွဲဖို့လျာထားချက် တိုင်းလွှတ်တော် အစည်းအဝေးက အတည်ပြုဆိုတဲ့ သတင်းလည်း လတ်တလောတင် ဖတ်ခဲ့ရတယ်။ ဒီပြည်သူ့ဘဏ္ဍာတွေကို တိုင်း ဖွံ့ဖြိုးရေးအတွက် အထူးစီမံကိန်းများ အကောင်အထည်ဖော်ကြမတဲ့။  ဒီလျာထားငွေထဲက ကုဋေ သုံးသောင်းကျော်ဟာ အခု ပြုပြင်ပြောင်းလဲဖွဲ့စည်းမယ်ဆိုပြီး ကော်မတီဝင်တွေ ဒီဇင်ဘာလအကုန် နှစ်မကူးခင်မှာ ရွေးကောက် တင်မြှောက်ကြ တော့မယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူသုံးစွဲမယ်လို့လည်း တပါတည်းသိရတယ်။  ဆိုတော့ သဘောက အခု မြို့တော်စည်ပင်ရွေးကောက်ပွဲကနေ ပြည်သူအများ ရွေးကောက်တင်မြှောက်လိုက်တဲ့ ကော်မတီဝင် ကိုယ်စားလှယ်များလက်ကို ဒီ ပြည်သူ့အခွန်ငွေ ကုဋေချီရောက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စိတ်တိုင်ကျ ဆောင်ရွက် နိုင်တော့မယ်ပေါ့။  ထုံးစံအတိုင်း မြို့နေလူတန်းစား လူသာမန် ပြည်သူအများ မျှော်လင့်တကြီးထားကြရပြန်တယ် ဆိုပါ တော့။

ဒါပေမဲ့ အရင်းစစ်လိုက်ရင် ဒီ မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ခေါင်ချုပ် အာဏာအရှိဆုံး မြို့တော်ဝန်နေရာ အတွက်တော့ ရွေးကောက်ခံမဟုတ်ဘဲ အလိုအလျောက် မိုးပေါ်ကကျလာတဲ့ တိုက်ရိုက်ခန့်စနစ်သာ ဖြစ်နေတယ်။  အရေး ကြီးဆုံး နေရာ၊ ဆုံးဖြတ်ချက်များအတွက် မိုးကျရွှေကိုယ်များ ကြီးစိုးမှုအရင်းခံသဘောက မပြောင်းလဲဖြစ်နေတယ်။  (၂၀၀၈) အခြေခံဥပဒေ ကို အခြေခံထားတဲ့ လက်ရှိနိုင်ငံစနစ်မှာ ရွေးကောက်ပွဲလုပ်တယ်၊ လွှတ်တော်နှစ်ရပ်ရှိတယ်။  ဒါပေမဲ့ နိုင်ငံ့ အနာဂတ်ရေးရာ အရေးကြီးအဆိုများအတွက် မရွေးမကောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ အလိုအလျောက် နေရာရနေ တဲ့ လွှတ်တော်ရောက် တပ်မတော်သားကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း လက်ကို ဝကွက်အပ်ထားရတယ်။  အလားတူ သဘောပဲ အခု ရန်ကုန်စည်ပင်ရွေးကောက်ပွဲကလည်း မြို့တော်နေ ပြည်သူတွေ ဆန္ဒမဲတွေ ပေးကြရပေမဲ့ အာဏာ အရှိဆုံး ခေါင်သူကြီး နေရာအတွက်တော့ ဘာမှမတတ်နိုင် ဖြစ်နေရတဲ့ အနှစ်သာရမဲ့ အနေအထားသာ ဖြစ်တယ်။

နိဂုံးချုပ်ရရင် (၂၀၀၈) ဖွဲ့စည်းပုံ မှာ တပ်မတော် ခေါင်းဆောင် တယောက်တည်းက စစ်သား အမတ် (၁၆၆) ဦး နဲ့ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးဝန်ကြီးဌာန ဝန်ကြီးများကို စိတ်ကြိုက် ခန့်နိုင်၊ ဖြုတ်နိုင်၊ ပြောင်းလဲ နိုင်သလိုမျိုးဘဲ ဒီမိုကရေစီ မဆန်ဆုံး ထိပ်ကပိတ် ထိန်းချုပ်မှုနဲ့ ရန်ကုန်မြို့တော် ပြုပြင်ပြောင်းလဲရေး အမည်ခံ အမှု ပြီးခဲ့တဲ့ ဒီဇင်ဘာလ အကုန်က မြို့နေလူထု အခွန်ငွေတွေ ဖြုန်းရင်း စခဲ့ပါတယ်။  ဒါပေမဲ့ အစဉ်အဆက် အမြစ်တွယ် ကြီးစိုးလာခဲ့ရာ အထက်က အောက် အမိန့် စီးဆင်း တသွေမတိမ်း နာခံစေမှု အကျင့်၊ အပေါ်ယံ ဟန်ပြကြည့်ကောင်းရေး ပတ်တီးရိုက် အစီအမံများနဲ့ မြို့တော် ပြုပြင်ပြောင်းလဲရေးဟာ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးလိုပဲ နှေးကွေးလေးကန် နေမြဲနေဦးမှာပါ။ စီမံကိန်း လုပ် ကိုင်ခွင့်တွေမှာ လက်သင့်ရာ စားတော်ခေါ် နီးစပ်ရာ ဦးရာလူ၊ ပေါင်းစားဖက် ဦးပိုင်လူ အစိုးရနဲ့ အပေါင်းအပါ တသိုက်သာ ပစား နေရာရနေဦးမှာပါ။  တိုင်းပြည်မှာ ပြည်သူ့ဆန္ဒမပါ အလိုအလျောက် နေရယူခွင့် ရှိနေတဲ့ မိုးကျရွှေကိုယ် စနစ် အလုံးစုံမပျောက်သရွေ့ အခြေခံသဘောမပြောင်း၊ “လူမှန် နေရာမှန် အလုပ်မှန်” မဖြစ်မှုများနဲ့အတူ မြို့တော် ဖွံ့ဖြိုး တိုးတက်၊ မြို့နေလူသာမန်အများ လူတမ်းစေ့ရေးဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အိပ်မက်နဲ့ အတူ (၂၀၁၅) အလွန်ထိ အလှမ်း ဝေးမြဲ ဝေးနေဦးမည် ဖြစ်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၀၊ ၂၀၁၄ (မူလ စာပြီးရက်စွဲ)

(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

ခေါင်းစီးဒီဇိုင်း မူရင်း ဓာတ်ပုံ -  Fighter jets fly overhead at the parade to mark Burma’s 1945 uprising against Japanese occupation. Photograph: Ye Aung Thu/AFP/Getty Images.  Non Commercial Use ONLY.