ကျော်မောင်(တိုင်းတာရေး) - အသုံးကျရဲ့လား .... စာအုပ်အဖုံး ဖုံးခြင်း


ကျော်မောင်(တိုင်းတာရေး) - အသုံးကျရဲ့လား .... စာအုပ်အဖုံး ဖုံးခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၅

ကြုံခဲ့ရတာလေး ပြန်အောက်မေ့မိတယ်။ တနေ့တော့ အတန်းပိုင်ဆရာမက မှာလိုက်တယ်၊ မနက်ဖြန် စာအုပ်တွေ အဖုံး ဖုံးလာပါ။ အဖုံး ဖုံးထားတာပဲ မြင်ချင်ပါတယ်တဲ့။ အိမ်ပြန်ရောက် ကျောင်းလွယ်အိတ်ကြီး ထိုင်ခုံပေါ် ဘုတ်ခနဲချ။ အိမ်တအိမ်လုံးကို တခုသော အကြည့်ဖြင့်ကြည့်၊ အဖုံး ဖုံးလို့ရတဲ့ စာရွက်ထူထူ ကောင်းကောင်းတွေ ဘယ်မှာရှိလည်း ဆိုပြီး။ တိုင်းမ်း တို့ နယူးစ်ဝခ် တို့လို မဂ္ဂဇင်းဟောင်းတွေဟာ အဖုံးဖုံးလို့ အတော်ကောင်းတဲ့ စာရွက်တွေရှိတဲ့ မဂ္ဂဇင်းတွေပါ။ အတန်းငယ်တော့ အဲဒီတွေမှာပါတဲ့ အင်္ဂလိပ်စာဆောင်းပါးတွေ အကုန် မဖတ်နိုင်ပါ၊ တချို့သာ နည်းနည်းပါးပါး ဖတ်နိုင်ပါတယ်။ အဟောင်းတွေရှာပြီး အဖုံးအဖြစ်သုံးပါတယ်။ တချို့တလေကို ပြက္ခဒိန်အဟောင်းက စာရွက်တွေနဲ့ ဖုံးပါတယ်။ အဖုံးမလောက်ခဲ့ရင် စာရွက်ထူထူထဲထဲ ရှိတာ လိုက်ရှာပြီး အဖုံးအဖြစ်သုံးပါတယ်။ တညလုံး စာအုပ်ဖုံးတာနဲ့ အချိန်ကုန်ပါတယ်။ အဖုံးဖုံးပြီးသား စာအုပ်တွေကို လွယ်အိပ်ထဲ သပ်သပ်ရပ်ရပ်ထည့်ထားပြီး အိပ်ပါတော့တယ်။

မနက် ကျောင်းတက်၊ ဆရာမကို ဖုံးထားတဲ့ စာအုပ်တွေပြ၊ စာသင်နှစ်တနှစ်လုံး အဖုံးရှိလို့ စာအုပ်မနာပါ။
ပြန်တွက်ကြည့်တယ်။ စာအုပ်ဘယ်နှစ်အုပ်လောက် ဖုံးခဲ့ရသလဲ။ ဆိုပါစို့၊ န၀မတန်းမှာဆိုရင် ဘာသာရပ်က ခြောက်ဘာသာရှိတယ်။ မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ပထ၀ီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ လို့ ဆိုပြီး ခြောက်ဘာသာ ရှိတယ်။ မြန်မာမှာ မြန်မာသဒ္ဒါ က သက်သက်တအုပ်၊ မြန်မာစကားပြေ (ဇာတက) က တအုပ်၊ မြန်မာကဗျာက တအုပ်၊ မြန်မာစာမှာ ချည်းပဲ သုံးအုပ်ရှိပါပြီ။ တချို့သော ကျောင်းတွေမှာတော့ စာစီစာကုံး ရေးဖို့ တအုပ်သက်သက် ထားခိုင်းတာကို ရပ်ကွက်ထဲ ဘောလုံးကန်ဖက် အတန်းတူ သူငယ်ချင်းတယောက်ပြောတာ ကြားဖူးပါတယ်။ သင်ခဲ့ရတဲ့ ကျောင်းမှာ သဒ္ဒါဆရာမက စာစီစာကုံးစာအုပ်အဖြစ် သီးသန့် မထားခိုင်းဘဲ သဒ္ဒါလေ့ကျင့်ခန်းစာအုပ်ကို အလယ်တည့်တည့်က စပြီးရေးခိုင်းပါတယ်။ သူပဲ သဒ္ဒါသင်၊ သူပဲ စာစီစာကုံးသင်တာ ဆိုတော့ အဆင်ပြေပါတယ်။ ဖတ်စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ်(မှတ်စုစာအုပ်) ရှိတော့ ခြောက်အုပ်ဖြစ်သွားပါပြီ။ ဘာသာရပ်သင် ဆရာလည်း သုံးယောက်ရှိပါတယ်။ သဒ္ဒါဆရာ (သဒ္ဒါ၊ စာစီစာကုံး) က သက်သက်၊ စကားပြေက သက်သက်၊ ကဗျာက သက်သက် ဖြစ်ပါတယ်။ သူ့အချိန် သူဝင်သင်၊ ဆိုင်ရာ ဆရာမ လာရင် ဆိုင်ရာ စာအုပ်တွေ လွယ်အိတ်ထဲက ထုတ်ပါတယ်။ အဲဒီတုန်းက ကျောပိုးအိတ်တွေ ပေါ်စပြုနေပေမယ့် လွယ်အိတ်သာ အသုံးများကြပါတယ်။

အင်္ဂလိပ်စာမှာတော့ လေ့ကျင့်ခန်းစာအုပ်က နှစ်အုပ်ပဲ ရှိပါတယ်။ သဒ္ဒါ နဲ့ သင်ရိုးပြဌာန်း စာအုပ် အတွက်ပါ။ တချို့ ဆရာ၊ဆရာမတွေကတော့ သတ်ပုံစာအုပ်ဆိုပြီး တသီးတခြား တအုပ်ထားခိုင်းတာလည်း ရှိပါတယ်။ ဒီ န၀မတန်းမှာ အင်္ဂလိပ်အတွက် လေ့ကျင့်ခန်း နှစ်အုပ်ယူပါတယ်။ ဖတ်စာအုပ်က တအုပ်တည်း၊ လေ့ကျင့်ခန်းစာအုပ်က နှစ်အုပ်၊ ဒီတော့ သုံးအုပ်ပါ။ သင်တာက တယောက်တည်းက သင်တာပါ။ သချာင်္မှာ ထူးခြားတာက ဖတ်စာအုပ်က တအုပ်တည်းပါ။ (မှတ်ချက်။  ။နောက်ပိုင်းတော့ ဖတ်စာအုပ်ကို နှစ်အုပ်ခွဲတာ တွေ့ရပါတယ်)။ သူ့ကို နှစ်ပိုင်းခွဲထားတယ်။ ရိုးရုိးသခ်ာၤနဲ႔ ဂ်ီၾသေမႀတီသခ်ာၤ။ သင်တဲ့ ဆရာလည်း နှစ်ယောက်ခွဲပါတယ်။ သုံးအုပ်ဖြစ်သွားပေါ့။ မှတ်မိပါသေးတယ် သချာင်္(၂) ဆိုပြီး ခေါ်ပုံလေးတွေပါ။  ဂျီသြမေတြီသချာင်္ကို ခေါ်တာပါ။ မြန်မာလို သချာင်္နှစ်လို့ မသုံးဘဲ သချာင်္တူးလို့ သုံးပါတယ်။ သင်တဲ့ ဆရာ၊ဆရာမလည်း သချာင်္တူး ဆရာ၊ သချာင်္တူးဆရာမလို့ တွင်ပါတယ်။ သချာင်္ရိုးရိုးသင်တဲ့ ဆရာ၊ဆရာမကိုတော့ သချာင်္ဆရာ၊ သချာင်္ဆရာမလို့ပဲ ခေါ်ပါတယ်။

မြန်မာစာမှာလည်း သဒ္ဒါဆရာ၊ စကားပြေဆရာ၊ ကဗျာဆရာဆိုပြီး ခေါ်လေ့ရှိပါတယ်။ ဟေ့ ... ကဗျာဆရာ လာပြီဆိုရင် ကဗျာ ဖတ်စာအုပ်ဆွဲထုတ်ဖို့ပဲ စဉ်းစားမိခဲ့ပါတယ်။ သင်တဲ့ဆရာက အသက်ကြီးတဲ့ ဆရာကြီး၊ ဆရာမကြီး ဆိုရင် ဟေ့ ... ကဗျာဆရာကြီး လာပြီ၊ ကဗျာဆရာမကြီးလာပြီလို့ အတန်းကို နှိုးဆော်ရပါတယ်။ ကဗျာဆရာ၊ ကဗျာဆရာမ အခေါ်အဝေါ်ရဲ့ နောက်တမျိုး အဓိပ္ပါယ်ကို မစဉ်းစားခဲ့ပါ။ ကဗျာတွေ သင်တဲ့ ဆရာမို့လို့ ကဗျာဆရာလို့ခေါ်သည်ပေါ့။ ကဗျာရေးသူကိုလည်း ကဗျာဆရာလို့ ခေါ်ကြောင်း၊ ကျောင်းမှာ ခေါ်နေတာနဲ့ ခေါ်ပုံတူနေကြောင်း တွေးခဲ့မိသင့်ပါတယ်။ ကဗျာသင်တဲ့ ဆရာ၊ဆရာမတွေဟာ ကျောင်းသူ ကျောင်းသားတွေကို ကဗျာစပ်သူတွေ ကဗျာ့ဥာဏ်ကွန်းမြူးသူတွေ ဖြစ်လာဖို့ သင်ကြားပေးတဲ့ ဆရာတွေပါ။ ကဗျာဆရာတွေကြောင့် ကဗျာဆရာတွေ ဖြစ်လာတယ်ပေါ့။ သင်ပေးတဲ့ ကဗျာဆရာကြောင့် ရေးစပ်တဲ့ ကဗျာဆရာတွေ ဖြစ်လာတယ်လို့ ဆိုချင်တာပါ။ ကဗျာသင်တဲ့ ဆရာတွေဟာ သူတို့ကိုယ်တိုင်လည်း ကဗျာရေးသူ ကဗျာဆရာတွေ ဖြစ်လေ့ရှိပါတယ်။ အခုထက်ထိ ကြုံရင် ကြုံသလို မူလတန်း၊အလယ်တန်း၊ အထက်တန်းမှာ သင်ခဲ့ရတဲ့ ကဗျာတွေ ပြန်ပြန်တွေးပြီး အသံနေ အသံထားနဲ့ ပြန်ရွတ်ရွတ်ကြည့်ပါတယ်။ အဲဒီ ကဗျာဖတ်စာအုပ်လေးတွေ စုထားဖူးပါတယ်။ အားတိုင်း ပြန်လှန်၊ ပြန်ဖတ် လုပ်ကြည့်ဖူးပါတယ်။ အင်တာနက်မှာ ပြန်ရှာတွေ့တဲ့ ကဗျာဖတ်စာအုပ်တွေထဲက ကဗျာတွေ ပြန်ဖတ်ကြည့်ရင်း မြန်မာ့စာပေ တိုးတက်မှုကို ဂုဏ်ယူမိပါတယ်။ ကဗျာတွေက ပုဂံခေတ်က ကဗျာ၊ အင်းဝခေတ်က ကဗျာ စသည်ဖြင့် ရှိတာဖြစ်ပါတယ်။

ဒီတော့ မြန်မာ၊အင်္ဂလိပ်၊သချာင်္ ဘာသာတွေနဲ့တင် ဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်ပေါင်း (၁၂) အုပ်ရှိသွားပါတယ်။

ပထ၀ီဝင်မှာ မြန်မာ့ပထ၀ီဝင်နဲ့ ကမ္ဘာ့ပထ၀ီဝင် ဆိုပြီး ခွဲသလို သမိုင်းမှာလည်း မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်း ဆိုပြီး ခွဲပါတယ်။ လေ့ကျင့်ခန်းစာအုပ်တွေနဲ့ဆို (၈) အုပ်ဖြစ်ပါတယ်။ မြန်မာ့ပထ၀ီဝင်မှာ မြန်မာနိုင်ငံမြေပုံ အတော်များများဆွဲခဲ့ရတာ အမှတ်ရပါတယ်။ တခြားနိုင်ငံတွေက ကျောင်းတွေမှာ နိုင်ငံ့မြေပုံဆွဲနည်း မသင်ပေးပါ။ ဆွဲဖို့ မလိုလို့ဟု ပြောကြပါတယ်။ အခုအထိ ကိုယ့်နိုင်ငံမြေပုံကို ငယ်ငယ်တုန်းက သင်ခဲ့တဲ့အတိုင်း စနစ်တကျ ဆွဲတတ်ဆဲပါ။ သင်ပေးတဲ့ ဆရာ၊ဆရာမတွေ ဦးလေးတွေရဲ့ ကျေးဇူးပေါ့။ တလောက အထက်တန်းပြ အင်္ဂလိပ်ဘာသာသင် ဆရာမဖြစ်တဲ့ ညီမ၀မ်းကွဲတယောက်ကို မြန်မာနိုင်ငံမြေပုံဆွဲနည်း ဆိုတာ ပဉ္စမတန်း (Grade 6) ရဲ့ ပထ၀ီဝင်မှာ ပါသေးလား ကြည့်ပေးပါလို့ ပြောလိုက်တော့ သူက ကလေးတယောက်ရဲ့ ဖတ်စာအုပ်ခဏတောင်းပြီး ဓါတ်ပုံရိုက်ကာ အင်တာနက်ကတဆင့် ပို့ပေးပါတယ်။ ဟိုးတုန်းက အတိုင်း စာသားတွေ ရေးဆွဲနည်းတွေက မပြောင်းလဲသေးပါ။

ပြီးတော့ အထွေထွေ သိပ္ပံတဲ့။ ဖတ်စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ် ပေါင်း (၂) အုပ်သာရှိပါတယ်။ ဘာသာရပ်တွေထဲမှာ လေ့ကျင့်ခန်းစာအုပ် အနည်းဆုံးရှိတဲ့ ဘာသာဖြစ်ပေမဲ့ အခက်ဆုံးဘာသာလည်း ဖြစ်လေ့ရှိပါတယ်။

ဘာသာရပ်အားလုံးပေါင်း ဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ် စုစုပေါင်းဆိုရင် (၂၂) အုပ်ဖြစ်ပါတယ်။ ဒီ(၂၂) အုပ်သော စာအုပ်တွေကို အဖုံးဖုံးရတာ အတော်မလွယ်လှပါ။ အဖုံး ဖုံးဖို့ စာရွက်ထူထူ ချောချောတွေရှာရပါတယ်။ ပုံလှလှပါတဲ့ စာရွက်တွေ ရွေးထုတ်ထားရပါတယ်။ ကတ်ကြေးလည်း ရှာထားရပါတယ်။ စာအုပ်တွေကိုလည်း ဆိုင်ရာ ဘာသာရပ်အလိုက်ပုံထားရပါတယ်။ ရပြီဆိုရင် အဖုံးဖုံး ကျွမ်းကျင်သူကို တလေးတစားခေါ်ရပါတယ်။ ဦးလေး အငယ်ဆုံးဖြစ်ပါတယ်။ သူက ဂီတာလည်းတီး၊ ပန်းချီလည်း နည်းနည်းပါးပါးရတဲ့ အနုပညာအမြင်မှာ တခြားအိမ်သားတွေထက် အနည်းငယ် ပိုရှိတဲ့ တယောက်ဖြစ်ပါတယ်။ စာအုပ်ဖုံးတာကို ဟိုး ငယ်ငယ်လေးတုန်းကတည်းက သူက သေသေချာချာပြဖူးပါတယ်။ ဒါပေမယ့် သူဖုံးတာက အတော်လေးသပ်သပ်ရပ်ရပ်ဖြစ်တော့ သူအားတဲ့အချိန်၊ သူ ဂစ်တာမတီးခင် အချိန်လို့ပြောရင် ပိုမှန်ပါတယ်၊ တီးနေပြီ ဆိုမှတော့ ဘယ်လို ပြောပြော နောက်နေ့မှ ဖုံးပေးမယ် ပြောတဲ့သူပါ။ ဂီတာတီးတီးချင်း လမိုင်းကပ်တာမြန်တဲ့သူဖြစ်ပါတယ်။ အဲဒီတော့ ညပိုင်းမှာ သူဂီတာမတီးခင် ချောဆွဲရပါတယ်။

ကိုယ့်ဘာသာကိုယ် ကြိုးစားဖုံးကွာလို့ အပြောကို ဦးလေးဖုံးတာ ကျောင်းက ဆရာမတွေ သဘောကျတယ်လို့ ပြောရင် ဟာ ဟုတ်ရဲ့လားကွာ ဆိုပြီး ပြုံးပြုံး  ပြုံးပြုံးနဲ့ စာအုပ်တွေ ယူဖုံးပါတော့တယ်။

သူက အဲဒီအချိန်မှာ အသက် အစိတ်လောက်ရှိပါပြီ။ အသက်(၃၄)နှစ်လောက်ရှိတော့ ဘန်ကောက်မှာ အိပ်နေရင်း ဆုံးပါတယ်။ မိသားစုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဂီတာသင်ပေးတဲ့ လက်ဦးဆရာပါပဲ။ ကိုတိုးကြီးလို့ခေါ်တဲ့ အဆိုတော် ခင်မောင်တိုး သီချင်းတွေ အခုထိ နားထောင်ဖြစ်တာသူကြောင့်ပါပဲ၊ ဂီတာနဲ့ သူ စသင်ပေးတဲ့ သီချင်းက "နှင်းဆီပန်သူ" ဖြစ်နေလို့ပါပဲ။ အဲဒီ န၀မတန်းမှာပါပဲ။ သူ ၀တ္ထုတအုပ် အိမ်ကို ယူလာတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရေးတဲ့ စာအုပ်ပါ။ သူလည်း ဖတ်ပြီး စားပွဲပေါ်တင်ထားတာတွေ့၊ ကောက်ယူပြီးဖတ် ။ ၀တ္ထုပါ ဇာတ်လိုက်ကို သနားပြီး နင့်ကနဲဖြစ် ၊စိတ်ကလည်း မကောင်း၊  ဒါကို ပဲ စွဲသွားတယ်ပေါ့။ ဦးလေးက မသိဘူး။ သူ့တူ ဖတ်နေတာ။ သူ နောက်တအုပ်ယူလာတယ်၊ ဖတ်တာပါပဲ။ စကားပြောရင်း မောင်စိန်ဝင်း ၀တ္ထုတွေ အတော်ကောင်းတယ်ပြောတော့မှ သူသိပြီး လူကြီးတွေနဲ့ တိုင်ပင်တာ ကြားရပါတယ်။ လူပျိုပေါက်မှာ စိတ်ကစားပြီး လမ်းမှားရောက်မှာ စိုးရိမ်လို့ဖြစ်ပါတယ်။ လူကြီးတွေက ပြောပါတယ်။ မင်းလည်း သိတာပဲကွာ ဒီကောင်တွေ မဂ္ဂဇင်းတွေ စာစောင်တွေ ဖတ်နေကြပဲ။ တခြားလုံးချင်းစာအုပ်တွေလည်း ဖတ်နေတာပဲ။ ဒါတွေလည်း ဖတ်ပါစေ။ ဒီအချိန် ဖတ်သင့်နေပြီကွ။ ပြီးတော့ မောင်စိန်ဝင်း ၀တ္ထုတွေက ကဗျာတွေပါတယ်။ လမ်းမမှားအောင်တော့ ထိန်းပေးပေါ့ကွာလို့ ပြောပါတယ်။ မောင်စိန်ဝင်း ၀တ္ထုတွေကို ရုပ်ရှင်ရိုက်ကြ၊ မြန်မာ့ရုပ်မြင်သံကြားက ပြတဲ့အခါ ဒီက မူရင်းဝတ္ထုဖတ်ပြီးသားသူတွေက ဘာဖြစ်မယ်ဆိုတာ သိနေပါပြီ။ နောက်တော့ ဦးလေးတွေနဲ့ စကားပြောတဲ့အခါ အချစ်ဝတ္ထုဝေဖန်ရေးတွေ ပါလာပါတယ်။ ပြီးရင် အမြဲပြောလေ့ရှိပါတယ်။ ဟေ့ကောင်တွေ ရည်းစားမထားကြနဲ့နော် ၊ အေး တွဲသွားတာ တွေ့လို့ကတော့ကွာ ဆိုပြီး သတိပေးပါတယ်။

သူက စာအုပ်ဖုံးရင် မြန်လည်း မြန်ပါတယ်။ ဖုံးရမယ့် ဘာသာနဲ့ လိုက်ဖက်တဲ့ အဖုံးစာရွက်ကို ပထမရွေးထားရပါတယ်။ သမိုင်းဆိုရင် ရှေးဟောင်းအဆောက်အဦဓါတ်ပုံတွေ ပါတဲ့ စာရွက်တွေ၊ ပထ၀ီဆိုရင်လည်း ကမ္ဘာလုံးပုံတို့၊ နေ လ ကြယ်တွေ မြစ်ချောင်းအင်းအိုင်တွေ၊ မြေပုံတွေ ၊သိပ္ပံအတွက်ဆိုရင် တိုင်းတာတဲ့ ပစ္စည်းကိရိယာလေးတွေ၊ သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာနေတဲ့ပုံတွေ၊ အင်္ဂလိပ်စာအတွက်က အင်္ဂလိပ်စာ များများရေးထားတဲ့ စာရွက်တွေကို ရွေးပါတယ်။ ကျန်တဲ့ဘာသာတွေကို အဖုံးလုပ်မယ့်စာရွက်တွေနဲ့ သင့်ရာသင့်ရာတွဲလိုက်ပါတယ်။

စာအုပ်ဖုံးတဲ့အခါ ဖုံးရမယ့်စာအုပ်ကို အဖုံးစာရွက်ထဲ အရင် ထည့်၊ စာအုပ်ရဲ့ အလျားလိုက် နှစ်ဖက်ကို လက်နဲ့ဖိပြီး စာအုပ်ရဲ့အနားသတ်တွေ အတိုင်း လမ်းကြောင်းပေးလိုက်ပါတယ်။ ခေါက်ရိုးလေးနှစ်ဖက် ပေါ်သွားတာပေါ့။ တခါတည်း ခေါက်လိုက်ရပါတယ်။ စာအုပ်တွေမှာက သူတို့ရဲ့ ပင်ကိုယ်အဖုံးတွေ ရှိပါတယ်။ အဲဒီအဖုံးအတွင်းဖက်ကို အဖုံးစာရွက် ခေါက်ချလိုက်ရပါတယ်။ ခုနက လမ်းကြောင်းထားတဲ့ ခေါက်ရိုးလေးတွေ အတိုင်း ညီညီညာညာပေါ့။ ပြီးမှ အနံဖက်ကိုလည်း ခေါက်ရိုးလေးပေါ်အောင် လက်နဲ့ စာအုပ်ပေါ်ကို ဖိခေါက် ခေါက်ချရပါတယ်။ လမ်းကြောင်းလေး ပေါ်သွားပြီ ဆိုပေမယ့် အလျားလိုက်တုန်းကလို ခေါက်လို့မရသေးပါ။ သူက စာအုပ် အပေါ် အောက် အနှောင့်ဖက်နှစ်ဖက်က ပိုနေတဲ့ အဖုံးကို ကတ်ကြေးနဲ့ ကိုက်လိုက်ရပါတယ်။ ဒါမှ အတွင်းဖက်ကို ခေါက်လို့ရသွားပါတယ်။ ဒါဆို အားလုံးခေါက်ပြီးသွားတော့ အချောသတ်တဲ့အနေနဲ့ အစွန်းနားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လိုက်ဖိရပါတယ်။ ကျေနပ်ပြီဆိုရင်တော့ စာအုပ်တအုပ် အဖုံး ဖုံးတာ ပြီးသွားပြီပေါ့။

စာအုပ်အားလုံးဖုံးပြီးသွားရင် လွယ်အိတ်ထဲ မထည့်ခင် လုပ်စရာတခု ကျန်ပါသေးတယ်။ နာမည်၊ ဘာသာရပ်၊ အတန်း နဲ့ ကျောင်းနာမည် တွေကို အဖုံးပေါ်မှာ တတန်းစီ ရေးရတဲ့ အလုပ်ပါ။ လက်ရေးလှတဲ့သူ ရှာရပြန်ပါတယ်။ စာအုပ်ဖုံးပေးတဲ့ ပန်းချီဝါသနာရှင် ဦးလေးက စာအုပ်ပဲ ဖုံးပေးပါတယ်။ ကိုယ့်ဘာသာကိုယ်ပဲ ရေးကွာဆိုပြီး ပြောပါတယ်။ လက်ရေးမလှဘူးဗျ ဆိုတော့ လှတဲ့သူ ခေါ်လိုက်ဆိုပြီး ပြောကာ ကျန်တဲ့စာအုပ်တွေ ဆက်ဖုံးလေ့ရှိပါတယ်။ ဟိုလူ့ရေးခိုင်း ဒီလူ့ရေးခိုင်းနဲ့ စိတ်တိုင်းမကျတော့ ကိုယ်တိုင်ပဲ မလှလှအောင် ရေးရပါတော့တယ်။ စာအုပ်အဖုံးမှာ ရေးထားတဲ့လက်ရေးကို ကြည့်ပြီး စာအုပ်အတွင်းမှာ ရေးထားတာကို ခန့်မှန်းကြတာကိုး။ ဒါတွေ ပြီးသွားရင်တော့ စာသင်တဲ့ အချိန်ဇယားကြည့်ပြီး လွယ်အိတ်ထဲ စာအုပ်တွေ ထည့်ရတော့တာပေါ့။ အဖုံးလေး မပျက်အောင် မညစ်ပတ်အောင် သတိထားကိုင်တွယ်လို့ စာသင်နှစ် ပြီးတဲ့အထိ အဖုံးလဲရတာမျိုး သိပ်မရှိလှပါ။ စာသင်ခန်းထဲရောက်လို့ ဆရာမ အတန်းထဲဝင်လာတဲ့အခါ ဆိုင်ရာဘာသာရပ် ဖတ်စာအုပ်တွေ လေ့ကျင့်ခန်းစာအုပ်တွေ လွယ်အိတ်ထဲက ထုတ်ရတဲ့အခါ အဖုံးကြည့်ပြီး တန်းထုတ်နိုင်ပါတယ်။

အဖုံးလေးဖုံးထားတာ အတော်အသုံးဝင်ပါတယ်။ အခုလည်း ၀ယ်ထားတဲ့စာအုပ်တွေ အဖုံး ဖုံးထားပြီး ဖတ်ပါတယ်။ စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေကို တခါတလေမှာ အဖုံး ဖုံးပြီးမှ ဖတ်ပါတယ်။ ပြန်အပ်တော့မှ အဖုံးပြန်ခွာပြီး ပြန်အပ်ပါတယ်။ ကျောင်းတက်တုန်းက အတန်းထဲမှာ ဘာသာရပ်သင် ဆရာ မလာခင် ကြိုထုတ်ထားတဲ့ စာအုပ်တွေရဲ့ အဖုံးတွေမှာပါတဲ့ စာတွေ လိုက်ဖတ်ပါတယ်။ တခါတော့ ဖတ်ရတဲ့ ဆောင်းပါးကြိုက်လွန်းလို့ အိမ်ပြန်ရောက်တဲ့အခါ ပြန်ခွာပြီး တခြားစာရွက်နဲ့ ပြန်ဖုံးပါတယ်။ ခွာထားတဲ့ စာရွက်ကို အဲဒီကြမှ ကျကျနနထိုင်ဖတ်ပါတယ်။ တချို့စာတွေ ကတ်ကြေးညှပ်လိုက်တဲ့ အပိုင်းထဲရောက်သွားရင် ၀မ်းနည်းမဆုံးပါ။ ဒါနဲ့ နောက်ပိုင်းရောက်တဲ့အခါ စာအုပ်ဖုံးတော့မယ်ဆိုရင် ဖုံးမယ့်စာရွက်တွေကို အရင်ဖတ်တယ့် အလေ့အကျင့် လုပ်ထားလိုက်ပါတယ်။

တချို့က ဒီလို စောဒကတက်ပါတယ်။ မူရင်းအဖုံးလှတဲ့ စာအုပ်ကို အဖုံးနဲ့ထပ်အုပ်တော့ မူရင်းအဖုံးလေး နှမြောစရာတဲ့။ အဲဒီလို နှမြောစရာကောင်းလောက်အောင် လှပတဲ့အဖုံးဆိုရင်တော့ အဖုံးမဖုံးပါ။ ဖုံးခဲ့ရင်လည်း အဲဒီမူရင်းအဖုံးလေး ပေကျံညစ်ပတ်သွားမှာ စိုးလို့ပါလို့ ချေပပါတယ်။

အဖုံးမဖုံးသေးပါက အဖုံး ဖုံးနိုင်ရင် အကောင်းဆုံးပါ။ တကယ် အကျိုးရှိတာ တွေ့ရပါလိမ့်မယ်။ အင်တာနက်ကနေ စာတွေ ကဗျာတွေ ကွန်ပျူတာတို့ လက်ကိုင်ဖုန်းတို့သုံးပြီး ဖတ်နိုင်နေကြပြီ ဆိုပေမယ့် ပုံနှိပ်စာအုပ်စာပေတွေ၊ ပုံနှိပ်မဂ္ဂဇင်းတွေကို ဆက်လက်အားပေးနေသူတွေ မနည်းပါ။ ကျောင်းတွေမှာလည်း ကွန်ပျူတာ အင်တာနက်သုံးပြီး သင်တာတွေ အနည်းငယ်လောက်ပဲ တွေ့ရပါသေးတယ်။ အဖုံး ကောင်းကောင်း ဖုံးထားတဲ့ စာအုပ်တွေရဲ့ အတွင်းထဲက စာသားတွေက အဖုံးထက် ပိုမိုအရေးပါပါတယ်။ စာသားတချို့က ခေတ်နဲ့ညီစွာ ပြောင်းဖို့သင့်ပေမယ့် တန်ဖိုးရှိတဲ့ သိသင့်သိထိုက်တဲ့ စာတွေကို မဖယ်ထုတ်မိလိုက်စေဖို့လည်း အရေးကြီးပါတယ်။

ခေတ်ကပြောင်းနေပါပြီ။ အတွေးအခေါ်တွေလည်း ကောင်းဖို့လိုပါတယ်။ စာအုပ်ဆိုရင် အဖုံးလှလှလေးနဲ့မှ ပနံရမှာ ဧကန်ပါ။ ။

ကျော်မောင်(တိုင်းတာရေး)

၃၁-ဇန်န၀ါရီ-၂၀၁၅