မောင်သာမန် - မြန်မာသင်္ဘောသားလောက ၂၀၁၅



မောင်သာမန် - မြန်မာသင်္ဘောသားလောက ၂၀၁၅
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၅

စင်ကာပူပင်လယ်ပြင်ရှိ သင်္ဘောစက်ပြင်လုပ်ငန်းလုပ်ကိုင်သော ကိုလွန်းလွန်း၊  ယနေ့  တန်၂၀၀၀ ဘန်ကာသင်္ဘော၊ သင်္ဘောများကို၊ လောင်စာဆီ လိုက်ရောင်းချနေသော သင်္ဘောငယ်သို့၊ စက်ပြင်ကိစ္စနှင့် ရောက်သွားသည်။ ခိုင်လုံးရွှေ သင်္ဘောဖြစ်သည်။ တနည်းအားဖြင့် ကပ္ပတိန်ကအစ၊ အောက်ဆုံးအထိ သင်္ဘောသား ၂၀ဦးစလုံး မြန်မာများဖြစ်သည် ဆိုလျှင် ခိုင်လုံးရွှေ ဟုခေါ်ကြသည်။ ကပ္ပတိန်က ဒေါ်လာ ၆ထောင်ခန့် လစာရပြီး၊ အောက်ဆုံးအဆင့်က ဒေါ်လာတစ်ထောင်ခန့်ရသည်။ စာဖိုမှုးလဲ မြန်မာဖြစ်သောကြောင့် စင်ကာပူ ပင်နီစူလာပလာစာမှ မြန်မာစားသောက်ဖွယ်များ အလှည့်ကျ ဝယ်ပေးရသည်။ ငပိ၊ ဘလချောင်ကြော်များ ဖြင့် စားသောက်ရမှ အလုပ်ပိုလုပ်နိုင်ပါမည်။ 

ကမ္ဘာ့ဘော်လုံးပြိုင်ပွဲဝင်၊ အသင်းသားများအတွက် အဓိက နံပါတ်(၁)မှာ အစားအသောက်ဖြစ်ပြီး၊ မိမိနိုင်ငံမှ အကောင်းဆုံးစာဖိုမှုး၊ အကောင်းဆုံး ဆန်၊ဆီ၊ဒေသစားစရာများကိုပါ တန်ချိန်များစွာ ယူသွားရသည်ဟု ဆိုသည်။ သင်္ဘောသားများလည်း ခိုင်လုံးရွှေ သင်္ဘောဆိုပါက မြန်မာစားဖိုမှုး ဖြစ်သော်လည်း။ မြန်မာစားစရာရောင်းချသောဆိုင် စင်ကာပူတွင်ရှာရခတ်သည်။ စားကောင်းပြီး၊ ကောင်းကောင်းအိပ်ရဖို့ လိုပြန်သည်။ ပိုက်ဆံအတွက် သင်္ဘောသား လာလုပ်ရသော်လည်း၊ ငယ်စဉ်တက္ကသိုလ်ကျောင်းဆောင် နေစဉ်က၊ ကိုယ့်ငပိကြော်လေးကို ဖွက်ပြီး၊ ထမင်းနှင့်စားနေရသူ တကိုယ်ကောင်းသမား တွေ့ဖူးသော်လည်း၊ သင်္ဘောသားလောကတွင် ထိုသို့တကိုယ်ကောင်းသမား လုံးဝမတွေ့ဖူးပါ။ 

သင်္ဘောသားများ အချင်းချင်းအလွန် အစားအသောက်တွင် ခင်မင်ရင်းနှီး၊ ကိုယ့်ရှိတာ ဝိုင်းစား၊ မရှိရင် စာဖိုမှုးချက်ကျွေးတာပဲ စားသောက်ကြသည်။ တစ်လ ဒေါ်လာ ၆ထောင်ရသော ကပ္ပတိန်ကြီးကိုလည်း လဘက်ရည်ဖျော်တိုက်မဲ့လူ မရှိ၊ ကိုယ့်ဖာသာဖျော်သောက်၊ ခူးခတ်စားသောက်ရသည်။ သို့သော်လည်း တခါတရံရောက်လာသော ကျနော်တို့ကိုမူကား အားလုံးက ဝမ်းသာအားရ ခူးခတ်ကျွေးမွေးကြသည်။ သင်္ဘောပေါ် တက်လာသောသူများမှာ ကူညီဖို့လာသူများသာဖြစ်သည်။ မြန်မာပြည်ရောက်သော နိုင်ငံခြားသင်္ဘောသားများအဆိုအရ မြန်မာ့ပင်လယ်ပြင်တွင် ရပ်နားထားသောသင်္ဘောပေါ်တက်လာသည့် မြန်မာများမှာ လောင်စာဆီထည့်ဖို့ ပုံးကြီးများပါလာသည်။ ပိုက်ဆံတောင်းလို့မရတော့ သင်္ဘောမှာရှိတဲ့ လောင်စာဆီပဲ တောင်းပြီး ပြန်သွားကြသည်ဟု ဆိုသည်။ ယခင် ၂၀၁၁ မတိုင်မီကဖြစ်သည်။
 မြန်မာသင်္ဘောသားများအကြောင်း အနည်းငယ် ရေးလိုပါသည်။ 
.
တကယ်တော့ မြန်မာအများစု သင်္ဘောသား လုပ်ငန်း၊ နိုင်ငံတကာတွင် လုပ်ကိုင်နေသည်မှာ ရေကြောင်းသိပ္ပံကျောင်းဆင်းများ မဟုတ်ပါ။ ရိုးရိုး အင်ဂျင်နီယာ၊ သင်္ဘောသားများဖြစ်သည်။ the Voice သတင်းစာ ၂၉ ဇန္နဝါရီ ၂၀၁၅ အရ နိုင်ငံတကာ၊ ပင်လယ်ကူးသင်္ဘောလိုင်းများအတွက် မှတ်ပုံတင် စီဒီစီလက်မှတ်ရထားသူ ၉၆၀၀၀ ရှိသည်။ ၆သောင်းကျော် အလုပ်လုပ်နေပြီး၊ ၃သောင်းကျော်မှာ အလုပ်စောင့်နေကြသည်ဟု ဆိုသည်။ သင်္ဘောသားများမှာ အများအားဖြင့် တစ်နှစ်လုပ်၊ ၃လနား စသဖြင့် လုပ်ကိုင်ကြသူများသည်။ (မှတ်ချက်။   မြန်မာသင်္ဘေားအမြောက်အများ စင်ကာပူ၊ ဟောင်ကောင်၊ တိုင်ဝမ်း သင်္ဘောကုမ္ပဏီအငယ်များတွင် စီဒီစီ လက်မှတ်မရှိပဲ သို့မဟုတ် လက်မှတ်အတုဖြင့် လုပ်ကိုင်နေသူများစွာ ရှိနေဆဲဖြစ်သည်။ လစာမကောင်း ဆိုသော်လည်း စားရိတ်ငြိမ်း တစ်လ ဒေါ်လာတစ်ထောင်ခန့်မှာ အလုပ်လက်မဲ မြန်မာလူငယ်များအတွက် မက်မောစရာ ဖြစ်နေပါသည်)။ 
.
ယခု မြန်မာသင်္ဘောသားများကို နိုင်ငံတကာသို့ အလုပ်ကိုင်ရှာပေးရန် မြန်မာ့သင်္ဘောသားအလုပ်ကိုင်ရှာဖွေရေးအဖွဲ့က ကူညီလုပ်ဆောင်ပေးသော်လည်း၊ အမှန်တကယ်မှာ သင်္ဘောသားများ ကိုယ်တိုင် အားထုတ်ခြင်းဖြစ်သည်။ သင်္ဘောသားရုံးက မှတ်ပုံတင်ကြေးကောက်ခြင်း၊ သင်တန်းကြေးကောက်ခြင်း၊ သင်္ဘောသားအခွင့်အရေးများ တောင်းဆိုပေးခြင်း .. တို့ကို လုပ်ပေးပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာအမျိုးသားများအတွက် သင်္ဘောသားလုပ်ငန်းသည် လစာကောင်းသော်လည်း အလွန်ကြမ်းတမ်းသော လုပ်ငန်းဖြစ်သည်။ မြန်မာစကားပုံး ယောင်္ကျားဖောင်စီး၊ မိန်းမမီးနေ .. အတိုင်း ဖောင်စီးခြင်းမှာ သင်္ဘောသားအလုပ်ပင်ဖြစ်သည်။ သင်္ဘောသားနှင့်စစ်သား ၂မျိုးသည် ရှေ့တန်းသို့ ထွက်ခွာချိန်တွင် နေ့ည၊ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်မရှိတော့ပါ။ အချိန်ပြည် အလုပ်ထဲမှာပဲ နေထိုင်၊ စားသောက်ရသည်။ အမျိုးသမီးများလည်း မရှိ၊ အားလုံး အမျိုးသားချည်းဖြစ်သောကြောင့် အလုပ်ကြမ်းသလို၊ စကားပြောကြမ်းသည်၊ ပင်ပမ်းခက်ခဲသည်။ ထိုအလုပ်မျိုးကိုပင် မြန်မာပြည်တွင်း တွင်လုပ်ကိုင်ဖို့ လစာ၊ အခွင့်လမ်း နည်းပါးလှပါသည်။ ပြည်တွင်း ကမ်းရိုးတန်းသွား သင်္ဘောများ၊ မြစ်တွင်းသွားသော သင်္ဘောသား လုပ်ငန်းများမှာ မက်လောက်စရာ လစာမရှိသလို၊ နည်းပညာလည်း အလွန်နိုမ့်ကျသဖြင့် ပြည်တွင်းသင်္ဘောသားအလုပ်မှာ ပညာမတတ်သူများအတွက်သာ ဖြစ်နေပါသည်။ 
.
ဘော်လုံးပြိုင်ပွဲ အိမ်ကွင်း၊ အဝေးကွင်း
အိမ်ကွင်း၊ အဝေးကွင်း ဟုပြောလျှင် မြန်မာများ ပိုပြီးနားလည်ကြပါမည်။ သင်္ဘောသားလုပ်ငန်း ပြည်တွင်းအလုပ်အကိုင်များမှာ ပညာမတတ်သူများအတွက် ဖြစ်နေပါသည်။ ပင်လယ်ကူးသင်္ဘောလိုင်း သင်္ဘောသားအလုပ်ကိုင်များက လစာကောင်းသည်။ အစားသောက်ကောင်းသည်။ အလုပ်သမားအခွင့်ရေး အပြည့်အဝရှိသည်။ ထို့ကြောင့် မြန်မာများသည် အိမ်ကွင်းကို မကန်တော့ပဲ၊ အဝေးကွင်း ပင်လယ်ကူးသင်္ဘောသား အလုပ်ကို ခုန်ပျံကျော်လွှား လုပ်ကိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀ကျော်နေပြီ ဖြစ်သည်။ ဘော်လုံးကစားနည်းအရ အိမ်ကွင်းမှာ အနိုင်ကစားနိုင်မှ၊ အဝေးကွင်းတွင် တော်ကာကျမည်ဖြစ်သည်။ သို့သော် သင်္ဘောသားလောကတွင် အိမ်ကွင်းမှာ ကန်စရာမလိုပဲ၊ အဝေးကွင်းသို့ တိုက်ရိုက်သွားရောက် လုပ်ကိုင်နေသော မြန်မာသင်္ဘောသားများအား အလွန်ချီးကျူးလေးစားရမည်ဖြစ်ပါသည်။ 
.
အိမ်ကွင်းလုံးဝ မရှိဘူးလားမေးလျှင် ရှိပါသည်ဟု ဖြေရပါမည်။ 
- မြန်မာရေကြောင်းသိပ္ပံ
- မြန်မာကြယ်ငါးပွင့်သင်္ဘောလိုင်း
- မြန်မာပြည်တွင်းရေကြောင်းကော်ပိုရေးရှင်းမှ သင်္ဘောများ
- မြန်မာရေတပ်မတော်
- မြန်မာအစိုးရသင်္ဘောကျင်း (ဆင်မလိုက်)၊ 
- သင်္ဘောသားမှတ်ပုံတင်ရုံး အက်အီးစီဒီ .
. အင်ဂျင်နီယာ၊ သက်မွေးကျောင်း၊ တက္ကသိုလ်များ ..စသည်တို့ဖြစ်ကြသည်။ 
.
အဝေးကွင်းများမှာ မြောက်များစွာရှိကြသည်။ သင်္ဘောသား အလုပ်ကိုင်ရှာဖွေရေး လုပ်ငန်းကို သင်္ဘောအေးဂျင့်များစွာက လုပ်ကိုင်လျှက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံသား၊ အရည်သွေးမြင့်သော သင်္ဘောသားများစွာ တို့မှာ အက်အီးစီဒီ မှတ်ပုံတင်ထားသူများ ဖြစ်ကြသည်။ နိုင်ငံတကာအဆင့်မှီ လုပ်နိုင်၊ ကိုင်နိုင်၊ အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်သူများဖြစ်သောကြောင့် လစာလည်းကောငာ်းကြပါသည်။ ကမ္ဘာ့သင်္ဘောလိုင်းများတွင် သင်္ဘောသား အသက်မွေးဝမ်းကျောင်းသူများတွင် အာရှတိုက်မှ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ (၃)နိုင်ငံ အပြိုင်ဖြစ်နေပါသည်။

 မြန်မာသင်္ဘောသားများမှာ အရာရှိပိုင်းအလုပ်များတွင် တရုပ်၊ ကုလား၊ ဖိလစ်ပိုင်များပြီးလျှင် စတ္တုထတန်းစား အဆင့်ရှိပါသည်။ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်များမှာ အောက်ခြေ သင်္ဘောသားလုပ်ငန်းများကို မောင်ပိုင်စီးထားကြသည်။ လစာငွေ တစ်လ ဒေါ်လာတစ်ထောင်၊ နှစ်ထောင်ခန့်ဖြင့် ရောင့်ရဲတင်းတိန်သော အောက်ခြေသင်္ဘောသား၊ ကုန်ပတ်တိုက် အလုပ်သမားများ ဖြစ်သည်။ အင်္ဂလိပ်စကား ကောင်းမွန်စွာပြောနိုင်သော ဖိလစ်ပိုင် သင်္ဘောသားများမှာ လစာပိုကောင်းကြသည်။ သင်္ဘောလိုင်းကောင်းများတွင် အလုပ်များရကြသည်။ သင်္ဘောလိုင်း ခပ်ညံ့ညံ့များတွင် မြန်မာများသည်၊ အင်ဒိုနီးရှားများနှင့် အပြိုင်လုပ်ကိုင်နေရသည်။ အရည်သွေး၊ အင်္ဂလိပ်စကားအပြင်၊ အကျင့်စာရိတ္တပိုင်းတွင်လည်း ဖိလစ်ပိုင်များကို မြန်မာ၊ အင်ဒိုနီးရှားတို့ မယှဉ်နိုင်သေးပါ။ လေ့ကျင့်သင်ကြားမှု အထူးသဖြင့် နာခံမှု နည်းပါးသောကြောင့် ဟုပြောနိုင်ပါသည်။ ပညာအရည်အချင်း၊ နည်းပညာများတွင် မြန်မာများက သာသည်ဟု ပြောနိုင်သော်လည်း လစာတွင် ဖိလစ်ပိုင်သင်္ဘောသားများကို မမှီသေးခြင်းမှာ ဘက်စုံမယှဉ်နိုင်သေးဟုသာ ပြောနိုင်ပါသည်။
.
.
သင်္ဘောသား အရည်အချင်းမြှင့်တင်ရေး
.
သို့သော် သင်္ဘောသားလောကတွင် လစာ၂ဆမက မြောက်များစွာရသော ကမ်းလွန်ရေနံ၊ ဓါတ်ငွေလုပ်ငန်းသုံး သင်္ဘောများအတွက် သင်္ဘောသား၊ စက်အရာရှိများလစာသည် ရိုးရိုးသင်္ဘောသားများထက် များစွာ သာလွန်ပါသည်။ ထိုနေရာများတွင် မြန်မာများစွာ သိပ်မတွေ့ရပါ။ 
.
လက်ရှိ လုပ်ကိုင်နေသော သင်္ဘောသား ၉သောင်းကျော်တို့ကို အရည်သွေးမြှင့်ပေးပြီး၊ သင်္ဘောလိုင်းကောင်းများ၊ ကမ်းလွန်ရေနံ၊ဓါတ်ငွေလုပ်ငန်းများတွင် ပို့ပေးနိုင်ရန်အတွက် ကမ္ဘာ့အဆင့်၊ လက်မှတ်ပေးသည့် သင်တန်းကျောင်းများစွာ မြန်မာသင်္ဘောသားများ တက်ရပါမည်။ သင်္ဘောလိုင်းကောင်းများမှာ သူတို့သင်္ဘောသားများ အိမ်ပြန်နားနေချိန်တွင် အလကားမထားပါ။ သင်တန်းများတက်ခိုင်းပါသည်။ ဖိလစ်ပိုင်လူမျိုးများသည် သူတို့နိုင်ငံတွင်း သင်တန်းများ တစ်ခုပြီးတစ်ခု တက်ရသည်။ သင်္ဘောလိုင်းကောင်းများသည် လူသားအရင်းအမြစ်ကို ကောင်းကောင်းနားလည်သည်။ သူတို့သင်္ဘောသားများ အရည်အသွေး မြှင့်တင်ပေးခြင်းမှာ သင်တန်းပေးခြင်းသာ အရေးပါ၊ အရာရောက်ဆုံး ဟုသိရသည်။ အဘယ့်ကြောင့်ဆိုသော သင်တန်းတွင် သင်တန်းသား၊ ဆရာများ အတွေ့ကြုံ၊ ဗဟုသုတ ဖလှယ်ကြသည်။ စကားပြောဆို၊ ရင်းနှီးခင်မင်မှု ရရှိသည်။ ထိုအခါ အလုပ်ခွင်တွင် ပိုပြီး လုပ်နိုင်သည်။ နည်းပညာစာအုပ်များကို ဖတ်ရှုနားလည်နိုင်သည်။ မြန်မာနိုင်ငံတွင် ထိုသို့ သင်တန်းကောင်းကောင်း မဖွင့်နိုင်ပါ။ ပုဂ္ဂလိက သင်တန်းများသာ ယခု ၂၀၁၃နောက်ပိုင်း ပလူပျံအောင် များပြားနေပါသည်။ 
.
.
ရန်ကုန်ရှိ မောင်နှမတစ်စု၊ ဆရာဂန်၊ အင်ဂျင်နီယာများ၊ သင်္ဘောသားများ လုပ်ကိုင်ကြသည်။ ဖခင်ကလည်း ပညာတတ်၊ ရိုးဖြောင့်စွာလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး၊ မောင်နှမများ ငယ်စဉ်ကျောင်းသားဘဝက လူရည်ချွန်ဆုများစွာ ရရှိခဲ့သူ အဖြစ် ရိုးသားစွာလုပ်ကိုင်ကြသည်။ ဘဝပေးကုသိုလ် ကောင်းသဖြင့် စားဝတ်နေရေးမပူကြရ၊ အစ်မဖြစ်သူ ဆရာဝန်မတစ်ဦး ဆေးခန်း၊ဆေးရုံများတွင် လူနားများကို အခမဲ့နီးပါး စေတနာနှင့်ကုသပေးသည်။ တစ်ဦးမှာ သင်္ဘောလိုင်းတွင် ကပ္ပတိန်ကုမ္ပဏီတခု ၂၀၀၇တွင် မြန်မာသင်္ဘောသားများအတွက် စင်ကာပူအေးဂျင့်လုပ်ပေးရန် စင်ကာပူတွင် ကုမ္ပဏီထောင်လိုသည်။ စင်ကာပူမှာ မြန်မာသင်္ဘောသား၊ အေးဂျင့်လုပ်နေသော မြန်မာမိတ်ဆွေက မြန်မာပြည်မှာပဲ မှန်မှန်ကန်ကန်လုပ်ဖို့၊ အကြံပေးမှုကြောင့် မြန်မာပြည်မှာပဲ ဇွဲနှင့်၊မှန်ကန်စွာလုပ်ဆောင်သည်။ သင်္ဘောသားဆီက အေးဂျင့်အခကြေးမယူပါ။ သင်္ဘောကုမ္ပဏီကပဲ အေးဂျင့်ခယူသည်။ သင်္ဘောသား သင်္ဘောပေါ်အလုပ်လုပ်နေသရွှေ့၊ အေးဂျင့်ဖိုး လစဉ် ဒေါ်လာရာဂဏန်းသာ ရရှိသည်။ ပထမတွင် သင်္ဘောကုမ္ပဏီတစ်ခုနှင့် စတင်လုပ်ဆောင်သည်။ ထိုအေးဂျင့်ဆီက လာသောမြန်မာသင်္ဘောသားများသည် စာရိတ္တကောင်းပြီး၊ နာခံလုပ်ဆောင်တတ်သူများသောကြောင့် နာမည်ရလာသည်။ ၅နှစ်အကြာ ၂၀၁၂ မြန်မာပြည်ပြုပြင်ပြောင်းလဲချိန်တွင် ထို မှန်ကန်သောအေးဂျင့်ကုမ္ပဏီလက်အောက် မြန်မာသင်္ဘောသား တစ်သောင်းကျော် ရှိလေပြီ။ သင်္ဘောပေါ်လုပ်နေဆဲ ၈၀၀၀ ကျော်မှ လစဉ် ဒေါ်လာ တစ်သန်းနီးပါးဝင်ငွေရရှိနေလေပြီ။ တစ်လ ဒေါ်လာ၁၀၀၊ ဒေါ်လာ ၂၀၀ဖြင့် မြန်မာနိုင်ငံသားများစွာကို အလုပ်ပေးထားနိုင်သည်။ ယခုအခါ အေးဂျင့်ကုမ္ပဏီ ၊ သင်္ဘောသားသင်တန်း၊ နိုင်ငံခြားရှိုးဂျော့သင်တန်းများ မှိုလိုပေါက်နေပြီး၊ တနပ်စား၊ ပေါ်ပင်၊ တနည်းအားဖြင့် လိမ်စားသူများစွာ ပေါ်ပေါက်နေသည်။ သို့သော်လည်း၊ မှန်ကန်သောအစိုးရနှင့်၊ မှန်ကန်သော အက်စ်အီးစီဒီ အဖွဲ့ကြီးတို့ အပေါ်၊ သင်္ဘောသားများက ယုံကြည်မှုရှိပါက၊ TRUSTED SOCIETY, TRUSTED GOVERNMENT ဖြစ်နေပါက၊ မှန်ကန် သင်္ဘောလုပ်ငန်းလုပ်ကိုင်သူများအဖို့ ပိုမိုအောင်မြင်လာမည်ဖြစ်သည်။
.
ကျနော်သည် စင်ကာပူ၊ ကမ်းလွန်သင်္ဘောလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသောကြောင့် မြန်မာသင်္ဘောသားများ၏ အားသာချက်များ၊ အားနည်းချက်များကို နားလည်ပါသည်။ သင်္ဘောသား၊ အင်ဂျင်နီယာအရာရှိအဖြစ် အာဖရိကမှာ ဂါနာ၊ နိုင်ဂျီးရီယား၊ ကင်ညာ စသည့်နိုင်ငံသားများစွာ ထွက်ပေါ်ကြသည်။ တရုပ်၊ကုလား၊ ဖိလစ်ပိုင်များစွာလည်း လုပ်ကိုင်ကြသည်။ ဥရောပတိုက်မှ အရှေ့ဥရောပနိုင်ငံသား ခရိုရီးရှား၊ ယူကရိန်း၊ ပိုလန်၊ ဆားဗီယား စသည့် အရှေ့ဥရောပနိုင်ငံသားများလည်း သင်္ဘောအင်ဂျင်နီယာများစွာ ထွက်ပေါ်ကြသည်။ သင်္ဘောကို ထိန်းချုပ်သော ကပ္ပတိန်နှင့်ကုန်းချုပ်အရာရှိများမှာ အများအားဖြင့် ဖိလစ်ပိုင်လူမျိုးများစွာ ကြီးစိုးကြသည်။ ကပ္ပတိန်ဖြစ်သူသည် စစ်တပ် တပ်ရင်းမှုးကဲ့သို့ ပါနပ်လိမ်မာရသဖြင့်၊ စကားပြောလည်းကောင်း၊ ဆက်ဆံရေးလည်းကောင်းသော အုပ်ချုပ်ရေးကျွမ်းကျင်သူ ဖြစ်ဖို့လိုသည်။ အဆင့်မြင့် ကမ်းလွန်ရေနံ၊ဓါငွေ သင်္ဘောကပ္ပတိန်များမှာ လစာ တစ်လဒေါ်လာ ၂သောင်းခန့်အထိ ရရှိသောကြောင့် ဥရောပတိုက်သားများက အသားအရောင်နှင့်ဟိတ်ဟန် ကောင်းသဖြင့် သူတို့ကိုသာ ခန့်ထားကြသည်။ သာမန် သင်္ဘော ကပ္ပတိန်များမှာ မြန်မာနိုင်ငံသားများစွာ ဖိလစ်ပိုင်များကဲ့သို့ လုပ်ကိုင်နေကြသည်။ 
.
သင်္ဘောသားအင်ဂျင်နီယာများ၊ စက်ချုပ် (အင်ဂျင်နီယာချုပ်) ရာထူးများအတွက် မြန်မာစက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ ဒီပလိုမာ လက်မှတ်ရသူများစွာ လုပ်ကိုင်နေကြသည်။ သူတို့လည်း မြန်မာ အက်အီးစီဒီ သင်္ဘောသားလက်မှတ်များကို အောင်မြင်ထားရပါသည်။ ထိုအင်ဂျင်နီယာ လုပ်ငန်းများအတွက် မြန်မာသင်္ဘောသားများမှာ လုပ်နိုင်ကြသည်။ နာမည်ရပေသည်။ 
.
မြန်မာသင်္ဘောသာများ အရည်ချင်းမြင့်မားပြီး၊ လစာကောင်းသော ကမ်းလွန်ရေနံ၊ဓါတ်ငွေ၊ သင်္ဘောလိုင်းကောင်းများတွင် အလုပ်ရရှိရန် အရေးကြီးဆုံးမှာ လက်မှတ်ရရှိထားခြင်းသည် အလွန်အရေးကြီးသည်။ ဥပမာ ..ကမ်းလွန်ရေနံ၊ဓါတ်ငွေများတွင် Class Surveyor ဆိုသည့် လုပ်ငန်းလုပ်ပိုင်ခွင့်လက်မှတ်များမှာ အလွန်အရေးကြီးလှပါသည်။ ထိုကုမ္ပဏီကြီးများကို လိုင်စင်၊ ပါမစ် ကြေးများပေးရသည်။ ငွေပေးတိုင်း သူတို့ထံမှာ အောင်လက်မှတ်မရပါ။ သူတို့သတ်မှတ်သော စစ်ဆေးမှုများကို အောင်မြင်မှ သင်္ဘောများကို ပင်လယ်ကူးလုပ်ငန်း၊ ရေနံ-ဓါတ်ငွေ့လုပ်ငန်းများကို လုပ်ခွင့်ပေးပါသည်။ နိုင်ငံကြီးများသည် လက်မှတ်များကို ထိန်းချုပ်ထားကြသည်။ နိုင်ငံအစိုးရများက ငွေကြေး၊ဥပဒေ၊ အဖွဲ့အစည်းဖြင့် သူတို့နိုင်ငံ သင်္ဘောလုပ်ငန်းများကို အရည်သွေးထိန်းချုပ်ထားပါသည်။ ဥပမာ အမေရိကန် ABS, ပြင်သစ်-BV, အင်္ဂလန်-Lloyd LR, ဂျာမဏီ-LD, ဂျပန်-NKနော်ဝေး-DNV, တရုပ်-CCS၊ အန္နိယ-IRS, တောင်ကိုးရီးယား-KR၊ အီတလီ-RINA၊ ယူကရိန်း စတဲ့ နိုင်ငံများမှာလည်း သူတို့နိုင်ငံနဲ့ဆိုင်တဲ့ စစ်ဆေးရေးအဖွဲများ Class Surveyor အဖွဲ့အစည်းများရှိပါသည်။ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့သည် အထက်ပါနိုင်ငံများကဲ့သို့ Class Society မရှိပါ၊ နည်းပညာလည်း မကြွမ်းကျင်သောကြောင့် အလုပ်သမားငှားစားသော ကျွန်သာသာ အဆင့်မှာပင် ရှိနေဦးမည်ဖြစ်သည်။ 
.
သင်္ဘောသားအရည်ချင်း မြှင့်တင်ပေးရန်အတွက် ပင်လယ်ကူးသင်္ဘောသား၊ တက္ကသိုလ်၊ နည်းပညာ၊ သင်တန်းကျောင်းများ အဖွဲ့အစည်းကို စနစ်တကျ မလုပ်နိုင်သေးပါ။ ပြီးတော့ အိမ်ကွင်း ဟုခေါ်သော ပြည်တွင်းသင်္ဘောလုပ်ငန်းတွင် လေ့ကျင့်ရန်လည်း မဖြစ်နိုင်သေးပါ။ အိမ်ကွင်းဆိုသည်မှာ စာတွေ့ပဲ ရှိပြီး စာမေးပွဲအောင်သည်နှင့် အဝေးကွင်း သို့ကန်ရန် စေလွှတ်ခံရသဖြင့် အစပိုင်းတွင် လစာလည်းကောင်းမည်မဟုတ်၊ အလုပ်ကိုင်လဲ ကျွမ်းကျင်ဦးမည်မဟုတ်။ ဘာသာစကားပြောတတ်မှုမှာ သင်္ဘောသားအဖြစ် ၆လ၊ တစ်နှစ် လုပ်ကိုင်ပြီးသွားလျှင် အင်္ဂလိပ်စကားတော့ အသင့်တင့် ပြောတတ်သွား၊ ရေးဖတ်တတ်သွားမည်ဖြစ်သည်။ သို့သော် လူရိပ်ကဲခပ်တတ်မှု၊ နာခံလိုက်လျှောက်မှုရရှိရန် နှစ်ပေါင်းများစွာ လေ့ကျင့်ရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အနှစ်၂၀ခန့် နေထိုင်လာသော မြန်မာသင်္ဘောသား၏ စစ်အစိုးရအရိပ်အောက်မှာ ကြမ်းတမ်းသောစရိုက်များ၊ ထင်သလိုလုပ်တတ်သောစရိုက်၊ အော်ခိုင်းမှလုပ်တတ်သောစရိုက် အကျင့်များကို ပြုပြင်ဖို့ ခက်ဦးမည်။ အဖွဲ့အစည်းနှင့်လုပ်တတ်၊ ကိုင်တတ်သော၊ အထက်လူကြီးကို နာခံတတ်သော၊ အတတ်ပညာများကို စနစ်တကျဖတ်မှတ်လေ့လာတတ်သော အကျင့်ကောင်းများ Good Attitude များကို ရရှိလာလျှင် အနာဂါတ်မြန်မာ သင်္ဘောသားများ အဆင့်မြင့်၊ လာစာကောင်းလာမည်ဖြစ်သည်။ 


မှတ်ချက်။    စာရေးသူသည် စင်ကာပူသင်္ဘောလုပ်ငန်းကို နှစ်၂၀ကျော် လုပ်ကိုင်ခဲ့သည်။ သင်္ဘောစက်ပြင်ခြင်း၊ သင်္ဘောအော်တိုမေးရှင်း၊ နေဗီကေးရှင်း-ဂြိုက်တုဆက်သွယ်ရေးစက်များ၊ သင်္ဘောကျင်း၊ သင်္ဘောဆောက်လုပ်ရေး၊ သင်္ဘော ဆူပရီတင်းဒင့် နည်းပညာရှင်တစ်ဦး (PACC Offshore  posh.com.sg) စသဖြင့် သင်္ဘောလုပ်ငန်းများစွာလုပ်ကိုင်နေသူဖြစ်သည်။ သင်္ဘောသားဆိုင်ရာ အရည်သွေးမြှင့်တင်ရေး နည်းပညာ၊ သင်တန်းများအကြောင်း ဆက်လက်ရေးပါဦးမည်။
၁။ ရေကြောင်းသင်တန်းများ (မြန်မာ၊ စင်ကာပူ)
http://www.slideshare.net/myanmarjobstudent/marine-e-yangonsingapore2014

၂။ ကမ်းလွန်ရေနံ၊ဓါတ်ငွေ .. သင်္ဘောများအတွက် ဒိုင်းနမစ်ပိုစီရှင်း DP System, 
http://gita.cc/archives/41717

http://www.slideshare.net/myanmarjobstudent/pacc-offshore-servicesholdingsltd17april2014-1

 

သင်္ဘောလုပ်ငန်းသည် သယ်ယူပို့ဆောင်ရေးအတွက် အထူးစရိတ်သက်သာသည်။ အမေရိကားမှာ တန်ချိန်၂၀ ကုန်သေတ္တာတစ်ခုကို အာရှသို့ တစ်ပတ်ခရီးသယ်ဆောင်ခ ဒေါ်လာ တစ်ထောင်ပင်မပေးရပါ။ ဂျပန်ကားအဟာင်း ၅စီကို ကုန်သေတ္တာထဲ ထည့်ယူလာလျှင် မြန်မာနိုင်ငံအထိ ဒေါ်လာတစ်ထောင်မပေးရပါ။ ဂျပန်ကားအဟောင်း ၅စီးတန်ဖိုးမှာ အားလုံးပေါင်း ဒေါ်လာတစ်သောင်းမရှိပါ။ ကုန်ကျစရိတ်ကြီးနေသည်မှာ မြန်မာပြည်အစိုးရက အခွန်ငွေ ၂ဆတောင်းသည်။ ပေးနိုင်ပါသည်။ သို့သော် ထိုကုန်သေတ္တာ ရန်ကုန်မြို့ထဲရောက်ဖို့ အကောက်ခွန်၊ သင်္ဘောဆိပ်ဝန်ထမ်းများနှင့် ရှုပ်ယှက်ခပ်ပြီ၊ အမြင်ကပ်ပုဒ်မ ဖြစ်သွားပါက၊ ကားများမရွေးနိုင်တော့ပဲ ဆိပ်ကမ်းတွင် ပိုင်ရှင်မရှိ၊ အဆုံးထားလိုက်ရတော့သည်။ 

ထို့ကြောင့် တန်ဖိုးကြီးကားများမှာ ထိုင်းနိုင်ငံနယ်စပ်များမှ သယ်ဆောင်လာရသည်။ တိုက်ရိုက် ရေကြောင်းခရီးသည် စရိတ်အသက်သာဆုံးဖြစ်သော်လည်း မြန်မာပြည်တွင်း ရေကြောင်းသင်္ဘောလုပ်ငန်း၊ ကမ်းရိုးတန်းသင်္ဘောလုပ်ငန်း၊ လုပ်ပိုင်ခွင် လိုင်စင်/ပါမစ် မကိုက်သောကြောင့် လုပ်မည့်သူနည်းပါးနေဆဲဖြစ်သည်။ 

ကားများ သန်းနှင့်ချီ မြန်မာပြည်တွင်းရောက်လာပြန်တော့.. လောင်စာဆီလိုသည်။ လောင်စာဆီ မထွက်ပဲ၊ ဓါတ်ငွေ့ပဲ ထွက်သည်မြန်မာနိုင်ငံအတွက် လောင်စာဆီ လိုင်စင်/ပါမစ် ရေပန်းစားလာပြန်သည်။ လောင်စာဆီ သယ်ပေးသော ဘန်ကာသင်္ဘောများ မြန်မာပြည်အထိ သယ်ပေးနေကြပြီဖြစ်သည်။ 

လောင်စာဆီ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က၊ ကန်ဒေါ်လာ သန်းပေါင်း၄၀၀၀ ကျော် တင်သွင်းခဲ့သည်ဟု သတင်းများအရ သိရသည်။ မလေးရှားမှာ တစ်ဂါလံ ကျပ်၂၀၀၀ (နှစ်ဒေါ်လာ)ပင်မပေးရပဲ ဝယ်လာပြီး၊ မြန်မာပြည်တွင် တစ်ဂါလံ ကျပ်၅၀၀၀ ဖြင့် တင်သွင်းသည်။ လိုင်စင်/ပါမစ်သာ ရှိပါစေ၊ ရေနံ အလျှံ့ပယ်ထွက်သော မလေးရှား၊ အင်ဒိုနီးရှာ နိုင်ငံကုမ္ပဏီများက ငွေနောက်မှရှင်း ပစ္စည်းအရင်ယူ ဟု စိတ်ချလက်ချ ဘန်ကာသင်္ဘောဖြင့် မြန်မာပင်လယ်ကမ်းခြေများသို့ တင်ပို့ပေးသည်။ မလေးရှား၊ အင်ဒိုနီးရှားမှ လောင်စာဆီ များမှာ စင်ကာပူရေနံလှောင်ကန်များတွင် သိုလှောင်ထားကြသည်။ စင်ကာပူအစိုးရက မလွတ်တန်း အခွန်ကောက်သည်။ သယ်စရိတ် တစ်တန်လျှပ် ဒေါ်လာ၁၀၀ မပေးရ၊ တနည်းအားဖြင့် သယ်ခမှာ တစ်ဂါလံ ကျပ်တစ်ရာမျှသာ ဖြစ်သည်။ မြန်မာ၊ အင်ဒိုနီးရှား သင်္ဘောသားများက သယ်ယူပို့ဆောင်ရေး လုပ်ပေးကြသည်။ ဘန်ကာ လောင်စာဆီ သယ်/ပို့ သင်္ဘောလုပ်ငန်းမှာ လစာအနည်းဆုံး သင်္ဘောသားများ ဖြစ်သည်။ ထို့ထက် လစာနည်းသည်မှာ ငါးဖမ်းသင်္ဘောသားများဖြစ်သည်။ လစာကောင်းသော သင်္ဘောကုမ္ပဏီများမှာ ဂျပန်၊ အနောက်နိုင်ငံ သင်္ဘောကုမ္ပဏီများဖြစ်သည်။ လစာ အကောင်းဆုံးသင်္ဘောသားများမှာ Offshore Vessel ဟုခေါ်သော ကမ်းလွန်ရေနံ၊ဓါတ်ငွေ သင်္ဘောများဖြစ်သည်။

မြန်မာနိုင်ငံတွင် သင်္ဘောသားဖြစ်အောင် နည်းမျိုးစုံဖြင့် ကြိုးစားနေသူများစွာရှိသည်။ အစိုးရ၏ သင်္ဘောသားရုံး စီဒီစီမှတ်ပုံတင် ရရှိအောင် သင်္ဘောကျင်းများတွင် အလုပ်သင်လုပ်ကြရသည်။ ဟိုးရှေးကတည်းက ပိုက်ဆံပေးပြီး သင်္ဘောကျင်းအတွေ့အကြုံ လက်မှတ်ရရှိသော ခြစားနေသည့် စနစ်ကလည်း မြန်မာသင်္ဘောသား အရည်အချင်းကို ဖျက်ဆီးနေသည်မှာ ငြင်းမရပါ။ မြန်မာ့ရေကြောင်း သိပ္ပံဝင်ခွင့်ရရန် လူငယ်များစွာ ကြိုးစားကြသည်။ ဝင်ငွေကောင်းသော လုပ်ငန်းဟု သတ်မှတ်ထားသဖြင့် သင်္ဘောသား၊ ကပ္ပတိန်ဖြစ်လျှင် ဒေါ်လာ ၅ထောင်၊ တစ်သောင်း ရနိုင်သည်ဟု လူကြိုက်များသော အသက်မွေးလုပ်ငန်းဖြစ်ပါသည်။ 
.
ဘာကြောင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား သင်္ဘောသားများ ပင်လယ်ကူးသင်္ဘောလိုင်းများတွင် သိပ်မတွေ့ရသနည်း မေးခွန်းရှိလာပါသည်။ အဖြေမှာ သင်္ဘောသားလုပ်ငန်းသည် ပြည်တွင်းအလုပ်ကိုင် လုံးဝရှားပါးနေသော နိုင်ငံများအတွက်သာဖြစ်သည်။ စစ်သားနှင့်သင်္ဘောသား မည့်သူမျှမလုပ်ချင်ကြပါ။ ထိုအလုပ်များတွင် လူငယ်များစွာ ရောက်ရှိနေခြင်းမှာ နိုင်ငံတွင်းအလုပ်လုပ်စရာ၊ အလုပ်ကိုင်မရှိသောကြောင့်ဖြစ်သည်။ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား နိုင်ငံသား အမျိုးသားများအတွက် ကြမ်းတမ်းသော သင်္ဘောသားအလုပ် လုပ်စရာမလိုပါ။ ပြည်တွင်းမှာ အလုပ်ကိုင်များစွာ ရှိပါသည်။ အထူးသဖြင့် ပညာတတ်ပါက ဒီပလိုမာ၊ ဘွဲ့ တစ်ခုခုရပါက နိုင်ငံခြားထွက်လုပ်စရာ မလိုတော့၊ နိုင်ငံခြားက ပေးသောလစာအတိုင်း ပြည်တွင်းကုမ္ပဏီများက ပေးကြသည်။ ဘယ်မှာ သင်္ဘောသားအလုပ် လုပ်တော့မည်နည်း...။

 ထိုသို့ ကြမ်းတမ်းသော ပင်လယ်ကူးသင်္ဘောလုပ်ငန်းကို မြန်မာများ နောက်ထပ် ၁၀နှစ်မျှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့်အပြိုင် လုပ်နေရဦးမည်။ မြန်မာအစိုးရ ခြစားမှုများကို စင်ကာပူ၊ တောင်ကိုးရီးယား၊ တရုပ်ပြည်များကဲ့သို့ ပြတ်သားစွာ၊ အရေးမယူနိုင်ပါက မြန်မာများသည် ဖိလစ်ပိုင်များအတိုင်း ပညာတတ်ဘွဲ့ရလျှင် သားသား၊ သမီး နိုင်ငံခြား အလုပ်သွားလုပ်မယ် ..ပညာရေးစနစ်ဖြစ်နေဦးမည်မှာ နောက်မျိုးဆက် များစွာတိုင်အောင် နိုင်ငံခြားသွားပြီး၊ ကျွန်သာသာ အလုပ်လုပ်နေရပေဦးမည်။

မြန်မာသင်္ဘောသားများ နိုင်ငံတကာဈေးကွက်တွင် လစာမြင့်မားရန်အတွက်၊ အရည်အသွေးမြှင့်တင်ရေးမှာ သင်တန်းဆင်းလက်မှတ်များဖြစ်သည်။ မြန်မာသင်္ဘောသားမှတ်ပုံတင် စာမေးပွဲများမှာ အလွန်အဆင့်မြင့်ပေသည်။ ကမ္ဘာ့အဆင့်ရှိသည်။ သင်္ဘောကပ္ပတိန်၊ ကုန်းချုပ်၊ စက်ချုပ် . ..စသည့် ထိပ်တန်းအလုပ်ကိုင်များအတွက် စာမေးပွဲအဆင့်ဆင့် ဖြေဆို အောင်မြင်ရသည်။ စာမေးပွဲ စာတွေ့အောင်မြင်သော်လည်း တကယ်အရည်အချင်းရှိသလား ဟုမေးလျှင် ရိုးရိုးသင်္ဘောလိုင်များတွက် မြန်မာသင်္ဘောသား အရာရှိများမှာ အရည်ချင်းမှီပါသည်။ 

မြန်မာနိုင်ငံမှ ပုဂ္ဂလိက သင်္ဘောသားသင်တန်းများမှာ ၆လ သင်တန်းတက်၊ သိန်း၂၀ သင်တန်းကြေးတောင်းပြီး၊ သင်တန်းပြီးပါက ကန်ဒေါ်လာ ၂၀၀၀ ပေးမည့် သင်္ဘောသားအလုပ်ကို ရနိုင်သည်ဟု မက်လုံးပေးပြီး၊ အရည်မရှိ၊ အဖတ်မရှိ သင်တန်းများကို ထမင်းစရိတ်၊နေစရိတ်ပါ တောင်းပြီး တက်ခိုင်းသည်။ ၆လ ပြည့်သော်လည်း အလုပ်မရ၊ စီဒီစီ သင်္ဘောသား လက်မှတ်ရအောင်လည်း ကိုယ့်ဖာသာ ရအောင်လုပ်ရပြန်သည်။ ယခုအခါ ဂျပန်သင်္ဘော၊ ကိုးရီးယားသင်္ဘော ၊ တိုင်ဝမ်သင်္ဘော အလုပ်များရမည်၊ ဆိုပြီး ဂျပန်စကား၊ ကိုးရီးယားစကား၊ တိုင်ဝမ်တရုပ်စကားများ သင်တန်းများလည်း ပူပေါင်းလုပ်ကိုင် စားသောက်နေသော ခေတ်ပျက်ဖြစ်နေသည်။ ပြည်တွင်းမှာ အလုပ်ကိုင်မရှိသောကြောင့် ပညာမတောက်တခေါက် တတ်သူများ သင်္ဘောသားလုပ်ပီး၊ ငွေများများရမည့် အလုပ်များကို မက်မောကြသည်။
.
လွန်ခဲ့သော ၂၀၀၇ နောက်ပိုင်း၊ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုအတွက် နိုးကြားတက်ကြွချိန်တွင်၊ စင်ကာပူရောက် မြန်မာသင်္ဘောသာများမှ သင်္ဘောသားအဖွဲ့အစည်းတစ်ခုဖွဲ့စည်းကြသည်။ လေးစားဖွယ်မြန်မာ သင်္ဘောသား၊ ကပ္ပတိန်ကြီးများ၊ အေးဂျင့်ကောင်းများ၊ သင်္ဘောသားတဖြစ်လဲ အထင်ကရစီးပွားလုပ်ငန်းရှင်များလဲ ပါဝင်ဦးဆောင်သောကြောင့် စင်ကာပူ၊ မြန်မာသင်္ဘောသားအဖွဲ့ စတင်ဖြစ်လာသည်။ ဝင်ကြေးငွေ ဒေါ်လာရာနှင့်ချီပေးရသည်၊ ဟိုတယ်၊စားသောက်ဆိုင် ညစာစားပွဲကျင်းပသည်။ မြန်မာ့သင်္ဘောသားများ အချင်းချင်းကူညီ၊ထောက်ပံ့ပေးမည့် အလွန်ကောင်းသော အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံသင်္ဘောသားဘဝ ကမ္ဘာ့အဆင့်တက်လှမ်းရေး၊ မြန်မာပြည်တွင် လုပ်ငန်းများလုပ်ကိုင်ရေးအတွက် မြောက်များစွာသော စင်ကာပူရောက်၊ မြန်မာသင်္ဘောသားများ အဖွဲ့ဝင်ကြသည်။ 

ယခု ၂၀၁၅တွင် ထိုအဖွဲ့လှုပ်ရှားမှု သိပ်မရှိတော့ပါ။ ဦးဆောင်ခဲ့သူအများအပြား၊ မြန်မာပြည်သို့ ပြန်သွားကြပြီဟု ကြားသိရသည်။ သင်္ဘောသား အရည်အချင်းမြှင့်တင်ရေးလုပ်ငန်းထက် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး၊ ကန်ထရိုက်၊ သွင်း/ထုတ်ကုန်၊ လိုင်စင်/ပါမစ်များဖြင့် အလုပ်ရှုပ်နေကြလေတော့သည်။ မည်သို့ပင်ဖြစ်စေ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် မြန်မာ့သင်္ဘောသား အရည်အချင်းတိုးတက်ရေး လုပ်ဆောင်နေသော အက်စ်အီးစီဒီ အဖွဲ့ကြီးအားကိုးနေရဆဲဖြစ်သည်။ စိတ်စေတနာကောင်းသူ သင်္ဘောကပ္ပတိန်ဟောင်းကြီးတချို့ကို နိုင်ငံခြားသင်္ဘောလိုင်းကောင်းများက ချဉ်းကပ်ပြီး၊ အရည်အချင်းမြင့်သော မြန်မာသင်္ဘောသားများကို လိုချင်သည်။

မြန်မာပြည်တွင် အဂတိအကင်းရှင်းဆုံး နေထိုင်ခဲ့သော ထိုကဲ့သို့မြန်မာမိသားစုများစွာ ၊ ဝန်ထမ်းဟောင်း၊ စစ်မှုထမ်းဟောင်း၊ လုပ်ငန်းရှင်များစွာ ရှိနေကြပါသည်။ ထိုသူများသည် အနာဂတ်မြန်မာပြည်အတွက် ကြယ်ပွင့်များဖြစ်ကြသည်။
.
နိဂုံး
မောင်သာမန်
ဆောင်းပါးအချို့
၃။ PACC Offshore (Singapore)