မောင်ဥက္ကလာ - ရက်စက်တဲ့နှင်း နဲ့ မသိမ်းသင့်၊ မလုပ်သင့် ဝမ်ပေါင် အလုပ်သမားသစ်




မောင်ဥက္ကလာ - ရက်စက်တဲ့နှင်း နဲ့ မသိမ်းသင့်၊ မလုပ်သင့် ဝမ်ပေါင် အလုပ်သမားသစ်
ထွေထွေရာရာ ဤကမ္ဘာ (ဇန်နဝါရီလ ၂၇၊ ၂၀၁၅)

ရက်စက်တဲ့နှင်း အပိုင်း (၂)

နှင်းတွေကို ရုပ်ရှင်တွေ၊ ဓါတ်ပုံတွေထဲ ကြည့်လိုက်ရရင် အလွန်လှပတာ အမှန်။ အပြင်မှာတော့ ဘယ်သူမှ မကြိုက်။ နှင်းမုန်းတိုင်းကျပြီဆို ဒုက္ခအနည်းအများ ရကြတာအမှန်။ ပြီးခဲ့တဲ့အပတ်မှာ ကားအစီးရေ (၁၉၃) စီး တိုက်တဲ့သတင်းကို ပြောခဲ့ပါတယ်။ ဒီတပတ်မှာလည်း ရက်စက်တဲ့ နှင်းမုန်တိုင်းကြောင့် အမေရိကန်အရှေ့ ပိုင်း ပန်စီဗီးနီးယားပြည်နယ် (Pennsylvania) အဝေးပြေးကားလမ်းမ I-76 ပေါ်မှာ ကားအစီးပေါင်း (၅၆) စီး ဆင့်ကဲတိုက်ပြီး လူ (၃) ဦးသေ၊ (၃၁) ဦး ဒဏ်ရာရကုန်ကြတယ်။ ဘယ်လောက် အတွေ့အကြုံရှိတဲ့ ကားမောင်းသမားတွေပဲဖြစ်ဖြစ် တဦးတယောက်က ဒီလို ရေခဲဖြစ်သွားတဲ့ လမ်းပေါ်မှာ ခြေလျှော်လက်လျှော် အမှားလုပ်မိလိုက်ရင် ဒီလို အစုလိုက်အပုံလိုက် ဖြစ်ကုန်ကြတယ်။ ဒါတောင် နှင်းကျပြီးဆို အဝေးပြေလမ်းမကြီးတွေ နဲ့ မြို့ တွင်းလမ်းတွေမှာ အချိန်နဲ့ တပြေညီတဲ့ နှင်းတွေရေခဲတွေကို ရှင်းပေးတဲ့ နှင်းကော်ကားကြီးတွေ၊ နှင်းတွေကို ချက်ချင်းအရည်ပျော်စေတဲ့ ဆားဖြူးပေးတဲ့ ထရပ်ကားကြီးတွေ နေရာအနှံမှာ အဆင်သင့်။ ဒါပေမဲ့ သတိလက်လွတ် မောင်းတတ်တဲ့ တဦးတယောက်ကြောင့် ဒီလို တိုက်ခိုက်မှုတွေ ဖြစ်တတ်တာပေါ့။ 

ဒီလို များစွာသော တိုက်ခိုက်မှုတွေ ဘယ်လောက်ဖြစ်သလဲဆိုရင် မနှစ် ၂၀၁၄ မှာတော့ ဆောင်းတွင်းကာလ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ (၄) ကြိမ် ရှိခဲ့တယ်။ 

ဇန်နဝါရီလ (၂၃) ရက်နေ့မှာ အင်ဒီးယားနားပြည်နယ် (Indiana) အဝေးပြေးလမ်းမ I-94 ပေါ်မှာ ကားအစီးရေ (၄၆) စီးတိုက်ပြီး လူ (၃) ယောက်သေ၊ (၂၀) ကျော် ဒဏ်ရာရရှိကြတယ်။

 ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာတော့ ပန်စီဗီးနီးယားပြည်နယ် (Pennsylvania) အဝေးပြေးလမ်းမ Turnpike ပေါ်မှာ ကားအစီးရေ (၁၀၀) တိုက်ပြီး သေဆုံးသူမရှိ၊ ဒဏ်ရာရသူ (၃၀) ရှိခဲ့တယ်။ 

မတ်လ (၁) ရက်နေ့မှာတော့ ကိုလိုရားဒိုပြည်နယ် (Colorado)၊ ဒမ်ဘားမြို့  (Denver) မြို့ ပတ်လမ်းမကြီး (၂၅) ပေါ်မှာ ကားအစီးရေ (၁၀၄) စီးတိုက်ပြီး လူတဦး (၁) သေ၊ (၃၀) ဒဏ်ရာရရှိကြတယ်။ 

မတ်လ (၁၂) ရက်နေ့မှာတော့ အိုဟိုင်ရိုပြည်နယ် (Ohio) အဝေးပြေးလမ်းမ (၈၀/၉၀) ပေါ်မှာ ကားအစီးရေ (၉၀) တိုက်ပြီး လူ (၃) ဦးသေပြီး၊ လူတော်တော်များများ ဒဏ်ရာရသွားကြတယ်။ ဒီလို ကားတွေအများကြီးတိုက်ပြီး လူအသေအပျောက်တော့ နည်းပါတယ်။ 

အဆိုးဆုံးက ကားတွေအများကြီး တိုက်ပြီဆိုရင် အဲဒီ တိုက်ထားတဲ့ကားတွေကိုရှင်းရ၊ နှင်းတောထဲပိတ်မိသွားတဲ့ လူတွေကိုကယ်ရ၊ ဆေးရုံပို့ရ နဲ့ အဝေးပြေးလမ်းမကြီးတွေကို ရှင်းလင်းဖို့ အနည်းဆုံး (၁) ရက် (၂) ရက်ကြာပြီး ခရီးသွားလာရေးတွေ အတော်အခက်အခဲ ဖြစ်ကုန်ကြတယ်။ 

ရာသီဥတု မဆိုးလှတဲ့ ရွှေပြည်မှာတော့ ဒါမျိုးတွေအတွက် မပူပန်ရဘူး။ ဒါပေမဲ့ (၂၁) ရာစုရောက်ချိန်အထိ မြန်မာပြည်မှာ လမ်းကောင်းကောင်း တလမ်းမှ မရှိသေးဘူး။ ကျွဲခြေရာခွက်ထဲမှာ မာန်တက်ဗိုလ်လုပ်နေတဲ့ စစ်ရှင်တွေကတော့ သူတို့ အဘတို့ဌာနေသွား နေပူတော် အဝေးပြေးလမ်းမကြီးကို စစ်အစိုးရက ဖောက်လုပ်ခဲ့ကြောင်း ကို မရှက်မကြောက် သနားဖွယ် ပြောနေကြရှာတယ်။ ရာသီဥတု အလွန်ဆိုးတဲ့ အမေရိကန်နိုင်ငံမှာ တနိုင်ငံလုံးကို သွားလာဆက်သွယ်နိုင်အောင် ကြီးမားကျယ်ပြန့် ကောင်းမွန်ခိုင်ခန့်တဲ့ လမ်းတွေ၊ တံတားတွေကို ရှေ့ ပဝေသဏီ နှစ်ပေါင်းများစွာကတည်းက ဖောက်လုပ်တည်ဆောက်ခဲ့ကြပြီး အမြဲတမ်း ကောင်းမွန်အောင် ပြင်ဆင်လုပ်ကိုင်ကြတယ်။ ဘယ်အစိုးရ၊ ဘယ်သမ္မတ၊ ဘယ်ခေါင်းဆောင်ကမှ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဆောက်လုပ်ခဲ့တာကို အရှက်မရှိ ကမ္မည်းထိုး ကြွားဝါလေ့မရှိဘူး။ (သတင်း - NBC News)

မသိမ်းသင့်တာ သိမ်းမိတော့

တက်ဆက်ပြည်နယ် (Texas)၊ ဟူစတန်မြို့  (Huston) နေ အသက် (၂၀) အရွယ် ဒန်နီရယ် ဂါဆီရာ (Daniel Garcia) တစ်ယောက် ကုသိုလ်ကံ အတော်ဆိုးလှ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတဲ့ တန်းဖိုးမနည်းလှတဲ့ ဆမ်ဆောင် ဂလက်စီ ဖုန်း (Samsung Galaxy Note) လည်း ပျောက်ရ။ အခုတော့ သံတတိုင်းနောက်ကွယ်ရောက်၊ အာမခံအတွက် ဒေါ်လာ (၉) သောင်း ပေးဖို့ တရားရုံးက ချမှတ်ထားတယ်။ 
သူ့ဖုန်းက မနှစ်က ပျောက်သွားခဲ့တာပါ။ ဘယ်သူဘယ်ဝါ ခိုးယူသွားတယ်ဆိုတာတော့ မသိတော့ လက်လျှော့နေခဲ့တယ်။

 ဒီလိုနဲ့ ၂၀၁၄ ဇူလိုင်လမှာ အမျိုးသမီးတဦးက ဖုန်းဆိုင်တဆိုင်က ဝယ်ယူခဲ့တယ်။ သူမအနေနဲ့ ဝယ်လာတဲ့ ဖုန်းက ခိုးရာပါပစ္စည်းလို့ မသိရှာဘူး။ ဆိုင်ရှင်ကို သူ့ဖုန်းအဟောင်းက လိပ်စာ၊ ဓါတ်ပုံတွေကို ကူးယူခိုင်းပြီး ဝယ်လာတဲ့ ဖုန်းလေးနဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်လို့ ဖုန်းအသစ်လေး (သူ့အထင်ပေါ့) ကို ဟိုကြည့်ဒီစမ်းလုပ်ပြီး ဓါတ်ပုံတွေကို ဖွင့်ကြည့်တော့ သူ့ကိုယ်ပိုင် ဓါတ်ပုံတွေနဲ့အတူ သူမသိတဲ့ ဓါတ်ပုံတွေကိုပါ တွေ့ရတယ်။

 ဖြစ်ချင်တော့ အဲဒီ ဓါတ်ပုံတွေက ဝတ်လစ်စားလစ် ဓါတ်ပုံတွေ။ ပြီးတော့ အရွယ်မရောက် ခလေးငယ်တွေရဲ့  ကိုယ်လုံးတီး ပုံတွေဖြစ်နေတယ်။ ဒါနဲ့ ဖုန်းပိုင်ရှင်သစ် အမျိုးသမီးက သက်ဆိုင်ရာရဲကို အကြောင်းကြားလိုက်တယ်။ အသက်မပြည့် ခလေးသူငယ်များ ဓါတ်ပုံတွေကို ကူးယူသိမ်းဆည်းထားတဲ့ မူလဖုန်းပိုင်ရှင်ကို ရှာဖွေလိုက်တော့ ဖုန်းပိုင်ရှင် ဂါဆီရာ က ဖုန်းပျောက်ခဲ့ကြောင်း၊ တစုံတယောက် ခိုးယူသွားပြီး ပြန်ရောင်းစားခဲ့တာ ဖြစ်နိုင်ကြောင်း၊ ဖုန်းလာပြန်ပေးသူတွေ ပြတဲ့ဖုန်းက သူ့ဖုန်းဖြစ်ကြောင်း ဝန်ခံပြောဆိုတယ်။ 

ဖုန်းပြန်လာပေးသူတွေက သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အမှန်အတိုင်း ထုတ်ဖော်ပြောဆိုပြီး ကံကောင်းလို့ ဖုန်းပြန်ရတဲ့ ဂါဆီရာရဲ့  ကံကြမ္မာက အရွယ်မရောက် အသက် (၁၈) နှစ်အောက် ခလေးငယ်၊ လူငယ်များ ဓါတ်ပုံတွေ ပိုင်ဆိုင်မှုနဲ့ အဆိုးဆုံးက အသက် (၈) နှစ်အရွယ် မိန်းခလေးငယ်တဦးကို သူကိုယ်တိုင် လိင်ပိုင်ဆိုင်ရာ ကျူးလွန်ထားတာကို ရိုက်ထားတဲ့ ဓါတ်ပုံကိုပါ ရှာဖွေတွေ့ရှိတယ်။ သူ့ရဲ့  ယုတ်မာမှုကြောင့် ပြစ်ဒဏ်က အလွန်ကြီးလှတယ်။ ဒီနေ့ ရွှေပြည်မှာလည်း နိုင်ငံပေါင်းစုံ လူပေါင်းစုံ တဖွဲဖွဲဝင်ရောက်လာနေသလို၊ အစဉ်အဆက် ဆိုးဝါးတဲ့ လူကြီးတွေရဲ့  စော်ကားမှုကို ခံနေရတဲ့ ဆင်းရဲလှတဲ့ ခလေးလူမမယ်များ ကာကွယ်စောင့်ရှောက်ရေးကို ဥပဒေပြဌာန်းပြီး တင်းတင်းကြပ်ကြပ် လုပ်ကိုင်ဆောင်ရွက်ဖို့ အရေးကြီးတယ်။ (သတင်း - ABC News)

ဖေဖေ ထုပ်ပေးတဲ့ ထမင်းဘူး

သားသားမီးမီးလေးတွေ ကျောင်းသွားရင် လိုအပ်တာတွေကို ပြင်ဆင်ပေးကြတဲ့အလုပ်ကို အများအားဖြင့် မိခင်တွေ လုပ်ပေးကြတယ် မဟုတ်လား။ ဒီလို မိခင်တွေအလုပ်ကို ကူလုပ်ပေးရှာတဲ့ အင်္ဂလိပ်လူမျိုး အသက် (၂၃) နှစ်အရွယ် ဖခင်ဖြစ်သူ လီဝပ်ဘ် (Lee Webb) တစ်ယောက်၊ အသက် (၃) နှစ်အရွယ် သူ့ချစ်သားငယ်လေး နေ့ကလေးထိန်းကျောင်းမှာ နေ့လယ်စားသောက်ဖို့ မုန့်ဘူးတစ်ဘူး ထည့်ပေးလိုက်တယ်။ 

သားလေး ကျောင်းရောက်ပြီး မုန့်စားဆင်းချိန်မှာ တာဝန်ခံက ကလေးကျောပိုးအိတ်ထဲက မုန့်ဘူးကို ဖွင့်လိုက်တော့ မုန့်နဲ့ သစ်သီးဖျော်ရည်အိတ်ကို မတွေ့ဘဲ မူးယစ်ဆေးဝါးဆေးပြားတွေ နဲ့ ဒါးလေးနှစ်ချောင်းကို ရှာဖွေတွေ့ရတယ်။ 

အဲဒီအချိန်မှာ ဖခင် မစ္စတာ ဝပ်ဘ် (Webb) ကျောင်းကို ပြန်ရောက်လာပြီး ထမင်းဘူးကို ပြန်ပေးဖို့ တောင်းဆိုရှာတယ်။ တာဝန်ရှိသူတွေက ပြန်မပေးဘဲ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အိမ်ကို ချက်ချင်း သွားရောက်ရှာဖွေတဲ့အခါ သိမ်းဆည်းထားတဲ့ ဆေးဝါးမြောက်မြားစွာကို ရှာဖွေတွေ့ရှိတယ်။ ခေသူမဟုတ်တဲ့ ဖခင်ဖြစ်သူက သူ့အနေနဲ့ ဘာအထုပ်တွေဆိုတာ မသိကြောင်း၊ သူပိုင်ပစ္စည်းတွေမဟုတ်ကြောင်း အသိမိတ်ဆွေတစ်ဦးက သိမ်းထားခိုင်းလို့ သိမ်းပေးထားတာဖြစ်ကြောင်း ဆင်ခြေဆင်လက်ပေးရှာပေမယ့် တရားဥပဒေက လက်မခံဘဲ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ အရွယ်မရောက် ခလေးငယ်များကို အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကြောင့် ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ် (၄) နှစ် ချလိုက်တယ်။

 သူလည်း ရွှေပြည်က ရေဒီယိုဓါတ်သင့်နေတယ်လို့ ဗလိုင်ကြီး လန်ကြုတ်လုပ် ဗြောင်လိမ်ဗြောင်စား လုပ်နေတဲ့ ခရိုနီ ဦးတေဇလို မကြောက်မရှက် ပြောရှာတယ်။ ဒါပေမဲ့ သူက ခရိုနီမဟုတ်တော့ ဂိန်တာပေါ့။ (သတင်း - Daily Mail UK)

ဝမ်ပေါင် အလုပ်သမားသစ်

ဒီလူကို ကြည့်ရတာ ရွှေပြည်ပြောင်းပြီး ဦးပိုင် နဲ့ ဝမ်ပေါင်တို့ လုပ်ချင်သလို လုပ်နိုင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေသလားမသိ။ နယူးရော့ခ်ပြည်နယ် မြို့ လယ် (Middletown) မြို့ နေ အသက် (၄၈) နှစ်အရွယ် ဂျိမ်စ် ရိန် (James Rhein) တစ်ယောက် စတုရန်း ပေ ၉၀၀ ကျယ်ဝန်းတဲ့ သူ့မိန်းမအိမ်ကို ဘူဒိုဇာ မြေထိုးစက်နဲ့ ပြားပြားဝပ် မြေလှန်ထိုးဖျက်ပစ်လိုက်တယ်။ 

အိမ်ထဲမှာရှိတဲ့ ပစ္စည်းပစ္စယ အကုန်လုံးလည်း အိမ်တဲ့အတူ ပျက်စီးကုန်တယ်။ အလုပ်ကပြန်လာတဲ့ မိန်းမက အထိတ်တလန့်နဲ့ သူ့အနေနဲ့ ဘာမှ မသိကြောင်း၊ သူတို့လင်မယား စိတ်ဆိုးရန်ဖြစ် စကားများတာလည်း မရှိ။ သူ့လင်ယောက်ျား အပြုအမှု အရူးလုပ်ရပ်ကို နားမလည်နိုင်တာတော့ အမှန်။ 

သက်ဆိုင်ရာကိုလည်း အိမ်ဖျက်ခွင့် ခွင့်ပြုချက်မတင်၊ အကြောင်းမကြား လုပ်ရပ်ကြောင့် အရေးယူခံရတာပေါ့ (ဒီနိုင်ငံမှာ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်သူတွေအနေနဲ့ ကိုယ်အိမ်ခြံအတွင်း အိမ်ပြင်ဆောက်ချင်၊ အခန်းဖွဲ့ချင်၊ ဖျက်ချင်၊ သစ်ပင်ခုတ်ချင် ဘာညာလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာကို လုပ်ခွင့်လျှောက်လွှာတင် ခွင့်ပြုချက်ရမှ လုပ်ခွင့်ရှိတယ်)။ 

သူ့ တုံ့ပြန်ပြောဆိုချက်ကတော့ အိမ်က ပျက်စီးပြိုပျက်နေတာကြောင့် အခုလို ဖြိုဖျက်ရကြောင့် ပြောရှာတယ်။ သူ့လုပ်ရပ်ကို ရွှေပြည်က ဦးပိုင် နဲ့ ဝမ်ပေါင်တို့ ကြားသိရင်တော့ မြေထိုးစက်မောင်းသမား အလုပ်ကို ချက်ချင်းကမ်းလှမ်းပေးမှာ သေချာတယ်။

 ရွှေပြည်သားတွေ သိတဲ့အတိုင်း ဦးပိုင်၊ ဝမ်ပေါင်ရဲ့  အရှင်သခင်တွေ အမိန့်တော်အတိုင်း မရှိဆင်းရဲသား လယ်သမားတွေရဲ့  တောင်ယာမြေတွေကို မြေလှန်ပြစ်နေတဲ့ ဘူဒိုဇာ မောင်းသမားတွေကတော့ ဘယ်သူဘယ်ဝါမှ သူတို့ကို အရေးမယူနိုင်။ ဘာဖြစ်လို့လဲဆိုတာ စာဖတ်သူတွေ သိပါတယ်။  (သတင်း - CNN)