သစ်ကောင်းအိမ် - ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း ၂)

သစ်ကောင်းအိမ် - ငွေလရောင်ရဲ့တိမ်းရှောင်သူ (အပိုင်း ၂)
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၅

ထိုသူသည် မနက်လင်းသည်နှင့် ကျနော်တို့ အိမ်ရှေ့ရှိ ဦးကျင်သိန်းလဘက်ရည်ဆိုင်လေးသို့ ရေနွေးကြိုပြင်ဆင်တုန်းမှာပင် ထိုနေ့၏ ပထမဆုံးဖောက်သည်အဖြစ် အရင်ဦးဆုံးရောက်လာကာသတင်းစာဖတ်ဖို့စောင့်ရင်း လဘက်ရည်သောက်မည်။

ပြီးပါက ကျနော်တို့ အိမ်နဘေးက ဖဆပလခေတ် ပမညတအမတ်ဟောင်း အဖေကြီးဦးစိန်မောင် လမ်းလျှောက်ပြန်လာသည့် အရိပ်အယောင်ကိုမြင်တွေ့ပါက ကျနော်တို့အိမ်ရှိရာ လမ်းတဖက်ကမ်းသို့ကူးလာကာ သူတို့နှစ်ယောက် မနက်ခင်း ရေဒီယို နားထောင်လျှင် နားထောင်၊ သို့မဟုတ်ပါက သူညက နားထောင်ထားသော ညသိပ်သတင်းများ မနက်ခင်းသတင်းစာပါ အကြောင်းအရာများကို အဖေကြီးဦးစိန်မောင်အား သူက ပြောဆိုဆွေးနွေးမည်။

(ကျနော်တို့မမွေးခင်ထဲ အတီ အတေကပင် ကျနော်မိဘများနှင့် အိမ်ချင်းကပ်နေထိုင်ခဲ့ရာ အဖေကြီးဦးစိန်မောင်ကို သူ့ သား များခေါ်ဝေါ်သည့်အတိုင်း အဖေကြီးဟုခေါ်၍ သူ့ဇနီးသည်အား မေမေလေးဟု ကျနော်က ခေါ်ဝေါ်ပါသည်။ သူတို့နှစ်ဦးက သားလေးယောက်မွေးထားပြီး သူတို့၏ အငယ်ဆုံးသားထွေး မျိုးကိုကိုဆိုလျှင် ကျနော့်အမေနို့ကို တယောက် တဖက် သောက်စို့ရင်း အတူကြီးပြင်းခဲ့ကြရာ ယခု ကျနော်နေထိုင်ရာ အမေရိကားတောမြို့လေးတွင်လည်း မျိုးကိုတို့မိသားစုနှင့် ကျနော်တို့မိသားစုသည် ရေစက်ကြီးသူ အိမ်နားနီးချင်းပင်)။

သူအဖေကြီးနှင့် ပြောဆိုဆွေးနွေးလို့ ဝလင်ပြီဆိုလျှင် ကျနော့်အဖေ၏စက်ဘီးပြင်ဆိုင်လေး စဖွင့်ပြီဖြစ်ရာ အိမ်ရှေ့တွင် အလုပ်လုပ်နေသောအဖေဆီသို့ သူကူးလာမည်။ သူ့ဘေးနားလာရပ်သော ထိုသူ့အရိပ်ကိုတွေ့ပါက အဖေက မောင် (……) ဘာထူးသေးလဲကွ..ဟုခရီးဦးကြိုပြုသည်နှင့် ထိုသူက သူ၏သတင်းအနှစ်ချုပ်ကို မနားတမ်း ထုတ်လွှင့်ကြေငြာမည်။ ကျနော် ၏ စိတ်တို၍ ဘုဂလန့်နိုင်သောအဖေက သူ့စကားများကို စိတ်ရှည်လက်ရှည်နားထောင်ပြီး သူ့ထင်ရာမြင်ရာများကို ပြန် ပြောမည်။

ထိုသို့ အပြန်အလှန်ပြောဆိုရင်း သူ့အာခြောက် ငြီးငွေစပြုလာသော အချိန်တွင် ကျနော်တို့အိမ်လယ်ရှိ ထမင်းစားခန်းသို့ ကူးကာ ထမင်းစားပွဲသို့ဝင်ထိုင်၍ ရေနွေးဓာတ်ဗူးထဲမှ ရေနွေးကြမ်းကို ငှဲ့သောက်လိုက် သူ့လက်ထဲမှ ဆေးပေါ့လိပ်တိုကို မီးညှိရှိုက်ဖွာလိုက်နှင့် အိမ်နောက်ဖေးတွင် ထမင်းဟင်းချက်ပြုတ်ပြင်ဆင်နေသော အမေ့ကိုလှမ်းကာ သူ၏ ကမ္ဘာရေးရာ မြန်မာရေးရာများကို ဆက်လက်ထုတ်လွှင့်မည်။

စိတ္တဇဝေဒနာရှင်တို့ရဲ့ထုံးစံအတိုင်း ပြောနေရင်း အမြီးအမှောက်မတည့် ရှေ့နောက်မညီဖြစ်လာလျှင် အမေက သူ့ကို မောင် ငယ်တယောက်သဖွယ် နောက်ပြောင်ကျီစယ်နှုတ်လှန်ထိုးရင်း သူသောက်နေသော ရေနွေးဓာတ်ဗူးထဲသို့ ရေနွေးထပ်ဖြည့် ပေးမည်။

ထမင်းစားချိန်တိုင်လျှင် သူ့မိဘများနေအိမ်သို့ ပြန်ထမင်းစားကာ သူစိတ်ဦးတည်ရာ အရပ်တကာသို့ ခြေဦးတည့်ရာလှည့် လည်မည်။ သို့မဟုတ်လျှင်လည်း သူ၏ ပါးစပ်ရေဒီယိုခလုတ်ကို ဗြုန်းစားကြီးပိတ်ကာ ကျနော်တို့အိမ်နောက်ဖေးမှဆင်း၍ တဖက်ခြံထဲက သစ်ပင်တပင်၏ အရိပ်အောက် ဒါမှမဟုတ် ကျနော်တို့တခြံကျော် တိုက်ကြီးကျောင်း ဘုန်းကြီးကျောင်းဝင်းထဲရှိ ဇရပ်ကြီးတွင် သွားထိုင်မည်။

(ရေနွေးကြမ်းလောက် ကြံသကာလောက်နှင့် သူအနှစ်သက်ဆုံး လဘက်ရည်နှင့် ဆေးပေါ့လိပ်မှလွဲ၍ ဘယ်သောအခါမှ မည်သူ့အိမ်ကမှ ထမင်းခေါ်ကျွေး၍မရ)

သူကား သူ့မူဝါဒနဲ့ သူ။

(ဆက်လက်ဖော်ပြပါမည်။)

Watercolor Painting : John Lovett