မာမာအေး - ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၅၇၀)


မာမာအေး - ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၅၇၀)
ဇန်န၀ါရီ ၂၈၊ ၂၀၁၅
 
● ဆည်းဆာ နှစ်ပုဒ်
သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်၊
မာအေးချစ်တဲ့ သောတရှင်တွေဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ... ရှေ့တပတ်မှာတုန်းက သီချင်းနာမည်တူတွေဖြစ်တဲ့ မေရှင်ရဲ့ “သုံးရာသီ” နဲ့ ကိုအံ့ကြီးဆိုတဲ့ “သုံးရာသီ ” သီချင်းနှစ်ပုဒ်ကို ဘယ်လိုပုံစံမျိုးပါလဲလို့ သိရအောင် အတူတင်ပေးလိုက်တာပေါ့ရှင်။

မေရှင်ရဲ့ သုံးရာသီနဲ့ပတ်သက်ပြီး မာအေးခံစားရတာလေးလည်း ပြောပြဖြစ်ပါတယ်။ ဂီတဆရာအိုတွေရဲ့ ဘဝနေဝင်တွေ ရှိ ခဲ့တာကိုလည်း ရင်ဖွင့်ပြလိုက်တာပါ။ တကယ်တမ်းမှာတော့ တေးဂီတဖက်ဆိုင်ရာဝိုင်းတော်သားတွေဆိုတာဟာ ဦးစီးပေးတဲ့ ခေါင်းဆောင်ပိုင်းကနေ၊ စည်းတီး ဝါးရိုက် နောက်ဆုံးလိုက်သူတွေအထိ- နားထောင်တဲ့သူတွေ စွဲငြိအောင် ထိထိမိမိ ကိုယ့် ရှေ့ကအဆိုတော် အတိအကျဆိုလို့ရအောင် အင်အားဖြည့် တွန်းအား ခံအား စုစည်းအားနဲ့ ဖေးမပေးတဲ့သူတွေချည်းပါဘဲ။ ကျေးဇူးတင်ထိုက်ပါတယ်။ နေကွယ်ချိန်လှတဲ့ အတီးသမား အလွန်ရှားတာမို့ မာအေးအချိန်ရရင် လုပ်ငန်းဝင်တုန်းက ကြုံရ တာ လေးတွေ ပြောသွား ရေးသွားမယ်လို့ စိတ်ထဲတေးထားပါတယ်။ လာမယ် ကြာမယ်လို့ ရယ်ပွဲဖွဲ့ထားဦးမှဖြစ်မယ်။ ခုဟာက သီချင်းနာမည်တူလေးတွေအကြောင်းရောက်နေလို့ပါနော်။

ဒီနေ့မှာတော့ “ဆည်းဆာ” ဆိုတဲ့သီချင်းခေါင်းစဉ်ပေးထားတဲ့ တေးနှစ်ပုဒ်အကြောင်းပြောမလို့ အဆင်သင့်ဖြစ်နေပါပြီ။ “ ဆည်းဆာ” လို့ကြားလိုက်ရင် မာအေးဆိုထားတဲ့ “လှိုင်းကလေးတွေ ဖွေးကာ ဖွေးကာ” ဆိုတဲ့သီချင်းလို့ သိနေကြ မယ်ထင်ပါတယ်။ ဟုတ်ပါပြီ-- အဲဒါကိုဘဲ အရင်နားထောင်ကြတာပေါ့။

• (ဆည်းဆာ- မာမာအေး) လှိုင်းကလေးတွေ ဖွေးကာ ဖွေးကာ၊ ပြာသောကောင်းကင်အောက်မှာ ချစ်စရာဆည်းဆာxx ချစ်တဲ့သူနှစ်ဦးမှာ ကြည်နူးနှစ်သိမ့်လျက်ပါ ချစ်စရာဆည်းဆာ xx တူမောင်မယ် ပြုံးရိပ်ယှက်ဖြာ၊ သာသာယာ ခွန်းတုန့် စကားလွှာ xx ကြည်ဖြူစွာ ထားကတိဆိုကာ ကြေလည်ပြီးချိန်မှာ xx လှိုင်းကလေးတွေ ဖွေးကာ ဖွေးကာ ပြာသော ကောင်း ကင်အောက်မှာ ချစ်စရာဆည်းဆာ xx တစ်ဦးမျက်နှာ တစ်ဦးက ကြည့်ကာ ရွှင်မြူးအားရ ဝမ်းသာလန်းဝေဖြာx ဆယ်ဆယ် ကမ္ဘာမခွဲရက်ပါ၊ အသဲနှလုံးမှ ဆုံးဖြတ်ကာ ကြင်ကြင်နာနာ၊ တဦးလက်ကို တဦးက ယှဉ်တွဲချစ်စရာဆည်းဆာ အိုချိန် ဆည်းဆာ xxxx

ခုကြားရတဲ့ မာအေးရဲ့ “ဆည်းဆာ” သီချင်းအမြူးလေးကို ၁၉၆၅ ခုနှစ်က ကေသီပန်တူရိယာအဖွဲ့နဲ့ အသံလွှင့်ခဲ့ပါ တယ်။ ဂီတစာဆိုကတော့ ဂီတအကိုတော် “ကိုလေးညွှန့်” ဖြစ်ပါတယ်ရှင်။ အခုကြားရတဲ့မူကတော့ ဒုတိယမူပါ။ ပြန်ဆိုသီချင်းတွေ စစဉ်လောက်မှာ ဇမ္ဗူရာဇ်ရွှေ တေးထုတ်လုပ်ရေးအတွက် ပြန်ဆိုပေးခဲ့တာဖြစ်ပါတယ်။

စန္ဒရားမောင်လှအေးတို့၊ လိဒ် ဟန်ငွေထွန်းတို့၊ ပီတာဘသိန်းတို့ပါဝင်တဲ့ “စူပါစတားအဖွဲ့” နဲ့ ဆိုခဲ့တဲ့ အမှတ်တရလေး ပေါ့ရှင်။

ဆက်ပြီးနားဆင်ရမယ့်  “ဆည်းဆာ” သီချင်းကတော့ မာအေးသူငယ်ချင်း မောင်မောင်ညွန့်ဆိုခဲ့တာပါ။ သူ့သီချင်းကို မြန်မာ သံစစ်စစ်ကြီးတွေကိုချည်းဘဲ မှတ်တမ်းတဝင်ရေးသွားခဲ့တဲ့ ဂီတနက်သန် ကိုစောငြိမ်းဖြစ်ပါတယ်။ ဒါကြောင့် သီချင်းသက် သက်နဲ့ပြောရရင် မာအေးရဲ့ဆည်းဆာထက်စောတာပေါ့၊ နားဆင်ခံစားကြည့်ပါဦးရှင်။

• (ဆည်းဆာ- မောင်မောင်ညွှန့်) ရေး - ဂီတနက်သန်ကိုစောငြိမ်း
ဆည်းဆာရိပ်ဝယ်၊ နေခြည်ရည်လဲ့ တိမ်နီရောင်ခြယ်၊ ဟိုးတောင်စွယ်က ပြပြမှိုင်း၊ ညနေတိုင်း အုံ့ကာနေတော့တယ် xx (ရွှေသားသင်ဖြူးလားလို့ ထင်ယောင်ထင်မှားဖွယ်၊ လှမျိုးစုံခင်းကျင်းတဲ့ ရေပြင်ပင်လယ်) xxxx  သဲသာသောင်နဲ့ ငွေရောင် ကမ်းဆွယ်၊ ရွက်ကြိုးဆင်တဲ့ ပင်တိုင်ပွားဣက္ကလံနဲ့ လင်းယင်ကြားဝယ်၊ နာဝါလှေများတွေရယ်၊ ဆွေးသူကို ကယ်ယူပါ လှည့်၊ လမ်းကြုံရင် ခေါ်စေချင်ရဲ့၊ ပြာရီလဲ့ဆည်းဆာညချမ်းဝယ်၊ မျှော်လေလေ မေ့ကိုလွမ်းတယ်၊ ကမ်းဆိပ်က သာယာ လှလေတယ်၊ ရွှေဟင်္သာမောင်နှံရယ်၊ တောင်ပံယှက်ပြီး လည်ချင်းမီလို့၊ ချချီချစ်ကျွမ်း၊ အော်တော်သံခွန်းတုန့်လှယ်၊ နေညို အိပ်တန်းထက်ဝယ် တူနွှဲယှက်ကာပျော်နိုင်ပါပေတယ် xx

ဒါက မြန်မာ့ဂီတသံတွေချည်းစပ်ဆိုသီကုံးတဲ့ သီချင်းမျိုးဖြစ်တဲ့ မောင်မောင်ညွှန့်အဆိုနဲ့ ဆည်းဆာသီချင်းပါ။ ဂီတာအိုကြီး ဂီတနက်သန် ဦးအုန်းလွင်စောင့်ရှောက်ထိန်းသိမ်းဖော်ထုတ်ထားတဲ့ ကိုစောငြိမ်းရဲ့တေးလက်ရာတွေထဲက တပုဒ်ပေါ့ရှင်။ ဂီတနက်သန် ကိုစောငြိမ်းရဲ့ သီချင်းတွေဟာ မောင်မောင်ညွှန့်နဲ့မှ ကွက်ကျတယ်လို့ဘဲ ခံစားရပါတယ်။

ဂီတနက်သန်ကိုစောငြိမ်းနဲ့ ဂီတစာဆိုကိုလေးညွန့်  ဆိုတဲ့စာဆိုနှစ်ဦးဟာ နှစ်ဦးလုံး ညနေဆည်းဆာချိန်မှာ တွေ့ရခံစားရတာ တွေကို သီကုံးတာချင်းအခြေခံအားဖြင့် တူကြပါတယ်။ ကိုစောငြိမ်းက မြစ်ကမ်းရဲ့မြင်ကွင်းကို ဖော်ကျူးတယ်။ ကိုလေးညွှန့် က လှိုင်းတွေဖွေးနေတာကို သီကုံးတာဆိုတော့ ပင်လယ်ကမ်းခြေတနေရာဖြစ်ဖို့ရှိပါတယ်။ တယောက်က ဟင်္သာဖိုမ ချချီ ကြွေး ကြော်အောင်တော်ခေါ်သံတွေနဲ့ အိပ်တန်းမှာနားရင်း ပျော်နိုင်လိုက်တာရယ်လို့ သူ့ရင်က အဆွေးစကို ရေးပြပါတယ်။ တယောက်ကတော့ သူမြင်ရတဲ့ မောင်နဲ့မဟာ ပျော်ပျော်ရွှင်ရွှင် ကြေကြေလည်လည် နှလုံးသားချင်းဖလှယ်ကြတာ ဆယ် ကမ္ဘာတောင်မခွဲရက်ပါဘူးဆိုတာမျိုးဖြစ်မှာဘဲ- မိုးပြာပြာ လှိုင်းဖွေးဖွေး ကမ်းနဘေးမှာ ယှဉ်တွဲလျှောက်သွားနေတာကိုတွေ့ရတာမို့ “ဆည်းဆာ” ဟာ ပိုလို့ချစ်စဖွယ်ဖြစ်လာတယ်ဆိုတာလို့ရေးတာ ကိုလေးညွှန့်ပါ။ မာအေးရဲ့ ဂီတကျောင်းသားတွေ ဆိုရင် ဒါကိုသီချင်းမြင်ကွင်းထဲမှာ ကိုယ်ဆိုတဲ့သူလည်းပါနေတဲ့အမျိုးအစားဖြစ်တယ်လို့ နားလည်ကြတာပေါ့ရှင်။

ဂီတစာဆိုဂီတနက်သန်ကိုစောငြိမ်းက ဗမာသံနဲ့ စာအလင်္ကာမြောက်အောင်ရေးလေ့ရှိပါတယ်။ ကိုလေးညွှန့်ကတော့ ဗမာ သံ၊ ဘိုသံ နှစ်မျိုးလုံး ဖွဲ့ဆိုခဲ့ပါတယ်။ အလင်္ကာမြန်မာသံတွေရေးခဲ့တဲ့အပြင် ဂီတနယ်ကယူသုံးလေ့သိပ်မရှိတဲ့ စာလုံးတွေ ကိုလည်း ရှာရှာဖွေဖွေ ထည့်ရေးတတ်ပါတယ်။ သူတို့အကြောင်းတွေ နောင်တော့ ပြောဦးမှာပေါ့ရှင်။