သစ်ကောင်းအိမ် - ငွေလရောင်ရဲ့တိမ်းရှောင်သူ - အပိုင်း (၃)

သစ်ကောင်းအိမ် - ငွေလရောင်ရဲ့တိမ်းရှောင်သူ - အပိုင်း (၃)
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

နှစ်တနှစ်အရောက်တွင်တော့ ထိုသူ့လက်ထဲသို့ စိတ်ပုတီးတကုံး ရောက်လာပါသည်။ သူ့၏ နှုတ်ကမူ တလှုပ်လှုပ်နဲ့ ဘာတွေရွတ်ဆိုနေသည် မသိ။ လဘက်ရည်ဆိုင်ထိုင်ရင်လည်း ထိုပုတီးနှင့် ..။ သို့သော်လည်း သူ့နိုင်ငံရေးသိပ္ဗံကို စိတ်အားထက်သန်စွာဆွေးနွေးနေချိန်နှင့် ကမ္ဘာ့ရေး၊ မြန်မာ့ရေးသတင်းများအလယ် သူနစ်မြှုပ်နေချိန်များတွင်တော့ သူ့စိတ်ပု တီးသည် စားပွဲခုံအောက် သူ့ခြေထောက်နားတွင် ပြုတ်ကျလျက် ...။ မြင်တွေ့သူ ကျနော်တို့တယောက်ယောက်က ကောက် ယူကာစားပွဲပေါ်သို့ ပြန်တင်ပေးထားရတတ်ပါသည်။

ကျောင်းပိတ်ရက်နေ့လယ် တနေ့ခင်း ကျနော်တို့ညီအကို၏တသိုက် မျိုးကိုတို့အိမ်တွင် ထိုကာလက ထွက်ခါစ ခိုင်ထူးရဲ့ မကျေနပ်ဘူးသိလား .. သီချင်းတိတ်ခွေကို စုဝေးနားထောင်နေခိုက် ပုတီးတကုံးနဲ့ သူရောက်ရှိလာကာ နေရာလွတ် ခုံတန်း လျားတခုတွင် ဝင်ထိုင်ရင်းကျနော်တို့ ညီအကိုတသိုက်နဲ့အတူ အကြင်နာသစ်ဆု … အကြင်နာသစ်ဆု … ကို ဝင်တောင်း ရမ်းရင်း ပုတီးစိတ်နေပါသည်။ ထိုစဉ် ဘယ်အချိန်ကာလတည်းက သူ့ပုတီးစိတ်နည်းကို စပ်စပ်စုစု လေ့လာထားသည် မသိသော ကျနော့်အကို အောင်ကိုကြီးက ကို (….) ခင်ဗျားစိတ်တဲ့ပုတီးက ဒီနေ့ ဘာလို့တလုံးလျော့နေရတာလည်း ၏ဟူ၍ အမေအမြန်းထထူပါတော့သည်။

သူကတော့ သူ့ကိုယ်ပိုင် အေးဆေးလေးလံသော လေသံဖြင့် ...

….ဒီနေ့ အိမ်မှာ ငါ့အဘိုးကြီးက ဘလိုင်းကြီး ငါ့ကို ပြသနာရှာတယ်ကွာ။ အဲဒါကြောင့်.. ။ အရင်က ငါက အနန္တောအနန္တငါးပါး စိတ်တာ။ ဒီနေ့ အဘိုးကြီးနဲ့ ကွိုင်တက်လာလို့ တပါးလျော့ပြီး အနန္တောအန္တလေးပါးပဲစိတ်တဲ့အနေတဲ့ ပုတီးကို တလုံးလျော့ စိတ်တာကွ… ဟူ၏။ (သူက ပုတီးစိတ်လျှင် သူတပါးတွေလို တလုံးချင်းမစိတ်ဘဲ တခါတည်း ငါးလုံးဆွဲ၍ စိတ်ပါသည်)

ထိုနေ့တွင်တော့ တခါစိတ်လျှင် ပုတီးလေးလုံးသာ အတိအကျဆွဲ၍ စိတ်နေပါတော့သည်။ သူကား သူ့သီအိုရမ် သူထုတ်ကာ သူ့ခိုင်လုံမှုအပြည့်နဲ့သူ..။

တခါတွင်လည်း ဘယ်သူက လဘက်ရည်ဆိုင်ကို အရင်စရောက်၍ ဘယ်သူ့က ဘယ်သူ့ဝိုင်း ဝင်ထိုင်နေမိတယ် မမှတ်မိ တော့..။ ထိုသူနှင့်ကျနော် နှစ်ယောက်တည်း လဘက်ရည်ဆိုင်စားပွဲတခုမှာ နှစ်ယောက်အတူထိုင်လျက်..။

သူကား ကျနော့်ကို လုံးဝစကားမပြော လှည့်မကြည့် သူ့အတွေးနဲ့သူ တိုင်းပြုပြည်ပြု အခြေခံဥပဒေမူကြမ်းကိုရေးဆွဲလျက်..။ ကျနော်ကလည်း သူတိတ်ဆိတ်နေတော့ ကိုယ်ဘာကိုယ် နားအေးပါးအေး …. ပြောင်းလဲခြင်းနဲ့ မူမမှန်ခြင်းကို ဆင် သလိုလို ထင်ကြတယ် ထင်တာတွေ မထင်မရှားနဲ့ မိုးရယ် ဘယ်ဆီမှာညိုဦးမယ်…ဟု ဆင်ရာတိမ် မိုးနေခိုက် ... ရုတ်တ ရက်ကြီး ထကာ….

.. ရှုပ်တယ်ကွာ ဇော်ကြီး…။ တို့တိုင်းပြည်က သေးသေးလေး။ မင်းမြေပုံ ပြန်ကြည့်ကြည့်။ လူမျိုးက ဘယ်နှမျိုးမှန်းတောင် ရေလို့မရ.. ။ တို့တိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ်တတ်တဲ့ကောင်ကလည်း တယောက်မှမရှိ။ ဥပမာ ဖဆဖလခေတ်ကို ကြည့် ကွာ။ အဲဒီတော့ ငါတို့ တိုးတက်တဲ့နိုင်ငံတခုက အစိုးရလုပ်တတ်တဲ့သူတွေကို လစာကောင်းကောင်းပေးငှားပြီး တိုင်းပြည်အုပ် ချုပ်ခိုင်းမယ်။ သူတို့ကောင်းကောင်းမအုပ်ချုပ်တတ်ရင် အစိုးရအလုပ်က အချိန်မရွေးဖြုတ်ပစ်ပြီး နောက်ထပ် အရည် အချင်းပြည့်ဝသူကို ခန့်ထားမယ်။ ကိုယ့်ဝန်ထမ်းပဲဟာ။ အဲလိုဆို မကောင်းဘူးလား …ဟု သူ့စိတ်ရူးကို ကောက်ကာငင်ကာ မဲထည့်ခိုင်းတော့ အင်း.. ကောင်းသားပဲ..ဆိုတာကလွဲပြီး ကျနော်မှာ ဘာထပ် ပြောရမယ်မှန်းမသိ..။ သူကတော့ သူ့စိတ်ရူး သူသဘောခွေ့ကာ ပြုံး၍များတောင် နေလိုက်သေးသည်။

(ဆက်လက်ဖော်ပြပါမည်)

Painting by ZL Feng