ကိုသန်းလွင် - ခြစားခြင်း


ကိုသန်းလွင် - ခြစားခြင်း
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၅

(၁)

ဝန်ထမ်းများခြစားခြင်းဆိုသည်မှာ မိမိအား ပေးအပ်ထားသော တာဝန် နှင့်နေရာ ကိုအကြောင်းပြုခါမိမိ ကိုယ်ကျိုး အတွက် တစုံတဦးကို ဖေးမအကူအညီပေးခြင်းကိုဆိုသည်၊ ကျွန်တော်တို့နိုင်ငံကြီး အောက်ကျနောက်ကျဖြစ်နေရခြင်းမှာ အုပ်ချုပ်မှု ယန္တရားကြီး တစ်ခုလုံး၏နေရာအနှံ့ခြစားမှု (Corruption) များရှိနေသောကြောင့်ဖြစ်သည်။

(၂)

၁၉၅၁ခုနှစ်၊ အောက်တိုဘာလတွင် လက်နက်ကိုင်လူတစ်ခုကစင်္ကာပူနိုင်ငံ ပန်ဂို ဆိပ်ကမ်းတွင် ဆိုက်ကပ် ထား သောသင်္ဘောတစ်စီးမှ ဘိန်းများကိုအပိုင်စီးမှုတခုဖြစ်ပွားခဲ့သည်။ ဟိုတုံးက စင်္ကာပူသည် ကျွန်တော်တို့သိကြသော စင်္ကာပူ နိုင်ငံလိုမဟုတ်ဘဲတရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဘိန်းကူးသန်းရောင်းဝယ်ကြရာနေရာတခုဖြစ်ခဲ့သည်။ ကိုလိုနီ အစိုးရက စစ်ဆေးသောအခါ အစိုးရပုလိပ်အရာရှိ ရာထူးကြီးသူ အများအပြားပါဝင်ပါတ်သက်နေကြောင်း တွေ့ကြရသည်။
နောင်သောအခါ အင်္ဂလိပ်အစိုးရက CPIB  ( Corrupt Practice Investigation Bureau)  ခေါ် ခြစားမှုတိုက်ဖျက် ရေးအဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။ လွတ်လပ်ရေးရသော် စင်္ကာပူဝန်ကြီးချုပ်ဖြစ်လာသူ မစ္စတာ လီကွမ်းယူး ကသူသည် ၀န်ထမ်း များခြစားပျက်စီးမှုများကြောင့် အထွေထွေ ပျက်စီးယိုယွင်းမှုများကိုလွန်စွာစိတ်ပျက်ရပါသည်။ ဤခြစားမှုတွေ ပပျောက် အောင် ပြုလုပ်ပါမည်ဟု ကတိပေးသည်။

ထို့နောက် ကျွန်တော်တို့သည် သူ၏စင်္ကာပူ  Blue Print  ဟုခေါ်နိုင်သော လာဒ်စားသုတိုက်ဖျက်ရေးလုပ်ငန်းကို မြင်ကြရလေသည်၊ စီပီအိုင်ဘီ အဖွဲ့ကို ပို၍ လုပ်ပိုင်ခွင်အာဏာများပေးအပ်နိုင်ရန် ဥပဒေကိုပြုပြင်ပေးသည်၊ အစိုးရ ၀န်ထမ်းများလာဒ်မစားစေရန် သူတို့၏လစာငွေကို တိုးမြှင့်ပေးသည်။ လာဒ်ယူသူကို အလုပ်မှထုတ်ပယ်၊    ရုံးတင်စစ်ဆေး ပြင်းထန်သောထောင်ဒဏ်၊ ငွေဒဏ် တွေ ပေးခဲ့သည်။ နှစ် အနည်းငယ်အတွင်း အကျင့်ပျက် တိုက်ဖျက်ရေးလုပ်ငန်းမှာ ထိရောက်အောင်မြင် လှကြောင်းတွေ့ကြရပါသည်။ 

ကက်ဘိနက်ဝန်ကြီးဖြစ်သူ  Wee Toon  Boon  သည်ကန်ထရိုက်တာတွေ က စီစဉ်ပေးသော မိသားစုလိုက် အင်ဒိုနီးရှားနိုင်ငံ အလည်အပတ်ခရီးကိုစရိတ်ငြိမ်းသွားခဲ့သည်။ ကာလတန်ဖိုး ဒေါ်လာ ငါးသိန်းခန့်တန်သော ဘန်ဂလို တခုကို လက်ဆောင်ယူခဲ့သည်။ သူ့ကို လာဒ်စားမှုတိုက်ဖျက်ရေးအဖွဲ့က အရေးယူ ရုံးတင်စစ်ဆေးပြီးသော် ထောင်ဒဏ်(၄)နှစ်အပြစ်ပေးခဲ့သည်။

၁၉၈၁/ ၈၂ ခုနှစ်တွင်ဝန်ကြီး Tech Cheang Wan ဆိုသူမှာ သူတပည့်တစ်ဦ်းက မြေတစ်ကွက်လျင် ဒေါ်လာ လေးသိန်း နှုန်းဖြင့် မြေနှစ်ကွက်အတွက်ဒေါ်လာရှစ်သိန်းပေးရပါသည်ဟုတိုင်ကြားခဲ့သည်။ အမှုကိုရဲတွေကစစ်ဆေးနေစဉ် ၀န်ကြီးချုပ်ကိုတွေ့ခွင့်တောင်းသည်၊ အမှုစစ်ဆေးပြီး မှသာ တွေ့နိုင်မည်ဟု လီက အကြောင်းပြန်ခဲ့သည်။ စစ်ဆေးချက် တွေအရ အမှုမှန်ပေါ်ပေါက်လာချိန်တွင်မိမိဖာသာ သတ်သေသွားသည်။ မိမိကိုယ်ကို သတ်မသေမှီဝန်ကြီးချုပ်ထံ  စာရေး ပေးခဲ့ရာ သူ့အမှား လုပ်ရပ်ကို ၀န်ခံစာဖြစ်နေသည်။

အသုဘ သို့ လီ ရောက်သွားသောအခါ ဇနီးဖြစ်သူက ဖုံးဖုံးဖိဖိဖြင့် မိမိယောက်ျားအလောင်းကို သဂြိုလ်ခွင့်ပြုပါရန် တောင်းပန်ခဲ့သည်။ ၀န်ကြီးချုပ်က ဆရာဝန်၏ထွက်ချက်ပေါ်တွင် မူတည်သည် ဟုသာဖြေကြားခဲ့သည်။ နောင်တွင် ဆေးစာ ထွက်ချက်၌  မိမိဖာသာ အဆုံးစီရင်သည်ဟုဆရာဝန်က မှတ်ချက်ပေးသည်။

Phey Yew Kok ခေါ် အလုပ်သမား ယူနီယံ ဥက္ကဌမှာ ဒေါ်လာရှစ်သောင်းကျော် အလွှဲသုံးစားလုပ်ထားပါသည်ဟု စွတ်စွဲခံရသည်။ သူသည် ရုံးတော်သို့တင်ရသော အာမခံကို အဆုံးခံကာ ယိုးဒယားနိုင်ငံသို့  ထွက်ပြေးလေသည်၊ ယိုးဒယား တွင် ၀ရမ်းပြေးအဖြစ် ရဲတွေ၊ တာဝန်ရှိသူတွေက ငွေညှစ်ကြသည်၊ သူသည် ဆင်းဆင်းရဲရဲ ကွယ်လွန်သွားပါသည်။ ထိုဖြစ်ရပ်များကြောင့် အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ဝန်ထမ်းလုပ်နေသူတွေသည်လာဒ်စားရန် အကျင့်ပျက်ရန်အလွှဲသုံးစား လုပ်ရန် မစဉ်းစားရဲကြတော့ပေ။ လခကိုလည်း မက်လောက်စရာပေးထားသည်ဖြစ်ရာ စင်္ကာပူနိုင်ငံသည်နှစ်အနည်းငယ် အတွင်း ခြစားမှုနည်းပါးသောနိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
ကမ္ဘာ့နိုင်ငံများတွင် ထင်သာမြင်သာရှိခြင်း (Transparenay ) တွင် နံပါတ် ရ အဆင့် လိုက်သည်။ သြစတြေးလျ၊ အိုက်(စ်)လန် နိုင်ငံတို့ထက် ပိုပြီးလာဒ်စားမှု ကင်းသည်။ အမေရိကန်နိုင်ငံထက် အဆင့်များစွာကွာသည်။ မိမိရာထူးနေရာ    (Position) ကို အသုံးချ၍ မတရားငွေယူမှု အကျင့်ပျက်မှုများကို စကာင်္ပူနိုင်ငံက တိုက်ဖျက်ပုံ မှာအခြားနိုင်ငံများအတွက် ဘလူးပရင့်  သဘွယ်အတုယူဘွယ်ကောင်းလှပါသည်။ 

(၃)

ကမ္ဘာ့သမိုင်းတွင် ခေါင်းဆောင်သစ်တက်ရန် ဖြစ်လာတိုင်း မိမိရှေ့က အုပ်ချုပ်သွားသူကို အပုတ်ချတတ်ကြပါသည်။ စံနစ်ကြီး ပျက်စီးနေပါသည် ဟု လည်းကောင်း၊ အကျင့်ပျက်ခြစားမှုတွေ ပေါများနေပါသည်ဟုလည်းကောင်း၊ဆိုတတ်ကြပါ သည်။ 

မိမိကိုယ်တိုင်အုပ်ချုပ်သောအခါတွင်မူအခြေအနေသည်ဆိုးမြဲဆိုးကာ မိမိလည်းဘာ မှမတတ်နိုင်သည်ကို နိုင်ငံပေါင်း များစွာ၌ ဥပမာပေါင်းများစွာကို ကျွန်တော်တို့တွေ့ကြရပါသည်။ 

၁၉၈၂ ခုနှစ်တွင် နိုက်ဂျီးရီးယားနိုင်ငံ၏  သမ္မတ ဖြစ်လာသူ ရှာဂါရီက  “ကျုပ်အစိုးရိမ်ဆုံးကတော့ ဒီနိုင်ငံမှာအကျင့် သိက္ခာတွေပျက်စီးနေတဲ့ ကိစ္စဘဲ လာဒ်ထိုးတာတွေ၊ ခြစားတာတွေ၊ တာဝန်ပေါ့လျော့တာတွေ မရိုးသားကြတာတွေ အကျင့်ပျက်နေကြတဲ့ ကိစ္စတွေပါပဲ” ဟု ပြောခဲ့သည်။

၁၉၇၉ ခုနှစ်တွင် ရှာဂါရီ  အစိုးရက ပြည်သူ့ဝန်ထမ်းတွေလိုက်နာရန် ဟူ၍ ဆောင်ရန် ရှောင်ရန်အချက်တွေကို  National  Guidance  ခေါ် လမ်းညွှန်မှုတွေပေးခဲ့သည်။ ၀န်ကြီးဌာနအသစ်ဖွင့်ပြီး ကိုယ်ကျိုးသုံးတာတွေ ခြစားတာတွေ တိုက်ဖျက်ရန် ကြိုးပမ်းခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ပင် ၀န်ထမ်းတွေလိုက်နာရန် အချက်တွေကို ထည့်သွင်းရေးခဲ့ပါ သေးသည်။ သို့ပါသော်လည်း အများက သိလာကြသည်မှာ ရှာဂါရီ  ၏လက်ထက်တွင် နိုက်ဂျီးရီးယားနိုင်ငံ ၏ အကျင့်ပျက်မှု အခြေအနေမှာပိုပြီးဆိုးရွားလာခဲ့သည်။

သူအစိုးရသက်တန်း တစ်နှစ်ကြာသော် စစ်တပ်က သူ့ထံမှ အာဏာသိမ်းလိုက်သည်။ စစ်တပ်က အကြောင်းပြ သည်မှာ နိုင်ငံတွင် ခြစားမှုတွေများပြားနေသောကြောင့်ဟုဆိုသည်။ ၁၉၈၄ ခုနှစ်တွင်တက်လာသောစစ်အစိုးရက နိုင်ငံနှင့် အ၀ှမ်း အကျင့်ပျက်နေတာတွေကို တိုက်ဖျက်မည်ဟုကြွေးကြော်ခဲ့ပြန်သည်။ 

၁၉၈၄ ခုနှစ်တွင် မိခင်လုပ်ကြံခံရအပြီး ၀န်ကြီးချုပ်ဖြစ်လာသူ ရာဂျစ်ဂန္ဓီ က ခြစားခြင်း၊ မရိုးဖြောင့်ခြင်းတို့ကို အလို မရှိ ဟုကြေငြာခဲ့သည်။ နောက်တစ်ကြိမ်အတွက် အရွေးခံရန် မဲဆွယ်ချိန်တွင်အိန္ဒိယ နိုင်ငံ ကြိုးနီစနစ် နှင့် ခြစားနေတာတွေ ကို တိုက်ဖျက်ပစ်ပါမည်ဟု ကတိပေးခဲ့သည်။ အိန္ဒိယနိုင်ငံကြီး၌ ယခုအချိန်ထိ ထိုပြဿနာတွေရှုတ်ထွေးနေခြင်းမှာအများ သိကြသည့်အတိုင်း ပင်ဖြစ်ပါသည်။

၁၉၈၂ ခုနှစ်တွင် မက္ကစီကိုနိုင်ငံ၌ သမ္မတဖြစ်လာမည့်  Lopez Portillo သည်လွန်ခဲ့သော ၂ နှစ်အတွင်း နိုင်ငံအတွင်း မှ ထွက်သွားသော ငွေပမာဏ သည် သူတို့နိုင်ငံ  ရာဇ၀င်တစ်လျောက်လုံးပြင်ပသို့ထွက်သွားသော ငွေပမာဏ နှင့်တူညီပါ သည်ဟုဆိုခဲ့ပါသည်။
သူ့ထံမှ အာဏာလွှဲပြောင်းယူရမည့်သမ္မတ သစ် Madrid  ကလည်းစံနစ်ကြီး ပျက်စီးနေတာကိုတိုက်ဖျက်ပါမည်ဟု ပြောရပြန်သည်။ ဆိုဗီယက် ရုရှားခေါင်းဆောင်ကြီး  အင်ဒရိုပေါ့၊  မက်ဆာချူးဆက်ပြည်နယ် မိုက်ကယ် ဒူးကားကစ် တို့မှာ လည်းစနစ်ကြီး တစ်ခုလုံး  ပျက်စီးနေပါသည်ဟု သတိပေးကြွေးကြော်ခဲ့ကြပါသည်။ J.S Furnivall  ၏ စာအုပ်တအုပ်တွင် ကိုလိုနီအစိုးရလက်ထက် ဗမာတွေ၏ လူနေမှုစံနစ် တွင် ခြစားမှုတွေရှိနေခြင်း မှာ မြန်မာတွေ၏ ရှေးထုံးစံအတိုင်း နေတတ် ကြသောအကျင့်ကြောင့်ဖြစ်ပါသည်ဟု မှတ်ချက်ပေးခဲ့သည်။ 

ခြစားခြင်း၊ ၀န်ထမ်းတွေ အကျင့်ပျက်ကြခြင်း မှာ မကောင်းဘူးဟုဆိုစေ၊ ထိုအကျင့်ဆိုးတွေ ပပျောက်ရန် ပညာ ပေးနည်း အပြစ်ပေးနည်း နည်းမျိုးစုံအောင် သုံးကာ ကြိုးပမ်းကြသော်လည်း မအောင်မြင်ကြသေးပေ၊  ဤ ပြသနာသည် ကင်ဆာရောဂါနှင့် အတူတူပင်ဖြစ်သည်ဟုဆိုသူကဆိုကြသည်။

တကိုယ်ကောင်းဆန်မှု၊ မိမိကိုယ်ကျိုးကို ဦးစားပေးလေ့ရှိသည့် လူ့အကျင့်ကြောင့် အများကောင်းစားရေးကိစ္စတွေ ကို ဦးစားမပေးနိုင်ကြတာတွေလည်းရှိပါသည်။ ( Conflict of Interest) ဟုလည်း ဆိုကြသည်။ ရောဘတ်ကလစ်ဂါတ် (Robert Klitgaard ) ခေါ်စီးပွားရေးပညာရှင်တစ်ဦးက ခြစားမှုဖြစ်ပွားပုံကို ဖေါ်မြူလာတစ်ခုဖြင့် အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

ခြစားခြင်း  =  အာဏာပိုင်ဆိုင်မှု   +  လုပ်ပိုင်ခွင့် -   တာဝန်သိမှု  ဟုဆိုသည်။ 
လူတစ်ဦးတစ်ယောက်တွင် လုပ်ပိုင်ခွင့်အာဏာနှင့် သူကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိနေလျှင် သော်လည်းကောင်း၊ သူ့လုပ်ရပ် အတွက် ဘယ်သူ့မှာ မှစ၍ စစ်ဆေးပိုင်ခွင့် မေးပိုင်ခွင့် မရှိဘူးဆိုလျင်သော်လည်းကောင်း၊ ခြစားမှုတွေ  မသမာမှုတွေ ရှိနေ ကြအုံးမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။

လီကွမ်းယူး၏ ၀န်ထမ်းများကိုလစာလုံလောက်စွာ ပေးခြင်း၊ ခြစားသူကို ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းတို့မှာ ထိုဖော်မြူလာတွင် ပါပုံမပေါ်၊ တာဝန်သိမှုဟု ဆိုအပ်သော ခြစားမှုဖြစ်ပွားပြီးနောက် မိမိအထက်အရာရှိများက မိမိလုပ်ရပ်ကို စစ်ဆေးနိုင်မှု ရှိမရှိ ဆိုခြင်း မှာချမှတ်ထားသော  နည်းဥပဒေ စံနစ်များ နှင့်သာဆိုင်ပါသည်၊ လုပ်ထုံးလုပ်နည်း ဥပဒေကို တိတိကျကျ ရေးဆွဲထားမှသာ ရှေ့လူက လုပ်ထားသည်ကို နောက်လူတွေက မသမာမှုရှိက ဖေါ်ထုတ် နိုင်ကြပေလိမ့်မည်၊

လူတစ်ယောက်ထဲကို အာဏာတွေစုပုံပေးထားမည်၊ သူ့ဆုံးဖြတ်ချက်ကို ဆန်းစစ်ဝေဖန်သည့် စံနစ်မရှိဘူးဆိုလျှင် တော့ မသမာမှုတွေမှာ မလွှဲမသွေဖြစ်ရပါတော့မည်။ အာဏာရှင်စံနစ်၌ ခြစားမှုတွေဖြစ်ရသည်မှာ ဤအချက်ကြောင့် ပင်ဖြစ်ပါသည်။ ငါးတစ်ကောင်သည် ခေါင်းကပုပ်သိုးနေလျှင် တစ်ကောင်လုံး မကောင်းနိုင်ပါဟု ဥပမာပေးကြပါသည်။

ကျောက်ရောဂါမှာ ကမ္ဘာကြီးမှ ရှင်းရှင်းပျောက်သွားသလို ခြစားမှုသည်  တစ်ချိန်တွင် ပပျောက်ရမည်ဟု ဆိုသူက ဆိုကြသည်။ ကျေးကျွန်စံနစ် ပပျောက်သွားရသည်မှာလည်း တိုးတက်လာနေသော လူ့ယဉ်ကျေးမှုစံနစ် ကလက်မခံတော့ သောကြောင့်ဖြစ်ပါသည်၊ ထိုနည်းတူ မိမိဖါသာထင်ရာလုပ်နိုင်သည့် ဤအာဏာရှင်စံနစ်နှင့်အတူ ခြစားသောအလေ့အကျင့် သည် လူ့ယဉ်ကျေးမှု ကလက်မခံလျင် တဖြည်းဖြည်း ချုပ်ငြိမ်းသွားရမည် ဖြစ်ပါသည်။ 

သို့ပါသော်လည်း ခြစားမှုများ မှာ တကမ္ဘာလုံး နေရာအနှံ့ရှိနေဆဲပင်ဖြစ်ပါသည်။ အာဖရိကနိုင်ငံများတွင် ဂျီဒီပီ ၏ လေးပုံ တစ်ပုံမှာ စံနစ်မကောင်းမှုကြောင့် ဆုံးရှုံးနေကြရသည်ဟုဆိုသည်။ ကုလသမဂ္ဂက  ခန့်မှန်းရာတွင် ကမ္ဘာကြီးတခုလုံး ၏ စီးပွားရေးစံနစ်၏လည်ပါတ်ငွေ ဆယ်ရာခိုင်နှုန်းသည် လာဒ်ယူသူတို့လက်သို့ ကျရောက်ရသည်ဟုခန့်မှန်းကြသည်။

အာဖဂန်နစ်စတန်နိုင်ငံ ထူထောင်ရေးအတွက် အမေရိကန်အစိုးရသည် ၁၀၄ ဘီလီယံ ဒေါ်လာမျှ သုံးစွဲပြီးပြီ ဟုဆို သည်။ သို့ပါသော်လည်း ကြားလူများ၏ အလွဲသုံးစားလုပ်မှုကြောင့် တကယ့်ဖွံ့ဖြိုးရေးလုပ်ငန်းများသို့ရောက်ရသော ငွေ ရာခိုင်နှုန်းကို တွက်ချက်ခန့် မှန်း၍ပင် မရလောက်အောင်နည်းပါးသည်ဟုဆိုသည်။ ဤပမာဏသည် ကမ္ဘာ့စစ်အပြီး ဥရောပ တစ်တိုက်လုံး ဖွံ့ဖြိုးရေးအတွက်သုံးရသည့်  (Marshall  Plan) ဒေါ်လာနှင့် ကာလတန်ဖိုးချင်း ကိုက်ညီသည်ဟုလည်းခန့်မှန်း ကြသည်။ 

သို့ပါသော်လည်း ခြစားမှု လာဒ်ယူမှု အပေးအယူတွေရှိနေသည့်ကြားမှ တရုတ်ပြည်ကြီး၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု ကို ကမ္ဘာကတွေ့ကြရသည်။ အစိုးရတာဝန်ရှိသူ အရာရှိများ နှင့် စီးပွားရေးသမား များ ၏ဆက်ဆံမှုက မူမမှန်ဘူးဆိုစေ အစိုးရက မျက်စိတစ်ဖက်မှိတ်ခါ  မသိဟန်ဆောင်ထားသည်။ ထိုအကျင့်ပျက်မှုတွေကို နှိမ်နှင်းလျင်စီးပွားရေးလည်ပတ် မှုကို ထိခိုက်မည်ဟုဆိုကြသည်၊ တရုတ်အစိုးရသည် ခြစားမှုတွေကို သိသိသာသာတိုက်ဖျက်နေသည်။ ယခင်က အရာရှိကို လာဒ်ထိုးငွေပေးလျင် မိမိလုပ်ချင်ရာလုပ်ခွင့်ရသည်။ အခု လာဒ်ငွေပေးကားပေးစရာမလို၊ အရာရှိကလည်း မိမိလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ချပေးလိမ့်မည် မဟုတ်ပေ။ ဤနည်းဖြင့် လုပ်ငန်းတွေ နှောင့်နှေးကုန်ကြသည်။

(၄)

ခြစားမှုပပျောက်ရေးအတွက် ဖော်မြူလာတွေ အဆင်သင့်ရှိကြပါသည်။ ခေါင်းဆောင်တွေ၌ ထိုအကျင့်ဆိုးကို တိုက်ဖျက်လိုသောဆန္ဒ  (Political Will  ) စိတ်ရှိရန်သာလိုသည်။
ပထမအဆင့်အနေဖြင့် ထင်ရှားသော သူခိုးကြီးများ၊ ပြစ်မှုကျူးလွန်ထားသူများ မသမာမှုဖြင့်ကြီးပွားနေသူများကို ဖော်ထုတ်အရေးယူရမည်။ ဤအကျင့်ဆိုးကို တိုက်ဖျက်ရေးအတွက် ဤအချက် မှာအရေးကြီးသည်။ ကြီးမားသော ငွေ ပမာဏ ကို မတရားသဖြင့် ရယူထားသူတွေကို ထင်ထင်ရှားရှား အပြစ်ပေးလျှင် အောက်က အသေးအဖွဲ  ပြစ်မှုကျူးလွန်မည့် သူများကို သတိပေးရာရောက်သည်။

ခြစားသူကို ပြည်သူတွေက တိုင်တန်းရာတွင် တနေရာထဲမှာပြီးနိုင်သော One Stop Office များကို ဖန်တီးပေးထား သင့်သည်၊ email ကဲ့သို့သော အင်တာနက်မှ တိုင်လိုသူတွေကို တိုင်နိုင်ရန်လမ်းဖွင့်ပေးထားသင့်သည်၊ အရေးယူရေး မယူ ရေး မှာ တိုင်ပုံတိုင်နည်းပေါ်တွင်မူမတည်ဘဲ ကိစ္စ အရပ်ရပ်ကို တခုစီ ခွဲခြမ်းစိတ်ဖြာကြည့်ကြရမည်၊ လျို့ဝှက် ထားရန် လိုအပ်သလို တိုင်တန်းသူ၏လုံခြုံရေးကိုလည်း အကာအကွယ်ပေးထား သင့်သည်၊ အရေးကြီးသည်မှာ အစိုးရက စုံစမ်း အရေးယူ နေပြီဆိုလျင် တိုင်တန်းသူသိသာနိုင်အောင် ဆောင်ရွက်ထားသင့်သည်၊ 

 စစ်ဆေးပြစ်ဒဏ် စီရင်ခြင်းကိစ္စကို အများ မြင်နိုင်ရေး မှာအရေးကြီးသည်။ မြန်မာပြည်တွင် စသုံးလူံး ကဲ့သို့သော ခြစားမှု တိုက်ဖွဲ့ရေးအဖွဲ့များရှိကြပါသည်၊ စသုံးလုံး အဖွဲ့သည် လုပ်ပိုင်ခွင့်များ အလုံအလောက်ရှိရပါမည်၊ ထိုလုပ်ပိုင်ခွင့် ကို အလွဲ သုံးစား မပြုစေရန် စောင့်ကြည့်သူများလည်း ရှိရပါမည်၊ မသမာမှုကို တွေ့ရှိပါက ရေကုန်ရေခမ်း လိုက်ကြရမည်၊ စစ်ဆေးဆဲ အမှု များကို အမှုမှန်မသိရသေးမှီ တတ်နိုင်သမျှ လျှို့ဝှက်ထားသင့်သည်၊

ကျန်းမာရေးကိစ္စများ တွင် မဖြစ်မှီက ကြိုတင်ကာကွယ်ရသည့်နည်းတူ ခြစားမှုများမဖြစ်မှီကာကွယ်နိုင်ရန် ဖြစ်တတ်သော သဘောသဘာဝကို နားလည်ရန် လိုပါသည်။ 
ဝန်ထမ်းများကိုခြစားစရာမလိုဘဲ  လူတန်းစေ့နေနိုင်ရေး ကလေးများကို စာသင် ပေးနိုင်ရေး ရှိစေရမည်၊
နိုင်ငံတိုင်းတွင် မိမိဓလေ့ထုံးတမ်းဆိုင်ရာ အခက်အခဲတွေရှိတတ်ကြပေရာ ပေါ်လစီချမှတ်သူအတွက် မိမိနိုင်ငံတွင် ဘာတွေဖြစ်နေသည်ဆိုခြင်းကို အသေအချာသိရန်လိုပါသည်။ ထိုသို့သိနိုင်ရန်ပြည်သူတွေ၏ Feed back  လိုပါသည်၊ နိုင်ငံတော်အုပ်ချုပ်ရေးတွင် အကြမ်းအားဖြင့် ကဏ္ဍ တွေ ခွဲမည်ဆိုလျင် ဥပမာအားဖြင့်  

(၁) အစိုးရ ပရောဂျက်  Contract များ 
(၂) ရဲနှင့် တရာရုံး၊ 
(၃)ဆေးရုံ နှင့် ကျန်းမာရေး၊ 
(၄)အကောက်ခွန်၊ ဘဏ်နှင့်
(၅) ကုန်သွယ်ရေး၊ နိုင်ငံခြားသို့ ပစ္စည်းတင်ပို့ခြင်း၊ သွင်းယူခြင်းဟူ၍  ခေါင်းစဉ်များခွဲနိုင်ပါသည်၊
 နိုင်ငံတွင်းမှ ထင်ရှားသောစီးပွားရေးသမား ၄၀ (သို့) ၅၀ ခန့်ကို စုစည်း၍ သူတို့ထံ မှ အကြံဥာဏ်တွေ တောင်းခံနိုင်ပါသည်။ ရည်ရွယ်ချက်မှာ မိမိတို့လက်တွေ့အလုပ်လုပ်ကြရာတွင် တွေ့ကြရသော အခက်အခဲနှင့် ၀န်ထမ်းမသမာမှုများ မဖြစ်စေရေး အကာအကွယ်ပေးနိုင်ရန်ဖြစ်ပါသည်၊ 

သူတို့အတွေ့အကြုံများ  အကြံပြုချက်များကိုမူတည်ပြီး လက်ရှိ စံနစ်ကို လိုအပ်ပါက ပြုပြင်နိုင်ရန် ဖြစ်ပါသည်၊ အဖွဲ့အလိုက် အစီရင်ခံစာ ရေးစေ၍ သူတို့အဆို ပြုချက်များကို နားထောင်ရပါမည်၊  ကျွန်တော်တို့ နိုင်ငံ စီးပွားရေးလုပ်ငန်းများတိုးတက်စေရေး အတွက် အစိုးရက အလွန် စိတ်ဝင်စားကြောင်းပြသရပါမည်၊ ထိုအကြံပြုချက်များ အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်၊ အကယ်၍ လိုက်နာဆောင်ရွက်ရန်မဖြစ်နိုင်ပါက မိမိတွင် ခိုင်လုံသော အကြောင်း ပြချက်တွေရှိရပါမည်၊ ဒါငါ့လုပ်ခွင့် မို့ ခွင့် မပြုနိုင်ဆိုသော သဘောမထားရပါ၊

ထိုအရာများ မှာမှန်ပါသည်။ သို့ပါသော်လည်း ထိပ်ပိုင်းခေါင်းဆောင်ကြီးများပါ ခြစားနေလျှင် ဘာလုပ်ရမလဲဟု မေးစရာရှိသည်။ လုပ်ငန်းရှင်များအဖို့ မိမိရည်ရွယ်ချက် အောင်မြင်အောင် အခြားနည်း ဘာနည်းမှ မရှိလျင် တာဝန်ရှိ သူကို  လာဒ်ထိုးရမှာ သေချာပါသည်၊ Prisoner’s dilemma  ဟုခေါ်သည်။ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ လုပ်ငန်းရှင်ကြီးတွေ အပေးအယူမျှပြီး လုပ်ချင်ရာတွေလုပ်နေကြလျင် Corrupt Eqilibricum  ဟုခေါ်ပြီး နစ်နာရသူမှာ ပြည်သူများ ပင်ဖြစ်သည်။

ထိုအခြေအနေတွင် ကျွန်တော်တို့ ဘာတတ်နိုင်သနည်း၊ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါ။ 

မိမိကိုယ်ကျိုးကိုသာ ကြည့်သောခေါင်းဆောင်တွေသည် မိမိထိမ်းချုပ်ထားနိုင်သော အရာကို မိမိကိုယ်ကို  အထိခိုက်ခံ၍ အလွယ်တကူ လွှတ်ပေး ကြမည်မဟုတ်ပေ၊

ကမ္ဘာနှင့် အ၀ှမ်းတွေ့ကြရသော Third  Wave Democratic  Reform  ဆိုသည်မှာ ထိုကဲ့သို့သော အာဏာရှင် ခေါင်းဆောင်များ ကိုပြည်သူလူထုက ပုန်ကန်ဖြုတ်ချနေခြင်းကိုခေါ်ပါသည်၊ ခြစားနေသော စံနစ်သည် သက်ဆိုးမရှည်နိုင်၊ မသမာမှုများနှင့် မိမိကိုယ်ကို ချမ်းသာအောင်လုပ်လျင် တချိန်တွင် မကောင်းမှုသည် မိမိထံ ပြန်ရောက်လာမှာသေချာပါ သည်၊ မိမိ အပြုအမူကို အာဏာဖြင့် ဖုံးကွယ်နိုင်လျင်လည်း ခဏတာအချိန်သာရမည်၊ မိမိ နာမည်ကောင်းတည်တံ့လိုလျင် စည်းကမ်းဥပဒေ ဘောင်အတွင်းနေထိုင်ခြင်းမှာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်၊  


 Xxxx