ငြိမ်းချမ်းအေး - ဗိုလ်ချုပ်ကို အတုယူပါ


ငြိမ်းချမ်းအေး - ဗိုလ်ချုပ်ကို အတုယူပါ
(မိုးမခ)ေ ဖေဖာ္ဝါရီ ၀၁၊ ၂၀၁၅

"အောင်မြင်လို့ရှိရင် ညောင်ရေမှာပန်းထိုးမယ်၊ မအောင်မြင်ရင် တောင်ခြေ မှာ ယမ်းအိုးတည်မယ်။"

အဲဒီ အနေအထားက ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်ပြန်ဝင်ချိန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး ဆွေးနွေးနည်းနာပါ။

တွေ့ဆုံဆွေးနွေးရေး အောင်မြင်ဖို့ ဆိုတာ မိမိအင်အားကို ခိုင်မာအောင် အရင်လုပ်ရပါတယ်။ ရှိတဲ့ အင်အားကို ရှိကြောင်းလည်း ထုတ်ပြရပါတယ်။  ဖိနှိပ်သူ၊ အာဏာဆက်ကိုင်ထားလိုသူတွေ ကြောက်အောင်၊ တုန်လှုပ်အောင် အင်အားထုတ်ပြတတ်ရပါတယ်။

ဗိုလ်ချုပ် အင်္ဂလန်မှာ အက်တလီ လေဘာအစိုးရအသစ် တက်လာချိန် လွတ်လပ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ မသွားခင်မှာ လူထုအားကို တည်ဆောက်ခဲ့နိုင်၊ လူထုအားကို ထုတ်ပြခဲ့နိုင်ပါတယ်။

စက္ကူဖြူ အလိုမရှိ၊ လွတ်လပ်ရေး ချက်ချင်းပေး ကြွေးကြော်သံ တပြည်လုံးညံအောင် လုပ်ခဲ့ပြီး၊ ပြည်လုံးကျွတ် အထွေထွေသပိတ်တိုက်ပွဲတွေ ဆင်နွှဲပြီးချိန်မှ...

"ကဲ မြင်လာ ကျူပ်မှာ လက်နက်ကိုင် တပ်လည်း ရှိတယ်၊ တပြည်လုံး ထောက်ခံမှုလည်း ရှိတယ်၊ လွတ်လပ်ရေး ယူမယ်" ဆိုပြီး ဆွေးနွေးဝိုင်းကို ဝင်ခဲ့တာပါ။

ဒီလို လူထု အင်အားကို အခြေပြုနိုင်ခဲ့လို့ အောင်မြင်ခဲ့တာပေါ့။

ဒါတောင် အင်္ဂလိပ်ဘက်က အလိုတော်ရိ မြန်မာ ကိုယ်စားလှယ်တချို့နဲ့ ရှမ်းစော်ဘွား တချို့ က အစထောင်လို့ အင်္ဂလိပ်က

"ပြည်မတခုလုံး ဗိုလ်ချုပ်ဘက်က ရှိတယ် ဆိုတာ ယုံပါတယ်၊ တောင်တန်းဘက်ကကော ဗိုလ်ချုပ်ကို ထောက်ခံသလား ဆိုတာ သက်သေပြပါ" တောင်းဆိုခဲ့လို့ အခု လာမယ့် ဖေဖော်ဝါရီ (၁၂) မှာ (၆၈) နှစ်ပြည့်မယ့် ပင်လုံညီလာခံကို အောင်မြင်အောင်လုပ်ပြ တောင်တန်း ပြည်မ အတူတကွ လွတ်လပ်ရေး ယူဖို့ စွမ်းဆောင်ပေးခဲ့နိုင်တာပေါ့။

လက်ရှိ နိုင်ငံရေး မှာ လိုနေတဲ့ နည်းနာက အဲဒီ ဗိုလ်ချုပ်နည်းပါ။  မိမိမှာ လူထုအင်အားဆိုတဲ့ အစွယ်ရှိကြောင်း မပြတ်ထုတ်ပြနိုင်မှ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းကို အောင်မြင် လုပ်နိုင်မှာပါ။

လူထုက ဒီမိုကရေစီအင်အားစုကို ထောက်ခံဖို့ ဘယ်တော့မှ မပျက်ကွက်တာ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖျာပုံခရီးက သက်သေပါ။  ဒါတောင် စစ်အုပ်စုက ဒီချုပ်ကို အမျိုး၊ ဘာသာ၊ သာသနာနဲ့ လှည့်ရန်တိုက်ထား၊ ဘုရားကု အပြင်းအထန် ယုတ်ယုတ်မာမာ ကုနေတာပါ။

ဒါလည်း အသည်းနှလုံးမှာ ကျွဲပုခုံး ထနေပြီ ဖြစ်တဲ့ လူထုက အံတို နေပြီး၊ စစ်အုပ်စုရဲ့ လှည့်ကွက် ဟူသမျှကို အများစု သိနားလည်တော့ ဒီမိုကရေစီအင်အားစုဘက်ကို အပြတ်အသတ် ထောက်ခံမှု ပြလျက်၊ ရပ်တည်ချက် မှန်လျက်ပါပဲ။

ဒါပေမဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပိုင်းကသာ ဗိုလ်ချုပ်ဟောင်းတွေကို အယုံအကြည်လွန်ပြီး ဒီ ထောက်ခံမှုကို အသုံးချဖို့ လက်နှေးခဲ့တော့ အခု (၂၀၁၅) အိပ်မက်ဟာ အပြည့်အဝ အကောင်အထည် မဖော်နိုင်ဖြစ်ခဲ့ရတာပါ။  ဒီလို နှောင့်နှေးခဲ့မှု၊ ချဉ်းကပ်ပုံ နည်းနာမှားခဲ့မှုကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အပြတ်နိုင်ရင်တောင်မှ ဖွဲ့စည်းပုံ မပြင်နိုင်သေးတော့ သမ္မတရာထူးနေရာအတွက်တော့ ပြဿနာ ရှိဆဲ အနေအထား ဖြစ်သွားခဲ့ရတယ်။

ဒါ့အပြင် နိုင်ငံရေး အရ တောင်းဆို တွ့ဆုံ ဆွေးနွေးပွဲ အောင်မြင်ဖို့ အသာထား၊ စကားဝိုင်း အဆင့်ကို မရောက် အပွင့်ရွေးနေရတာနဲ့ ကိစ္စ ပြတ်သလို ဖြစ်နေရတယ်။

ဝမ်းနည်းဖို့ ကောင်းပါတယ်။  လူထု ခမျာ စစ်ကျွန်သက် ရှည်တာပေါ့။

ဒါပေမဲ့ အကောင်းမြင် ဝမ်းသာစရာ မျှော်လင့်ချက် တခုတော့ ရှိပါတယ်။

အခု ဒီမိုကရေစီ ပညာရေး အတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားလေးတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ နည်းနာပါ။ သူတို့ ဗိုလ်ချုပ် နည်းနာကို အပြည့်အဝ အတုယူ နိုင်ခဲ့တယ်။

အစိုးရရဲ့ တွေ့ဆုံဆွေးနွေးရေး စကားချို စကားလှည့်ကို ချက်ချင်းလက်ခံပေးတယ်၊ ဆွေးနွေးပွဲ သွားတက်တယ်၊ တောင်းသင့်တာ တောင်းတယ်။

တပြိုင်နက်တည်း တခြား အင်အားစု တခုအနေနဲ့ လူထုရင်ခွင်မှာ ခိုလှုံရင်း လူထု တိုက်ပွဲ ဖော်ဆောင်ဖို့ အားမွေးစောင့်နေတဲ့ ကျောင်းသား အင်အားစုလည်း အသင့်ရှိ ပြင်ထားတယ်။  စစ်ဗိုလ်ချုပ်တွေကို မြင်လား ကျူပ်တို့ မှာ အင်အား အပြည့်ရှိတယ်။ တောင်းဆိုချက်တွေ လိုက်လျောပါ ဆိုပြီး မာမာထန်ထန် ဆိုနိုင်တဲ့ အနေအထားကို လူထုထောက်ခံမှုနဲ့ အသာစီး တည်ဆောက် ယူထားနိုင်တယ်။

ထုံးစံအတိုင်း ဘယ်တော့မှ ကတိမတည်တတ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေကတော့ အခုလည်း စိန်အောင်မင်း ပါးစပ်ကနေ တဆင့် ဒါတွေပြင်ဖို့ အချိန်ယူရမယ် ဆိုတဲ့ စကားသံပဲ ဒီနေ့ ဆွေးနွေးပွဲမှာလည်း ထပ် ထွက်လာတာပါပဲ။

ဒါပေမဲ့ ပြဿနာ မရှိပါ။  လူငယ်တွေရဲ့ နည်းနာက ဗိုလ်ချုပ်လမ်းစဉ် လူထုကို အခြေပြုထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်တဲ့ အတွက် လူကြီးဆိုသူတွေ လူကြီးဖြစ်လျက် ကတိမတည် အချိန်ထပ်ဆွဲ အသာတကြည် မပေးချင်ရင် လူထုအင်အားနဲ့ ရအောင် တိုက်ယူနိုင်မှာသာ ဖြစ်တယ်။

အရေးကြီးဆုံးကတော့ လူငယ်တွေ ညီညွတ်ဖို့၊ လူကြီး ဒီမိုကရေစီ အင်အားစု နိုင်ငံရေးသမားတွေရဲ့ အမှားကို သင်ခန်းစာ ယူနိုင်ဖို့၊ သပ်လျှို သွေးခွဲခံ မထိဖို့နဲ့ အကြမ်းဖက် အန္တရာယ်ကို လိမ္မာပါးနပ် လူထုရင်ငွေ့ကို လွှမ်းခြုံရင်း ရှောင်ရှားနိုင်ဖို့ပါပဲ။

စကားဝိုင်းမှာ အောင်မြင်ရင် ညောင်ရေမှာပန်းထိုးပါမယ်။  မအောင်မြင်ရင် တောင်ခြေ မှာလည်း ယမ်းအိုးတည်စရာ မလို။  အင်အားကြီး အကြမ်းဖက်သမားကို အကြမ်းဖက်နည်းနဲ့ ပြန်လည် ဖြေရှင်းချင်လို့မရ၊ လူထုအားနဲ့သာ ရပါမယ်။

လူထုကိုသာ အခြေခံနိုင်သရွေ့ ဖိနှိပ်လိုသူများကို အသာစီးယူ တိုက်ပွဲအောင်မြင်အောင် ဖော်ဆောင်နိုင်ဦးမှာသာ ဖြစ်ပါတယ်။

ဗမာ့သမိုင်းမှာ ခေတ်အဆက်ဆက် ကျောင်းသားလူငယ်များ အောင်ပွဲ အဆက်ဆက် ခံဖူးပါတယ်။  ဆက်လက်ပြီးလည်း အောင်ပွဲအဆက်ဆက် ဆက်လက် ဆက်ဆက် ခံပါဦးမယ်။

ဗမာ့ ဒီမိုကရေစီ နိုင်ငံရေး အတွက်လည်း ဗိုလ်ချုပ်ကို အတုယူပါ၊ လူငယ်တွေကို အတုယူပါ။

(၂၀၁၅) မှာ အလွန်မှာ အောက်ပွဲဆက်ဆက်ခံပါမယ်။

ငြိမ်းချမ်းအေး

ဖေဖေါ်ဝါရီ ၀၁၊ ၂၀၁၅